အေး ဟုတ်တယ်
Vol. 104 Ch. 1447
မန်ဟိုက ထွက်ပေါက်ထဲ ခြေတစ်ဖက်ချထားသဖြင့် ညင်သာသောအားတစ်ရပ်က ဆွဲငင်နေလေသည်။ သို့သော် နောက်တစ်ဖက်အား ထွက်ပေါက်ထဲသို့ သူ လှမ်းမည်မဟုတ်ပေ။
သူ့မှာ အဝေးရှိ ကောင်းကင်ထဲတွင် ဖြစ်ပျက်နေသောအရာကို လှည့်ကြည့်ရင်း တုန်ရီနေသည်။ ကြေးမုံသည် သူ့ဘဝကို ပြောင်းလဲပေးခဲ့သည့်အရာ ဖြစ်၏။ ထိုကြေးမုံအတွင်း၌ သူ့မိတ်ဆွေ၊ သူ၏သွေးသောက်ရဲဘော် ကြက်တူရွေး ရှိနေသည်မဟုတ်ပါလော။
အသားဂျယ်လီကိုလည်း သူ တွေးမိလိုက်သည်။ ကြက်တူရွေးနှင့် အသားဂျယ်လီသည် တစ်ယောက်နှင့်တစ်ယောက် တကျက်ကျက်ကိုက်နေခဲ့သော်လည်း ... သူ၏မိသားစုသဖွယ် ဖြစ်လာခဲ့သည်မှာ ကြာခဲ့လေပြီ။
အသားဂျယ်လီ၏ လေပေါနိုင်စွမ်း၊ ကြက်တူရွေး၏ ကြွားနိုင်စွမ်းတို့ကို သူ မည်သို့မေ့နိုင်မည်နည်း။
သူတို့ကိုယ်သူတို့ သခင်ငါးနှင့် သခင်သုံးဟု ခေါ်သည်ကို သူ မည်သို့မေ့နိုင်မည်နည်း။
ပင်လယ်စာသီချင်းကို သူ မည်သို့မေ့နိုင်မည်နည်း။
ထိုအမှတ်တရအားလုံးသည် သူ့စိတ်ထဲတွင် ဘယ်တော့မှမပျောက်ပျက်ဘဲ တည်ရှိနေလိမ့်မည်။
အမှန်တကယ် သေခြင်းရှင်ခြင်းနှင့်ပတ်သက်လာသည့်အခါ ကြက်တူရွေးသည် မန်ဟို့အတွက် သူ၏အသိစိတ်ကို ဖျက်စီးခဲ့သလို၊ အသားဂျယ်လီကလည်း ၎င်း၏အသက်ဓာတ်များကို စတေးခဲ့၏။
အဆုံးသတ်တွင် သူ့မိတ်ဆွေတစ်ယောက်၏ အသိစိတ် ဖယ်ရှားခံလိုက်ရကာ အင်အားစုနှစ်စု၏လက်အောက် ကျရောက်သွားခဲ့သည်။ တစ်ယောက်ကမူ မန်ဟို့သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းခံထားရသော အသက်မဲ့အခွံဘဝရောက်သွားခဲ့၏။
“ကြက်တူရွေး...” မန်ဟိုက တိုးညင်းစွာ ရေရွတ်သည်။ ထိုအခိုက်အတန့်တွင် ကျင်ယွင်ရှန်းက သူ့ဘေးမှဖြတ်ကာ ထွက်ပေါက်ထဲ ဝင်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ သူ့အနောက်မှ ရှကျုံတုံးနှင့် ဂိုဏ်းချုပ်လည်း အမြန်ဆုံးလာနေကြသည်။
သူတို့က ထွက်မသွားခင် မန်ဟို့ကို လှမ်းကြည့်ပြီးနောက် သူ ဘာကိုတွ့န်ဆုတ်နေသလဲ သိချင်သွားကြ၏။ သို့သော် စဉ်းစားနေရန် အချိန်မရှိ၍ ကပျာကယာ ထွက်သွားကြလေသည်။
မန်ဟိုက အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများအရှေ့တွင် မလှုပ်မယှက်ရပ်နေသည်။ သူတို့ သူ့ဘေးမှဖြတ်သွားနေကြစဉ် သူ၏မျက်လုံးများမှာ ကြေးမုံအပေါ်မှ မခွာပေ။
သူ ကြည့်နေစဉ် ကြေးမုံက လက်ချောင်းကို ဝင်တိုက်လိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် လက်ချောင်းမှာ နောက်တွန့်သွားပြီး ၎င်း၏မျက်နှာပြင်ထက်၌ အက်ကွဲကြောင်းများ စတင်ဖြာထွက်လာသည်။ လက်ချောင်းတစ်ခုလုံးပင် တုန်ရီစပြုလာ၏။
တအံ့တဩညည်းလိုက်သံကို ကြားလိုက်ရပြီး အက်ကွဲနေသောလက်ချောင်းက ကြေးမုံကို တောက်ချလိုက်သည်။
ကြေးမုံသည် ... ခွမ်းခနဲ ကြေမွသွား၏။
မှန်ကွဲစကိုးခုက ... အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည်။ မှန်ကွဲစရှစ်ခုက ကြယ်တာရာကောင်းကင်၏ မည်သည့်နေရာကိုမသိ ပျံထွက်သွားကြသည်။ ကြေးမုံ၏ ပင်မကိုယ်ထည်ကမူ ကြေမွမသွားဘဲ မည်းနက်လာကာ ကြယ်တာရာကောင်းကင်အတွင်းထဲသို့ လွင့်ထွက်သွားလေသည်။
သို့သော် မှန်ကွဲစတစ်စက ... တတိယမြေထုအပေါ် ကျသွားသည်။
မန်ဟို ၎င်းကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ သူ့မှာ တတိယမြေထုဆီ သွားပြီး ထိုမှန်ကွဲစအား ရှာလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။
ထိုမှန်ကွဲစကို ရှာနိုင်လျှင် ... ကြေးမုံကို ပြန်အာရုံရကောင်းအာရုံရလိမ့်မည်ဟု သူ ခံစားနေရလေသည်။ ကြက်တူရွေးကို သူ ခံစားရကောင်းခံစားရလိမ့်မည်။
ကြေးမုံကွဲသွားသောအခါ နဝမမြေထုအပေါ်ရှိ ပုဂ္ဂိုလ်က ပရိဒေဝမီးတို့လောင်မြိုက်လျက် အမျက်ဒေါသအပြည့်ဖြင့် လက်ချောင်းထံ ပျံတက်သွားသည်။
ထိုလူဘာဖြစ်သွားလဲ မန်ဟို မမြင်ပေ။ သူ၏အာရုံက တတိယမြေထုအပေါ်သို့သာ ရောက်နေသည်။ အာကာပြင်ကျယ်စကြဝဠာမှ ကျင့်ကြံသူအများစုသည် လွတ်မြောက်သွားပြီဖြစ်၏။ သို့သော် ထွက်ပေါက်ထံ သုတ်သီးသုတ်ပျာလာနေဆဲဖြစ်သော အနှစ်သာရ ၈ ခုပါရာဂွန်နှစ်ယောက် ရှိသေးသည်။ သူတို့သည် မီတာသုံးဆယ်ခန့်သာ ဝေးကွာတော့သည့်အချိန် ရုတ်တရက် တုန်ရီလာပြီး ပြာကျကုန်၏။
ထိုအခိုက်တန့်မှာပဲ မန်ဟို့ကိုယ်ထဲရှိ ကြေးမီးအိမ်သည် မီးငြိမ်းသွားသည့်အလား မှိန်ကျသွားသည်။ သေခြင်းတရား သူ့ဆီ လာနေပြီဖြစ်နေကြာင်း မန်ဟို အာရုံရလိုက်သည်။
မန်ဟိုသည် သေခြင်းနှင့်ရှင်ခြင်းကြားက လမ်းမျှင်မျှင်လေးပေါ်တွင် လျှောက်နေရမှန်း သိသည့်တိုင် သူ၏တတိယမျက်လုံးကို ဖွင့်ရန် ရွေးချယ်လိုက်သေး၏။ တတိယမျက်လုံးကို အသုံးပြုရင်း မှန်ကွဲစကျသွားသော တတိယမြေထုပေါ်က နေရာအတိအကျကို မမေ့အောင် မှတ်သားလိုက်သည်။
ထိုအချိန်တွင် သေခြင်းတရားက သူ့ကို ဝါးမြိုတော့မည့် ပါးစပ်ကြီးအလား သူ့အရှေ့တည့်တည့်သို့ ရောက်လာခါနီးနေလပြီ။ မန်ဟိုသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ ထွက်ပေါက်ထဲ ခြေတစ်ဖက်လှမ်းကာ ပျောက်ကွယ်သွားတော့၏။
တခဏကြာသော် သေခြင်းအခိုးငွေ့များက သူရပ်နေခဲ့သော နေရာကို လွှမ်းခြုံသွားသည်။
အာကာပြင်ကျယ်ဂြိုဟ်အတွင်းရှိ.... တစ်ဝက်ဂြိုဟ်ပေါ်က နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲတွင် ....
မန်ဟိုသည် သွေးတစ်ပွက်အန်လျက် ပေါ်လာ၏။ သူ၏မျက်နှာမှာ ဖြူဆုပ်နေသည့်တိုင် သူ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေလေသည်။
လူတိုင်း ခြေကုန်လက်ပန်းကျနေကြသည်။ သင်္ချိုင်းထဲ ဝင်သွားခဲ့သောလူပေါင်းများစွာအနက် အယောက်နှစ်ဆယ်သာ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။ ကျန်ရှိသူအားလုံး ... အတွင်းထဲ၌ သေဆုံးသွားကြလေပြီ။
မန်ဟိုက ဂိုဏ်းချုပ်ကို လှမ်းကြည့်ကာ မေးသည်။ “ဘယ်အချိန် ပြန်ဝင်နိုင်မလဲ”
“အနည်းဆုံးတစ်နှစ်။ ဒါပေမဲ့ အဲဒီလောက်မြန်မြန်သွားနိုင်ပါ့မလား အာမ,မခံနိုင်ဘူး။ ပြင်ဆင်စရာတွေ ရှိသေးသလို၊ အင်မော်တယ်ပိုင်ဝူချိန်ကိုလည်း ငါ ကိုယ်တိုင်သွားခေါ်ဖို့ လိုတယ်။ သူရယ်၊ ဒုတိယပါရာဂွန်ရယ်နဲ့ဆို ငါတို့မှာ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ခြောက်ယောက်ရှိသွားမယ်။ မင်းကိုပါ ထည့်လိုက်ရင် ဒုတိယမြေထုအတွက် လမ်းဖွင့်နိုင်မယ်လို့ ငါ ယုံကြည်တယ်” ယခုလေးတင် ကြုံတွေ့ခဲ့ရသော အန္တရာယ်က ဂိုဏ်းချုပ်ကို နည်းနည်းလေးမှ စိတ်ဓာတ်မကျစေခဲ့ပေ။ အမှန်တွင် သူတို့ ပြန်သွားနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်ပင်ပိုရှိလာသည်။
တန်ခိုးရှင်စင်မြင့်များဖြင့် သူတို့အားလုံး တန်ခိုးရှင်အဆင့်တက်နိုင်လိမ့်မည်။
မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေပြီးနောက် သူ့ခြေထောက်အောက်ရှိ နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို ငုံ့ကြည့်လိုက်သည်။ သူ့နှလုံးသားသည် တည်ငြိမ်နေ၏။ ဤသင်္ချိုင်းခရီးစဉ်တွင် သူ အတော်လေးအမြတ်ထွက်ခဲ့သည် မဟုတ်ပါလော။ အရေးအကြီးဆုံးကတော့ ကြေးမုံနှင့်ပတ်သက်သည့် သဲလွန်စပင်။ သူသည် မဖြစ်မနေ အထဲပြန်ဝင်ဖို့ စိတ်ပိုင်းဖြတ်ထားလေပြီ။
“အဲဒီမှန်ကွဲစကို ငါရှာနိုင်ရင် ကြေးမုံနဲ့ငါ့ရဲ့ ဆက်သွယ်မှုကို ပြန်ဆက်နိုင်လောက်မယ်...” မန်ဟို့မျက်လုံးများသည် ပြင်းပြသောဆန္ဒတို့ဖြင့် တောက်ပနေ၏။ အတန်ကြာသော် သူက အင်္ကျီလက်စခါလျက် သိုလှောင်အိတ်ထဲမှ သူ၏ငယ်သားနှစ်ယောက်ကို ထုတ်ပေးလိုက်သည်။ သူတို့သည် မန်ဟို၏သိုလှောင်အိတ်ထဲတွင် ရှိခဲ့သော်လည်း မန်ဟိုက အပြင်လောက၌ ဖြစ်ပေါ်နေသောအရာများကို သူတို့အား ခံစားသိရှိစေခဲ့သည်။
မန်ဟို ထွက်ပေါက်တွင် ရပ်နေခဲ့တုန်းက အနှစ်သာရ ၈ ခုပါရာဂွန်နှစ်ယောက်သည် အင်မတန်ပြင်းထန်သော အသက်အန္တရာယ်ကို ခံစားခဲ့ရ၏။
မန်ဟိုက တင်းမာခက်ထန်သောအမူအရာဖြင့် နေရာရွှေ့ပြောင်းမုခ်ဝမှ ထွက်လိုက်သည်။ သူ့မှာ မချင့်မရဲဖြစ်နေလေသည်။ သဲလွန်စအား မျက်စိရှေ့တွင် မြင်နေရသော်လည်း စောင့်နေရုံမှတစ်ပါး ရွေးချယ်မစရာမရှိသဖြင့် အားမလိုအားမရလည်း ဖြစ်နေမိ၏။
သူ မုခ်ဝထဲမှ ထွက်လာသည့်အခါ ကျင်ယွင်ရှန်းက သူ့အရှေ့တွင် ပိတ်ရပ်နေသည်။ ကျင်ယွင်ရှန်းသည် အာကာပြင်ကျယ်ကျောင်းတော်သို့ ပြန်ရောက်ပြီးနောက်မှ အသက်ရှူချောင်သွား၏။ သင်္ချိုင်းထဲမှာတုန်းက မန်ဟိုက အသာစီးရခဲ့လေသည်။ သူ့ကို အားဖြည့်ပေးထားသော တစ္ဆေစစ်တပ်ကြီးကြောင့် ကျင်ယွင်ရှန်းသည် ခေါင်းငုံ့ရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့။ သို့သော် ယခုတော့ ဂိုဏ်းသို့ပြန်ရောက်ပြီဖြစ်၍ သူ့အနေဖြင့် မန်ဟို့ကို တမင်တကာ ရန်မစနိုင်သော်လည်း အနည်းဆုံးတော့ ရွံရှာသလိုကြည့်နိုင်၏။
ရှကျုံတုံးနှင့် ဂိုဏ်းချုပ်၏ ခံဝန်ချက်ကို သူ အလေးမထား၍မဟုတ်။ သို့သော် သင်္ချိုင်းထဲတွင် ခံစားချက်များကို အောင့်အည်းထိန်းချုပ်ထားခဲ့ရသဖြင့် သူ့အတွက် အာကာပြင်ကျယ်ကျောင်းတော်သို့ ပြန်ရောက်သည့်အခါ နည်းနည်းပါးပါးဖြေလျော့ချင်သည်က သဘာဝသာဖြစ်လေသည်။
တန်ခိုးရှင်စင်မြင့်ထက်တွင် မန်ဟို၏စွမ်းဆောင်မှုသည် အံ့ဩဘနန်းဖြစ်ပြီး မိုးကောင်းကင်၏အင်အားကို ပြန်တွန်းလှန်ခဲ့မှုကလည်း ရင်သပ်ရှုမောဖွယ်ကောင်းသည်။ သို့သော် မန်ဟိုလုပ်ဆောင်နိုင်ခဲ့သမျှအားလုံးမှာ တစ္ဆေများ၏အကူအညီကြောင့်ဖြစ်သည်ဟု ကျင်ယွင်ရှန်း ယုံကြည်၏။ မန်ဟိုက ကိုးခုမြောက်အနှစ်သာရလည်း တစ်ခါမှ မထုတ်သုံးခဲ့သည့်အပြင် .... မန်ဟို့တွင် ကိုးခုမြောက်အနှစ်သာရမရှိဟု သူ မယုံပေ။ သူ၏အမြင်အရ မန်ဟိုသည် ၎င်းကို ဝှက်ဖဲအဖြစ်ထားခြင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် သူ့တွင် မန်ဟိုနှင့်အမှန်တကယ် တိုက်ခိုက်လိုစိတ်မရှိသော်လည်း စိန်းစိန်းမကြည့်ချင်ဘဲ မနေပေ။
သူ၏စိန်းစိန်းဝါးဝါးအကြည့်ကြောင့် မန်ဟို့မျက်လုံးများ မှေးကျဉ်းသွားသည်။
“ငါ့လမ်းက ဖယ်” သူက ပြောသည်။
ကျင်ယွင်ရှန်း မျက်မှောင်ကြုတ်သွား၏။ သူတို့သည် လူပုံအလယ်တွင် ဖြစ်၍ သူ ရပ်နေသည်က မန်ဟို့အရှေ့တွင် ဖြစ်သော်လည်း မန်ဟို့အနေဖြင့် အေးအေးလူလူ ပတ်ရှောင်သွားနိုင်လေသည်။
“ဘာလဲ တစ်ပွဲလောက် နွှဲချင်လို့လား” ကျင်ယွင်ရှန်းက မာမာထန်ထန် မေးသည်။
စကားတစ်ခွန်း၊ အေးစက်စက်အကြည့်လေးတစ်ချက်သာ ဖြစ်သည်။ တုံ့ပြန်သည့်အနေဖြင့် မန်ဟို့မျက်လုံးများလည်း အေးစက်သွားပြီး ကျင်ယွင်ရှန်း မထင်ထားသည့်အဖြေကို ပြောလိုက်၏။
“အေး ဟုတ်တယ်”
စကားလုံးများထွက်သွားသည့်အချိန်မှာပင် မန်ဟိုသည် ရှေ့ခုန်၍ လက်သီးတစ်လုံး ပစ်သွင်းသည်။
ထိုလက်သီးက အသက်နုတ်ခြင်း၊ ခန္ဓာစတေးခြင်း၊ နတ်ဘုရားသုတ်သင်ခြင်းနှင့် နတ်ဆိုးဇီဝိန်ချုပ်ခြင်းစွမ်းအားအလုံးစုံကို ပေါင်းစည်းထားသဖြင့် မြေပြင်များ တဝုန်းဝုန်းလှုပ်ခတ်သွားပြီး တောင်တန်းများ ယိမ်းခါသွားသည်။ အရောင်အဝါများ ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လက်လာ၏။
ကျင်ယွင်ရှန်းမှာ ဣန္ဒြေမဆည်နိုင်တော့ပေ။ သင်္ချိုင်းထဲတုန်းက ဒဏ်ရာအပြင်းအထန်ရထား၍ လောလောဆယ်တွင် သူ၏စွမ်းအားခုနစ်ဆယ်ရာခိုင်နှုန်းဖြင့်သာ တိုက်ခိုက်နိုင်လေသည်။ မန်ဟို သူ့အား ဗြုန်းစားကြီး တိုက်ခိုက်နေသည်ကို မြင်လျှင် သူသည် တန်ပြန်တိုက်ခိုက်ဖို့ မုဒြာလက်ကွက်တစ်ကွက် ကမန်းကတန်း ဖော်လိုက်၏။ နှစ်ယောက်အကြား ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူ့အတွက် ကံဆိုးစွာနှင့် .... ဘယ်လိုအရူးမျိုးကို ရန်စမိလိုက်မှန်း သူ မသိပေ ....
သူ မသိသလို၊ မည်သူမှလည်း မသိနိုင်။ ဂိုဏ်းချုပ်က ခပ်ယဲ့ယဲ့သာ ပြုံးလိုက်ပြီး ရှကျုံတုံးက ညည်းညူသည်။ ဒုတိယပါရာဂွန်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ မန်ဟိုမည်မျှအင်အားကြီးမားကြောင်း သူ သိသော်လည်း ယခုလိုမျိုးမြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မန်ဟို စိတ်မကြည်၍ တစ်စုံတစ်ယောက်အပေါ် ပုံချဖို့လိုနေကြောင်း သိသာသည်။ ကံဆိုးစွာနှင့် ကျင်ယွင်ရှန်းတစ်ယောက် မဲပေါက်သွား၏။
တဝုန်းဝုန်းပေါက်ကွဲသံများ မြည်ဟည်းနေသည်။ ကျင်ယွင်ရှန်းမှာ စော်ကားခံနေရသလို ခံစားရ၍ အမျက်တချောင်းချောင်း ထွက်နေ၏။ သူ နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်ရန် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်စဉ်မှာပင် မန်ဟိုက သိမ်းငှက်ကြီးတစ်ကောင်အသွင် ပြောင်းသည်။ အမွှေးများ လေပေါ်မြောက်သွားပြီး တစ်ဆက်တည်းမှာပဲ သူ၏ချုပ်နှောင်မှော်အစွမ်းများ စုစည်းသွား၏။
အုန်း အုန်းးးးးး
ကျင်ယွင်ရှန်းမှာ ဒဏ်ရာရထားပြီးသားဖြစ်သလို သင်္ချိုင်းထဲတွင် မန်ဟို၏ ခြောက်လှန့်ခြင်းခံခဲ့ရသည်။ သူ့မှာ တိုက်ခိုက်လိုစိတ်မရှိတော့သော်လည်း ဆက်တိုက်ထိုးနှက်ခံနေရလေသည်။
ဂိုဏ်းချုပ်က လေးပင်စွာ ခေါင်းခါလိုက်သည်။ နောက်ဆုံးတော့ သူနှင့် ရှကျုံတုံးသည် ကြားဝင်ဖြန်ဖြေကာ မန်ဟိုနှင့် ကျင်ယွင်ရှန်းအား လူခွဲလိုက်၏။ လူခွဲခံရပြီးနောက်တွင်ပင် နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ရန်တစောင်စောင် ကြည့်နေသေးလေသည်။
“စိတ္တဇကောင်” ကျင်ယွင်ရှန်းမှာ ပို၍သိက္ခာချခံနေရသလို ခံစားရ၍ အော်နေသည်။ “မင်းစိတ်မကြည်တာနဲ့ တွေ့ရာလူ လိုက်ထိုးနှက်နိုင်တယ်ထင်လား ဟမ်။ ငါတို့ ရန်ကြွေးချေထားပြီးမဟုတ်လား။ မင်းကို သိုလှောင်လက်ကောက် ပေးပြီးသားလေ”
မန်ဟိုသည် သိုလှောင်လက်ကောက်ကို ပြန်တွေးမိသောအခါ မျက်နှာအမူအရာ အတန်ငယ်ပျော့ပျောင်းသွားပြီး ချောင်းဟန့်၏။ တစ်ခုခုပြောချင်သော်လည်း သင့်တော်သည့်စကား ရှာမတွေ့ပေ။ တကယ်တော့ ကျင်ယွင်ရှန်း မှန်သည်။ သူ စိတ်မကြည်သောကြောင့် ပြဿနာရှာခဲ့ခြင်းပင်။
သူသည် အေးစက်စက်နှာမှုတ်လျက် နဝမပါရာဂွန်မြို့ထံ လှည့်ထွက်သွား၏။ ရောက်လျှင်ချင်း တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားလေသည်။
“သောက်ရူး စိတ္တဇကောင်” ကျင်ယွင်ရှန်းက ထွက်ခွာသွားသောမန်ဟို့ကို ကြည့်ပြီး တစ်နည်းနည်းဖြင့် ကလဲ့စားချေမည်ဟု သန္နိဌာန်ချလိုက်သည်။ သို့သော် မန်ဟိုသည် တန်ခိုးရှင်စင်မြင့်ထက်၌ ဆယ့်ခြောက်ရက်တိုင် ထိုင်နိုင်ခဲ့သည့်အပြင် ခွန်အားအရာ၌ သူ့ထက်များစွာ သာလွန်ကြောင်း စဉ်းစားမိသွား၏။ မန်ဟိုက ကိုးခုမြောက်အနှစ်သာရကိုပင် မသုံးခဲ့ရသေးပေ။ အရေးအကြီးဆုံးကတော့ မန်ဟို့အား သင်္ချိုင်းထဲတွင် အနိုင်ယူမရခြင်းနှင့် နောက်နောင် သင်္ချိုင်းထဲသို့ ခရီးသွားရဦးမည့်အချက်ပင်။ နောက်ဆုံးတော့ ကျင်ယွင်ရှန်းသည် ကလဲ့စားချေမည့်အကြံအစည်ကို လက်လျော့လိုက်၏။
“လခွမ်း အဲဒီစိတ္တဇကောင်ရှေ့ ပိတ်မရပ်မိအောင် သတိထားရမယ်”