← Chapters

ငါ့ကိုယ်ပွားက သိုင်းသူတော်စင် ပထမအဆင့် မဟုတ်ဘူး

Vol. 41 Ch. 578

ငါ့ကိုယ်ပွားက သိုင်းသူတော်စင် ပထမအဆင့် မဟုတ်ဘူး

Vol. 41 Ch. 578

အခန်း (၅၇၈) ငါ့ကိုယ်ပွားက သိုင်းသူတော်စင် ပထမအဆင့် မဟုတ်ဘူး

အချိန်အတန်ကြာ ပျောက်ကွယ်သွားပြီးနောက်မှ ရန်ကျောက်ကဲ ရုတ်တရက် ပြန်ပေါ်လာပြီး သိုင်းသူတော်စင်တစ်ယောက်ကိုပါ ခေါ်လာခဲ့သည်။ ပြီးတော့ ထူးဆန်းသော နဂါးနန်းတော်တစ်ခုလည်း သူနှင့်အတူပါရှိလာသည်။ ဤသည်က နေသူတော်စင်ဂိုဏ်းနှင့် အခြားသူများအားလုံး မျှော်လင့်မထားသည့် ကိစ္စရပ်ပင်။

သို့ပေသိ ဟွမ်ရှုက ရန်ကျောက်ကဲကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

သူ အဘယ့်ကြောင့် ရန်ကျောက်ကဲကို တိုက်ခိုက်ရဲရပါသနည်းဆိုပါမူ သူ့တွင် ကျောထောက်နောက်ခံ အပြည့်ရှိသောကြောင့် ဖြစ်၏။

သူတို့ နေသူတော်စင်ဂိုဏ်းတွင် မဟာနေမင်းတိုင်းတာခြင်းပေတံ မရှိတော့သည့်တိုင် မိုးဖြိုပုဆိန် ရှိနေပြီဖြစ်သည်။ မိုးဖြိုပုဆိန်က အရှေ့ပင်လယ်တိုက်ပွဲတွင် အတော်လေးပျက်ဆီးသွားပြီး ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသည်တ့ိုင် အသက်ဓာတ်စွမ်းအားများကတော့ အပြည့်အဝ ပြန်လည်ရရှိနေပေပြီ။ ထို့ပြင် ဟွမ်ရှုကလည်း ထိုပစ္စည်းနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

ထူးဆန်းသည့်သိုင်းသူတော်စင်တစ်ယောက်နှင့် ဆန်းကျယ်သည့်နန်းတော်တစ်ခု ရှိနေသည့်တိုင် ထိုအရာများအားလုံးကို ကွမ်းမင်ဂိုဏ်းမှ ကျင့်ကြံသူများက ခဏအတွင်း ထိန်းထားနိုင်သည်။

ဝါဒတောင်မှလူများသည်လည်း ထွက်မပြေးနိုင်ရန် ပိတ်ဆို့ခံထားရသည်။

ထူးဆန်းသည့် သိုင်းသူတော်စင်က သူဝတ်ဆင်ထားသည့် ရေခဲချပ်ဝတ်ကို ရန်ကျောက်ကဲအားပေးလိုက်မည်ဆိုလျှင် သူ့အနေဖြင့် ကျင်းကျယ်ကို ရင်ဆိုင်နိုင်မည် မဟုတ်တော့ပေ။ သို့ဖြစ်ရာ မိုးဖြိုပုဆိန်ကိုကိုင်ထားသော ဟွမ်ရှုက ရန်ကျောက်ကဲလို သိုင်းဆရာသခင်တစ်ယောက်ကို သေချာပေါက် အနိုင်ရမည်ဟု ယူဆပြီး ယုံကြည်မှုအပြည့်ဖြင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

သူ ဤသို့တိုက်ခိုက်ခြင်းက ယန်ကျန်းဟွာနှင့် ကျင်းကျယ်ကို မကျေမနပ်ဖြစ်စေနိုင်သော်လည်း ဤသို့ ဝင်ရောက်မတိုက်ခိုက်ပါက နေသူတော်စင်ဂိုဏ်းအနေဖြင့် အစွမ်းမပြနိုင်တော့ဘဲ ကွမ်းမင်ဂိုဏ်း၏ အထင်သေးခြင်းကို အကြီးအကျယ် ခံယူရပေမည်။

ထို့ကြောင့် ဟွမ်ရှုက ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး...

အဲဒီနောက်မှာတော့...

သူ အတော်လေး အံ့သြမှင်တက်သွားရသည်။

ထို့အတူ နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း အလွန်တရာ အံ့အားသင့်သွားကြသည်။

သူတို့ပင်မဆိုထားနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် တိုက်ခိုက်နေသည့် ကျင်းကျယ်သည်ပင် ခဏမျှ မှင်တက်သွား၏။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဝါးတုတ်တစ်ချောင်းဖြင့် ရိုက်လိုက်သည်တဲ့လား။

ထိုအရာက ဝါးတုတ်လေးတစ်ခုမျှသာဖြစ်သည်။

သို့ပေသိ...

ထိုအရာက ထူးခြားသည့် ရတနာပစ္စည်းတစ်ခုလား ၊

တန်ခိုးစွမ်းအားကို ဖုံးကွယ်ထားသည့် နတ်ဘုရားပစ္စည်းတစ်ခုလား ၊

အပြင်ပိုင်းဖုံးကွယ်ထားသဖြင့် အတွင်းထဲမှ ထူးခြားမှုများကို မတွေ့မြင်နိုင်ခြင်းလား။

မည်သို့ပင်ဖြစ်စေ ဘယ်ဘက်မှကြည့်ကြည့် ၊ ညာဘက်မှကြည့်ကြည့် ခရမ်းရောင်တောက်ပနေသည်မှလွဲပြီး တကယ့် သာမန်ဝါးကိုင်းတစ်ခုမျှသာပင်။

မည်သည့်ရောင်ဝါ ၊ မည်သည့်အသက်ဓာတ်စွမ်းအား ၊ မည်သည့်တန်ခိုးစွမ်းအားမှ ထွက်ပေါ်နေခြင်းမရှိပေ။ မိုးဖြိုပုဆိန်နှင့် ရိုက်ခတ်မိချိန်မှာပင် မည်သည့်စွမ်းအားမှ ထွက်ပေါ်လာခြင်း မရှိခဲ့။

သို့ပေသိ ထို ဘာစွမ်းအားမှ မရှိသော ဝါးတုတ်လေးက အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော မိုးဖြိုပုဆိန်ကို နောက်ဆုတ်သွားစေသည့်အပြင် ဟွမ်ရှုဝတ်ဆင်ထားသော အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်သည့် နေကိုးစင်းဝတ်ရုံကိုပါ တစ်ချက်တည်းဖြင့် ကြေမွပျက်ဆီးသွားစေသည်။

နေကိုးစင်းဝတ်ရုံဆိုသည်က နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းအဆင့် အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။

နေသူတော်စင်ဂိုဏ်းမှ စွမ်းအားအမြင့်မားဆုံးလူက ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ ကို ကိုင်ဆောင်ခွင့်ရှိပြီး ထိုပေတံကို ဂိုဏ်းချုပ်သာလျှင် ကိုင်ဆောင်ရမည်ဟု သတ်မှတ်မထားပေ။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်းချုပ်၏ အမှတ်သင်္ကေတမှာ ‘နေကိုးစင်းဝတ်ရုံ’ ဖြစ်လေသည်။

သို့သော် ယခုတော့ ထိုဝတ်ရုံက သာမန်ဝါးတုတ်တစ်ချောင်းဖြင့် အရိုက်ခံရပြီး အပိုင်းပိုင်းအစစ ပျက်ဆီးသွားပေပြီ။

ဟွမ်ရှု လုံးဝမှင်တက်သွားပြီး မိုက်ခနဲဖြစ်ကာ လေထဲမှ ပြုတ်ကျတော့မလိုပင် ဖြစ်သွားရ၏။

“ဒီကောင်လေးက အတော်ထူးဆန်းတာပဲ”

ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းကိုကြည့်ရင်း ကျင်းကျယ် တွေးလိုက်သည်။

ထို့နောက် သူ့အရှေ့မှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုကြည့်ရင်း...

“ဒီ သိုင်းသူတော်စင်က လုံးဝ ကိုယ်ပိုင်အသိဉာဏ်မရှိဘူး ၊ ကြည့်ရတာ ဒီကောင်လေးက သူ့ရဲ့ကိုယ်ပွားအဖြစ် သန့်စင်ထားတာ ဖြစ်ရမယ် ၊ ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူတစ်ယောက်က သိုင်းသူတော်စင်ကိုယ်ပွားတစ်ခု သန့်စင်ထားနိုင်တယ်ဆိုတာ...”

ကျင်းကျယ် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

သူက ရန်ကျောက်ကဲကို ပထမဆုံးအကြိမ် တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်ကြည့်လိုက်မိပြီး စိတ်ထဲတွင်လည်း အံ့အားသင့်နေမိသည်။

“ဒီကောင်လေးအသက်က တကယ် မကြီးသေးဘူး ၊ သူ့အသက်နဲ့ သူ့ရုပ်သွင်က တစ်ထပ်တည်းကျတဲ့ပုံစံမျိုးပဲ ၊ ဒီလောက်အသက်ငယ်ငယ်နဲ့ အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့် ရောက်နေပြီဆိုတော့...”

ကျင်းကျယ် သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ဓားကို ဝှေ့ယမ်းကာ ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။

“ကောင်လေး... မင်းရဲ့ ဝါးကိုင်းက ငါ့လက်ထဲကဓားကို ချိုးပစ်နိုင်မလား ကြည့်ရအောင်”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဟွန့်ကနဲ နှာခေါင်းရှုံလိုက်ပြီး သူ့လက်ထဲတွင် ရှည်လျားသည့် လှံရှည်တစ်လက် ပေါ်လာသည်။ ထိုလှံရှည်က ရွှေရောင်နဂါးအကြေးခွံအတိဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

တစ်ချိန်တည်းပင် နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကျင်းကျယ်ကို လှံရှည်ဖြင့် ထိုးစိုက်ချလိုက်သည်။

နဂါးသင်္ချိုင်းအတွင်းမှ နဂါးရုပ်အလောင်းများစွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရန်ကျောက်ကဲက သူ၏ သိုင်းသူ‌တော်စင်ကိုယ်ပွားအတွက် အစွမ်းထက်သောလက်နက်တစ်ခု လက်စွမ်းပြ ပြုလုပ်ပေးထားသည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန်ခက်ခဲသော်လည်း အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခု အချိန်တိုအတွင်းပြုလုပ်ရန်မှာ ခက်ခဲခြင်း မရှိပေ။

ပြီးတော့ ထိုသိုင်းသူတော်စင်ကိုယ်ပွားလက်ထဲမှ လှံရှည်က အဆင့်မြင့်မှော်ဝင်လက်နက်ဆိုသော်လည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်လာရန်အတွက် ရည်ရွယ်သွန်းလောင်းထားခြင်း ဖြစ်သည်။ ရန်ကျောက်ကဲ သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်သည့်အခါ ထိုလှံရှည်သည်လည်း အဆုံးမရှိ စွမ်းအားမြင့်မားလာပေလိမ့်မည်။

ရေခဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် လှံရှည်တစ်လက် ကိုင်ထားသော မြောက်ပိုင်းသမုဒ္ဒရာသိုင်းသူတော်စင်သည် လက်နက်မရှိခင်ကထက်ပိုပြီး စွမ်းအားမြင့်မားလာသည်။

ဂဠုန်ငှက်ကြီးက အတောင်ဖြန့်လိုက်သည့်အခါ ကျောက်စိမ်းရောင်အလင်းတန်း လွင့်ပြယ်သွားပြီး လှံရှည်ထိပ်ဖျားက ကျင်းကျယ်၏ မျက်ခုံးနှစ်ခုကြားသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ကျင်းကျယ်အံ့အားသင့်သွားပြီး ဓားကိုပြန်လည်ရုတ်သိမ်းကာ လှံချက်ကို သီသီလေး ခုခံလိုက်ရသည်။

တစ်ချိန်တည်းပင် ရန်ကျောက်ကဲက မိုးဖြိုပုဆိန်ကို ရိုက်ထုတ်လိုက်ပြီး အစိမ်းရင့်ရောင်ဝါးကိုင်းကို ဝှေ့ယမ်းကာ ကျင်းကျယ်လက်ထဲမှ ဓားရှည်ကို ရိုက်ချလိုက်သည်။

ကျင်းကျယ်မှာ အလွန်တရာ စွမ်းအားမြင့်မားသူဖြစ်သော်လည်း ရေခဲချပ်ဝတ် ဆင်မြန်းထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဖိနှိပ်ခြင်းကိုခံရသဖြင့် ရန်ကျောက်ကဲ၏ရိုက်ချက်ကို ခုခံရန် ခက်ခဲသွားသည်။ ရန်ကျောက်ကဲ၏ဝါးကိုင်းက သူ၏အဆင့်မြင့်မှော်ဝင်ဓားကို နှစ်ပိုင်းချိုးပစ်လိုက်သည်ကို ဒီအတိုင်းကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

ရန်ကျောက်ကဲက ရယ်မောရင်း...

“ကဲ... ဘယ်လိုလဲ... မင်းရဲဓားကို ချိုးပစ်လိုက်ပြီ”

သူက ခဏမျှစဉ်းစားရင်း...

“ဒီ ဝါးကိုင်းက လူတွေကိုရိုက်လို့ သိပ်မကောင်းပေမယ့် ရတနာပစ္စည်းတွေကိုရိုက်ဖို့တော့ အတော်ကောင်းတာပဲ”

ထိုစကားတစ်ခွန်းက ဟွမ်ရှုမျက်လုံးများကို ဒေါသအပြည့်ဖြင့် နက်မှောင်သွားစေသလို ကျင်းကျယ်သည်လည်း စိတ်ဓာတ်ပျက်ပြားလျှက် သွေးအန်လုမတတ် ဖြစ်သွားသည်။

ထိုဝါးကိုင်းက ဘာအတွက်အသုံးပြုသော ပစ္စည်းများလဲ။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ခုခံနိုင်စွမ်းရှိပြီး အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုကို ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေသည်။

ကျင်းကျယ် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဟွမ်ရှုကို လှမ်းကြည့်ကာ စူးရှသည့်လေသံဖြင့် အော်ဟစ်လိုက်သည်။

“အဲဒီပုဆိန် ငါ့ကိုပေး...”

ဟွမ်ရှုကလည်း ပုဆိန်ကိုယူထားရန် စိတ်မကူးတော့ဘဲ လျှင်မြန်စွာသဘောတူလိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချက်ချင်းရောက်လာပြီး သူ့လက်ထဲမှနဂါးအကြေးခွံလှံရှည်ဖြင့် ကျင်းကျယ်နှင့် ဟွမ်ရှုကြားတွင် ပိတ်ဆို့ထားလိုက်သည်။

ကျင်းကျယ်မျက်ဝန်းများ အေးစက်သွားသည်။

“သိုင်းသူတော်စင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်က ငါတို့ကို ပိတ်ဆို့နိုင်မယ်ထင်နေသလား”

စကားဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ကျောက်စိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည်လည်း ပြိုင်ဘက်ကင်းဓားခန္ဓာပမာ ထက်ရှပြင်းထန်စွာ သိပ်သည်းသွားသည်။

ကျောက်စိမ်းရောင်ဓားဝိညာဉ်က ကောင်းကင်ထက်ဖြတ်သန်းသွားပြီး အစိမ်းရောင်အလင်းတန်းများက လေထုသိပ်သည်းမှုကိုပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေ၏။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏ဓားချက်ကို ခုခံတိုက်ခိုက်ခြင်းမရှိဘဲ မလှုပ်မယှက် နေရာမှာပင် ရပ်တန့်နေသည်။ ထို့နောက် သူ၏ သွေးကြောဆုံချက်များအားလုံးမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဦးခေါင်းထက်တွင် မိုင်ပေါင်းထောင်ချီရှည်လျားသော ရေခဲပင်လယ်ကြီးတစ်ခု သိပ်သည်းထွက်ပေါ်လာကာ ရေခဲနဂါးများက ရေခဲပင်လယ်အတွင်း၌ ကူးခတ်လျှက်ရှိသည်။

အလွန်တရာကြီးမားသော ဝေလငါးကြီးတစ်ကောင်က ပင်လယ်နက်ရှိုင်းရာနေရာမှ ခုန်ထွက်လာပြီး မဟာဂဠုန်ငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ချက်ချင်းပင် အလင်းရောင်တစ်ချက်လင်းလက်သွားပြီး ကြီးမားသောဂဠုန်ငှက်ကြီး နှစ်ပိုင်းကွဲသွားကာ တစ်ပိုင်းက ရေထဲတွင် ဝေလငါးကြီးအသွင်းပြောင်းလဲသွားပြီး ကျန်တစ်ပိုင်းက ကောင်းကင်ကိုးထပ်ထိတိုင် ဟုန်းဟုန်းထပျံသန်းတော့မည့် ဂဠုန်ငှက်ကြီးအဖြစ် ဆက်လက်တည်ရှိနေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပိုမိုမြင့်မားသော စွမ်းအားရောင်ဝါများထွက်ပေါ်လာပြီး ယခင်ကနှင့် တူညီခြင်း မရှိတော့ပေ။

ရေခဲချပ်ဝတ်ကြောင့် စွမ်းအားမြင့်မားနေခြင်းမျိုးမဟုတ်ဘဲ ကျင်းကျယ်၏ တိုက်ခိုက်မှုက သူ့အပေါ် သက်ရောက်နိုင်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“မင်းရဲ့ မှားနေတာလေးတွေကို ပြင်ပေးလိုက်မယ် ၊ ငါ့ကိုယ်ပွားက သိုင်းသူတော်စင် ပထမအဆင့် မဟုတ်ဘူး”

မြောက်ပိုင်းသမုဒ္ဒရာ သိုင်းသူတော်စင်၏ ထိပ်တန်းသိုင်းပညာရပ်များအပြင် ရေခဲနဂါးသူတော်စင်ထံမှ သိုင်းပညာရပ်များ ၊ ရန်ကျောက်ကဲ ထပ်မံထည့်သွင်းပေးထားသော သိုင်းပညာရပ်များကြောင့် ဤသိုင်းသူတော်စင်ကိုယ်ပွားသည် ရှေ့သို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့သည်။

ထို့ထက်ပိုသည်မှာ နဂါးသင်္ချိုင်းမှ များပြားလှစွာသော နဂါးအစစ်ရုပ်အလောင်းများမှရရှိသည့် နဂါးချီစွမ်းအားအနှစ်သာရများစွာကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းပေးနိုင်ခဲ့ခြင်း ဖြစ်၏။

သိုင်းပညာရပ်များစွာနှင့် နဂါးချီစွမ်းအားများစွာ ပေါင်းစပ်ပြီးသည့်နောက် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သိုင်းသူတော်စင် ၊ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နဂါးအကြေးခွံလှံရှည်အား ရှေ့သို့ထိုးစိုက်ချလိုက်ရာ ဝေဟင်ထက်မှ ဂဠုန်ငှက်ကြီးရော ရေပြင်ထက်မှ ဝေလငါးကြီးပါ ကောင်းကင်ထိတိုင်ထိုးဖောက်ဝင်ရောက်သွားပြီး ကျင်းကျယ်၏ ကျောက်စိမ်းရောင်ဓားအလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။

တိုက်ခိုက်မှုက အချိန်တစ်ခဏအတွင်း ကျရောက်လာခြင်းဖြစ်ရာ ကျင်းကျယ် နောက်သို့အမြန်ဆုတ်ခွာသွားရသည်။

မြင်ကွင်းကိုကြည့်ရင်း ဟွမ်ရှုသည်လည်း အလွန်တရာ တုန်လှုပ်သွား၏။

ဝါဒတောင်ကို တိုက်ခိုက်သည်မှာ အလျင်စလို ဖြစ်သွားသည်လားဟု သူ့စိတ်ထဲ နောင်တတရားပင် ဝင်ရောက်လာသည်။

သို့သော် အသင်္ချေနဂါးနန်းတော်က ယန်ကျန်းဟွာနှင့် အရုဏ်ဦးနေခြည်သရဖူကို ဆက်လက်ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ကြောင်း သိရှိလိုက်သဖြင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။

ဟွမ်ရှု ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်၏။

ယန်ကျန်းဟွာနှင့် အရုဏ်ဦးနေခြည်သရဖူ အကျပ်အတည်းမှ လွတ်မြောက်လာပြီး ကျင်းကျယ်နှင့် ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် အနိုင်အရှုံးအခြေအနေက ချက်ချင်း ပြောင်းပြန် ပြန်ဖြစ်သွားနိုင်သည်။

သို့သော် ရန်ကျောက်ကဲက ဟွမ်ရှုရှေ့သို့ ခြေတစ်လှမ်းတည်းဖြင့် ချက်ချင်းရောက်ရှိလာပြီး သူ့ဦးခေါင်းကို အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်ချလိုက်ရာ ဟွမ်ရှုမှာ သူ့လက်ထဲမှ မိုးဖြိုပုဆိန်သည်ပင် လွတ်ကျလုမတတ်ပင် ဖြစ်သွားရ၏။

ရန်ကျောက်ကဲက ဟွမ်ရှိုကိုကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

“ဒါပေါ့... မိုးဖြိုပုဆိန်က မင်းတို့ဂိုဏ်းကပစ္စည်းမဟုတ်တော့ ပျက်ဆီးသွားလည်း မင်းက အရေးစိုက်မှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် သူ့လက်ထဲမှဝါးကိုင်းကို စက်ဝိုင်းပုံသဏ္ဌန်ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သောစွမ်းအားကို သိမ်မွေ့သည့်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

ဝါးကိုင်းက မိုးဖြိုပုဆိန်ထက်သို့ကျရောက်သွားပြီး ခပ်သာသာပင် ဖိနှိပ်ထားရာ အနက်ရောင်ပုဆိန်မှာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ဟွမ်ရှု အကြီးအကျယ် မျက်နှာပျက်သွားသည်။

ရန်ကျောက်ကဲက သူ၏ဝါးကိုင်းကိုထိန်းညှိလျှက် မိုးဖြိုပုဆိန်ကို ဘေးသို့အသာဖယ်ရှားလိုက်သည်။

ထို့နောက် ဘယ်ဘက်လက်ကိုမြှောက်လျှက် ဟွမ်ရှုကို ရိုက်ချလိုက်၏။

ဟွမ်ရှုက ဟွန့် ကနဲ နှာတစ်ချက်မှုတ်ရင်း လက်ကိုမြှောက်ကာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။

ရန်ကျောက်ကဲ၏ စေတီသဏ္ဌန် ကောင်းကင်ပလ္လင် မြင့်မားစွာ ထွက်ပေါ်လာချိန် ဟွမ်ရှု၏ နေရှစ်စင်း အမတ ကောင်းကင်ပလ္လင်သည်လည်း ဖြည်းညင်းတောက်ပစွာ ထွက်ပေါ်လာသည်။

သို့သော် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက် ကောင်းကင်ထက်မှ ကျဆင်းလာသည်နှင့် ပြင်းထန်သောစွမ်းအားများနှင့်အတူ “စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်” ကျရောက်လာပြီး နေရှစ်စင်းကောင်းကင်ပလ္လင် အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားသည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ဒီနေ့တော့ မင်းရဲ့ နေဝင်ချိန်ပဲ”

ကြောက်မက်ဖွယ်ရာလက်ဝါးရိုက်ချက်အောက်တွင် ရွှေရောင်အလင်းတန်းများအားလုံး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး နေရှစ်စင်းသည်လည်း ပျက်သုဉ်းသွားသည်။

ဟွမ်ရှုက မယုံကြည်နိုင်စွာဖြင့် မျက်လုံးပေါက်ထွက်မတတ် ပြူးကျယ်စွာ ရန်ကျောက်ကဲကို ကြည့်နေစဉ်မှာပင် မိုးမြေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသော လက်ဝါးရိုက်ချက်ထိမှန်ပြီး ဦးနှောက်များပေါက်ထွက်လျှက် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့ကျဲသွားလေတော့၏။

All Chapters