ဓား ၁၀၀၀၀ တို့အိမ်အပြန်
Vol. 1 Ch. 13
နွားသိုးတစ်ကောင်၏ခွန်အားမှာ ကီလိုဂရမ် ၅၀၀ ရှိသည်။
ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ကျင့်ခြင်းဖြင့် သူသည် နွားတစ်ကောင်၏ခွန်အားကို ရရှိနိုင်၏။
အမှန်တကယ်အားဖြင့် သံမဏိနွားရိုင်းကျင့်ကြံခြင်းစနစ်သည် ခန္ဓာကျင့်ကြံခြင်းစနစ်များအားလုံး၌ အား အနည်းဆုံး ဖြစ်သည်။
၎င်းတွင် ဗီဇပါရမီ မလိုအပ်သလို တန်ဖိုးမှာလည်း ဝိညာဉ်ကျောက်တုံး ၈၀ သာ ကျသင့်၏။
အကယ်၍ ကျင့်ကြံနည်းစနစ်မှာ အလွန်တန်ဖိုးကြီးပါက သူ မတတ်နိုင်ပါ။ ဗီဇပါရမီလိုအပ်ချက်မြင့်ပါကလည်း ဟန်မူယဲ့ မကျင့်ကြံနိုင်ပါ။
ဤနည်းလမ်းမှာ အားနည်းလျှင်ပင် အတွင်းစည်းဂိုဏ်းမှ နည်းစနစ်တစ်ခု မဟုတ်ပါလား။
အပြင်စည်းဂိုဏ်းမှ အလှပြကွက်များထက် ပိုမကောင်းပေဘူးလား။
ထို့အပြင် ဓားချီများက သူ့ကို ထိခိုက်စေမည်ဟု ဟန်မူယဲ့ မယုံကြည်ပါ။ သို့သော်လည်း ခန္ဓာကျင့်ကြံနည်းစနစ်ကို လေ့ကျင့်ခြင်းက သူ့အား စိတ်သက်သာရာရစေသည်။
ကျင့်စဉ်စာအုပ်ကို ယူကာ ဟန်မူယဲ့က စာအုပ်စင်အနီးမှ ထွက်လာသည်။
“ကျင့်ကြံခြင်းပညာရပ်များ”
စာအုပ်စင်များမှာ စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ်များ ဖြစ်သည်။
၎င်းတို့အား ကျင့်ကြံခြင်းဖြင့် တစ်စုံတစ်ယောက်သည် အသက်ရှည်နိုင်ပေသည်။
သူက အတန်ငယ် တွန့်ဆုတ်နေပြီးမှ ထိုစာအုပ်စင်ထံသို့ ဦးတည်လိုက်၏။
‘သူက မတတ်နိုင်လျှင်ပင် တစ်ခါလောက်ကြည့်ခြင်းက ပြဿနာမရှိပေဘူးမလား’
“တိမ်ဖြူပညာရပ်”
၎င်းသည် ချီစုစည်းခြင်းပညာရပ်ဖြစ်သည်။ ထိုနည်းစနစ်မှာ ရေဓာတ်မျိုးဆက်မှ ဖြစ်၏။ ၎င်းသည် တိမ်မြူချီဓာတ်အား ခန္ဓာကိုယ်တွင် စုစည်းကာ သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင်စေလျှက် တစ်စုံတစ်ယောက်၏အသက်ကို ပိုမိုရှည်လျားစေသည်။
ထိုကျင့်ကြံနည်းစနစ်မှာ သတ္တမအဆင့် ဗီဇပါရမီ လိုအပ်၏။ ထိုပညာရပ်အား လဲလှယ်ရန် ဝိညာဉ်ကျောက်တုံး ၃၀၀ သို့မဟုတ် အကျိုးဆောင်အမှတ် ၃၀ လိုအပ်၏။
ချီစုစည်းခြင်းပညာရပ်များက ထိုမျှ တန်ဖိုးကြီးသည်လား။
ဝိညာဉ်ကျောက်တုံး ၃၀၀၀ ကို စုဆောင်းရန် မည်မျှ ကြာမည်နည်း။
တိမ်ဖြူပညာရပ်စာအုပ်ကို ပြန်ထားလိုက်ကာ သူက နောက်ထပ်စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်၏။
‘နေပန်းနီပညာရပ်’ သည် မီးဓာတ်အခြေပြုကျင့်ကြံနည်းစနစ်ဖြစ်ပြီး မီးဓာတ်စွမ်းအင်ကို အဓိကအားထားကာ ကျင့်ကြံရသည်။ ၎င်းကို ကျင့်ကြံခြင်းဖြင့် မီးဓာတ်ချီစွမ်းအားကို ဖွဲ့စည်းကာ ရန်သူအား ယင်ဓာတ်အားဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်၏။
ထိုနည်းစနစ်ကို ကျင့်ကြံရန် မီးဓာတ်နှင့်ပေါင်းစပ်နိုင်စွမ်း {သဘာဝအားဖြင့် မီးဓာတ်နှင့်ရင်းနှီးကျွမ်းဝင်သော ဓာတ်အခံဖြင့် မွေးဖွားလာသူများ} တို့အပြင် ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ကိုလည်း လိုအပ်၏။
၎င်းမှာ တန်ဖိုးကြီးလွန်းလှသည်။
ဟန်မူယဲ့က လက်မြောက်ကာ ထိုစာအုပ်အား စာအုပ်စင်ပေါ်သို့ ပြန်ထားလိုက်သည်။
တခြားကျင့်ကြံနည်းစနစ်များကို လိုက်ရှာကြည့်သောအခါတွင်လည်း မည်သည့်မျိုးဆက်ပညာရပ်ဖြစ်စေ၊ အားလုံးမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကုန်ကျပေသည်။
ကျင့်ကြံခြင်းသည် အရင်းအမြစ်များ ကြွယ်ဝရန် လို၏။
လုံလောက်သောရင်းမြစ်မရှိပါဘဲ တစ်စုံတစ်ယောက်မှာ ကျင့်ကြံရန် မဖြစ်နိုင်။
“ဘာလဲ… သင့်တော်တဲ့ပညာရပ်ကို ရှာမတွေ့ဘူးလား”
အစိမ်းရောင်ဝတ်အဖိုးအိုတစ်ဦးက ဟန်မူယဲ့ ဟိုဟိုဒီဒီ ရှာကြည့်နေသည်ကိုမြင်ကာ ပြုံးလျှက်မေးသည်။
သူ၏အစိမ်းရောင်တာအိုဝတ်စုံကိုကြည့်ကာ သူသည် အပြင်စည်းဂိုဏ်းသား သို့မဟုတ်လျှင် အကြီးအကဲတစ်ဦး ဖြစ်ရပေမည်။
သည်လူမှာ အိုမင်းကာ ထူးခြားသော အရှိန်အဝါရှိသည်။ သူသည် အကြီးအကဲတစ်ဦး ဖြစ်ဟန်ရ၏။
၎င်းက အခွင့်အလမ်းတစ်ခုလား။
ဟန်မူယဲ့ ခေါင်းညိတ်ကာ ခါးသက်စွာ ပြုံးလိုက်သည်။
“ဒါက တကယ်ပဲ စျေးကြီးတယ်။
သူက ထိုသို့ပြောလျှင် အဖိုးအိုက ရယ်မောလိုက်သည်။
“ကျင့်ကြံခြင်းက ဘယ်တုန်းကမှ စျေးမပေါဘူး”
ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်ကာ ပြောသည်။
“ငါက ဒီမှာရှိတဲ့ ကျင့်ကြံနည်းစနစ်တွေအားလုံးရဲ့တန်ဖိုးကို သိတယ်။ မင်းက ဘယ်လောက် တတ်နိုင်မလဲ”
‘ဘယ်လောက်တတ်နိုင်မလဲ’
ဟန်မူယဲ့က တွက်ချက်ကာ ဝိညာဉ်ကျောက်တုံး ၂၀ ခန့်မျှတန်သော ပညာရပ်အား ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သူ့တွင် လက်ထဲ၌ ဝိညာဉ်ကျောက်တုံး ၁၀၀ခန့်သာ ရှိသည်။ သံမဏိနွားသိုးကျင့်စဉ်၌ သူက ဝိညာဉ်ကျောက်တုံး ၈၀ သုံးရန် ရှိရာ သူ့တွင် ဝိညာဉ်ကျောက်တုံး ၂၀ ခန့်သာ ကျန်သည်။
ဟန်မူယဲ့ တိတ်ဆိတ်နေသည်ကိုမြင်လျှင် အဖိုးအိုက မေးသည်။
“မင်းမှာ ဝိညာဉ်ကျောက်တုံး ၂၀၀၀ ရှိလား”
ဟန်မူယဲ့ ခေါင်းယမ်းသည်။
“ဒါဆို တစ်ထောင်လား”
အဖိုးအို၏အမူအရာ ပြောင်းလဲသွားသည်။
ဟန်မူယဲ့ ခေါင်းယမ်း၏။
“အနည်းဆုံး ၅၀၀…”
အဖိုးအိုက မျက်မှောင်ကြုတ်ကာ မေးသည်။
ဟန်မူယဲ့ကား ခေါင်းယမ်းနေဆဲ…
အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောသည်။
“တစ်ရာ…”
ဟန်မူယဲ့ ခေါင်းယမ်းလိုက်၏။
အဖိုးအို ပါးစပ်ဟကာ ထိုနေရာမှ လှည့်ထွက်လာသည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက နောက်လှည့်ကာ ဟန်မူယဲ့ကို ကြည့်သည်။
“မင်း တကယ်ပဲ ကျင့်ကြံနည်းစနစ်တစ်ခု သင်ချင်တာလား”
‘ဒါက မသိသာပေဘူးလား’
ဟန်မူယဲ့ ခေါင်းညိတ်သည်။
အဖိုးအိုက လက်မြောက်ကာ စာအုပ်တစ်အုပ် ကမ်းပေးသည်။
“ဒီကျင့်ကြံနည်းစနစ်က ဝိညာဉ်ကျောက်တုံး ၁၀တုံးပဲ ကျသင့်တယ်။ မင်း ကျင့်မယ် မကျင့်ဘူးဆိုတာကတော့ မင်းသဘောပဲ”
ဟန်မူယဲ့က စာအုပ်ကိုကြည့်ကာ ဖတ်လိုက်သည်။
“ဓား ၁၀၀၀၀ တို့အိမ်အပြန်…”
ဟင်၊ သည်ပညာရပ်နာမည်က အတော်လေး ထူးခြားသည်။ သို့သော်လည်း စာအုပ်ထဲတွင်ကား မည်သည့်အချက်အလက်မှ မဖော်ပြထားပေ။
သည်နည်းစနစ်က ကျင့်ကြံရန် ဝိညာဉ်ကျောက်တုံး ၁၀တုံးသာ ကျသင့်သည်လား။
သူက ခေါင်းမော့ကြည့်သောအခါ အဖိုးအိုကား ထွက်သွားလေပြီ။
ဤသည်က စီနီယာတစ်ယောက်ယောက်ရဲ့ စမ်းသပ်မှုတစ်ခုလား။
စာအုပ်အားကိုင်ကာ ဟန်မူယဲ့သည် ဝိညာဉ်ကျောက်တုံး ၁၀တုံးကို ထပ်မံ၍ သုံးစွဲရန် ဆုံးဖြတ်လိုက်၏။
နောက်ဆုံးတွင် သူက ကံတရားကိုသာ အားကိုးရပေတော့မည်။
“ဂျူနီယာညီမလေး… မင်း ကျင်ကြံနည်းစနစ်တစ်ခုခု ရွေးပြီးပြီလား”
ဟန်မူယဲ့က စာအုပ်နှစ်အုပ်ကို ကိုင်၍ စားပွဲရှည်နေရာသို့ ရောက်လာသည်တွင် သက်လတ်ပိုင်းလူကြီးက သူ့အား အမှတ်အသားပြားတစ်ခုပေးကာ ပြုံးလျှက် ပြောသည်။
“အခန်းနံပါတ် ၇၃”
ဟန်မူယဲ့ သစ်သားပြားကိုကိုင်ကာ အခန်းနံပါတ် ၇၃ သို့ထွက်လာ၏။
အခန်းမှာ ရှင်းလင်းနေပြီး ပေ ၂၀ခန့် ကျယ်၏။ သူ့ရှေ့တွင်ကား ကျောက်စိမ်းနံရံကြီးတစ်ခုရှိကာ ထိုနေရာ၌ သဘာဝစွမ်းအားအလင်းများ ဖျတ်ခနဲ ဖျတ်ခနဲ လင်းသွားလေ့ရှိသည်။
“အခန်းနံပါတ် ၃က ရင်းမြစ်တစ်ရာမူလနည်းစနစ်ကို သရုပ်ပြဖို့ ဝိညာဉ်ကျောက်တုံး ၁၀၀၀ သို့မဟုတ် အကျိုးဆောင်အမှတ် ၁၀ သုံးပါမယ်”
“အခန်းနံပါတ် ၁၂၄က မိုးသောက်နေမင်းစွမ်းအားရဲ့ အားလှည့်ပတ်စနစ်ကို သရုပ်ပြဖို့ ဝိညာဉ်ကျောက်တုံး ၃၀၀ သုံးပါမယ်”
“နံပါတ်၅ အံ့ဖွယ်ပညာရပ်ဖြစ်တဲ့ အံ့ဖွယ်သုံးဆခွန်အားပညာရပ်ကို သရုပ်ပြဖို့ အခန်းနံပါတ် ၁၇က ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပေးပါမယ်”
…
စာလုံးများ တဖျတ်ဖျတ်လက်သွားသည်။ တချို့မှာ ပေါ်လာပြီး ပျောက်သွားကာ တချို့သောစာကြောင်းများမှာ ထိုအတိုင်း ကျန်ရှိနေသည်။
ဟန်မူယဲ့ကလည်း နံရံတွင် သူ့အခန်းနံပါတ်နှင့် လိုအပ်သော အကြောင်းအရာအား ရေးသားလိုက်သည်။
“အခန်း ၇၃ က သံမဏိနွားရိုင်းကျင့်စဉ်အတွက် ဝိညာဉ်ကျောက်တုံး ၈၀ သုံးပါမယ်”
၎င်းသည် ကျင့်ကြံနည်းစနစ်၏တန်ဖိုးအတိုင်း ဖြစ်သည်။
သူက ထိုစာလုံးများကို ရေးပြီးသည်နှင့် မကြာခင် လူတစ်ယောက် အခန်းထဲကို ဝင်လာသည်။
သူကား ခေါင်းတုံးလူငယ်တစ်ဦးဖြစ်ကာ သူ့နောက်တွင် ဓားကြီးတစ်လက်ကို သယ်ပိုးထား၏။
ခေါင်းတုံးလူငယ်က ဟန်မူယဲ့ကိုကြည့်ကာ မျက်မှောင်ကြုတ်သည်။
“မင်း သံမဏိနွားသိုးကျင့်စဉ်ကို လေ့ကျင့်ချင်တာလား”
သူက ဟန်မူယဲ့အား ကြည့်ကာ ခေါင်းယမ်းသည်။
“သံမဏိနွားသိုးကျင့်စဉ်က သန်မာတဲ့ခန္ဓာကိုယ်ရှိဖို့လိုတယ်။ မင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံအရ တောင့်ခံနိုင်ဖို့ ခက်ခဲတယ်”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
“ကျုပ် သိပါတယ်”
သူ၏စကားကိုကြားလျှင် ခေါင်းတုံးလူငယ်က ဆက်မပြောတော့ဘဲ ခြေနှစ်ဖက်ကို ခွဲကာ လက်သီးများကို တန်းတန်းမတ်မတ် ဆန့်တန်းလိုက်၏။
“သံမဏိနွားသိုးကျင့်စဉ်မှာ လက်သီးထိုးနည်းငါးမျိုးရှိတယ်။ ခွန်အားဟာ ခြေထောက်က လာပြီးတော့ လက်မောင်းအားကို…”
လူငယ်က သိုင်းကွက် လေ့ကျင့်ပြကာ လှုပ်ရှားမှုနောက်မှ သဘောတရားများအား ရှင်းပြသည်။
သူသည် သံမဏိနွားသိုးကျင့်စဉ်နှင့်ပတ်သက်၍ အလွန်ကျွမ်းကျင်ကြောင်း သိသာ၏။ သူက ခွန်အားများကို အသုံးပြုရာအလွန် သဘာဝကျလှသည်။
လူငယ်က လက်သီးသိုင်းငါးမျိုးကို လေ့ကျင့်နေစဉ်မှာပင် ဟန်မူယဲ့၏အာရုံတွင် လက်သီးသိုင်းငါးမျိုးမှာ ပုံစံအမျိုးမျိုးလှုပ်ရှားနေကြပြီ ဖြစ်သည်။
သူက ‘သံမဏိနွားသိုးကျင့်စဉ်’ အား နားလည်တတ်မြောက်ခဲ့၏။
“ကျုပ်နာမည် ကျောက်ဖူ… တကယ်လို့ မင်းက သံမဏိနွားသိုးကျင့်စဉ်နဲ့ပတ်သက်ပြီး နားမလည်တာရှိရင် အတွင်းစည်းဂိုဏ်းကိုလာပြီးတော့ ငါ့ကို အချိန်မရွေး ရှာပါ”
လူငယ်က လက်ဆန့်တန်းကာ ပြောသည်။
“ဝိညာဉ်ကျောက်တုံး ၈၀”
ဟန်မူယဲ့က ခေါင်းညိတ်ကာ အိတ်ကိုဖွင့်၍ ဝိညာဉ်ကျောက်တုံး ၈၀ ကို ထုတ်ပေးလိုက်သည်။
ကျောက်ဖူက ဝိညာဉ်ကျောက်တုံးများအား သိမ်းဆည်းကာ ထွက်သွားသည်။
ကျောက်ဖူ…။
သူသည် အတွင်းစည်းဂိုဏ်းသားဖြစ်ကာ မြေဓာတ်မျိုးဆက်၏ မျိုးဆက်သစ်များထဲတွင် အတော်ဆုံး ၁၀ယောက်ဝင်ဖြစ်၏။
ဟွမ်လောင်လျှိုက သူ့နာမည်အား ပြောပြထားဖူးသည်။
ကြည့်ရသည်မှာ သူက အတော်လေး ရိုးသားပွင့်လင်းဟန်ရ၏။ သူက ဟန်မူယဲ့အား နားမလည်သည်များရှိပါက သူ့ထံ သွားရှာရန် ပြောခဲ့သည်။
အခန်းထဲတွင် ဟန်မူယဲ့က ခြေထောက်များအား ဖြန့်ကားလိုက်၏။
သူ၏လက်သီးက ဖြေးလေးစွာ လှုပ်ရှားသွား၏။
ခွန်အားတစ်ခု သူ့ခြေထောက်များမှ ထွက်ပေါ်လာသည်။
“ယား…”
တီးတိုးမာန်သွင်းသံနှင့်အတူ သူက လက်သီးထိုးလိုက်သည်။
“ဟူး…”
လက်သီးမှ အဟုန်တစ်ခုသည် လေကိုခွင်းကာ ဆယ်ပေအကွာမှ နံရံကို သွားရိုက်သည်။
“ဒါက သံမဏိနွားသိုးကျင့်စဉ်လား”
ဟန်မူယဲ့က လက်သီးသိုင်းပုံစံအား လေ့ကျင့်လျှင် ချက်ချင်းပင် သူ့ခန္ဓာကိုယ်၌ ခွန်အားများ ဖြစ်ပေါ်လာသည်ကို ခံစားရ၏။
နွားသိုးတစ်ကောင်၏ခွန်အားကို မစုစည်းရသေးလျှင်ပင် ဟန်မူယဲ့သည် ကီလိုဂရမ် ၂၅၀ မှ ၃၀၀ ဝန်းကျင်အထိ ထုတ်လွှတ်နိုင်၏။
သူက လက်သီးကို တင်းတင်းဆုပ်လျှင် သန်မာသော ခံစားချက်ကို ရသည်။
သူ၏အရိုးနှင့်ကြွက်သားများမှာ ပိုမိုသန်မာလာသည်။
ဟွမ်လောင်လျှိုက ခန္ဓာကျင့်ကြံခြင်းစနစ်များမှာ ဓားချီများကို တောင့်ခံရာ၌ အသုံးဝင်သည်ဟု ပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။
သူ ဝမ်းသာသွား၏။ ဟန်မူယဲ့က တွန့်ဆုတ်နေပြီးမှ နောက်ထပ် စာတချို့ ရေးလိုက်သည်။
“အခန်း ၇၃၊ ဓား ၁၀၀၀၀ တို့အိမ်အပြန် နည်းစနစ်အတွက် ဝိညာဉ်ကျောက်တုံး ၁၀ ဖြင့် သင်ပေးရန် တောင်းဆိုခြင်း”
သဘာဝစွမ်းအင်အလင်းများ ကျောက်စိမ်းနံရံကို ဖြတ်ပြေးသွား၏။ အတန်ကြာလျှင် အခန်းနံပါတ် ၇၃ တံခါးကို လူတစ်ယောက် လာတွန်းဖွင့်၏။
ဟန်မူယဲ့က ထိုလူအား ကြည့်ကာ အံ့အားသင့်နေသည်။
“စီနီယာ...”
အဖိုးအိုမှာ သူ့အား ဓား ၁၀၀၀၀ တို့အိမ်အပြန် စာအုပ်ကို ကမ်းပေးခဲ့သောသူ ဖြစ်သည်။
အဖိုးအိုက သုန်မှုန်သောအမူအရာဖြင့် သူ့ရှေ့ကို ရောက်လာကာ ဟန်မူယဲ့ကို မေးသည်။
“မင်း တကယ်ပဲ ဓား ၁၀၀၀၀ တို့အိမ်အပြန် ကျင့်စဉ်ကို သင်ယူချင်တာလား”