← Chapters

အလုပ်ကောင်းကောင်းလုပ်ချင်ရင်တော့ လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံး လုပ်ထားရမှာပေါ့

Vol. 12 Ch. 165

အလုပ်ကောင်းကောင်းလုပ်ချင်ရင်တော့ လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံး လုပ်ထားရမှာပေါ့

Vol. 12 Ch. 165

အခန်း (၁၆၅) အလုပ်ကောင်းကောင်းလုပ်ချင်ရင်တော့ လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံး လုပ်ထားရမှာပေါ့

ဖန်ကျွင်း၏စကားကိုကြားပြီးနောက် ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

“သူတို့က ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲအတွင်း လုပ်ကြံဖို့ စီစဉ်ထားတာပေါ့”

ဖန်ကျွင်းက...

“အမှန်ပဲ ၊ မြေကမ္ဘနယ်မြေက မြစ်ဖျားခံလာတဲ့ စီးကြောင်းတစ်ခုက ကြည်လင်လျှို့ဝှက်ရေကန်ထဲကို ဦးတည်နေတယ်ဆိုတာ မကြာခင်ကမှ သိခဲ့ရတာ”

ရန်ကျောက်ကဲက မေးစေ့ကိုတစ်ချက်ပွတ်ရင်း စဉ်းစားလိုက်သည်။

“ဒီနေရာမှာက တွေ့ဆုံပွဲတက်ရောက်ဖို့ရောက်လာတဲ့ ငါတို့လို လူငယ်မျိုးဆက်တွေကလွဲရင်... လူငယ်တွေကို ဦးဆောင်လာတဲ့ ထိပ်သီးသိုင်းဂိုဏ်းအသီးသီးက အကြီးအကဲတွေပဲရှိတာ မဟုတ်လား ၊ ဒီကြည်လင်လျှို့ဝှက်ရေကန်မှာ သိုင်းသမားတွေ ဒီလောက်များတာ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်လဲဆိုတာ ဖော်ထုတ်နိုင်ဖို့ မလွယ်နိုင်ဘူး”

ရန်ကျောက်ကဲက သိမ်မွေ့သည့်လေသံဖြင့်...

“ဒီလိုအချိန်မှာ လှုပ်ရှားရဲတယ်ဆိုရင်တော့ တပည့်တွေကိုဦးဆောင်လာတဲ့ အကြီးအကဲတွေကြားက သိုင်းဆရာသခင်တွေထဲမှာ ချောက်နက်ဖျက်စီးရေးအဖွဲ့က သူလျိုတွေ ပါလာလို့ပဲ ဖြစ်ရမယ်”

ဖန်ကျွင်းက ပြုံးလိုက်ရင်း...

“တစ်ယောက်ကဒီနေရာက အစီအရင်တွေကို ထိန်းချုပ်နိုင်တယ် ၊ လှိုင်းနက်ဂေဟာက အကြီးအကဲတစ်ယောက်က သေချာပေါက် သူလျိုဖြစ်နိုင်ခြေရှိတယ်”

သူက ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ငါကိုယ်တိုင်လည်း သူလျိုတစ်ယောက် ဖြစ်နေနိုင်တာပဲ”

ရန်ကျောက်ကဲကလည်း ဖန်ကျွင်းကိုကြည့်ပြီး ပြုံးလိုက်သည်။

“ဒါဆိုရင်တော့ ဒုတိယဆရာဦးလေးမဟုတ်ပါစေနဲ့ ဆုတောင်းရတော့မှာပဲ ၊ မဟုတ်လို့ကတော့ ကျွန်တော် ထိပ်ဆုံးက အသက်အန္တရယ်ရှိပြီလေ”

ဖန်ကျွင်းက မနေနိုင်ဘဲ ရယ်မောလိုက်ရင်း...

“ငါသာ သူတို့ထဲကတစ်ယောက်ဆိုရင် မင်းကို လွယ်လွယ်နဲ့ ဘယ်သတ်မလဲ ၊ မင်းကိုဖမ်းပြီး ဂိုဏ်းတူညီလေး’ရန်တိ’ကို ထောင်ချောက်ဆင်ရမှာပေါ့ ၊ မင်းကို နည်းနည်းပါးပါး အခက်တွေ့အောင်ပဲ လုပ်မပေါ့ကွာ...”

“အင်း... ဒါပေမဲ့ မင်းရဲ့ အရည်အချင်းနဲ့ စွမ်းဆေင်ရည်က မင်းအဖေထက်တောင်သာတယ်”

ဖန်ကျွင်းက သက်ပြင်းချရင်း...

“နောက် (၁၀)နှစ်လောက်ကြာရင်... မဟုတ်ဘူး... နောက်နှစ်နည်းနည်းလောက်ဆိုရင် လူတိုင်းက မင်းကိုအလေးအနက်ထားပြီး အသိအမှတ်ပြုကြရလိမ့်မယ် ၊ မင်းက ရန်တိရဲ့သားမို့လို့ အသိအမှတ်ပြုကြမှာ မဟုတ်ဘူး ၊ မင်းက ရန်ကျောက်ကဲဖြစ်နေလို့ အသိအမှတ်ပြုကြမှာ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒုတိယဆရာဦးလေးက ဒီလောက်ချီးကျူးနေတာ ရှက်ရွံ့စရာတောင်ကောင်းလာပြီ”

ဖန်ကျွင်းက ပြုံးလိုက်ရင်း မူလစကားလမ်းကြောင်းသို့ ပြန်သွားသည်။

“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ငရဲကိုးထပ်ကို ငါတို့ကမ္ဘာထဲ ရောက်လာစေချင်တယ် ၊ ဒီကိစ္စက မီးတောက်မိစ္ဆာကမ္ဘာလိုမျိုး အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ ၊ သူတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးရဲ့ ရန်သူပဲ”

“မီးတောက်မိစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့အခါ လက်ရှိ ငါတို့ဘက်က အားသာချက်နည်းနည်းကို ဆုပ်ကိုင်ထားနိုင်တယ် ၊ မီးတောက်မိစ္ဆာတွေက ဒေါသကြီးပြီး စစ်ပွဲကိုနှစ်သက်ကြပေမယ့် အကြောက်အရွံ့မရှိတာမျိုးတော့ မဟုတ်ကြဘူး”

“ဒါပေမဲ့ ငရဲကိုးထပ်က ရောက်လာမယ်ဆိုရင်တော့ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာ အရှေ့ပိုင်းရော အနောက်ပိုင်းရော ရန်သူတွေနဲ့ရင်ဆိုင်ရလိမ့်မယ် ၊ မီးတောက်မိစ္ဆာတွေကလည်း ဒီအခွင့်အရေးကိုအသုံးချပြီး တိုက်ခိုက်လိမ့်မယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...

“အမှန်ပဲ... ၊ အသိုက်ပြိုကျရင် ဘယ်ဥမှအသက်မရှင်နိုင်ဘူး ၊ ဒါကြောင့် ကောင်းကင်မိုးကြိုးခန်းမက ဒီသတင်းတွေကို တခြားထိပ်သီးဂိုဏ်းတွေ သိရှိအောင် ပွင့်ပွင့်လင်းလင်း မျှဝေပေးလိုက်တာ မဟုတ်လား”

ဖန်ကျွင်းက ရယ်မောလိုက်ရင်း...

“ဒါပေါ့ကွာ ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းရယ် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ အဆုံးမဲ့တောင်တန်းတို့က ကောင်းကင်မိုးကြိုးခန်းမကိုတော့ မနည်းမနောတန်ဖိုးတွေ ပေးလိုက်ကြရတာပေါ့”

ရန်ကျောက်ကဲက ဖန်ကျွင်းကို ကြည့်ရင်း...

“ဟုတ်ကဲ့... ဒါကတော့ ပုံမှန်ကိစ္စပဲ မဟုတ်လား”

ရန်ကျောက်ကဲက ခေါင်းမော့ပြီး ခဏမျှ စဉ်းစားလိုက်သည်။

“ဒီလိုတွေဖြစ်သွားတော့ လင်ကျိုးက ယဉ်စွန်းတန်းဓားသိုင်းတတ်မြောက်တယ်ဆိုတာကို ကျောက်စိမ်းပင်လယ်မြို့တော်အနေနဲ့  ဆက်စုံစမ်းဖို့ အဆင့်မပြေတော့ဘူးပေါ့”

အစောပိုင်းသတင်းများအရ ရန်ရှန်းတစ်ယောက်သာ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ မလာရောက်ဟု သိရသော်လည်း ယခုတော့ လင်ကျိုးပါ လာရောက်ခဲ့ခြင်း မရှိပေ။

မိုးကြိုးဧကရာဇ်မျက်လုံးအတွက် တိုက်ခိုက်ရာတွင် လင်ကျိုး ရန်ကျောက်ကဲကြောင့် ဒဏ်ရာရခဲ့ပြီး သွေးအလင်းကျောက်စိမ်းကို အသုံးပြုကာ ထွက်ပြေးခဲ့ရသည်။

အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့သည့်တိုင် သူ၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများ ဆိုးရွားစွာပျက်စီးသွားလေရာ ဒဏ်ရာက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ လာရောက်လျှင်ပင် သင့်တော်သည့်စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိဘဲ အခက်အခဲ ရင်ဆိုင်ရပေမည်။

ထို့ပြင် သူရောက်လာပါက ကျောက်စိမ်းပင်လယ်မြို့တော်ကလည်း ယဉ်စွန်းတန်းဓားသိုင်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ရန် ကျားချောင်း ချောင်းနေသည်ပင်။

သို့တိုင် ယခုကဲ့သို့သောကိစ္စများ ဖြစ်လာသည့်အခါ ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ထိုကိစ္စနောက် လိုက်ချင်သည့်တိုင် ကောင်းကင်မိုးကြိုးခန်းမကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရန် မဖြစ်နိုင်တော့ပေ။

မိုးကြိုးနယ်မြေမှရရှိသည့်သတင်းများအရ လင်ကျိုး၏ဖခင် လင်ထျန်းဖုန်းက ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းမှ သူလျိုကို ဖမ်းဆီးပေးခဲ့သည်ဟု ဆိုသော်လည်း ထိုကိစ္စက လင်ကျိုးနှင့် (၉၀)ရာနှုန်းပတ်သက်နေမည်မှာ အသေအချာပင်။

“ဝိုး... ဘယ်လောက်တောင်လှလိုက်တဲ့ ကစားကွက်လဲ”

ရန်ကျောက်ကဲ ချောင်းတစ်ချက်ဟန့်ရင်း ချီးကျူးလိုက်သည်။

“ဒီတစ်ခါတော့ ကောင်းကင်မိုးကြိုးခန်းမက အကျိုးအမြတ် အကြီးကြီးရသွားပြီပဲ”

ထိုကိစ္စများအပြင် လှိုင်းနက်ဂေဟာသည်လည်း သူတို့အပေါ်  ကြီးမားစွာ အကြွေးတင်သွားပြီ ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ မငြိမ်မသက်ဖြစ်နေသော အခြေအနေကြောင့် လှိုင်းနက်ဂေဟာ၏ ရပ်တည်ချက်က အလွန် အကဲဆတ်သည့်အနေအထား ဖြစ်နေသည်။ ထိုသို့သောအချိန်မျိုးတွင် ကောင်းကင်မိုးကြိုးခန်းအပေါ် အကြွေးတင်သွားရခြင်းက အခြေအနေများ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်သည်။

ရန်ကျောက်ကဲက ခေါင်းကိုလှည့်ကာ ဖန်ကျွင်းကို ကြည့်လိုက်ရင်း...

“သြော်... ဒါနဲ့... ဒုတိယဆရာဦးလေး ၊ ကျွန်တော်တို့ဝါဒတောင်ကိုစေလွှတ်ထားတဲ့ သူလျှိုက ဘယ်သူများလဲ ၊ ပြီးတော့ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ ပြသနာရှာဖို့ ကြံစည်တာကရော ဘယ်သိုင်းဆရာသခင်တွေလဲ”

ဖန်ကျွင်းက...

“ငါ ဂိုဏ်းကို သတင်းပြန်ပို့ပေးပြီးပြီ ၊ ဆရာနဲ့ တခြားသူတွေ ကြည့်စီစဉ်ပါလိမ့်မယ်”

ထို့နောက် ဖန်ကျွင်းက ရန်ကျောက်ကဲကို နာမည်တစ်ခု ပြောပြလိုက်သည်။

ပြီးမှ သူက ဆက်ပြော၏။

“ကောင်းကင်မိုးကြိုးခန်းမက သိတာတော့ အဲဒီလူတစ်ယောက်ပဲ ၊ တခြားလူတွေရှိသေးလားဆိုတာတော့ မပြောတတ်ဘူး ၊ ငါတို့တွေ ပေါ့ဆလို့မရဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...

“ဟုတ်ကဲ့... အမှန်ပါပဲ”

ဖန်ကျွင်းက ဆက်ပြောသည်။

“ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ ပြဿနာရှာဖို့ ကြံစည်တာကတော့ လှိုင်းနက်ဂေဟာကသူလျိုဖြစ်နိုင်တယ် ၊ အဲဒီသူလျိုအပြင် တခြား (၃)ယောက်လည်း ရှိသေးတယ် ၊ ကောင်းကင်မိုးကြိုးခန်းမက ဒီကိုစေလွှတ်မယ့် သူတို့တပည့်တွေကို ဦးဆောင်ဖို့ ရည်မှန်းထားတဲ့အကြီးအကဲက သူလျိုဖြစ်နေလို့ ရှင်းပစ်လိုက်ရတယ်လေ”

ရန်ကျောက်ကဲက သူ့နှုတ်ခမ်းများကို ပွတ်သပ်လိုက်ရင်း...

“ဒါဆိုရင် အစက (၄)ယောက်ရှိတယ်လို့ ဆိုလိုတာပေါ့ ၊ သူလျိုတွေထဲက တစ်ဝက်ကျော်လောက် ဒီနေရာကို ရောက်လာတာပဲ ၊ တစ်ယောက်က ပတ်ဝန်းကျင်ကို ထိန်းထားပြီး ကျန်တဲ့ (၃)ယောက်က လှုပ်ရှားမယ်ဆိုရင် သူတို့အစီအစဉ် အောင်မြင်နိုင်ခြေ များတာပေါ့”

ဖန်ကျွင်းက...

“ထိပ်သီးသိုင်းဂိုဏ်း (၆) ဂိုဏ်းမှ စိမ့်ဝင်နေတဲ့ သူလျိုတွေတင်မကဘူး ၊ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းက တခြားလူတွေကလည်း ဒီနေရာမှာ မငြိမ်သက်ဖြစ်အောင် တိုက်ခိုက်ကြဖို့ စီစဉ်ထားကြတာ”

“ဖမ်းမိထားတဲ့ ကောင်းကင်မိုးကြိုးခန်းမက သူလျိုပြီးရင် ကျန်တဲ့သူတွေကို တတ်နိုင်သမျှ ငါတို့ပိုက်ကွန်ထဲ ဖမ်းမိဖို့လိုတယ် ၊ ပြီးတော့ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းက တခြားလူတွေကို သူတို့အကြောင်းပေါ်သွားပြီဆိုတာ သတိပေးသလို မဖြစ်အောင်စေဖို့လည်း အရေးကြီးတယ်”

“ဒါပေမဲ့ လှိုင်းနက်ဂေဟာက ပညာရှင်တွေက သူတို့ကိုထောင်ဖမ်းဖို့ ဒီနေရာကို ရောက်နေကြပါပြီလေ”

သူက ရန်ကျောက်ကဲကို ကြည့်ရင်း...

“‌ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတက်ရောက်မယ့် မင်းတို့လို အဓိကဇာတ်ကောင်တွေကတော့ တကယ်တမ်းအန္တရယ်ကြုံရင် သတိနဲ့ရှောင်ဖို့ ပြင်ဆင်ထားကြပေါ့”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကျွန်တော်တို့က အဓိကဇာတ်ကောင်တွေ မဟုတ်ဘူးထင်တယ် ၊ အကြီးအကဲတွေက သူတို့ကိုထောင်ဖမ်းဖို့ ကျွန်တော်တို့ကို အသုံးမချဘူးဆိုရင် ကျွန်တော်တို့ အန္တရယ်ကင်းဖို့ လူစုခွဲပြီး အိမ်ပြန်သွားလို့ ရတာပဲလေ ၊ ဒါဆို သူတို့ကို သတိပေးလိုက်သလိုတော့ ဖြစ်သွားမှာပေါ့”

ဖန်ကျွင်းက ညင်သာသည့်လေသံဖြင့်...

“ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲပဲလေ ၊ မင်းလိုပဲပေါ့ ကျောက်ကဲ... ၊ ရှန်ထျန်းကနဦးအဆင့် သိုင်းပညာရှင်က အဆုံးမဲ့တောင်တန်းက ရှန်ထျန်းနှောင်းပိုင်းအဆင့် သိုင်းပညာရှင်ကို အနိုင်ယူပြီး ငါတို့ ဝါဒတောင်ကိုနာမည်ကျော်ကြားစေခဲ့တယ် မဟုတ်လား”

“လှုပ်ရှားမှုတဲ့နေရာမှာ ရန်သူ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ထားမှာပဲလေ ၊ တကယ်တော့ သိပ်ပြီးအန္တရယ်များတာမဟုတ်ရင် မင်းတို့လူငယ်တွေအနေနဲ့ အတွေ့အကြုံရတဲ့လေ့ကျင့်မှုတောင် ဖြစ်လာနိုင်သေးတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဆရာဦးလေးရဲ့စကားတွေက အဓိပ္ပါယ်ရှိပါတယ်”

ထို့နောက် ဖန်ကျွင်းက ပြန်ရန်ဟန်ပြင်လိုက်သည်။

“ငါတို့ဘက်က ပြင်ဆင်စရာတွေ အများကြီးရှိတယ် ၊ ကျောက်ကဲ... မင်းလည်း ဒါတွေကို ကောင်းကောင်းနားလည်ပါတယ် ၊ ဒီတော့ သေသေချာချာ ပြင်ဆင်ထားပါ ၊ ပြဿနာတွေက အချိန်မရွေးဖြစ်လာနိုင်တယ်”

“ဒုတိယဆရာဦးလေး စိတ်မပူပါနဲ့ ၊ ကျွန်တော် နားလည်ပါတယ်”

ဖန်ကျွင်းပြန်သွားသည်နှင့် ရန်ကျောက်ကဲက အားဟူကို အကြောင်းကြားလိုက်သည်။

သတင်းများကိုကြားသည့်အခါ အားဟူမျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး...

“သခင်လေး... သခင်လေး တောက်ပလာမယ့်အချိန်ကို ရောက်တော့မယ်”

ရန်ကျောက်ကဲက မျက်လုံးများကို မှေးမှိတ်လိုက်ရင်း...

“ငါးစာအဖြစ်ခံပြီးတော့ မအောင်မြင်ချင်ပါဘူးကွာ ၊ ဒါပေမဲ့ အခုချိန်မှာတော့ ငါတစ်ယောက်တည်းမဟုတ်ဘူး ၊ လူတွေအများကြီးတစ်ပြိုင်တည်း ငါးစာအဖြစ်ခံရမှာပဲ ၊ ကိစ္စတော့မရှိပါဘူး”

ရှဲ့ယိုချန်က သွေးနီမီးတောက်သံမဏိနှင့် အလင်းအေးသံမဏိတို့ကို အလျှင်အမြန်ပင် ပို့ဆောင်ပေးလာသည်။ ထိုသတ္တုများကို လျှို့ဝှက်နည်းပညာတစ်ခုဖြင့် သန့်စင်ပြီးနောက် ဧရာမပန်ဒါကြီးအားအစာကျွေးရန် အားဟူအားတာဝန်ပေးလိုက်သည်။

“သခင်လေး... ဘာတွေအလုပ်များဦးမလို့လဲ”

အားဟူက သိချင်စိတ်ဖြင့် မေးသည်။

ရန်ကျောက်ကဲက လက်‌ဖျောက်တစ်ချက်တီးလိုက်ရင်း...

“ကျင့်ကြံမယ်လေကွာ...”

သူက ဆက်ပြောသည်။

“မကြာခင် ပြဿနာကြီးကြီးမားမားတစ်ခု ဖြစ်တော့မယ်ဆိုတော့... အလုပ်ကောင်းကောင်းလုပ်ချင်ရင်တော့ လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံး လုပ်ထားရမှာပေါ့”

သိပ်ပြီး ဉာဏ်မမီချင်တော့ဟု အားဟူ ခံစားရသည်။

“ဒါပေမဲ့ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲက မကြာခင်စတော့မှာလေ ၊ ဒီလောက်အချိန်တိုလေးအတွင်းမှာ သခင်လေးက ဘာကိုကျင့်ကြံမှာလဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုပေ။

အရင်တုန်းက သူ၏ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာမြင့်တက်သွားလျှင် အခြားသူများ သံသယဝင်မည်ကို စိုးရိမ်ခဲ့ဖူးသည်။ သို့သော် လက်ရှိတွင် အခြေနေများကထူးခြားလာပြီဖြစ်ရာ သူ့အနေဖြင့် အခြေအနေပေါ်မူတည်ပြီး အနည်းငယ်လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန်လိုသည်။

ရန်‌ကျောက်ကဲ သူ၏ ညာဘက်မျက်လုံးကို ညင်သာစွာတစ်ချက် ပွတ်သပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့တွင် ပြီးပြည့်စုံသည့် အကြောင်းပြချက်တစ်ခု ရှိသည်ပဲလေ။

မိုးကြိုးဧကရာဇ်မျက်လုံးကြောင့် သူ၏ကျင့်ကြံခြင်းအဆင့် ခဏအတွင်း မြင့်တက်သွားသည်ဟု ဆင်ခြေပေးနိုင်သည် မဟုတ်လား။

“ငရဲကိုးထပ်...”

ပြတင်းတံခါးနားရောက်တော့ တိမ်တိုက်များဖုံးလွှမ်းနေသည့် ကြည်လင်လျှို့ဝှက်ရေကန်ကို ငေးကြည့်မိသည်။ သူ့မျက်ဝန်းများတွင် အခြားသူများနားမလည်နိုင်သည့် လျို့ဝှက်ချက်များနှင့် ပြည့်နက်နေလေ၏။

သူက ထပ်မံရေရွတ်လိုက်သည်။

“ငရဲကိုးထပ်...”

All Chapters