← Chapters

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဝါးကိုင်းဖြင့်တိုက်ခိုက်

Vol. 41 Ch. 577

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဝါးကိုင်းဖြင့်တိုက်ခိုက်

Vol. 41 Ch. 577

အခန်း (၅၇၇) အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဝါးကိုင်းဖြင့်တိုက်ခိုက်

ယန်ကျန်းဟွာက ရန်ကျောက်ကဲကို အကဲခတ်နေသည်။

သူ့စကားအပြောအဆိုက အပြောင်းအလဲမရှိတည်ငြိမ်နေသော်လည်း ဝါဒတောင်ပတ်ဝန်းကျင်တစ်ခုလုံးမှ လူများအားလုံး အေးစက်အုံ့မှိုင်းသွားသည်ကို ခံစားကြရသည်။

သူက ဟွမ်ရှုကို ခေါင်းငဲ့ကာကြည့်ရင်း...

“ဒီကောင်လေးက ရန်ကျောက်ကဲ ဖြစ်ရမယ် ၊ ဟုတ်တယ်မလား”

ဟု မေးလိုက်၏။

ဟွမ်ရှုက ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ် ၊ သူက ရန်ကျောက်ကဲပါ ၊ တကယ်ဆိုရင် သိုင်းသူတော်စင်တစ်ယောက်မဟုတ်တဲ့အတွက် အရှေ့ပင်လယ် စည်းတံဆိပ်ခတ်တဲ့အချိန်မှာ သေသွားရမှာ ၊ ဒီနေ့ ပေါ်လာမယ်လို့ ထင်မထားမိဘူး”

ယန်ကျန်းဟွာက သိမ်မွေ့စွာဖြင့်...

“သူ အသက်ရှင်နေတာလည်း ကောင်းတာပဲလေ ၊ ငါတို့တွေလည်း သူ့ကို ရှာနေတာပဲ မဟုတ်လား”

ထို့နောက် သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“‌ကောင်းကင်ဘယ်လောက်မြင့်တယ် ၊ မြေကြီးဘယ်လောက်နက်တယ်ဆိုတာကို နားမလည်တဲ့ ကောင်လေး ၊ ငါ မင်းကို မသတ်ခင် မင်းပါးစပ်ကို ဖဲ့ပစ်ဦးမယ်”

ပြောပြီးသည်နှင့် ယန်ကျန်းဟွာက ဝါဒတောင်မှလူများကို အရေးမစိုက်တော့ဘဲ ရန်ကျောက်ကဲကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ရန်ကျောက်ကဲမှာ မိုးမြေတစ်ခွင်ရှိ အရာအားလုံးကို မတွေ့မြင်ရတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်သက်သက် ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ဤသို့ အာရုံခံစားမှု ဆုံးရှုံးလုနီးပါးအခြေအနေ မကြုံတွေ့ရသည်မှာ အချိန်အတန်ကြာခဲ့ပေပြီ။

ဤတိုက်ကွက်ကိုကြည့်ခြင်းအားဖြင့် ယန်ကျန်းဟွာ၏ တန်ခိုးစွမ်းအားက ထင်ထားသည်ထက် များစွာကျော်လွန်ကြောင်း သိရှိရသည်။

“ဒါက အရင်တုန်းက ယိုးမင်ဂိုဏ်းက ဆင်းသက်လာတဲ့ ရှေးဟောင်းဂမ္ဘီရလမ်းစဉ်တွေပဲ ၊ ကြည့်ရတာ နေသူတော်စင်ဂိုဏ်းကို ကျောထောက်နောက်ခံပြုပေးနေတဲ့ အထက်ဘုံကမ္ဘာက သိုင်းဂိုဏ်းဆိုတာ ကွမ်းမင်ဂိုဏ်းပဲ ဖြစ်ရမယ် ၊ သူတို့က မူလယိုးမင်ဂိုဏ်းက ခွဲထွက်သွားတဲ့သူတွေဖြစ်ပြီး ယိုးမင်ဂိုဏ်းနဲ့ ရန်ဘက်တွေပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထိုက်စန်းတောင်ပြိုကျလာသည့်ပမာ ကြီးမားသည့်စွမ်းအားကို ခံစားရသော်လည်း သူ့မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

သူ့နံဘေးမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှေ့သို့တိုးသွားပြီး ခန္ဓာကိုယ်ထက်တွင် ရေခဲပြာရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရေခဲချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။ ဤသည်က ရေခဲနဂါးသူတော်စင်၏ မူလ ရေခဲချပ်ဝတ်သဏ္ဌန်အတိုင်းပင် ဖြစ်၏။

ထို့နောက် ကျယ်ပြောလှသော ရေခဲပင်လယ်ကြီးထွက်ပေါ်လာပြီး ပင်လယ်လှိုင်းလုံးများနှင့်အတူ ရေခဲနဂါးများစွာ ကြုံးဝါးသံများနှင့်အတူ ပေါ်ထွက်လာသည်။

ရေခဲပင်လယ်ကြီးအတွင်းမှ ကြီးမားသော ဂဠုန်ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာပြီး အဆုံးမရှိစွမ်းအားများနှင့် ယန်ကျန်းဟွာ၏ လက်ဖဝါးနှစ်ဖက်ဆီ ထိုးဖောက်ဝင်ရောက်သွားသည်။ အဆုံးမရှိသော ရေခဲနဂါးများစွာသည်လည်း ထို ဂဠုန်ငှက်ကြီးနှင့်အတူ ထိုးဖောက်တိုက်ခိုက်လိုက်ကြသည်။

ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ဧရာမဂဠုန်ငှက်ကြီး ကွဲကြေသွားပြီး ယန်ကျန်းဟွာလက်ဖဝါးထက်မှ အလင်းရောင်များသည်လည်း ငြိမ်းသတ်ပျောက်ကွယ်သွားသည်။

ယန်ကျန်းဟွာက မျက်မှောင်ကြုံ့ရင်း...

“မင်းက ဘယ်သူ့ကိုအားကိုးတာလဲ ၊ အရှေ့ပင်လယ်စည်းတံဆိပ်စွမ်းအားတွေထဲမှာ အသက်ရှင်သန်ခဲ့တာ ဒီသိုင်းသူတော်စင်က မင်းကို ကယ်တင်ခဲ့တာလား”

ကျင်းကျယ်သည်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဒီ သိုင်းသူတော်စင်က လုံးဝ စွမ်းအားမနည်းဘူး ၊ အောက်ဘုံကမ္ဘာတွေမှာ ဒီလိုလူမျိုးက ခပ်ရှားရှားပဲ”

အထွတ်ထိပ်မှော်ဝင်ပစ္စည်းအသုံးပြုထားသော သိုင်းသူတော်စင် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်သည် သိုင်းသူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကောင်းစွာ ယှဉ်ပြိုင်နိုင်သည်။

သို့ပေသိ ယန်ကျန်းဟွာက ကွမ်းမင်ဂိုဏ်း၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။ သူ သိုင်းသူတော်စင်အဆင့် တက်ရောက်ခဲ့ပြီးနောက် ကျင့်ကြံခြင်းအဆင့် တူညီသူများကြားတွင် ထူးချွန်သူတစ်ယောက် ဖြစ်ခဲ့၏။ သိုင်းသူတော်စင် ပထမအဆင့်တွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ကိုင်ဆွဲထားလျှင်ပင် သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သူ များများစားစား မရှိခဲ့ပေ။

နေသူတော်စင်ဂိုဏ်းမှ ဟွမ်ရှုနှင့် ဝါဒတောင်မှ ကျန်းခွန် ၊ ဟယ်နင်နှင့် ကျန်လူများအားလုံး တုန်လှုပ်သွားကြသည်။

စောစောပိုင်းက ယန်ကျန်းဟွာ ဝါဒတောင်ကို တိုက်ခိုက်လိုက်သည်က ရိုးရှင်းသော ထိုးနှက်ချက်မျှသာဖြစ်သည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများအားလုံး စိတ်ထဲ တုန်လှုပ်ခဲ့ကြသည်။

သူတို့အမြင်အရဆိုလျှင် ကျောက်စိမ်းပင်လယ်မြို့တော်သခင် စုန့်ဝူလျန်သည်ပင် ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ကိုင်ဆောင်လျှက် အထက်ဘုံကမ္ဘာမှလာသော ယန်ကျန်းဟွာကို ထိန်းထားနိုင်မည် မဟုတ်ပေ။

“စိတ်မကောင်းစရာက ... မင်းက ဒီလောက်ပဲ တတ်နိုင်တာလား”

ယန်ကျန်းဟွာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ့အမူအရာက ပြန်လည်တည်ငြိမ်သွားသည်။

သူ၏ဦးခေါင်းထက်တွင် ရွှေရောင်အလင်းတန်းများတောက်ပလာပြီး ရွှေရောင်သရဖူတစ်ခု လွင့်ပျံထွက်ပေါ်လာသည်။ သရဖူအမျ ထွက်ပေါ်လာသောအလင်းရောင်က တောက်လောင်နေသည့် နေဝန်းကြီးပမာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

အလွန်တရာ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားအတက်အကျများကို ခံစားလိုက်ရသဖြင့် ဝါဒတောင်မှလူတိုင်း စိတ်ဓာတ်များချောက်နက်ထဲအထိ ကျဆင်းသွားရသည်။

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပဲ...”

ရွှေရောင်သရဖူ၏စွမ်းအားဖြင့် ယန်ကျန်းဟွာ၏ တန်ခိုးစွမ်းအားက ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ မြင့်တက်လာပြီး ရေခဲချပ်ဝတ် ဝတ်ဆင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တိုက်ခိုက်လိုက်သည်။

ဖူအန်းစုက...

“သူတို့မှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေပါ ပါလာတာလား”

ရန်ကျောက်ကဲက အနည်းငယ်ပင် အံ့အားသင့်ဟန် မပြဘဲ...

“သိုင်းသူတော်စင် စတုတ္ထအဆင့်နဲ့အထက် ရှိသူတွေက အထက်ဘုံကမ္ဘာကနေ အလွယ်တကူ ဆင်းမလာနိုင်ကြဘူး ၊ သူတို့ ဆင်းလာမယ်ဆိုရင်လည်း သိုင်းသူတော်စင် တတိယအဆင့်ထိ အဆင့်လျှော့ချနှိပ်ပြီးမှ ဆင်းလာလို့ရတယ် ၊ အဲဒီလိုပဲ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေလည်း ကျွန်တော်တို့ကမ္ဘာကို ဆင်းမလာနိုင်ကြဘူး ၊ ဒါပေမဲ့ အဆင့်နိမ့်မှော်ဝင်ပစ္စည်းတွေကိုတော့ ယူလာလို့ရတယ်လေ ၊ ကျွန်တော်တို့ကမ္ဘာရဲ့ ခံနိုင်ရည်ရှိမှုက အဆင့်နိမ့်မှော်ဝင်ပစ္စည်းတွေအထိပဲ လက်ခံနိုင်တယ်”

ထို့နောက် သူက ယန်ကျန်းဟွာကိုကြည့်ကာ ရယ်မောလိုက်ရင်း...

“စိတ်မကောင်းစရာပဲ ၊ ဒီလောက်နဲ့ အသုံးမဝင်ဘူး ၊ မင်းကိုယ်မင်း အရည်အချင်းမရှိဘူးဆိုတာ လက်မခံချင်ရင်တော့ ငါက လက်ခံအောင် လုပ်ပေးရမှာပေါ့”

သူ့ စကားမဆုံးခင် နဂါးဟိန်းသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး အလွန်တရာခမ်းနားကြီးကျယ်သော နန်းတော်တစ်ခု မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ယန်ကျန်းဟွာနှင့် သူ၏အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘အရုဏ်ဦးနေခြည်သရဖူ’ သွားရာလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

အသင်္ချေနဂါးနန်းတော်တံခါး ပွင့်လာသည့်အခါ အတွင်းထဲတွင် ပြည့်လျှံနေသည့် နဂါးချီများ ပေါက်ကွဲထွက်လာသဖြင့် ယန်ကျန်းဟွာ အံ့အားသင့်သွားသည်။

“ဒီနေရာမှာ နဂါးတွေ ဘယ်လိုလုပ် ရှိနေတာလဲ”

အသင်္ချေနဂါးနန်းတော်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ယန်ကျန်းဟွာကို လွှမ်းခြုံသွားကာ အရုဏ်ဦးနေခြည်သရဖူနှင့်အတူ သူ့ကို ချုပ်နှောင်ထားလိုက်သည်။

ယန်ကျန်းဟွာ ဒေါသတကြီး ကြုံးဝါးရင်း အသင်္ချေနဂါးနန်းတော်မှ အလင်းတန်းများဖြင့် ချုပ်နှောင်ထားခြင်းကို ရုန်းကန်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းရောင်များ တောက်ပလာသည်။

ထိုသူက အမှန်တကယ် စွမ်းအားမြင့်မားသူဖြစ်ပြီး သူ၏တိုက်ခိုက်မှုကြောင့် အသင်္ချေနဂါးနန်းတော်ကြီး မှောက်လှန်သွားတော့မည့်အလား မရပ်မနား တုန်ခါသွားသည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာကြည့်နေရင်း ယန်ကျန်းဟွာ အသုံးပြုသည့် သိုင်းပညာနောက်ကွယ်မှ သဘောတရားများကို နားလည်သဘောပေါက်အောင် သုံးသပ်လိုက်သည်။

ကျင်းကျယ်ကတော့ မျက်နှာပျက်သွား၏။

မကြာမီ အသင်္ချေနဂါးနန်းတော်၏ ထိန်းချုပ်မှုမှ ယန်ကျန်းဟွာ လွတ်မြောက်လာနိုင်သော်လည်း သူ့အရှေ့မှ မြင်ကွင်းက သူ့ကို အတော်လေး စိတ်မသက်မသာ ခံစားရစေသည်။

နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်မှလူများအားလုံး တိုက်ပွဲကို ကြည့်နေကြစဉ် ကျင်းကျယ်က ခေါင်းတစ်ချက်ခါယမ်းရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဓားသွားပမာ စူးရှထက်မြက်လာသည်။

သူ၏တန်ခိုးစွမ်းအားက ယန်ကျန်းဟွာလောက် ကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းတမ်းမှုမျိုး မရှိသော်လည်း အလွန်တရာ ပြင်းထန်လွန်းသည်။

သူ့ခါးတွင်ချိတ်ထားသောဓားက ဓားအိမ်အတွင်းမှ လျှောခနဲထွက်သွားပြီး ကျောက်စိမ်းအလင်းတန်းတစ်ခုပမာ ရန်ကျောက်ကဲဆီ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ကျင်းကျယ်က ယန်ကျန်းဟွာကို မကူညီခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မာနကြီးသော ယန်ကျန်းဟွာက သူကူညီလျှင်လည်း သဘောကျမည် မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် သူက ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

သို့သော် သူ၏ဓားက လျှင်မြန်သည့်တိုင် သူ့ထက်ပိုမိုလျှင်မြန်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့အရှေ့သို့ရောက်လာပြီး ပိတ်ဆို့ထားလိုက်သည်။ ‌အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‌ရေခဲချပ်ဝတ် ဝတ်ဆင်ထားသဖြင့် သူ၏စွမ်းအားက အလွန်တရာ မြင့်မားနေသည်။

ကျင်းကျယ်က မျက်မှောင်ကြုတ်ရင်း...

“ငါ့ရဲ့ တစ်ဖက်သွားဓား ပျက်ဆီးသွားလို့ ပြုပြင်ဖို့အတွက် အထက်ဘုံကမ္ဘာမှာထားခဲ့ရတာ စိတ်မကောင်းစရာပဲ”

မည်သို့ပင်ဖြစ်စေ ကျင်းကျယ်၏ တန်ခိုးစွမ်းအားက အလွန်တရာမြင့်မားနေဆဲဖြစ်ပြီး ယန်ကျန်းဟွာထက် နိမ့်ကျခြင်း မရှိပေ။ အဆင့်မြင့်မှော်ဝင်ဓားတစ်လက် ကိုင်ဆောင်ထားသော်လည်း စွမ်းအားအပြည့်ထုတ်လွှတ်ကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ပြန်လည်တိုက်ခိုက်လိုက်သည်။

သို့ရာတွင် ရန်သူနှင့် သိုင်းကွက်အချို့ တိုက်ခိုက်ပြီးနောက် တစ်ခုခုမှားနေသည်ဟု ကျင်းကျယ် ခံစားလာရသည်။

သူ့အရှေ့မှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လုံးဝ စကားမပြောဘဲ တိတ်ဆတ်နေပြီး သိုင်းပညာက တုန်လှုပ်ချောက်ချားစရာကောင်းအောင် ထက်မြက်လွန်းသည်။ သို့သော် ဘာမှ မသိနားမလည်သူတစ်ယောက်ပမာ အသိကင်းမဲ့နေသကဲ့သို့ ခံစားရ၏။

ရန်သူကို သေသေချာချာလေ့လာရင်း ကျင်းကျယ်စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။

သို့သော်...

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုခဏတွင် တိုက်ပွဲကိုကြည့်နေကြသော နေသူတော်စင်ဂိုဏ်းသားများရော ဝါဒတောင်ဂိုဏ်းသားများပါ အံ့သြမှင်တက်လျှက် ရှိကြသည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ဆင်းသက်လာသော သိုင်းသူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူ (၂)ယောက်သည် ရန်ကျောက်ကဲကို လျှင်မြန်စွာ မနှိမ်နင်းနိုင်ခဲ့ကြပေ။ ဤသည်က သူတို့မျှော်လင့်ထားသည်ထက် မလွဲမသွေ ကျော်လွန်သွားခဲ့သည်။

“ဒီ နန်းတော်က ဘယ်လိုရတနာပစ္စည်းမျိုးလဲ ၊ ပြီးတော့ အဲဒီ သိုင်းသူတော်စင်ကရော ရန်ကျောက်ကဲကို ဘာလို့ ကူညီပေးရတာလဲ ၊ ပြီးတော့ သူ ဝတ်ထားတာက အရင်က ရေခဲနဂါးသိုင်းသူတော်စင်ရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်း ရေခဲချပ်ဝတ်မဟုတ်လား ၊ ဒါပေမဲ့ ဒီလူက ရေခဲနဂါးသူတော်စင် မဟုတ်တာ သေချာတယ်”

လူတိုင်းစိတ်ထဲ မရေရာမှုများဖြင့် ပြည့်နက်နေချိန် နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု’ ရန်ကျောက်ကဲရှိရာသို့ ဦးတည်လာသည်။

ရန်ကျောက်ကဲက သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး...

“ဟွမ်ရှု... အခွင့်ကောင်းရှာပြီး တိုက်ခိုက်တဲ့နေရာမှာတော့ သိပ်တော်တယ်နော်”

ဟွမ်ရှုက...

“မင်းကြောင့်သာမဟုတ်ရင် ငါ အခုလို အခွင့်ကောင်းရှာပြီး လာတိုက်စရာတောင် မလိုဘူး”

ကျင်းကျယ်က ရှုံးနိမ့်ခြင်းမရှိသေးသလို ယန်ကျန်းဟွာသည်လည်း ပိတ်မိနေခြင်းမှ ရုန်းထွက်လာရန် အခွင့်အရေး ရှိသေးသည်။ ထို့ကြောင့် ဝါဒတောင်အနေဖြင့် တိုက်ပွဲတွင် အနိုင်ရရန် မသေချာသလို ပြန်ထလာရန်လည်း အခွင့်အရေး မရှိပေ။

ထိုသို့သောအချိန်မျိုးတွင် ရန်ကျောက်ကဲကို သတ်ဖြတ်လိုက်မည်ဆိုပါက နာမည်ကောင်းရမည်ဖြစ်သလို အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်းသည်လည်း နေသူတော်စင်ဂိုဏ်းကို အလွန်အကျွံအထင်သေးကာ မထီမဲ့မြင် ပြုဝံ့တော့မည် မဟုတ်ပေ။

ဟွမ်ရှုက ထိုသို့ပြုလုပ်ရန် သေသေချာချာ အကွက်ချထားပြီးသား ဖြစ်သည်။

သို့ပေသိ တစ်ခုတည်းသောမေးခွန်းထုတ်စရာအချက်မှာ ဟွမ်ရှု ရန်ကျောက်ကဲကို သတ်ဖြတ်နိုင်ပါမည်လား။

ဟွမ်ရှုလက်ထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး လက်ကို အပေါ်သို့မြှောက်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တုန်လှုပ်သွားသည်။

အဆုံးမဲ့တောင်တန်းမှ အထွတ်ထိပ်မှော်ဝင်ပစ္စည်း ၊ ရှေးဟောင်းပုဆိန်တစ်လက်ဖြစ်သော “မိုးဖြိုပုဆိန်” ပင် ဖြစ်၏။

ဟွမ်ရှုက ပုဆိန်ကို ရန်ကျောက်ကဲ ဦးခေါင်းဆီသို့ ခုတ်ပိုင်းချလိုက်ရာ ဗလာနယ်တစ်ခုလုံး အက်ကွဲသွားသည့်အလား ထင်မှတ်ရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရှောင်တိမ်းခြင်း မပြုသည့်အပြင် ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

သူ့လက်ထဲတွင် ခရမ်းရောင်အလင်းတန်းများတောက်ပနေသည့် အစိမ်းရင့်ရောင် ဝါးကိုင်းတစ်လက် ရုတ်တရက် ပေါ်လာသည်။

ဝါးကိုင်းတွင် အဆစ် (၅)ဆစ်ပါရှိပြီး (၅)ပေ ရှည်လျားသည်။

သာမန် ဝါးတုတ်တစ်ချောင်းဟုထင်ရပြီး ဝိညာဉ်စွမ်းအား ၊ ချီစွမ်းအားများ လုံးဝ ထွက်ပေါ်လနေခြင်း မရှိပေ။

ရန်ကျောက်ကဲက ဝါးကိုင်းကို ကိုင်မြှောက်ပြီး ဟွမ်ရှု၏ ဦးခေါင်းဆီသို့ ရိုက်ချလိုက်သည်။ အစိမ်းရင့်ရောင်ဝါးကိုင်းက မိုးဖြိုပုဆိန်နှင့် ထိပ်တိုက်ရင်ဆိုင်မိသည်။

တစ်ဆက်တည်းပင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော မိုးဖြိုပုဆိန်က တုန်လှုပ်သွားပြီး ဟွမ်ရှုလည်း အံ့အားသင့်သွားသည်။

ငါးပေရှည်သော ဝါးကိုင်းတစ်ကိုင်းကြောင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုက တုန်ခါသွားရသည်တဲ့လား။

မိုးဖြိုပုဆိန် လေထဲတွင် ရပ်တန့်သွားသော်လည်း ရန်ကျောက်ကဲက ဟွမ်ရှုကို ချက်ချင်းဆိုသလို ထိုးနှက်တိုက်ခိုက်လာသဖြင့် သူ့မှာ တိုက်ခိုက်မှုကို တစ်ချက်ပင် မရပ်တန့်နိုင်ခဲ့ပေ။

ဟွမ်ရှု အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်ထက် အလင်းရောင်တစ်ချက် တောက်ပလာကာ ဝတ်ရုံရှည်တစ်ခု ပေါ်လာပြီး နေကိုးစင်းက ကောင်းကင်ယံထက် ထိုးခွင်းမြင့်တက်လာ၏။

သို့သော်...

“ဝုန်း...”

နေလုံးကြီးကိုးလုံး တစ်ပြိုင်နက်ထဲအောက်သို့ပြုတ်ကျကွဲကြေသွားပြီး ပေါက်ကွဲသံများ ထွက်ပါ်လာသည်။

ရန်ကျောက်ကဲက ဝါးကိုင်းတစ်ကိုင်းဖြင့် အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်ပေပြီ။

ဟွမ်ရှု မျက်လုံးများ ပြူးကျယ်စွာ စိုက်ကြည့်ရင်း စကားလုံးဝမပြောနိုင်ပေ။

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဟွမ်ရှု... ငါတို့ဝါဒတောင်နဲ့ မင်းတို့ နေသူတော်စင်ဂိုဏ်းကြား ရန်ငြိုးရန်စဆိုတာ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ကိစ္စတစ်ခုပါ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အခု... မင်းက ကစားပွဲကို ပြောင်းပြန်လှန်ဖို့ တခြားကမ္ဘာကလူတွေကို ခေါ်လာခဲ့တယ် ၊ ဒီတော့ ဒီတိုက်ပွဲကို စည်းမျဉ်းတွေအတိုင်း မျှမျှတတ တိုက်ခိုက်ချင်တယ်လို့ မင်း မပြောနဲ့တော့ ၊ ဘာလို့လဲဆိုတော့ စည်းစဖောက်တဲ့သူက မင်းတို့ နေသူတော်စင်ဂိုဏ်းကိုယ်တိုင် ဖြစ်နေလို့ပဲ”

“ဒါပေါ့လေ... ငါတို့ ဝါဒတောင်ကို မနိုင်လို့ တခြားကမ္ဘာကလူတွေကို ပြေးကပ်တယ်ဆိုတာလည်း အရည်အချင်းတစ်ခုလို့ ပြောရမှာပေါ့ ၊ ဒါပေမဲ့ မင်းက ငါ့အိမ်ကို မှောက်လှန်ပစ်မယ်ဆိုရင် ငါကလည်း မင်းအိမ်ကို မီးရှို့ပစ်မှာပဲ ၊ မင်းရော မင်းခေါ်လာတဲ့ကောင်တွေရော လွတ်မယ်မထင်နဲ့”

All Chapters