ဓားကျိုးဖြင့် အစားထိုးခြင်း
Vol. 1 Ch. 11
ခရမ်းမီးတောက်ဓားက သူ့နောက်ကို လိုက်ပါလိုမှတော့ သူကလည်း လက်ခံရပေမည်။
သူ့ရှေ့မှဓားကျိုးသည် ဓားစံအိမ်မှ ပျောက်သွားသောဓားတစ်လက်နေရာကို ဖြည့်ရန် ဖြစ်လာသည်။
တစ်နည်းအားဖြင့် ဟန်မူယဲ့သည် သူ့အား ပေးထားသောတာဝန်အား သွယ်ဖယ်ခြင်းလည်း ဖြစ်၏။
သို့သော်လည်း ဓားထိန်းတစ်ယောက်အတွက် ထိုကိစ္စမှာ မပြောပလောက်စရာကိစ္စဖြစ်သည်။
ပထမထပ်မှ မရေမတွက်နိုင်သောဓားများဖြင့် မည်သူက ဓားတစ်လက် ၂လက် ပျောက်နေသည်ကို ဂရုစိုက်မည်နည်း။
ဟွမ်လောင်လျှိုကိုယ်တိုင်လည်း ဓားကောင်းတစ်လက်ကို သူ့ကိုယ်ပိုင်အနေဖြင့် သိမ်းဆည်းထားသည်။ ယမန်နေ့က သူသည် ထိုဓားကို လျှို့ဝှက်စွာ သန့်ရှင်းနေသည်ကို ဟန်မူယဲ့ မြင်၏။
စားပွဲပေါ်မှ ဓားကျိုးကို ကြည့်ကာ ဟန်မူယဲ့က ကျိုးနေသောအပိုင်းဖြင့် တွယ်ဆက်လိုက်သည်။
သူ၏လက်မှ ဓားအငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ဓားကျိုးထံသို့ စီးဆင်းသွား၏။
ဓားကျိုးသည် တဆတ်ဆတ်တုန်သွား၏။ ထို့နောက် ကျိုးနေသောနေရာမှ အစိမ်းရောင်အငွေ့အသက်များ လွှမ်းခြုံလာသည်ကို မြင်ရ၏။
ဆယ်စက္ကန့်မျှကြာပြီးနောက်တွင် ဟန်မူယဲ့ လက်လွှတ်လိုက်၏။
“ဒါက တကယ်အလုပ်ဖြစ်တာပဲ”
ပြန်လည်၍ တွယ်ဆက်သွားသောဓားကျိုးကိုကြည့်ကာ ဟန်မူယဲ့ ဝမ်းသာသွား၏။
သည်မတိုင်ခင်က သူ့ကိုယ်မှဓားချီသည် ဓားနှင့်သွားရောက်ပေါင်းစပ်သည်ကို တွေ့ရှိပြီးနောက်တွင် ဓားချီ၏အသုံးပြုမှုများကို သူက ရှာဖွေလိုခဲ့သည်။
ယခု ၎င်းမှာ ဓားများအတွက် အကျိုးရှိစေသည်ကို သူ တွေ့ရ၏။
ဓားမှာ ကျိုးထားသော လက္ခဏာများ ရှိသေးကာ တခြားဓားတစ်လက်ဖြင့် ယှဉ်ခုတ်ပါက သေချာပေါက် ပြန်ကျိုးနိုင်သော်လည်း ဓားမှာ အမှန်တကယ် ပြန်ဆက်သွားပြီးဖြစ်သည်။
အနာဂတ်တွင် သူက ဓားချီဖြင့် ထိုဓားကို နေ့တိုင်း ဂရုတစိုက် ပြုပြင်ပေးပါက မူလအတိုင်း ပြန်ကောင်းလာနိုင်ပေသည်။
ဓားချီ ၃၂စမျှအသုံးပြုကာ ဓားကျိုးတစ်လက်ကို ပြုပြင်ခြင်းက ထိုက်တန်သည်ဟု ဟန်မူယဲ့ ခံစားရသည်။
သူ့ခန္ဓာကိုယ်တွင် ဓားချီများ မြောက်များစွာ ကျန်နေသေး၏။
အကယ်၍ သူသည် ဓားချီများ နောက်ထပ်လိုပါက ဓားများကို မကြာခဏ သန့်ရှင်းရေးလုပ်ရန်သာ လိုအပ်၏။
စားပွဲပေါ်မှ ပြုပြင်ပြီးသောဓားကျိုးကို နေရာတွင် သွားထားပြီးနောက်တွင် ဟန်မူယဲ့သည် ဓားများကို ပြန်လည်၍ သန့်ရှင်းရေး ဆက်လုပ်သည်။
နေ့လည်ခင်းတွင် အိပ်စက်အနားယူပြီး ထလာသော ဟွမ်လောင်လျှိုသည် ဟန်မူယဲ့ ဓားများအား သန့်ရှင်းရေးလုပ်နေသည်ကိုမြင်ကာ မျက်မှောင်ကြုတ်၏။
သို့သော် မည်သည့်စကားမှ မဆိုပါ။
ဟန်မူယဲ့တွင် အသက်ရှင်ရန် အချိန် ၃လခန့်သာ ကျန်သည်။ သူ့ဆန္ဒအတိုင်း ကြိုက်သည့်အရာများကို လုပ်နိုင်၏။
“လူတစ်ယောက် ဓားလာလဲတယ်။ ကျွန်တော် နှင်ထုတ်လိုက်တယ်”
ဟန်မူယဲ့က ဓာများကို သန့်ရှင်းရင်း ပြောသည်။
‘ဓားလဲတာ…’
ဟွမ်လောင်လျှိုက စားပွဲပေါ်မှ စာအုပ်ကို ဖွင့်ဖတ်ကြည့်လျှင် ဟန်မူယဲ့၏မှတ်တမ်းအား တွေ့သည်။ သူက မျက်မှောင်ကြုတ်၏။
“လော့ထျန်း… အတွင်းစည်းဂိုဏ်းစီမံခန့်ခွဲရေးမှူးလော့ရီရဲ့သား…”
ဟန်မူယဲ့က မျက်ခုံးပင့်သည်။
“သူက နောက်ခံကောင်းတာလား”
ဟွမ်လောင်လျှိုက တစ်ချက်ရယ်ကာ ပြောသည်။
“အရေးမကြီးဘူး။ သူတို့က အတွင်းစည်းဂိုဏ်းက သာမန်လူတွေပါပဲ။ ငါတို့ဓားထိန်းတွေက သူတို့နဲ့ ပတ်သက်စရာမရှိဘူး”
ထို့နောက် ဟွမ်လောင်လျှိုက ဓားစံအိမ်တံခါးဝကိုကြည့်ကာ ပြောသည်။
“ညီလေးဟန်… ဓားစံအိမ်က မင်းရောက်လာပြီးမှ စည်ကားနေတာပဲ”
“အရင်တုန်းက ဒီကို လဝက်နေလို့မှ တစ်ယောက် မလာဘူး”
သူ့စကားမဆုံးသေးမီတွင်ပင် ကြည်လင်သောအသံတစ်ခုသည် တံခါးဝမှ ထွက်ပေါ်လာသည်။
“ဆေးခန်းဆောင်တပည့် မူဝမ် ဓားစံအိမ်က စီနီယာအစ်ကိုဟန်မူယဲ့ထံသို့ လာရောက်တွေ့ဆုံပါတယ်”
ဟွမ်လောင်လျှိုက ရယ်မောလိုက်သည်။
“ကဲ ညီလေးဟန်ဆီကို ဧည့်သည်လာပြီ”
‘မူဝမ်…’
ယမန်နေ့က သူ့ကို ဆေးဖော်စပ်ပေးခဲ့သော မိန်းကလေးလား။
ဟန်မူယဲ့က လက်ထဲမှဓားကို ဓားအိမ်ထဲ ပြန်ထားကာ ဓားစံအိမ်တံခါးဝထံသို့ လျှောက်သွားလိုက်သည်။
“ငါ လမ်းထွက်လျှောက်ဦးမယ်။ မင်းတို့ စကားပြောကျန်ရစ်ကြ”
ဟွမ်လောင်လျှိုက ရှေ့သွားမရှိသော သွားများကို ဖြဲကာ ပြောသည်။
ဟွမ်လောင်လျှိုက ဟန်မူယဲ့၏ပုခုံးကို ပုတ်ကာ ဓားစံအိမ်ထဲမှ ထွက်သွား၏။
“ဒါက ဓားစံအိမ်လား”
အထဲကို ခေါင်းပြူကြည့်သော မူဝမ်သည် အရိုးထဲမှစိမ့်သော အငွေ့အသက်များအား ခံစားရ၏။
ဓားစံအိမ်မှ ဓားချီများမှာ ကျင့်ကြံသူများအား ထိခိုက်စေနိုင်သည်ဟု သူမ ကြားဖူးသည်။ ၎င်းမှာ အမှန်ဖြစ်ပေသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လျှင် ခန်းမထဲမှဓားများအားလုံး သူ၏အမိန့်ကို ကြားသိဟန်ဖြင့် သူတို့၏ဓားချီများကို ဖုံးကွယ်လိုက်ကြ၏။
မူဝမ် ဓားစံအိမ်ထဲကို ဝင်လာသောအခါ သူမသည် မူလကကဲ့သို့ အရိုးထဲထိ အေးစက်မှုဒဏ်ကို မခံစားရတော့ပါ။
“အဲဒါတွေက ဓားစံအိမ်ကို ပြန်မရောက်ခင်အထိ အရည်အသွေးမြင့်ဆေးလုံးတွေမှန်း မသိခဲ့ဘူး”
ဟန်မူယဲ့က လက်ကျန်ကာယအားဖြည့်ဆေးတစ်လုံးအား စားပွဲပေါ်သို့တင်ကာ ပြောသည်။
“ကျုပ် ဒီဆေးလုံးကို ပြန်ပေးပါ့မယ်။ နောက်တစ်လုံးကတော့ စားလိုက်ပြီ။ ကျုပ် လုံလောက်တဲ့ဝိညာဉ်ကျောက်တုံးတွေ စုပြီးရင် ဆေးခန်းဆောင်သို့ လာပေးပါ့မယ်”
သူမက သူနေသည့်နေရာအထိ ရောက်လာမှတော့ သူက မည်သည့်နေရာသို့ သွားရောက်ပုန်းအောင်းနိုင်တော့မည်နည်း။
အရည်အသွေးမြင့်ကာယအားဖြည့်ဆေးလုံးမှာ ဝိညာဉ်ကျောက်တုံး ၁၅တုံးခန့် တန်ဖိုးရှိသည်။ သူ့အနေဖြင့် ထိုမျှ အသားယူ၍ မဖြစ်ပါချေ။
တစ်ဖက်လူမှာ အမျိုးသမီးငယ်တစ်ဦး ဖြစ်နေပေသေးသည်။
ဟန်မူယဲ့၏စကားကိုကြားလျှင် မူဝမ်က ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်သည်။
“စီနီယာအစ်ကိုဟန်… ကျွန်မက ဝိညာဉ်ကျောက်တုံး လာတောင်းတာလို့ ထင်လား”
မိန်းမပျိုမှာ ကြည်လင်သောမျက်လုံးများ၊ လှပသော မျက်နှာလေးနှင့် အချိုးကျသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထား၏။ သူမ၏အပြုံးမှာလည်း ချိုမြိန်လှသည်။
ဟန်မူယဲ့က သူမအား ဆယ်မှတ်တွင် ကိုးမှတ် ပေးထားသည်။
သူမ၏ခန္ဓာကိုယ်မှာ အပြည့်အဝ ဖွံ့ဖြိုးသေးဟန်မတူသေးသောကြောင့်သာမဟုတ်လျှင် သူက အမှတ်ပြည့်ပေးလိုက်ပေမည်။
ဟန်မူယဲ့၏အကြည့်ကို ခံစားမိလျှင် သူမ၏မျက်နှာက အနည်းငယ်နီမြန်းသွားကာ လက်ကိုမြှောက်လျှက် ပုလင်းငယ်လေးတစ်လုံးအား ကမ်းပေးသည်။
“အစ်ကိုဟန်ရဲ့ လမ်းညွှန်ပေးမှုကြောင့်သာ ကျွန်မ အရင်နေ့တုန်းက အရည်အသွေးမြင့်ဆေးလုံးတွေကို ဖော်စပ်နိုင်ခဲ့တာ”
“ဒါတွေက တတိယအကြိမ် ဖော်စပ်ခဲ့တဲ့ ကာယအားဖြည့်ဆေးတွေပါ။ ကျွန်မက စီနီယာအစ်ကိုဟန်ကို လာပေးတာ”
ထို့နောက် သူမက ဆေးပုလင်းငယ်အား စားပွဲပေါ်သို့ တင်လိုက်သည်။
“ကျုပ်အတွက်လား”
ဟန်မူယဲ့ အံ့အားသင့်သွားသည်။
ကျင့်ကြံခြင်းလောက၌ အဆင့်နိမ့်ကျင့်ကြံသူများ၏ဘဝမှာ မလွယ်ကူပါ။
သူတို့အတွက် ဝိညာဉ်ကျောက်တုံးများမှာ ရှားပါးရတနာဖြစ်သည်။
သည်အရည်အသွေးမြင့်ကာယအားဖြည့်ဆေးလုံး ၂လုံးမှာ ဝိညာဉ်ကျောက်တုံးအများအပြားဖြင့် လဲလှယ်နိုင်၏။
‘ဒီမိန်းကလေးက စိတ်ဝင်စားစရာကောင်းတာပဲ’
“ဒီဆေးလုံးတွေက သေချာပေါက် စီနီယာအစ်ကိုဟန်အတွက်ပါပဲ”
မူဝမ်၏အမူအရာ မပြောင်းလဲပါ။
ဟန်မူယဲ့က ဆေးပုလင်းငယ်အား လက်လှမ်းလိုက်ကာ မူဝမ်ကို ပြောသည်။
“ပြောပါ… ကျုပ် ဘာလုပ်ပေးရမလဲ”
သူ၏စကားကိုကြားလျှင် မူဝမ် ရှက်သွေးဖျာသွား၏။ သို့သော်လည်း သူမက ခေါင်းညိတ်ကာ အသာအယာပြောသည်။
“အရင်နေ့တုန်းက စီနီယာအစ်ကိုရဲ့စကားက အရမ်းအကျိုးရှိတယ်”
“ကံမကောင်းတာက ညီမက အတော်လေးတုံးအလို့ သဘောတရားကို သေသေချာချာနားမလည်ဘူး”
ထို့နောက် သူမက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။
“ညီမက ခုတလော ဆေးလုံးတွေ ဖော်စပ်နေတာ။ ဒါပေမဲ့ အမြဲတမ်း အခက်အခဲတချို့နဲ့ ကြုံနေရတယ်။ စီနီယာအစ်ကိုက တစ်ခေါက်လောက်ကြည့်ပြီးတော့ အကြံဉာဏ်တချို့ပေးနိုင်မလား”
‘ဆေးဖော်တာကို စောင့်ကြည့်ပေးရမှာလား’
သူ့အနေဖြင့် အရှုံးမရှိပါ။
ဟန်မူယဲ့က အတွေးထဲတွင် တွက်ချက်ပြီးနောက် ခေါင်းညိတ်သည်။
“ကောင်းပြီ။ သန်ဖက်ခါနေ့ကျရင် ကျုပ်က ဆေးခန်းဆောင်သို့လာခဲ့မယ်”
သူက မနက်ဖြန် အတွင်းစည်းဂိုဏ်းသို့သွားကာ သင့်တော်သော ကျင့်ကြံနည်းစနစ်တစ်ခု ရှာဖွေလို၏။
“ကောင်းပါပြီ။ သန်ဖက်ခါနေ့ကျရင် ညီမက ဆေးခန်းဆောင်မှာ စီနီယာအစ်ကို,ကို စောင့်နေပါ့မယ်”
မူဝမ်က တောက်ပစွာ ပြုံးလျှက် ဦးညွှတ်ကာ နောက်လှည့်ထွက်ခွာသွားသည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ လက်ထဲမှ ဆေးပုလင်းငယ်အား ဝမ်းမြောက်ဝမ်းသာ ကြည့်သည်။
သည်ပုလင်းငယ်လေးမှာ ငွေစင်ငွေသားများဖြစ်သည်။
“ဟမ်… မိန်းကလေးကရော… ထွက်သွားပြီလား။ သူမက ညစာ ဒါမှမဟုတ် တစ်ခုခုအတွက် မနေရစ်ဘူးလား”
အပြင်မှ ပြန်လာသော ဟွမ်လောင်လျှိုသည် ဟန်မူယဲ့၏အခန်းကို လှမ်းကြည့်ကာ နောင်တရဟန်ဖြင့် ပြောသည်။
သူ မည်သည့်အရာကို တွေးနေသနည်း။ ဟန်မူယဲ့က သိပ်ဂရုမစိုက်အားတော့ပေ။ သူက ဆေးပုလင်းငယ်အား သွန်ချကာ ဆေးလုံးများကို ထုတ်လိုက်သည်။
“သေစမ်း… နောက်ထပ်အရည်အသွေးမြင့်ကာယအားဖြည့်ဆေး ၂လုံးဟ…”
ဟွမ်လောင်လျှိုက အားကျစွာ ပြောသည်။
“ဝိညာဉ်ကျောက်တုံး ဘယ်နှစ်တုံး ပေးလိုက်ရလဲ”
“ဂျူနီယာညီမလေးမူက ကျုပ်ကို ပေးခဲ့တာ”
ဟန်မူယဲ့က သူ၏ကိုယ်ပိုင်ကာယအားဖြည့်ဆေးလုံးကိုပါ ပေါင်း၍ ဆေးလုံးများကို ပုလင်းထဲသို့ ထည့်လိုက်သည်။
ဟွမ်လောင်လျှိုက ဟန်မူယဲ့၏မျက်နှာအား ကုပ်ခြစ်ပစ်လိုစိတ်များ ဖြစ်လာသည်။
အမျိုးသမီးကျင့်ကြံသူတွေက တကယ်ပဲ ရုပ်ရည်ကို ဂရုစိုက်ကြသည်များလား။
သူမက အရည်အသွေးမြင့်ဆေးလုံးများကို သည်အတိုင်း ပေးပစ်ခဲ့သည်လား။
“ဘာလဲ… အစ်ကို လိုချင်လို့လား”
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ဆေးပုလင်းကို ကမ်းပေးကာ ပြောသည်။
“အစ်ကိုလိုရင် ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံး ၁၀တုံးနဲ့ လဲလို့ရတယ်”
ဟွမ်လောင်လျှိုက တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က ဆက်ပြောသည်။
“ကျုပ် ဝိညာဉ်ကျောက်တုံးတချို့ စုဆောင်းပြီးတော့ မနက်ဖြန် အတွင်းစည်းဂိုဏ်းမှာ သင့်တော်တဲ့ ကျင့်ကြံနည်းစနစ်တစ်ခု သွားဝယ်မလို့”
“ကာယအားဖြည့်ဆေးက ကျုပ်အတွက် သိပ်အသုံးမဝင်သလိုပဲ”
ဟွမ်လောင်လျှိုက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
ကျင့်ကြံခြင်းနည်းစနစ်မရှိဘဲ ဆေးလုံး၏ဂုဏ်သတ္တိများမှာ သိပ်အသုံးမဝင်ပါ။
သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုခုအား လေ့ကျင့်ပါက ကွဲပြားခြားနားပေလိမ့်မည်။
၎င်းသည် သူ့အတွက် အသက်ရှင်ရန် နည်းလမ်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
“ကောင်းပြီ ငါဆေးလုံးကို ယူလိုက်မယ်”
ဟွမ်လောင်လျှိုက ဆေးပုလင်းကို ယူကာ အခန်းထဲသို့ ပြန်သွား၏။ သူ မသွားမှီ ဝိညာဉ်ကျောက်တုံး အိတ်ကလေးတစ်လုံးအား စားပွဲပေါ်တွင် တင်ထားခဲ့သည်။
ဟန်မူယဲ့က အိတ်ထဲကို ဖွင့်ကြည့်လျှင် မှင်တက်သွားသည်။
အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး ၁၀၀ ရှိနေသည်။
“အတွင်းစည်းဂိုဏ်းရဲ့ကျင့်ကြံနည်းစနစ်တွေက စျေးကြီးတယ်။ ဝိညာဉ်ကျောက်တုံး ၁၀၀လောက်မပါဘဲ ကျင့်ကြံနည်းစနစ်ကောင်းတစ်ခု ရမှာ မဟုတ်ဘူး”
“ငါက ချေးငှားတယ်လို့ပဲ မှတ်ထားပေါ့။ နောက်ပိုင်း အတိုးရော အရင်းရော ပေါင်းပြီး ဆပ်ပေး”
ဟွမ်လောင်လျှို၏အသံသည် အဝေးမှ ပျံ့လွင့်လာခဲ့သည်။