← Chapters

ရန်ကျောက်ကဲ ဘယ်မှာလဲ

Vol. 41 Ch. 575

ရန်ကျောက်ကဲ ဘယ်မှာလဲ

Vol. 41 Ch. 575

အခန်း (၅၇၅) ရန်ကျောက်ကဲ ဘယ်မှာလဲ

ရန်ကျောက်ကဲနှင့် နှုတ်ဆက်စကားဆိုပြီးနောက် ဖူအန်းစု အနောက်ဘက်လမ်းကြောင်းအတိုင်း ခရီးနှင်လျှက် ဝါဒတောင်သို့ အလျှင်အမြန် ပြန်လာသည်။ သူမ မြေကမ္ဘာနယ်မြေကို ဖြတ်ကျော်ပြီး အရှေ့ကောင်းကင်ဒေသသို့ ရောက်လာချိန် ထိုနေရာတွင် စခန်းချသော ဝါဒတောင်သိုင်းသမားများနှင့် ချိတ်ဆက်မိကာ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို ရရှိခဲ့သည်။

နေသူတော်စင်ဂိုဏ်းက မြောက်ပိုင်းကိုဖြတ်ကျော်ပြီး အလယ်ပိုင်းကောင်းကင်ဒေသသို့ ချီတက်ကာ ဝါဒတောင်ကို တိုက်ခိုက်မည်ဆိုသော သတင်းဖြစ်၏။

ဖူအန်းစု စိတ်ထဲ နဂိုကပင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေသည်။

အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်နှစ်ခုလုံးတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းရော ၊ သိုင်းသူတော်စင်များပါ မရှိကြသဖြင့် ဝါဒတောင်ကို စစ်ကူပေးရန် အလယ်ပိုင်းကောင်းကင်ဒေသသို့ လာရောက်ဖို့ မဖြစ်နိုင်ပေ။

သို့ပေသိ ကြားနေဝါဒကျင့်သုံးသော လှိုင်းနက်ဂေဟာက ဤအခြေအနေကို လက်ခံမည်မဟုတ်ဘဲ ကြားဝင်စွက်ဖက်မည် ဖြစ်သည်။ ရန်ကျောက်ကဲက ချန်လီကို မရှင်းပစ်နိုင်လျှင်တောင်မှ လှိုင်းနက်ဂေဟာက ကောင်းကင်မိုးကြိုးခန်းမကို တားဆီးထားပေမည်။

သို့ဆိုလျှင် နေသူတော်စင်ဂိုဏ်းတစ်ဂိုဏ်းတည်းအင်အားဖြင့် ဝါဒတောင်ကို တိုက်ခိုက်လာရန် မဖြစ်နိုင်ပေ။ သူတို့တွင် ထူးကဲယင်သရဖူနှင့် မိုးဖြိုပုဆိန် ရှိနေသည့်တိုင် ဝါဒတောင်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

ကြယ်တာရာသန့်စင်ချီဝတ်ရုံက ဖန်ကျွင်း၏ ခန္ဓာကိုယ်ကို ဆေးကုသပေးနေရသဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုနိုင်မည် မဟုတ်ပေ။ သို့သော် ထိုအချက်ကို ဝါဒတောင်မှ ထိပ်တန်းအကြီးအကဲများသာ သိရှိကြပြီး နေသူတော်စင်ဂိုဏ်းက မသိရှိသည်မှာ ထင်ရှားသည်။

ထို့ပြင် ဝါဒတောင်တွင် ဘိုးဘေးအကြီးအကဲနှစ်ယောက်ဖြစ်သော ကျန်းခွန်နှင့် ဟယ်နင်တို့လည်း ရှိနေကြသည်ဖြစ်ရာ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို အသုံးမပြုနိုင်လျှင်တောင်မှ နယ်မြေအနေအထားအရ အားသာချက်ရှိသဖြင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် အသာစီး ရယူနိုင်မည် မဟုတ်ပေ။

“နေသူတော်စင်ဂိုဏ်းကတစ်ယောက်ယောက် သိုင်းသူတော်စင်ဖြစ်သွားလို့လား ၊ ဒါမှမဟုတ် သူတို့ရဲ့ ထူးကဲယင်မိန်းမပျို သိုင်းဆရာသခင်အဆင့် တက်ရောက်သွားလို့လား မပြောတတ်ဘူး”

ဖူအန်းစု တွေးတောရင်း စိတ်မသက်မသာ ခံစားနေရသည်။

သမုဒ္ဒရာကမ္ဘာတွင် ရန်ကျောက်ကဲ ပြောပြခဲ့သော အကြောင်းအရာများကို စဉ်းစားမိတော့ စိုးရိမ်ပူပန်လာမိပြီး ချက်ချင်းပင် အလယ်ပိုင်းကောင်းကင်ဒေသသို့ အရှိန်အဟုန်ဖြင့် ခရီးနှင်လာခဲ့သည်။

သို့သော် တောင်ပေါ်ပြန်မရောက်ခင် အလယ်ပိုင်းကောင်းကင်ဒေသသို့ ဝင်ရောက်သည်နှင့် ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရ၏။ ဝါဒတောင် အနီးပတ်ဝန်းကျင်သို့ရောက်လာတော့ ကောင်းကင်ထက်တွင် အလင်းတန်းများတောက်ပနေသည်ကိုတွေ့ရပြီး ထိုအလင်းတန်းများမှာ ဝါဒတောင် ပင်မအစီအရင်ကြီးမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်သည်။

ဝါဒတောင်ပင်မအစီအရင်၏ တန်ခိုးစွမ်းအားများအပြင် ဝါဒတောင်ဘက်မှ အလွန်အမင်းစွမ်းအားမြင့်မားသော တန်ခိုးစွမ်းအားရောင်ဝါများ တစ်ခုထက်မကထွက်ပေါ်နေကြောင်းကိုလည်း အာရုံခံမိသည်။ ၎င်းတန်ခိုးစွမ်းအား ရောင်ဝါများက ဟွမ်ကွမ်လီ ၊ အဘိုးအို’မော့’ တို့နှင့် တွေ့ဆုံရသည့်အလား ခံစားရစေသော်လည်း သေသေချာချာ အာရုံခံကြည့်သည့်အခါ ထိုသိုင်းသူတော်စင် (၂)ယောက်ထက်ပင် ပိုမိုစွမ်းအားမြင့်မားကြောင်း သိရသည်။

အနည်းဆုံး သိုင်းသူတော်စင် ဒုတိယအဆင့် တစ်ယောက်ထက်မက ရှိနေသည်မှာ ထင်ရှားသည်။

ဤသည်ကို ခံစားမိတော့ ဖူအန်းစု ရင်ထဲနင့်သွားသည်။

အချိန်တိုလေးအတွင်း ဤမျှများပြားသော သိုင်းသူတော်စင်များ နေသူတော်စင်ဂိုဏ်းမှ ထွက်ပေါ်လာသည်တော့ မဖြစ်နိုင်‌ပေ။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းချက်တစ်ခုသာ ရှိနေပြီး သူမနှင့် ရန်ကျောက်ကဲ ခန့်မှန်းခဲ့ကြသော အဆိုးဆုံးဖြစ်နိုင်ခြေက တကယ်ပဲ ဖြစ်ပျက်လာခဲ့လေပြီ။

အထက်ဘုံကမ္ဘာမှ နေသူတော်စင်ဂိုဏ်းကို ထောက်ပံ့ပေးနေသော ပုဂ္ဂိုလ်များက လှုပ်ရှားမှု ပြုလုပ်လာခြင်းသာလျှင် ဖြစ်နိုင်၏။

နေသူတော်စင်ဂိုဏ်းက အကူအညီတောင်း၍ပဲလား ၊ အထက်ဘုံကမ္ဘာမှပုဂ္ဂိုလ်များကပဲ ဝင်ရောက်စွက်ဖက်ချင်၍လား မပြောတတ်သော်လည်း ဤကမ္ဘာတွင် ဤသို့သောအဖြစ်အပျက် ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပေပြီ။

နေသူတော်စင်ဂိုဏ်းသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ ပြင်ပမှ စွမ်းအားစုများကို အကူအညီတောင်းခဲ့သည်။

အခြားရှုထောင့်မှကြည့်လျှင် ပျော်ရွှင်စရာလည်း ကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် နေသူတော်စင်ဂိုဏ်းသည် ဝါဒတောင်ကို မနိုင်သဖြင့် ဤသို့‌သောနည်းလမ်းကို အသုံးပြုရသည် မဟုတ်လား။

မည်သို့ပင်ဖြစ်စေ ပြဿနာကတော့ အလွန်ကြီးကျယ်သည်မှာ သေချာသည်။ အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်လာသည်ဖြစ်ရာ ထိုသူများကို ဝါဒတောင်က မည်သို့ ရင်ဆိုင်ရပါမည်နည်း။

အခြားကိစ္စများကို အသာထား ၊ ဝါဒတောင်တွင် သိုင်းသူတော်စင် ဒုတိယအဆင့် တစ်ယောက်မှ မရှိလေရာ ဤကိစ္စကို မည်သို့ဖြေရှင်းမည်နည်း။

ဖူအန်းစုစိတ်ကို ပိုမိုလေးလံစေသည်မှာ အထက်ဘုံကမ္ဘာမှလူများသည်လည်း ရန်တိ၏အခြေအနေကို သိရှိမည်သာဖြစ်သည်။ ထိုသူများက ယုံကြည်ချက်ပြင်းထန်ပြီး မာနကြီးသူများဖြစ်ကြသည့်တိုင် ရန်တိ၏ ပြဿနာကို ရှောင်ရှားလိုခြင်း မရှိကြပေ။

ဤသို့သောအခြေအနေတွင် လှုပ်ရှားသည်မှာ ရန်တိကို အပြီးသတ်ဖယ်ရှားပစ်ရန် ရည်ရွယ်ခြင်းကို ဆိုလိုသည်။

ဝါဒတောင်က အင်အားနည်းနေချိန် ရန်သူများကတော့ သေချာပေါက် သိုင်းသူတော်စင် တတိယအဆင့် ဖြစ်နိုင်သည်။ ထို့ထက်ပင် ကျင့်ကြံခြင်းအဆင့် မြင့်မားနိုင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ခံနိုင်ရည်ရှိမှုအတွက် ကျင့်ကြံခြင်းအဆင့် အလိုအလျောက် ဖိနှိပ်ထားခံရခြင်း ဖြစ်သည်။

ဖူအန်းစု စိတ်ထဲ စိုးရိမ်ပူပန်လာမိသည်။

ဝါဒတောင်ကို ရန်သူများက ပိတ်ဆို့ထားပြီဖြစ်ရာ သူမ အရမ်းကာရော မချဉ်းကပ်ဝံ့တော့ပေ။

သူမ၏ပင်ကိုယ်စရိုက်က ခေါင်းမာပြီး အကြောက်အလန့်ကင်းမဲ့သော်လည်း ယခု သူမနှင့် ရန်သူက စွမ်းအားအဆင့် အလွန်တရာ ကွာခြားလေရာ မိုက်ရူးရဲဆန်စွာဖြင့် သေတွင်းထဲသို့ မတိုးရဲပေ။

ထိုအချိန် မိုးကုတ်စက်ဝိုင်းဆီမှ မိုးမြေကိုတုန်လှုပ်စေသည့် အသံတစ်သံက အလယ်ပိုင်းကောင်းကင်ဒေသတစ်ခုလုံးကို လွှမ်းခြုံလျှက် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“ရန်ကျောက်ကဲဆိုတဲ့ကောင်လေး ပြန်လာပြီလား”

***

ဝါဒတောင်မှာတော့ ဘိုးဘေးအကြီးအကဲများဖြစ်သော ကျန်းခွန်နှင့် ဟယ်နင်ဦးဆောင်လျှက် မိုးထိတောင်ထိပ်တွင် လူအများစုဝေးနေကြသည်။

တစ်ချိန်က စွမ်းအားမြင့်မားခဲ့သော ဝါဒတောင်သည် ယခုတော့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်နှစ်ယောက်သာ ကျန်ရှိတော့ပြီး အတော်လေး ညှိုးငယ်နေဟန် ရှိသည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ‘ချန်ကျန်း ၊ ကောင်းကင်ချုပ်လှောင်ချောက်နက်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ အကြီးအကဲ’ကုန်း’ ၊ သိုင်းကျန်းစာကြည့်တိုက်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ အကြီးအကဲ’မုန့်’ နှင့် သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ အကြီးအကဲ’ချင်’ တို့အားလုံး မျက်နှာအမူအရာများ တည်ကြည်လေးနက်နေကြပြီး ကျန်းခွန်နှင့် ဟယ်နင်ဘေးတွင် မတ်တတ်ရပ်နေကြသည်။

ကောင်းကင်ယံ လေထုထက်မှာတော့ လူတစ်စု ရှိနေ၏။

ထိုလူစုကို ဦးဆောင်လာသူက ပုဂ္ဂိုလ်နှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ဘေးတွင် နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု’ က အလွန်တရာ ရိုကျိုးဟန်ဖြင့် မတ်တတ်ရပ်လျှက် ရှိသည်။ အနောက်ဘက်တွင် ရပ်နေကြသည့် အခြားသော နေသူတော်စင်ဂိုဏ်းသားများသည်လည်း အလွန်တရာ လေးစားရိုကျိုးဟန် ရှိနေကြသည်။

ဦးဆောင်လာသူနှစ်ယောက်က အသက် (၃၀) (၄၀) ဝန်းကျင်ရှိကြပြီး သူတို့၏ အသက်အစစ်အမှန်ကို ခန့်မှန်းရန် ခက်ခဲသည်။

သို့သော် သူတို့၏ စွမ်းအားရောင်ဝါများက ဝါဒတောင်တစ်ခုလုံးကို တစ်ချက်ပင် မလှုပ်ရှားရဲအောင် ဖိနှိပ်ထားနိုင်စွမ်းရှိ၏။

ထိုလူနှစ်ယောက်တွင် တစ်ယောက်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် မီးတောက်သဏ္ဌန် ချည်ထိုးထားသော အနီရောင်ဝတ်ရုံကို ခြုံလွှမ်းထားသည်။ သူ့ပုံစံက အလွန်မှ ဝင့်ဝင့်ကြွားကြွား တောက်တောက်ပပရှိပြီး သူကိုယ်တိုင် စကားပြောဆိုခြင်းမရှိဘဲ အရေးမစိုက်ဟန်ဖြင့် ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။

ကျန်တစ်ယောက်ကတော့ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်လျှက် ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသည်။

စောစောက...

“ရန်ကျောက်ကဲဆိုတဲ့ကောင်လေး ပြန်လာပြီလား”

ဟု မေးလိုက်သူက ထိုသူဖြစ်၏။

သူက ဝါဒတောင် ၊ မိုးထိတောင်ထိပ်ကို ခေါင်းငုံ့ကြည့်လိုက်တော့ ကျန်းခွန်က သက်ပြင်းချရင်း...

“ငါတို့ ဝါဒတောင်တပည့် ရန်ကျောက်ကဲက အရှေ့ပင်လယ် မီးတောက်မိစ္ဆာကမ္ဘာကို စည်းတံဆိပ်ခတ်ဖို့ တိုက်ပွဲမှာ ပါဝင်ခဲ့တယ် ၊ အဲဒီနောက်ပိုင်း သူ ပြန်ပေါ်မလာတော့ဘူး ၊ အသက် သေလား ရှင်လားတောင် မသိရဘူး”

အစိမ်းရောင်ဝတ်လူက ကျန်းခွန်၏ စကားကို အရေးမစိုက်ဟန်ဖြင့်...

“ဒါဖြင့် ဒီတောင်ပေါ်မှာကျန်ခဲ့တဲ့ သူ့ပစ္စည်းမှန်သမျှ ငါတို့ကို ပေးစမ်း...”

ကျန်းခွန်နှင့် အခြားသူများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မျက်နှာများ မဲမှောင်သွားကြသည်။

ဘယ်လောက်ပင် လိုက်လျောပေးရန် ဆုံးဖြတ်ထားပါစေ ဒီလိုတောင်းဆိုမှုမျိုးကတော့ ဒေါသထွက်စရာပင်။ ရန်သူ၏ တန်ခိုးစွမ်းအားနှင့် နောက်ခံအင်အားကြောင့်သာ ဒေါသမထွက်ရဲဘဲ ကြိတ်မှိတ်သည်းခံနေရခြင်း ဖြစ်၏။

အစိမ်းရောင်ဝတ်လူက တည်ငြိမ်သည့်မျက်နှာထားဖြင့်...

“ငါ့နာမည်က ကျင်းကျယ်လို့ခေါ်တယ် ၊ ကွမ်းမင်ဂိုဏ်းက ဧည့်သည်အကြီးအကဲတစ်ယောက်ပဲ ၊ ငါ ဘယ်နေရာကလာသလဲဆိုတာ မင်းတို့အားလုံး သိပြီးကြပြီ မဟုတ်လား”

“ငါက မင်းတို့ကမ္ဘာကကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ မရည်ရွယ်ပါဘူး ၊ ဒါပေမဲ့ မင်းတို့ကမ္ဘာမှာ ငါတို့ကွမ်းမင်ဂိုဏ်းက ပိုင်ဆိုင်တဲ့ ရတနာပစ္စည်းတစ်ခု ရှိနေတယ် ၊ အဲဒီပစ္စည်းက မင်းတို့တပည့် ရန်ကျောက်ကဲဆီမှာ ရှိနေတယ် ၊ ဒါကြောင့် သူမရှိလဲ သူ့ပစ္စည်းတွေကို စစ်ဆေးကြည့်ရမယ်”

ကျင်းကျယ်က ဖြည်းလေးသည့်အသံဖြင့် ဆက်ပြောသည်။

“ငါတို့ ရတနာပစ္စည်းကို ငါတို့ပြန်ယူတာဖြစ်လို့ မင်းတို့အနေနဲ့ အသာတကြည် ပြန်ပေးလိုက်တာ အကောင်းဆုံးပဲ”

ကျန်းခွန်က သက်ပြင်းတစ်ချက်ချရင်း...

“သူ့ပစ္စည်းတွေအကုန်လုံးက သူ့ရဲ့ အရိပ်ကျုံ့အိတ်ထဲမှာပါသွားတယ် ၊ တောင်ပေါ်မှာ ဘာမှ မကျန်ခဲ့ဘူး”

ကျင်းကျယ်က နှာခေါင်းတစ်ချက် ရှုံ့ရင်း...

“ကောင်းပြီလေ... ဒါဖြင့်လည်း သူနေတဲ့နေရာကို အပိုင်သိမ်းရတာပေါ့”

သူ့လေသံက ပေါ့ပေါ့ပါးပါး ရှိသော်လည်း ရန်ကျောက်ကဲနေထိုင်သည့် ဝါဒတောင်တစ်ခုလုံး မြေလှန်ပစ်မည်ဆိုသော အဓိပ္ပါယ် ဖြစ်သည်။

ကျန်းခွန်က တစ်ဖက်လူဆက်ပြောလာမည့်စကားကို စောင့်ဆိုင်းနေစဉ် ဟွမ်ရှုက ရုတ်တရက် ဝင်ပြောလိုက်သည်။

“မြေကမ္ဘာနယ်မြေတိုက်ပွဲမှာ ဝါဒတောင်က အသက်ရှင်ကျန်ရစ်တဲ့သူ နောက်တစ်ယောက် ရှိသေးတယ် ၊ ပြီးတော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုလည်း ရှိတယ် ၊ အဲဒီတုန်းက ဖန်ကျွင်းနဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝါဒတောင် ပြန်ပို့ပေးလိုက်တဲ့သူက ရန်ကျောက်ကဲပဲ”

ကျင်းကျယ်က မျက်ခုံးတစ်ချက်ပင့်ရင်း...

“အိုး... ဟုတ်လား”

ထိုအချိန် ဘေးတွင် ငြိမ်သက်စွာမတ်တတ်ရပ်နေသော အဖြူရောင်ဝတ်လူက စကားဝင်ပြောလိုက်သည်။

“ဒါဖြင့် ဖန်ကျွင်းရော အဲဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းရော ငါတို့လက်ကို အပ်စမ်း”

All Chapters