← Chapters

အတွင်းစည်းဂိုဏ်း သရုပ်ပြခန်းဆောင်၊ သံမဏိနွားခွန်အား

Vol. 1 Ch. 12

အတွင်းစည်းဂိုဏ်း သရုပ်ပြခန်းဆောင်၊ သံမဏိနွားခွန်အား

Vol. 1 Ch. 12

ဝိညာဉ်ကျောက်တုံး ၁၀၀။

ဟွမ်လောင်လျှိုမှာလည်း ဝိညာဉ်ကျောက်တုံးများကို တစ်တုံးချင်း စုဆောင်းခဲ့ရခြင်း ဖြစ်သည်။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ကာ ရယ်မောလိုက်သည်။

“အစ်ကိုဟွမ်… ကျုပ် သုံးလလောက်ပဲ အသက်ရှင်ပြီး အကြွေးမဆပ်နိုင်တော့မှာကို မစိုးရိမ်ဘူးလား”

သုံးလခန့်အချိန်၌ လစာနှင့် တခြားသော အကျိုးအမြတ်များပေါင်းလျှင်ပင် ဝိညာဉ်ကျောက်တုံး ၁၀၀ မပြည့်နိုင်ပါ။

ဟန်မူယဲ့ သုံးလအတွင်းသေဆုံးသွားလျှင် ဟွမ်လောင်လျှို၏ဝိညာဉ်ကျောက်တုံးများမှာ သေချာပေါက် ဆုံးရှုံးသွားပေလိမ့်မည်။

“ပြီးခဲ့တဲ့ ၇နှစ်အတွင်းမှာ ဓားထိန်းတစ်ဒါဇင်လောက်ဟာ ဝင်လာလိုက် ထွက်သွားလိုက်ပဲ။ မင်းတစ်ယောက်ပဲ ငါ့စိတ်သဘောနဲ့ ကိုက်ညီတဲ့လူပဲ”

“အစောကြီး မသေစေနဲ့…”

ဟွမ်လောင်လျှို၏အသံမှာ အိုစာနေသော်လည်း ကွဲပြားခြားနားသော ခံစားချက်များ ပါဝင်နေ၏။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

ဓားထိန်းများမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ထူးခြားသောတည်ရှိမှုများဖြစ်ကြသည်။ အများစုမှာ အသက်မရှည်ဘဲ အပြင်လူများနှင့်လည်း သိပ်အဆက်အဆံ မလုပ်ကြပါ။

ဟွမ်လောင်လျှိုက ဟန်မူယဲ့နှင့် စိတ်သဘောထားတိုက်ဆိုင်သည်မှာ ရှားပါး၏။ သူက အမှန်တကယ် ဟန်မူယဲ့အား အသက်မသေစေလိုပါ။

“စိတ်မပူပါနဲ့… ကျုပ်တို့ထဲက ဘယ်သူမှ သေမှာ မဟုတ်ဘူး”

ဟန်မူယဲ့က ဓားစင်ပေါ်မှ ဓားများကို တစ်ချက်လှမ်းကြည့်ကာ ပြောသည်။

စင်ပေါ်မှဓားများက သူ၏စကားကိုကြားလျှင် တုန်ခါသွားကြ၏။

…

အတွင်းစည်းသရုပ်ပြုဂိုဏ်းဆောင်မှာ အံ့ဖွယ်ကိုးပါးဓားတောင်ထိပ်တွင် တည်ရှိရာ ဓားစံအိမ်နှင့် အတော်လေးဝေး၏။

နောက်တစ်နေ့တွင် ဟန်မူယဲ့ နေ့လည်ကတည်းက ထွက်လာသော်လည်း ညနေအချိန်ခန့်တွင်သာ ရောက်သွားသည်။

သရုပ်ပြခန်းဆောင်သို့သွားရာလမ်းတွင် ဟန်မူယဲ့သည် အပြင်စည်းဂိုဏ်းသားတချို့အား တွေ့ရသည်။ သူတို့မှာ သိပ်မကြာခင်က တာဝန်တချို့ပြီးမြောက်ကာ အကျိုးဆောင်အမှတ်များ ရရှိခဲ့သည်။ သည်တစ်ကြိမ် သူတို့က သရုပ်ပြခန်းဆောင်၌ ကျင့်ကြံခြင်းနည်းစနစ်တချို့ လာရောက်လဲလှယ်ကြခြင်း ဖြစ်သည်။

သူတို့မှာ ငယ်ရွယ်ကြသော်လည်း လူသားအဆင့် ၇ သို့မဟုတ် အဆင့် ၈ ခန့်ရှိသည်။ သူတို့မှာ နောက် တစ်နှစ် ၂နှစ်ခန့်လေ့ကျင့်ပါက ချီစုစည်းခြင်းအဆင့်သို့ ရောက်နိုင်၏။

ချီစုစည်းခြင်းအဆင့်တွင် ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေပြင်မှ သဘာဝစွမ်းအားကို စုစည်းကာ သွေးကြောများအား သန့်စင်နိုင်၏။

ချီစုစည်းခြင်းအဆင့်တွင် တစ်စုံတစ်ယောက်မှာ မပျံသန်းနိုင်သော်လည်း ချီအားဖြင့် ဓားကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ သူတို့၏လှုပ်ရှားမှုများမှာ သွက်လက်ပေါ့ပါးကာ နှင်းပေါ်တွင် ခြေရာမကျန်အောင် ပြေးလွှားနိုင်၏။ ထိုသို့စွမ်းရည်များမှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

ထိုအချင်းအရာများအား ချောင်းချင်းအာဟု ခေါ်သော အပြင်စည်းဂိုဏ်းဝင် မိန်းကလေးတစ်ဦးက ပြောပြခဲ့ခြင်း ဖြစ်သည်။

“စီနီယာအစ်ကိုဟန်… ဒါက သရုပ်ပြခန်းဆောင်ပါ”

အသက် ၁၆နှစ်အရွယ် အစိမ်းရောင်ဝတ်မိန်းကလေးက ရှေ့ကို လက်ညိုးထိုးပြကာ ပြောသည်။

သူမသည် ချောင်းချင်းအာ ဖြစ်၏။

အဝေးတွင် ဓားစံအိမ်ထက်ပင် ကြီးကျယ်ခန်းနားဟန်ရသော ငါးထပ်အဆောက်အဦကြီးတစ်ခုအား တွေ့ရသည်။

“စီနီယာအစ်ကိုဟန်… ကျွန်မတို့က ဆရာကို သွားရှာမလို့။ အစ်ကိုဟန် လိုက်ဦးမလား”

ချောင်းချင်းအာက ဟန်မူယဲ့ကို ပြုံးလျှက်ပြောသည်။

လမ်း၌ပင် ချောင်းချင်းအာတို့မှာ အတွင်းစည်းဂိုဏ်းစီမံခန့်ခွဲရေးမှူးတို့က အရေးပေးခံရကာ အမည်ခံတပည့်များအဖြစ် ရွေးချယ်ခံထားရကြောင်း သိထားခဲ့သည်။ သူတို့သာ ချီစုစည်းခြင်းအဆင့်ကို ရောက်ပါက သေချာပေါက် အစစ်အမှန်တပည့်များ ဖြစ်လာနိုင်သည်။

အပြင်စည်းဂိုဏ်းတွင် လှုပ်ရှားရုန်းကန်နေရသော တခြားဂိုဏ်းဝင်များနှင့်ယှဉ်လျှင် သူတို့မှာ အတော်လေးသန်မာပေသည်။

သူတို့၏ကျင့်ကြံခြင်းဗီဇပါရမီမှာလည်း ဆဌမ သို့မဟုတ် သတ္တမအဆင့်၌ ရှိသည်။

ပဥ္စမအဆင့်နှင့်အထက်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ပင်မစည်းသို့ တိုက်ရိုက်ဝင်နိုင်သည်။ သူတို့မှာ အကြီးအကဲများ၏တပည့်များ ဖြစ်လာနိုင်ကာ ဂိုဏ်း၏အထူးတလေ ပျိုးထောင်ခံရသူများ ဖြစ်ပေသည်။

သာမန်တပည့်များအတွက်မူ ဆဌမနှင့် သတ္တမအဆင့် ဗီဇပါရမီမှာ အလွန်ကောင်းမွန်နေပြီး ဖြစ်သည်။

ချောင်းချင်းအာတို့အုပ်စုမှာ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သိပ်စိတ်ပူစရာမလိုချေ။ သူတို့က တစ်ဆင့်ချင်း သွားရန်သာ လိုသည်။

သည်တစ်ကြိမ် သူတို့က တာဝန်မှ ဆုလာဘ်တစ်ချို့ ရရှိခဲ့ခြင်းမှာ သူတို့ဆရာ၏စီစဉ်မှုနှင့် စီနီယာအစ်ကိုများ၏အကူအညီတို့ကြောင့် ဖြစ်သည်။

“ဂျူနီယာညီမလေး… ဆရာက ငါတို့ကိုပဲ ခေါ်တာ။ အပြင်လူပါလာရင် သဘောမကျ ဖြစ်လိမ့်မယ်”

အစိမ်းရောင်ဝတ်စုံဖြင့် ပိန်ပါးသောလူငယ်တစ်ဦးက ရုတ်တရက် ပြောသည်။

“မင်းတို့ ရှေ့က သွားနှင့်ပါ။ ကျုပ်ကတော့ သင့်တော်တဲ့ကျင့်ကြံနည်းစနစ်တစ်ခု သွားရှာလိုက်ဦးမယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ် ဂါရဝပြုလျှက် သရုပ်ပြခန်းဆောင်သို့ ထွက်လာခဲ့သည်။

ဟန်မူယဲ့ထွက်သွားသည်ကိုကြည့်ကာ ပိန်ပါးသောလူငယ်က နှာခေါင်းရှုံ့လျှက် ပြောသည်။

“ဂျူနီယာညီမလေး… ဘာလို့ ဓားထိန်းတစ်ယောက်နဲ့ အချိန်ဖြုန်းနေတာလဲ။ ဒီလူက နှစ်ဝက်တောင် အသက်ရှင်မယ်လို့မထင်ဘူး”

သူ့စကားကိုကြားလျှင် ချောင်းချင်းအာက ခစ်ခနဲ ရယ်ကာ ပြောသည်။

“ဟွာဖျင်း… သူ တစ်နှစ်ထက် ပိုအသက်ရှင်မယ်ဆိုတာ လောင်းရဲလား”

“ဝိညာဉ်ကျောက်တုံး ၁၀၀… သူက နှစ်ဝက်ထက်ကျော်အောင် အသက်ရှင်မယ်ဆိုတာ ကျွန်မ လောင်းရဲတယ်”

သူမ၏စကားကိုကြားလျှင် ဟွာဖျင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောသည်။

“လောင်းတာပေါ့။ သူက ၆လထက်ပိုအသက်ရှည်မလားဆိုတာ ငါလောင်းတယ်”

ချောင်းချင်းအာက ရယ်လိုက်ကာ ဘေးနားကို လျှောက်သွားလိုက်သည်။

နောက်ကျောတွင် ဓားရှည်လွယ်ပိုးထားသောလူငယ်တစ်ဦးက ရှေ့ကို လှမ်းသွားသည်။ သူက ဟွာဖျင်းကို ကြည့်ကာ ပြောသည်။

“မင်း ဘာတွေတွေးနေတာလဲ။ တကယ်လို့ စီနီယာအစ်ကိုဟန်သာ နှစ်ဝက်ထက် ပိုအသက်ရှင်ခဲ့ရင် မင်း သူ့ဆီက ဓားလက်ခံရမှာ”

သူတို့၏ဗီဇပါရမီမှာ အပြင်စည်းဂိုဏ်း၌ အကောင်းဆုံးများဖြစ်ကြသည်။ အကယ်၍ သူတို့သာ နည်းနည်းကြိုးစားလေ့ကျင့်လျှင် အပြင်စည်းဂိုဏ်း၏ ထိပ်ဆုံးနံပါတ် ၁၀၀ထဲသို့ ဝင်နိုင်ပေသည်။ အတွင်းစည်းဂိုဏ်းသို့ဝင်ရန်မှာလည်း အချိန်တစ်ခုသာ လို၏။

အကယ်၍ ဟန်မူယဲ့သာ နှစ်ဝက်ထက်ပို၍ အသက်ရှင်ခဲ့ပါက သူတို့သည် သူ့ထံ၌ ဓားလက်ခံရနိုင်၏။

ဓားစံအိမ်တွင် စည်းကမ်းအများအပြားရှိသည်ဟု ဆိုသည်။ တချို့မှာ ဓားထိန်းကို အပြစ်လုပ်မိသောကြောင့် အခက်အခဲများဖြင့် ကြုံရသည်ဟု ကြားသိရ၏။

သုံးလခန့်အချိန်၌ပင် တခြားလူများက သူတို့၏ဓားများဖြင့် ရင်းနှီးကျွမ်းဝင်ကာ တိုက်ခိုက်ရေးစွမ်းရည်များ သာလွန်အားကောင်းလာနိုင်သည်။

အကယ်၍ ကျင့်ကြံသူတစ်ဦးသည် ခြေတစ်လှမ်းနောက်ကျပါက နောက်ထပ်ခြေလှမ်းတိုင်းမှာ နှေးကွေးသွားနိုင်၏။

ဟွာဖျင်း မှင်တက်သွားသည်။ သူက ဟန်မူယဲ့ ထွက်သွားသောအရပ်ကိုကြည့်ကာ ရေရွက်လိုက်၏။

“၆လ… သူ တစ်ကယ်အသက်ရှင်မလား အရင်ကြည့်တာပေါ့”

…

သရုပ်ပြခန်းမဆောင်အနီးတွင် အတွင်းစည်းဂိုဏ်းဝင်အများအပြားမှာ ဟိုဟိုဒီဒီ လှုပ်ရှားနေကြသည်။

အပြင်စည်းဂိုဏ်းတွင် လေ့ကျင့်ရေးခန်းမတစ်ခုစီဖြင့် တပည့်များကို သင်ကြားပေးခြင်းကဲ့သို့ပင် သရုပ်ပြခန်းဆောင်သည် အတွင်းစည်းဂိုဏ်းသားများအား အကြီးအကဲများနှင့် ပင်မတပည့်များက ကျင့်ကြံနည်းစနစ်များ၊ ဓားသိုင်းများကို သင်ကြားပေးသောနေရာ ဖြစ်သည်။

အကြီးအကဲများက သရုပ်ပြခန်းဆောင်သို့ မကြာမကြာ လာတတ်သည်ဟု ဆိုသည်။ အကယ်၍ တစ်စုံတစ်ယောက်ကို သူတို့က သဘောကျပါက တပည့်အဖြစ် တိုက်ရိုက်လက်ခံသွားတတ်၏။

ဆိုလိုသည်က ထိုသူ၏အခွင့်အလမ်း ရောက်ရှိလာသည်။

ဟန်မူယဲ့က အဆောက်အဦးထဲကို အနည်းငယ် စိတ်ပျက်လက်ပျက် ဝင်လာသည်။

မူလက သူသည် သရုပ်ပြခန်းဆောင်မှာ အပြင်စည်းဂိုဏ်းမှ လေ့ကျင့်ရေးခန်းမကဲ့သို့ လူအများအပြား သိုင်းပညာများ လေ့ကျင့်နေမည်ဟု တွေးထင်ခဲ့သည်။ သူက သိုင်းတချို့ကို အခမဲ့ လျှို့ဝှက်သင်နိုင်ပေမည်။

သူ မထင်ထားသည်ကား စာအုပ်စင်များနှင့် တိတ်ဆိတ်သော အခန်းများသာ ရှိနေသည်။ သို့သော်လည်း တံခါးတွင် သတိပေးစာတချို့ရှိနေသည်။

‘အခန်းထဲတွင် မဆူညံပါနှင့်’

မီးခိုးရောင်ဝတ်လူကြီးတစ်ဦးက ဟန်မူယဲ့ထံသို့ လျှောက်လာကာ မေးသည်။

“ဂျူနီယာညီလေး… ဘာလိုလို့လဲ”

ဟန်မူယဲ့သည် အတွင်းစည်းဂိုဏ်းဝင်ဝတ်စုံကို ဝတ်ထားကာ လက်ထဲတွင် အဝတ်အိတ်ငယ်တစ်လုံးအား ကိုင်ထား၏။ သူက ကိစ္စတစ်ခုကြောင့် လာသည်မှာ ထင်ရှား၏။

“ကျုပ်က ခန္ဓာကျင့်ကြံနည်းစနစ်တစ်ခု လိုချင်တယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ခန္ဓာကျင့်ကြံနည်းစနစ်”

လူကြီးက ရေရွက်သည်။ ထို့နောက် သူက စာအုပ်စင်တစ်ခုကို လက်ညိုးထိုးပြကာ ပြောသည်။

“ခန္ဓာကျင့်ကြံနည်းစနစ်တွေအကုန်လုံးက အဲဒီမှာပဲ။ တကယ်လို့ စာအုပ်ထဲက အညွန်းကို သဘောကျရင် အခန်းထဲကို စာအုပ်ယူသွားပြီးတော့ သရုပ်ပြတာဝန်တစ်ခု ထုတ်ပြန်လို့ရတယ်။ တစ်စုံတစ်ယောက်က အဲဒီတာဝန်ကို လက်ခံပြီး မင်းကို ကျင့်ကြံနည်းစနစ် သင်ပေးလိမ့်မယ်”

ပညာရပ်များမှာ လူအများမြင်ကွင်း၌ သင်ကြားပို့ချ၍ မဖြစ်နိုင်။ ထို့ကြောင့် အခန်းထဲတွင် သီးသန့်သင်ကြားခြင်းက ဖြစ်သင့်ပေသည်။

ဟန်မူယဲ့က ခေါင်းညိတ်ကာ လက်နှစ်ဖက်ဆုပ်ဂါရဝပြုလျှက် စာအုပ်စင်ထံသို့ လျှောက်လာသည်။

စာအုပ်စင်တွင်ကား အမှန်တကယ်လည်း ခန္ဓာကျင့်ကြံပညာရပ်များစွာ ရှိနေသည်။

“သံမဏိချပ်ဝတ်”

“ကြေးနီခန္ဓာသုံးဆင့်”

“ရွှေရောင်တံတား”

…

ဟန်မူယဲ့ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖွင့်ကြည့်သည်။ စာအုပ်များတွင်ကား ပညာရပ်အညွန်း၊ ကျင့်ကြံရန်လိုအပ်သော ဗီဇပါရမီနှင့် ကျသင့်ငွေတို့ကို ရေးထားသည်။

သံမဏိချပ်ဝတ်ကို လေ့ကျင့်ပါက သူသည် အရိုးနှင့်ကြွက်သားများအား သံမဏိချပ်ဝတ်ကဲ့သို့ ဖွဲ့စည်းကာ လက်နက်များကို အံတုနိုင်သည်။

ထိုကျင့်ကြံနည်းစနစ်ကို ကျင့်ရန် အဌမအဆင့်ဗီဇပါရမီနှင့် ဝိညာဉ်ကျောက်တုံး ၃၀၀ လိုအပ်၏။

ဟန်မူယဲ့တွင် ဝိညာဉ်ကျောက်တုံး ၃၀၀လည်း မရှိသလို တူညီသော အကျိုးဆောင်အမှတ်လည်း မရှိပါ။ ထို့အတူ အဌမအဆင့်ဗီဇပါရမီလည်း မရှိပါ။

ကြေးနီခန္ဓာမှာကား သုံးဆင့်အထိ သန့်စင်ခြင်းပြီးပါက တစ်စုံတစ်ယောက်သည် ကြေးနီရောင်အသားရေနှင့် သံမဏိအရိုးများကို ပိုင်ဆိုင်နိုင်သည်။ သူ၏ခွန်အားမှာလည်း ကီလို ၁၅၀၀ ခန့် ရောက်ရှိနိုင်၏။

ထိုနည်းစနစ်ကို ကျင့်ရန် သတ္တမအဆင့်ဗီဇပါရမီနှင့် ဝိညာဉ်ကျောက်တုံး ၅၀၀ လိုအပ်သည်။

၎င်းက ဟန်မူယဲ့အတွက် ပို၍ မဖြစ်နိုင်ပါ။

စာအုပ်တချို့ကို လှန်လှောပြီးနောက် ဟန်မူယဲ့ စိတ်ပျက်လာသည်။

သူနှင့် မကိုက်သော စံညွန်းများဖြင့် ကျင့်စဉ်များနှင့် စျေးကြီးသောကျင့်စဉ်များကိုသာ သူတွေ့ရသည်။

“ဒီအတွင်းစည်းကျင့်ကြံပညာရပ်တွေက အဆင့်နိမ့်တပည့်တွေ တကယ်ပဲ သင်ဖို့ခက်ခဲလှတယ်”

ဟန်မူယဲ့ သက်ပြင်းချသည်။

အမှန်တကယ်အားဖြင့် နည်းလမ်းတစ်ခုတော့ ရှိသည်။

သရုပ်ပြခန်းဆောင်ထဲတွင် ပြသထားသော ကျင့်စဉ်များမှာ နှစ်အတန်ကြာ ကျင့်ကြံထားပြီးသော အတွင်းစည်းဂိုဏ်းဝင်များအတွက်သာ ဖြစ်သည်။ သည်နေရာသို့ ရောက်လာသော အပြင်စည်းဂိုဏ်းဝင်တချို့သည်ပင် ဗီဇပါရမီ လုံလောက်အောင် ကောင်းမွန်ကာ ဝိညာဉ်ကျောက်တုံး ကြွယ်ဝသူများ ဖြစ်ကြသည်။

ခန္ဓာကျင့်ကြံခြင်းပညာရပ်များကို လှန်လှောရှာဖွေရင်း တချို့မှာ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ခန့်ပင် ကျသင့်သည်ကို တွေ့ရ၏။ ဗီဇပါရမီမှာ ပဥ္စမအဆင့်၌ရှိရန် လိုသည်။

သက်သာသောပညာရပ်တချို့မှာ ဝိညာဉ်ကျောက်တုံး ၂၀၀ မှ ၃၀၀အထိ ရှိသည်။ ပို၍ အရေးကြီးသည်ကား ဗီဇပါရမီမှာ အဌမအဆင့်၌ ရှိရန် လိုသည်။

နောက်ဆုံးတွင် ဟန်မူယဲ့က စာအုပ်တစ်အုပ်ကိုသာ ကောက်ယူလိုက်ရ၏။

သံမဏိနွားရိုင်းကျင့်ကြံနည်းစနစ်သည် ကျင့်ကြံသူတစ်ဦး၏အရိုးနှင့်ကြွက်သားများအား သန်မာစေသည်။ ထို့အပြင် နွားသိုးတစ်ကောင်၏ခန္ဓာကိုယ်အတိုင်း ခွန်အားများကို ပိုင်ဆိုင်စေ၏။

သည်နည်းစနစ်မှာ မည်သည့်ဗီဇပါရမီအဆင့်မှ မလိုအပ်ပါ။ တစ်စုံတစ်ယောက်က ဇွဲကောင်းကောင်းဖြင့် လေ့ကျင့်ရန်သာလိုအပ်ပြီး တန်ဖိုးမှာလည်း ဝိညာဉ်ကျောက်တုံး ၈၀သာ ကျသင့်၏။

All Chapters