ငါ့ကိုတိုက်ခိုက်ဖို့ အရည်အချင်းမရှိဘူး
Vol. 41 Ch. 576
အခန်း (၅၇၆) ငါ့ကိုတိုက်ခိုက်ဖို့ အရည်အချင်းမရှိဘူး
ရန်သူက ဖန်ကျွင်းနှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံကို တောင်းဆိုလာသည့်အခါ ကျန်းခွန်နှင့် ဟယ်နင်တို့နှစ်ယောက်လုံး မျက်နှာပျက်သွားကြသည်။ သူတို့က မည်မျှပင် ရှေးရိုးဆန်ပြီး သဘောထားပျော့ပြောင်းသည်ဆိုစေကာမူ ယခုလိုတောင်းဆိုချက်ကိုတော့ လိုက်လျောရန် မဖြစ်နိုင်ပေ။
ဤသည်က ချွင်းချက်မရှိ လက်နက်ချခိုင်းခြင်းနှင့် ညီမျှသည်။
ကျန်းခွန်က လေးလံသည့်အသံဖြင့်...
“မင်းတို့က ငါတို့ကို တမင်သက်သက် ခက်ခဲအောင် လုပ်နေတာပဲ”
အဖြူရောင်ဝတ်လူက...
“ငါက မင်းတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး ၊ မင်းတို့ကို ငါတို့ပြောသလိုလုပ်ဖို့ အမိန့်ပေးနေတာ”
စကားဆုံးသွားသည်နှင့် သူ၏ခန္ဓာကိုယ်သွေးကြောဆုံချက်များမှ အလင်းတန်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားကာ ဝါဒတောင်ပင်အစီအရင်ကြီးကို အနည်းငယ် တုန်ခါသွားစေသည်။
အစိမ်းရောင်ဝတ်ဓားသမား ‘ကျင်းကျယ်’ ဆိုသူက သူ၏ဓားကို ဆွဲမထုတ်သေးဘဲ အေးစက်စွာ စကားဆိုသည်။
“အရင်ကတော့ မင်းတို့ကမ္ဘာကကိစ္စတွေကို ငါတို့ ဝင်စွက်ဖို့ စိတ်မဝင်စားပါဘူး ၊ ပြီးတော့ မင်းတို့ သိုင်းဂိုဏ်းတွေကြားပြဿနာတွေကိုလည်း ဝင်ပါဖို့ မရည်ရွယ်ပါဘူး ၊ ဒါပေမဲ့ မင်းတို့ရဲ့ သိုင်းတာအိုနဲ့ သိုင်းပညာအမွေအနှစ်တွေကို ဖျက်ဆီးပစ်ဖို့ဆိုတာ ငါတို့အတွက် ဘာမှ ခက်ခဲတဲ့အလုပ်မဟုတ်သလို ကြီးမားတဲ့ကိစ္စလည်း မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒီတော့ မင်းတို့ လုပ်ရပ်အပေါ်မူတည်ပြီး ငါတို့လုပ်ရပ်ကလည်း ပြောင်းလဲသွားမှာပဲ”
အလွန်တရာ စွမ်းအားကြီးမားသော ရန်သူနှင့် ရင်ဆိုင်နေရပြီး သိုင်းသူတော်စင် ဒုတိယအဆင့် (၂)ယောက်က ဝါဒတောင်ပင်မအစီအရင်ကို မတ်တတ်ရပ်နေလျှက်ပင် အချိန်မရွေး ဖြိုချပစ်နိုင်သည်ကို သိရှိသည့်တိုင် ဝါဒတောင်မှလူများက လက်နက်မချဘဲ ရင်ဆိုင်လိုသည့်အရိပ်အယောင်များကို တိတ်ဆိတ်စွာ ပြသနေသည်။
နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်က လှောင်ပြောင်ရယ်မောရင်း...
“ဘာလဲ မင်းတို့က အရှေ့ပင်လယ်က ရန်တိ ပြန်လာမယ်လို့ မျှော်လင့်နေတာလား ၊ အဲဒီအတွေးကို မေ့လိုက်တော့”
သူက ဆက်ပြောသည်။
“ရန်ကျောက်ကဲ နောက်ဆုံးသွားခဲ့တဲ့နေရာက အရှေ့ပင်လယ် စည်းတံဆိပ်ခတ်တဲ့နေရာမှာ ၊ သူ အဲဒီနေရာမှာ သေသွားဖို့ ဖြစ်နိုင်ခြေများပေမယ့် စည်းတံဆိပ်စွမ်းအားက သူနဲ့အတူ ယူသွားတဲ့ ရတနာပစ္စည်းတွေကိုတော့ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူး”
“အထက်ဘုံကမ္ဘာက ဆရာသခင်တွေက အထူးခရီးစဉ်အနေနဲ့ ဒီနေရာကို ရောက်လာကတည်းက အရှေ့ပင်လယ်ကကိစ္စကို မေ့ထားမယ်ထင်နေသလား ၊ သိုင်းသူတော်စင် စတုတ္ထအဆင့်နဲ့ သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူ (၂)ယောက် အရှေ့ပင်လယ်ကို ရောက်နေကြပြီ ၊ ရန်တိသာ သူတို့နဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်မှာပဲ”
ထိုစကားကိုကြားတော့ ကျန်းခွန်နှင့် အခြားသူများအားလုံး မျက်နှာများ ဖြူဖပ်ဖြူလျော် ဖြစ်သွားကြသည်။
ဤသည်က သူတို့စိတ်ထဲမှ အဆိုးဆုံးတွေးထားသောအရာကို အတည်ပြုနိုင်ခဲ့ပြီး ဝါဒတောင်မှလူတိုင်းကို စိတ်ပျက်သွားစေသည့် အမှန်တရား ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းက သူတို့ကို လိမ်ပြောခြင်း မဖြစ်နိုင်ပေ။
သူတို့က အထက်ဘုံကမ္ဘာမှလူများကို အစွန်းရောက်ရှစ်ပါးအခြေအနေအား အပြည့်အဝ ရှင်းပြထားကြသည်။ ထို့ကြောင့် ကွမ်းမင်ဂိုဏ်းမှလူများက ရန်တိကို တိုက်ခိုက်ရန် အပြည့်အဝ ပြင်ဆင်လာကြသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်လာသော သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူသည် သိုင်းသူတော်စင် တတိယအဆင့်သို့ ဖိနှိပ်ခံရမည်ဖြစ်သည်။ သို့သော် ထိုသူက သာမန် သိုင်းသူတော်စင်တတိယအဆင့်ထက် များစွာ ပိုမိုစွမ်းအားမြင့်မားပေလိမ့်မည်။
ဤသို့ တန်ခိုးစွမ်းအားမြင့်မားသူများ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ အတူတကွ ဆင်းသက်လာလေရာ ထိုသူများက ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ချင်သည်ဆိုလျှင်တောင်မှ မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။
ဟွမ်ရှုက စကားဝင်ပြောနေသည့် နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။
အကြည့်တစ်ချက် ရင်ဆိုင်လိုက်ရသည်နှင့် အထက်ဘုံကမ္ဘာမှရောက်လာသူများအကြောင်း ဝါဒတောင်ကို အသေးစိတ်မပြောပြသင့်ကြောင်း ထိုသူ သဘောပေါက်သွားပြီး ခန္ဓာကို အနည်းငယ် တုန်ခါသွားသည်။
ဝါဒတောင်က အခြေအနေမှန်ကိုမသိလျှင် ရန်တိအပေါ် မျှော်လင့်ချက်ထားပြီး ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် (၂)ယောက်ကို မရမနေ ရုန်းကန်တိုက်ခိုက်မည် ဖြစ်၏။ သို့မှသာ ဝါဒတောင်သည်လည်း ထာရဝပျက်ဆီးခြင်းသို့ ရောက်ရပေမည်။
ယခုတော့ ကျန်းခွန်နှင့်အခြားသူများ၏ နောက်ဆုံးမျှော်လင့်ချက် လဲပြိုသွားပြီဖြစ်ရာ ချက်ချင်း ဒူးထောက်အရှုံးပေးလိုက်ပါက ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်များအနေဖြင့် ဝါဒတောင်ကို အမှုန့်ချေရန် ခက်ခဲသွားမည်ပင်။
“ဒီလို အောက်ဘုံကမ္ဘာမျိုးမှာ သိုင်းသူတော်စင်ဖြစ်လာတဲ့သူက ငါတို့ကိုယှဉ်နိုင်ပါ့မလား... ဟွန်း ဝေးပါသေးတယ်”
အဖြူရောင်ဝတ်လူက ပြောလိုက်သည်။
“ဆရာဦးလေးက ဒီနေရာကို လာခိုင်းလို့သာလာရတာ... ငါက တကယ်တမ်း အရှေ့ပင်လယ်မှာ ရန်တိနဲ့သွားပြီး ရင်ဆိုင်ချင်တာ”
ကျင်းကျယ်က...
“ငါတို့ရှာနေတဲ့ ရန်ကျောက်ကဲဆိုတဲ့လူငယ်က ရန်တိရဲ့သားပဲ ၊ ဒီကောင်လေးက သူနဲ့ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေထက် အများကြီးသာလွန်တယ်လို့ သတင်းကြားထားတယ် ၊ ကြည့်ရတာ သူတို့သားအဖက ထူးခြားတဲ့ရုပ်ခန္ဓာစွမ်းအား ပိုင်ဆိုင်ထားတာလား ၊ လေးနက်တဲ့ကံကြမ္မာပိုင်ဆိုင်ထားတာလား မပြောနိုင်ဘူး ၊ ဒါမှမဟုတ် ဝါဒတောင်ရဲ့ သိုင်းအမွေအနှစ်တွေမှာ လျှို့ဝှက်ဆန်းကျယ်မှု တစ်ခုခုများ ရှိနေသလားပဲ”
အဖြူရောင်ဝတ်သိုင်းသူတော်စင် ‘ယန်ကျန်းဟွာ’ က ...
“ဒါဖြင့် မင်းတို့ ဝါဒတောင်က ဂန္ထဝင်သိုင်းကျမ်းတွေအကုန်လုံး ငါတို့ကိုပေးစမ်း ၊ ထူးခြားချက်ဘာရှိသလဲ ကြည့်ချင်တယ်”
ဒါကိုကြားတော့ ကျန်းခွန် ၊ ဟယ်နင်နှင့် တခြားသူများအားလုံး ပင့်သက်ရှိုက်ရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ယန်ကျန်းဟွာက ဝါဒတောင်မှလူများကို ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်ရင်း...
“မင်းတို့က အေးအေးဆေးဆေး စကားနားမထောင်ချင်ဘူးထင်တယ် ၊ ဒါဆိုရင်တော့ လေကုန်စကားပြောမနေတော့ဘူး ၊ အကုန်သာ သတ်ပစ်လိုက်တော့”
စကားဆုံးသွားသည်နှင့် ယန်ကျန်းဟွာက လက်ဖဝါးကိုမြှောက်လိုက်ရာ ကျယ်ပြန့်သောအလင်းတန်းတစ်ခုက ဝါဒတာင်ထက်သို့ ကျရောက်လာသည်။
ကျန်းခွန်က ခါးသက်စွာဖြင့်...
“ငါတို့ဘိုးဘေးတွေရဲ့ အခြေခံအုတ်မြစ်က ဒီနေ့ ငါတို့လက်ထဲမှာ ပျက်ဆီးရတော့မှာလား”
ဟယ်နင်က သက်ပြင်းချရင်း...
“အခုလိုဖြစ်လာမှတော့ ရွေးချယ်စရာ မရှိတော့ဘူး ၊ တိုက်ခိုက်ကြရုံပေါ့”
ပြောပြီးသည်နှင့် သူမက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ကြယ်တာရာသန့်စင်ချီဝတ်ရုံက ဆံပင်ဖြူဖြူနှင့် ပိန်ပိန်ပါးပါး အဘွားအို၏ ခန္ဓာကိုယ်ထက်သို့ လွှမ်းခြုံကျရောက်လာသည်။
ဝါဒတောင်တစ်ခုလုံး သေရေးရှင်ရေး ရင်ဆိုင်ရချိန် ဤ ဝတ်ရုံဖြင့် ဖန်ကျွင်းကို ဆေးကုသမပေးနိုင်တော့သည်မှာ သဘာဝကျပေသည်။
ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့သော အထွတ်ထိပ်မှော်ဝင်ပစ္စည်း ၊ သိုင်းပညာအမွေအနှစ်များအားလုံးကို လွှဲအပ်ခိုင်းခြင်းဆိုသည်က...
ထိုအချက်များကိုသာ သဘောတူလိုက်လျှင် သိုင်းဂိုဏ်းတစ်ခုကွယ်ပျောက်ရခြင်းနှင့် ဘာမှမခြားနားတော့ပေ။
ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ခြုံလျွမ်းလိုက်သည်နှင့် ဟယ်နင်၏ သွေးသွယ်သောခန္ဓာကိုယ်က ချက်ချင်း မြင့်မားလာပြီး စွမ်းအားပြည့်ဝလာသည့်တိုင် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် ယန်ကျန်းဟွာနှင့်ယှဉ်လျှင် အတော်လေး နိမ့်ကျနေသေးသည်။
သို့သော် ဝါဒတောင်ပင်မအစီအရင်မှ အလင်းရောင်များ သူမခန္ဓာကိုယ်ထက်သို့ ကျဆင်းလာသည့်အခါ စွမ်းအားများက ပိုမိုမြင့်မားလာပြန်သည်။
သို့သော် ယန်ကျန်းဟွာကတော့ လုံးဝ အရေးမစိုက်ပေ။ သူက သာမန်လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်နှင့် လောကကြီးတစ်ခုလုံး မှောင်မိုက်သွားပြီး အလင်းရောင်များအားလုံး သူ့လက်ထဲ စုစည်းရောက်ရှိသွားသည်။
ချက်ချင်းပင် ဝါဒတောင်ပင်မအစီအရင်ကြီး ပြိုပျက်သွားပြီး ဟယ်နယ်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ အရိုးများ ကျိုးကျေအက်ကွဲသံ ထွက်ပေါ်လာသည်။
ရန်သူ၏ လက်ဝါးရိုက်ချက်တစ်ချက်ကိုပင် ခုခံရန် ခက်ခဲနေပြီဖြစ်ရာ ဝါဒတောင်မှလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။
သူတို့အားလုံး ယန်ကျန်းဟွာကို အရင်ဆုံးကြည့်လိုက်ကြပြီး ဘေးနားတွင် မတ်တတ်ရပ်နေဆဲဖြစ်သော ကျင်းကျယ်ထံသို့ အကြည့်ရွှေ့ပြောင်းလိုက်ကြသည်။ ဝါဒတောင်မှသိုင်းသမားများအားလုံး၏မျက်နှာများက သွေးတစ်စက်ပင်မရှိတော့ဘဲ စက္ကူတစ်ရွက်ပမာ ဖြူဖပ်ဖြူလျော် ဖြစ်သွားကြသည်။
ထိုမျှအစွမ်းထက်လှသော ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်ကို တွေ့မြင်ရသည့်အခါ နေသူတော်စင်ဂိုဏ်းမှလူများသည်ပင် အတော်လေး စိတ်ရှုတ်ထွေးသွားကြ၏။ သို့သော် သူတို့၏အဓိကရန်သူတော်ဖြစ်သော “ဝါဒတောင်” ပျက်သုဉ်းတော့မည်ကို စဉ်းစားမိသည့်အခါ ပြန်လည်စိတ်သက်သာရာ ရသွားကြသည်။
ယခုနှစ်များအတွင်း ဝါဒတောင် စွမ်းအားမြင့်မားလာခြင်းကြောင့် သူတို့ခံစားကြရသည့် စိတ်ပူပန်မှုများအားလုံး လွတ်မြောက်တော့မည် မဟုတ်ပါလား။
ဟွမ်ရှု၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ချက်ပေါ်လာပြီး...
“ဒီနေ့ကစပြီး ဒီကမ္ဘာမှာ ဝါဒတောင်ဆိုတာ မရှိတော့ဘူး”
ကျင်းကျယ်က စိတ်ဓာတ်များလဲပြိုကျနေသော ဝါဒတောင်မှလူများကိုကြည့်ကာ မသိမသာ ပြုံးလိုက်ရင်း...
“သေရည်တိုက်တာ မသောက်ချင်လို့ငြင်းမှတော့ ငါတို့ကို အပြစ်တင်မနေနဲ့တော့”
တစ်ဖက်မှာတော့ ယန်ကျန်းဟွာက စိတ်တင်စားမှု မရှိတော့ပေ။
“မင်းတို့ရဲ့ လက်ဝါးသိုင်းက တကယ်ကောင်းတယ် ၊ သိုင်းပညာနည်းစနစ် မဆိုးဘူးလို့ပြောရမယ် ၊ အခြေခံအုတ်မြစ်လည်း တော်တော်ကောင်းတယ် ၊ ဒါပေမဲ့ မင်းတို့က ငါနဲ့တိုက်ခိုက်ဖို့ မတန်ဘူး ၊ ဒီလိုမှန်း ကြိုသိခဲ့ရင် ရန်တိကိုတိုက်ခိုက်ဖို့ အရှေ့ပင်လယ်ကို လိုက်သွားပါတယ်”
သို့သော်...
စကားပြောနေစဉ်မှာပင် ယန်ကျန်းဟွာ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူ့ဘေးနားမှ ကျင်းကျယ်၏အပြုံးသည်လည်း လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
“မင်းမှာ ငါ့အဖေကို တိုက်ခိုက်ဖို့ အရည်အချင်း မရှိဘူး”
ထိုခဏတွင် ပြိုကျနေသော ဝါဒတောင်ပင်မအဖွဲ့အစည်းက ကျောရိုးပြန်လည်ထောင်မတ်လာပြီး အလင်းတန်းများ ဖြာလင်းသွားကာ အရှေ့မြောက်အရပ်သို့ဦးတည်ပြီး ခမ်းနားထည်ဝါသော လမ်းတစ်လမ်း ဖြစ်တည်လာသည်။
ထို ခမ်းနားထည်ဝါသော အလင်းရောင်လမ်းအဆုံးတွင် လူရိပ်များရှိနေပြီး ရှေ့ဆုံးမှဦးဆောင်လာသူမှာ ရန်ကျောက်ကဲ ဖြစ်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ဖူအန်းစုတို့က ရန်ကျောက်ကဲနောက်တွင် မတ်တတ်ရပ်နေကြပြီး ရန်ကျောက်ကဲကတော့ ရန်သူအုပ်စုကို စူးရှသည့်မျက်ဝန်းများဖြင့် တည်ငြိမ်စွာ ကြည့်နေသည်။
“သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူ (၃)ယောက် အရှေ့ပင်လယ်ကိုသွားတာဆိုတော့ အရှေ့ပင်လယ်စည်းတံဆိပ်ကိုဖွင့်ဖို့ အတော်လေး အချိန်ယူရဦးမယ် ၊ ငါ မင်းတို့ကို အရင်ဆုံး ရှင်းထားနှင့်မယ်”
ရန်ကျောက်ကဲက နေသူတော်စင်ဂိုဏ်းမှ လူများကို တစ်ချက်ကြည့်လိုက်သည်။
ယန်ကျန်းဟွာနှင့် ကျင်းကျယ်တို့က သူတို့ဘက်မှ ထောက်ပံ့ပေးထားကြောင်း သိရှိသည့်တိုင် ထိုအကြည့်ကိုရင်ဆိုင်ရသည်နှင့် ဟွမ်ရှုအပါအဝင် နေသူတော်စင်ဂိုဏ်းသားများအားလုံး ကျောထဲစိမ့်မတတ် အေးခဲသွားကြသည်။
ရန်ကျောက်ကဲ မျက်ဝန်းများက သူတို့ကို အကဲခတ်ပြီးနောက် ကျင်းကျယ်နှင့် ယန်ကျန်းဟွာတို့ထံ ရွေ့လျားသွားသည်။
ကျင်းကျယ်က မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဘယ်လိုနေရမလဲ ဘယ်လိုသေရမလဲ မသိတဲ့ ကောင်စုတ်လေး ၊ မင်းက ရန်ကျောက်ကဲလား”
ယန်ကျန်းဟွာက တည်ငြိမ်စွာဖြင့်...
“မင်းက ဘယ်သူ့ကို အရည်အချင်းမရှိဘူးလို့ ပြောနေတာလဲ”
ရန်ကျောက်ကဲက သူတို့အားလုံးကိုတစ်ချက်ဝေ့ကြည့်ပြီးနောက် ပခုံးတစ်ချက်တွန့်ကာ ရယ်မောရင်း...
“အိုး... စိတ်မကောင်းပါဘူး ၊ စကားပြောမှာသွားလို့ ... ပြန်ပြင်ခွင့်ပြုပါဗျာ”
တစ်ဖက်လူ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မစောင့်ဘဲ ရန်ကျောက်ကဲမျက်နှာထက်မှအပြုံးက ရုတ်ချည်း အေးစက်သွားသည်။
“မင်းက ငါ့အဖေကို မပြောနဲ့ ငါ့ကိုတိုက်ခိုက်ဖို့တောင် အရည်အချင်း မရှိဘူး”