ဟိုဟိုလေး
Vol. 104 Ch. 1449
အာကာပြင်ကျယ်ဂြိုဟ်၏ နဝမပါရာဂွန်မြေထုအစပ်နားတွင် မြေလိမ်မြွေကောက် ကွေ့ကာဝိုက်ကာဖြင့် သွယ်တန်းစီးဆင်းနေသော မြစ်တစ်စင်းရှိသည်။ မြစ်ကမ်းပါးကို အမှီပြု၍ တည်ဆောက်ထားသော ရွာလေးများကိုလည်း မြင်ရနိုင်ပေသည်။
ထိုရွာလေးများအနက် တစ်ရွာသည် မက်မွန်ပန်းရွာဟု အမည်တွင်၏။
မက်မွန်ပန်းရွာလေးတွင် အိမ်ခြေတစ်ရာဝန်းကျင်ရှိပြီး ရွာသူရွာသားများသည် စည်းလုံးညီညွတ်ကြ၏။ ကြည့်ရခြင်းအားဖြင့် သူတို့သည် အတိတ်နှစ်တွေတုန်းက မျိုးနွယ်စုကြီးတစ်စုမှ ဤနေရာသို့ ပြောင်းရွှေ့လာခဲ့သည့်အုပ်စုတစ်စု ဖြစ်သယောင်ပင်။ ပြောင်းရွှေ့လာခဲ့သည့်လမ်းတစ်လျှောက် မည်သည့်အရာတို့ဖြစ်ပျက်ခဲ့မှန်း ဂဃနဏမသိရသော်လည်း နှစ်အနည်းငယ်ကြာသော် မက်မွန်ပန်းရွာဟူ၍ ဖြစ်တည်လာခဲ့လေသည်။
ထိုနေရာတွင် နေထိုင်သူအများစုသည် အမဲလိုက်ခြင်း သို့မဟုတ် တံငါလုပ်ခြင်းဖြင့် အသက်မွေးကြ၏။
မနက်ပိုင်းဆိုလျှင် မီးခိုးခေါင်းတိုင်လေးများမှ မီးခိုးငွေ့များ လွင့်လူတတ်လာတတ်သည်။ ညဆိုလျှင် ကြယ်ပွင့်များသည် ကောင်းကင်ထက်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေလိမ့်မည်။
ဆိတ်ငြိမ်အေးချမ်းသော ရွာလေးဖြစ်ချေ၏။
သို့သော် တခါတရံ ဆူဆူညံညံဖြစ်တတ်သည်။ ဒေါသတကြီးအော်သံများကိုပင် ကြားရကောင်းကြားရတတ်လေသည်....
“ဖန်မု ဟိုဟိုလေး မင်းရဲ့တင်ပါးလေးကို နာနာရိုက်မိတော့မယ်နော်”
“တော်တော့ မင်းရဲ့ဆင်ခြေတွေကို ငါ ရိုးနေပြီ။ အခုချက်ချင်း ရပ်လိုက်စမ်း ဖန်မု။ ထွက်ပြေးဖို့ ကြိုးစားရင် မင့်အဖေအရက်သမားနဲ့ ငါ တိုင်ပြောတော့မယ်”
“အဲ့ဒါ ငါ့ကြက်ဖကွ။ ကြက်ဖကိုတော့ မ...မ..လုပ်နဲ့ကွာ ဟေ့ကောင်”
တစ်မနက်တွင် မီးခိုးခေါင်းတိုင်များမှ မီးခိုးငွေ့များ လွင့်လူတက်လာစဉ် ယခုလိုအော်သံများက ရွာလေးထဲတွင် ဆူညံနေလေသည်။ အသံပိုင်ရှင်များတွင် သက်ကြီးရွယ်အိုများ၊ လူငယ်လူရွယ်များသာမက ကလေးများပင် ပါဝင်သည်။
ထိုစဉ် ခြောက်နှစ်အရွယ်ကလေးတစ်ယောက်သည် ရွာ၏အစွန်အဖျားရှိ ချုံပုတ်များထဲတွင် သူ့ကိုယ်သူ အင်မတန် ကျေနပ်နေသောဟန်ဖြင့် ပုန်းနေ၏။ ထိုကလေးက ကျောက်စိမ်းကဲ့သို့ ဖြူမွတ်သောအသားရေ၊ ကြယ်စင်များကဲ့သို့ လင်းလက်နေသောမျက်ဝန်းများဖြင့် ချောမောလေသည်။ သူသည် အသားကြမ်းကြမ်းအဝတ်အစားများကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ရွှံပင်များ ညစ်ပေနေသော်လည်း ဉာဏ်ကောင်းသောသူ၏မျက်ဝန်းများအား မဖုံးကွယ်နိုင်ပေ။
သူ့လက်တစ်ဖက်က ကြက်ဖတစ်ကောင်၏လည်မျိုကို ဆုပ်ကိုင်ထားသည်။ ပထမတစ်ချက်ကြည့်လျှင် ကြက်ဖသည် ရုန်းနေသယောင်ထင်ရသော်လည်း အမှန်တော့ တုန်ရီနေခြင်းဖြစ်၏။ ကောင်လေးကြောင့်မဟုတ်၊ မြေကြီးပေါ်တွင် လှဲနေသော အမဲလိုက်ခွေးကြောင့်ပင်။
ခွေးသည် ပျင်းရိပျင်းတွဲ လှဲနေသော်လည်း မမြင်ရသောဖိအားတစ်ခုကို ထုတ်လွှတ်နေ၏။ ကြက်ဖ ရုန်းတိုင်း ခွေးက ဟောင်သည်။ ထိုအခါ ကြက်ဖခမျာ ကြောက်လွန်း၍ အသက်မဲ့သွားသလို တစ်ကိုယ်လုံးလျော့ရဲကျသွားသည်။
အချိန်တစ်ခုကြာသည့်အခါမှနောက်ဆုံး ရွာလေးမှာ တိတ်ဆိတ်သွားလေသည်။ ကောင်လေးက နှုတ်ခမ်းပါးနားသပ်ပြီးနောက် ကြက်ဖကို ဆုပ်ကိုင်လျက် ခြေသံဖော့ကာ ရွာထဲသို့ ကုပ်ချောင်းကုပ်ချောင်း ပြန်ဝင်သွားသည်။ အမဲလိုက်ခွေးလည်း နှုတ်ခမ်းသပ်ရင်း လိုက်လာ၏။
“ဟေ့ကောင် မင်းအတွက်မဟုတ်ဘူးနော်” ကောင်လေးက တိုးတိုးပြောတယ်။ “စဉ်းတောင်မစဉ်းစားနဲ့။ ဒါ ငါ့အတွက် သင်တန်းစရိတ်ကွ” ကောင်လေးသည် ရွာထဲကုပ်ကုပ်နှင့် လျှောက်သွားပြီးနောက် အတော်လေးနုံချာသော အိမ်တစ်အိမ်ရှေ့ ရောက်သွားလေသည်။ အိမ်ရှေ့ရောက်သည်နှင့် သူက တံခါးကို ကပျာကယာ ခေါက်သည်။
“ဆရာကြီး” သူက တိုးတိုးလေးခေါ်သည်။ “တံခါးဖွင့်ဦး မြန်မြန်”
တံခါးသည် ကျွီခနဲပွင့်သွားကာ စုတ်စုတ်ပြတ်ပြတ် အဘိုးအိုတစ်ဦးအား ဖော်ပြ၏။ သူက ကောင်လေးကို အထဲဆွဲသွင်းပြီးနောက် တံခါးပြန်မပိတ်ခင် တစ်ယောက်ယောက် သတိထားမိသေးလား မျက်လုံးဝှေ့ကြည့်လိုက်သည်။
ကောင်လေးက ဝင်းထဲ ရောက်သည်နှင့် ကျယ်လောင်စွာ ပြောသည်။ “ဆရာကြီး ဒီကြက်ဖကို ကျုပ် သင်တန်းစရိတ်အဖြစ် လက်ခံပေးဗျာ။ ကျုပ် အင်မော်တယ်ကျင့်စဉ်ကို သိချင်တယ်”
အဘိုးအိုသည် အရပ်သိပ်မရှည်၊ ခါးကလည်း ကုန်းသေးသည်။ သူက မျက်လုံးများမှေးကျဉ်းလျက် ကောင်လေးကို လှည့်ကြည့်ပြီးနောက် ကြက်ဖအား ကြည့်ကာ ဂလုခနဲ တံတွေးမြိုချတော့သည်။
“တော်တယ် တော်တယ်” သူက အလွန်လေးနက်သောအသံဖြင့် ပြောသည်။ “အင်း... အဲ... မင်းဆရာကို ဘယ်လိုလက်ဆောင်ပေးရမလဲ သိသားပဲ ကောင်လေး။ ဘယ်ဆိုးလို့တုန်း အလားအလာရှိတယ်။ တော်တယ် တော်တယ်။ ဟုတ်ပြီ။ ကဲ ငါ ဒီမိစ္ဆာကြက်ဖကို ရှင်းပြီးတာနဲ့ မင်းကို အင်မော်တယ်ကျင့်စဉ် သင်ပေးမယ်
“ဟော့ဒီ ကျက်သရေမဲ့ အရှက်မရှိတဲ့ သားရဲကို ငါ ပြောင်းလဲနေတုန်း မင်း ဒီနေရာမှာ ခဏလေးစောင့်ပေး” ထို့နောက် သူသည် ကြက်ဖကို ကိုင်၍ အိမ်ထဲ ဝင်သွား၏။
“ချောင်းမကြည့်နဲ့နော်” အဘိုးအိုက မျက်နှာတည်တည်နှင့် ပြောသည်။ “ဆရာ မှော်အစွမ်းနည်းနည်းပါးပါး သုံးတော့မှာဆိုတော့ ထူးဆန်းတဲ့အနံ့တစ်ခုခု မင်း ရလိမ့်မယ်။ ဒီချောင်မှာ စိတ်စွမ်းအင် သိပ်များများမရှိတဲ့အပြင် ငါလည်း ဒဏ်ရာရထားတော့ကွာ မင်းကို ငါ့ရဲ့ဓမ္မစောင့်ရှောက်သူအဖြစ် စိတ်ချထားမယ် ဟုတ်ပြီလား
“ဟိုဟိုလေး ငါ့အသက်ကို မင်းလက်ထဲ ဆရာထည့်ပေးနေတာနော်။ ဓမ္မစောင့်ရှောက်သူ တာဝန်ကျေစေနော် ကောင်လေး”
ကောင်လေးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။
အဘိုးအိုသည် အိမ်ထဲ ဝင်သွားပြီး အချိန်အနည်းငယ်ကြာသော် ဂစ်ခနဲ အော်သံတစ်သံ ထွက်လာ၏။ ထို့နောက် ကြက်မွှေး တဗျုတ်ဗျုတ်နှုတ်သံ ကြားရသည်။ ပြီးလျှင် ရေပွက်ပွက်ဆူသံ။ မကြာခင် အနံ့မွှေးမွှေးလေး ပျံ့လွင့်လာတော့သည်။
ကောင်လေးသည် အလွန်သိချင်သွား၏။ အတန်ကြာသော် မအောင့်နိုင်တော့ဘဲ မေးတော့သည်။ “ဆရာကြီး ဒီမိစ္ဆာကြက်ဖကလေ မွန်းစတာကောင်မဟုတ်လား ဘာကြောင့် ဒီလောက်အားနည်းနေတာတုန်းဗျ။ ကျုပ်ဖြင့် အဲဒီကောင်ကို ဖမ်းဖို့ အားထုတ်စရာတောင် မလိုခဲ့ဘူး”
“ဆရာ အဲဒီကြက်ဖစွမ်းအားတွေကို ကြိုနှုတ်ယူထားလို့ မင်း ဖမ်းရလွယ်တာလေ” ဤအချိန်တွင် အိမ်ထဲမှ တစ်ခုခုစားနေသံဝါးနေသံတို့ ထွက်လာသည်။
“ဆရာကြီး ကျုပ် ဆရာကြီးအတွက် မွန်းစတားတွေ ဖမ်းပေးခဲ့တာ နှစ်ချီနေပြီနော်။ ရွာမှာတောင် မရှိသလောက် ရှားနေပြီ။ အဖေလည်း ကျုပ်ကို သမလွန်းလို့ ကျုပ်တင်ပါးတောင် ဂျွတ်တက်တော့မယ်။ ကျုပ်တို့ မွန်းစတားတွေ၊ သားရဲတွေကို သတ်ဖို့ ရွာကနေ ဘယ်တော့လောက် ထွက်မှာလဲဟင်”’
“အာ လောကြီးစရာမလိုပါဘူး။ မနေ့က ရွာအနောက်ပိုင်းက အဘိုးကြီးဇူရဲ့ အိမ်မှာ မျိုးစပ်ခွေးတစ်ကောင်ကို ငါတွေ့ခဲ့သလိုပဲ။ အဲဒီခွေးကို ငါ့ဆီ ခေါ်လာခဲ့။ အဲဒီကောင်လည်း မကောင်းဆိုးဝါးတစ်ကောင်ကွ” အားရပါးရတကျွတ်ကျွတ်ဝါးနေသံများအား ခြံထဲ၌ ကြားရနိုင်သည်။
ကောင်လေးက ကောင်းကင်အား တိတ်ဆိတ်စွာ မော့ကြည့်လေသည်။
“ဆရာကြီး အဖေက တော်တော်လေး စိတ်မကြည်ဘူးသိလား။ ပြီးခဲ့တဲ့ရက်ကပဲ ကျုပ်ကို ရိုက်တယ်။ သူ အင်ပါယာစာမေးပွဲကျတာက ကျုပ်ကြောင့်တဲ့လေ
“အာ နောက်တစ်ခုရှိသေးတယ်။ ကျုပ်ကို မြစ်ထဲကနေ ကောက်ရခဲ့တာတဲ့ ဟုတ်လား
“အခုတလော ကျုပ် အိပ်မက်တွေအများကြီး မက်တယ်။ လူထူးဆန်းတွေအကြောင်းရော ထူးဆန်းတဲ့အရာတွေရော။ ပျံနေတဲ့ လူတွေကိုတောင် မြင်ခဲ့ရတာ။ ပြီးတော့ တစ်ခုခုက သိပ်ရင်းနှီးနေသလိုပဲ။ ကျုပ် နှစ်ယောက်ရှိနေသလို ... တစ်ယောက်ယောက်က ကျုပ်ကို ခေါ်နေသလိုလိုမျိုး” ကောင်လေးမှာ ပြောလိုသည့်အရာကို သေသေချာချာ ရှင်းပြဖို့ အခက်တွေ့နေသယောင်ပင်။ ပြောလေလေ ရှုပ်လေလေ ဖြစ်နေသည်။
အချိန်တစ်ခုကြာသော် စုတ်တီးစုတ်ပဲ့အဘိုးအိုသည် သူ့အိမ်ထဲမှ ပြန်ထွက်လာခဲ့ပြီး ကောင်လေးကို ကြည့်ရင်း ကောင်လေးအရှေ့၌ ရပ်နေ၏။
“ရူးရူးနှမ်းနှမ်းတွေ လျှောက်တွေးမနေနဲ့ကွာ” သူက သမ်းရင်း ပြောသည်။ “မင်းနှစ်ယောက် ဟုတ်စ။ အဲဒါ ကိုယ်ပွားလို့ခေါ်တယ်။ အင်မတန် အစွမ်းထက်တဲ့လူတွေမှာပဲ ကိုယ်ပွားတွေ ရှိနိုင်တာ။ အေး ..... မင်းဆရာလိုမျိုး အစွမ်းထက်ပညာရှင်တွေပေါ့ကွာ။ ပြောစမ်းပါဦး မင်းခံစားရတာတွေအရ မင်းနောက်တစ်ယောက်က ဘယ်မှာတုန်း”
“ဟိုးမှာ ...” ကောင်လေးက ထရပ်၍ အရပ်မျက်နှာတစ်ခုဘက် လက်ညှိုးထိုးရင်း ပြောသည်။ သူ၏မျက်နှာအမူအရာသည် အတန်ငယ်ငေးကြောင်ကြောင် ဖြစ်နေ၏။ “ဟိုးမှာ တော်တော့်ကို ဝေးတယ်ဗျ။ ကျုပ် အိပ်မက်ထဲ မြင်ခဲ့တာတော့ ဧရာမဘုရားကျောင်းတစ်ကျောင်းနဲ့ တောင်တန်းတွေပဲ”
“ဟားဟားဟား မင်းပြောနေတဲ့နေရာကို ဆရာ သေချာသိတာပေါ့။ အဲ့ဒါ နဝမဂိုဏ်းပဲ။ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ နဝမဂိုဏ်း။ အခုတွေးကြည့်တော့မှ နဝမဂိုဏ်းက ဒီပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ဂိုဏ်းသားအဖြစ် လက်ခံနေတယ်ထင်တယ်။ မင်း ဆရာ့စကား ကောင်းကောင်းနားထောင်ရင် မင်းကို ခေါ်ဖို့ ပြောပေးမယ်” အဘိုးအိုက ရယ်သည်။ ကောင်လေးမျက်နှာပေါ်က ငေးကြောင်ကြောင်အမူအရာကို မြင်လျှင် သူသည် ကောင်လေး၏ဆံပင်များကို ထိုးဖွလိုက်၏။
“ကဲ မင်းက စိတ်ကူးယဉ်ရတာ တယ်ကြိုက်တာပဲ။ သနားစရာကလေးလေး ဟုတ်ပြီကွာ မင်းကို အံ့ဩစရာကောင်းတဲ့ အင်မော်တယ်ကျင့်စဉ်တစ်ခု ဒီနေ့ သင်ပေးမယ်။ အဲဒါက မိုးနှင့်မြေကို တုန်ခါစေနိုင်ပြီး တစ္ဆေတွေ၊ နတ်ဘုရားတွေကို အားလုံးကို ငြိမ်ဝပ်သွားစေနိုင်တဲ့ ကောင်းကင်တာအိုတစ်ခုပဲ။ ပြောရရင်တော့ကွာ တာအိုခပ်သိမ်းရဲ့ တာအို၊ မှော်အစွမ်းအားလုံးရဲ့ အစမူလ၊ အသက်အနှစ်သာရပေါ့” ကောင်လေးက ငေးကြောင်မနေတော့ဘဲ စိတ်လှုပ်ရှားနေပုံရလေသည်။
“သွားစို့” အဘိုးအိုသည် ညနေခင်းကောင်းကင်ကို မော့ကြည့်ရင်း ပြော၏။ သူက ခြံအပြင်ထွက်ပြီးနောက် လမ်းကျဉ်းလေးအတိုင်း ဆင်းလျှောက်သွားသည်။ ကောင်လေးနှင့် ခွေးငပျင်းလည်း လိုက်လာ၏။
မှောင်ရိပ်ပျိုးလာသည့်အထိ လျှောက်ပြီးနောက်တွင် အိမ်တစ်အိမ်၏ နောက်ဖေးသို့ သူတို့ ရောက်လာကြသည်။ အဘိုးအိုက ဟိုဟိုသည်သည် ကျီးကန်းတောင်းမှောက်ကြည့်ပြီးနောက် ကောင်လေးနှင့်အတူ တံတိုင်းပေါ် ခုန်တက်ကာ ခြံထဲ ခိုးဝင်သည်။ ထို့နောက် တိုးတိုးလေး ပြော၏။ “ခဏနေရင် ဖြစ်တော့မယ့်ဟာကို မင်း လုံးဝမကြည့်ရဘူးနော်။ နားပဲ နားထောင်နေ။ တာအိုတရားသံကို မင်းကြားရလိမ့်မယ် နားလည်လား။ ဆရာ နည်းနည်းပါးပါး ကျင့်ကြံစရာရှိလို့.. မင်း ဒီနေရာမှာ စောင့်ပြီး လူသွားလူလာကြည့် ... အဲလေ ဓမ္မစောင့်ရှောက်သူအဖြစ် စောင့်ပေးလို့ ပြောတာ”
ကောင်လေးမှာ ရင်တဒိန်းဒိန်းခုန်လာပြီး ခေါင်းတဆတ်ဆတ် ညိတ်သည်။ အဘိုးကြီးက ကျေနပ်သွားပြီး အိမ်ထဲ ဝင်သွား၏။ ထို့နောက် မိန်းမတစ်ယောက်၏အသံကို ကောင်လေး ကြားလိုက်ရသည်။
“ဘာလို့ဒီလောက်ကြာနေတာလဲ ဘိုးတော်ကြီး”
“ရောက်နေပြီလေကွာ ဟီးဟီး ကဲကဲ မြန်မြန်စကြစို့။ မင်းလေးအတွက် မျက်လှည့်ပြပေးမယ် ...”
ထို့နောက် အင်းအင်းအားအားအသံများ အိမ်ထဲမှ ထွက်လာသည်။ ကောင်လေးခမျာ မျက်လုံးပြူးသွား၏။ သူ့အနေဖြင့် နားမလည်သော်လည်း မုဆိုးမလီတွင် လက်ဆောင်အမျိုးမျိုးလာပေးသော အမျိုးသားဧည့်သည်များရှိကြောင်း ရုတ်တရက် မှတ်မိလိုက်သည်။
“မုဆိုးမလီကလည်း ကျင့်ကြံသူတစ်ယောက်ဖြစ်နေတာကိုး” သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ့မှာ အသံများကို နားစွင့်ထားသဖြင့် သူ့အနောက်ရှိ တစ်စုံတစ်ခုကို သတိမထားမိပေ။ အရိပ်တစ်ခု ဘယ်အချိန်ကမသိ ပေါ်လာခဲ့၏။ မှန်သည် ကောင်လေး အသံများကိုနားစွင့်မထားလျှင်တောင် ထိုအရိပ်ကို သတိထားမိဦးမည်မဟုတ်။
အရိပ်သည် အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်တစ်ဦး ဖြစ်၏။ စာပေသမားနှင့် တူသော်လည်း သူ၏မျက်နှာထားက တင်းမာအေးစက်နေသည်။ သူက အသံမထွက်ဘဲ ပေါ်လာခဲ့သော်လည်း သူ၏ရောက်ရှိလာမှုက ကြယ်အလင်းရောင်များကို အတန်ငယ်ကွေးညတ်သွားစေခဲ့၏။ အမဲလိုက်ခွေးမှာ တုန်ရီလာကာ မျက်လုံးများနူးညံ့နွေးထွေးလာလေသည်။
“ခုနစ်နှစ်မြောက်ပြစ်ဒဏ် ... ဒီည ငါ့ကိုယ်ပွားရဲ့ ခုနစ်နှစ်မြောက်ပြစ်ဒဏ် စတင်လိမ့်မယ်။ ပြီးတာနဲ့ သူ့မှတ်ဉာဏ်တွေ ပြန်ရမယ်။ ဒါဆို သူကလည်း ငါ၊ ငါကလည်း သူ ဖြစ်လာလိမ့်မယ်” ထိုလူငယ်သည် မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။ ဤကောင်လေးကတော့ သူ၏စတုတ္ထဘဝအဖြစ် နေထိုင်ဖို့ ဤသေမျိုးကမ္ဘာဆီ အလွှတ်ခံခဲ့ရသော ကိုယ်ပွားပင်။ သူသည် နဝမမန္တန်၏ဉာဏ်အသိကို ရှာဖွေမည့် ကိုယ်ပွားလည်း ဖြစ်၏။
“အခု အချိန်မရွေး စတင်သင့်နေပြီ” မန်ဟိုက တိုးညှင်းစွာ ပြောသည်။ ထိုစကားလုံးများ သူ့ပါးစပ်မှထွက်သွားသည်နှင့် ကောင်လေးတစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် ဗြုန်းစားကြီး ခြောက်ကပ်လာသဖြင့် ကောင်လေးမှာ ကြောက်လန့်တကြား အော်လိုက်လေသည်။
ရုတ်တရက် ထအော်သံက အဘိုးအိုကို လန့်ဖျပ်သွားစေသလို တိတ်ဆိတ်သောညကို ဖြိုခွင်းကာ ကျန်ရွာသားများ၏နားထဲ ရောက်သွားသည်။ အဘိုးအိုသည် အိမ်ထဲမှ ကရောသောပါး ထွက်လာပြီး ကောင်လေးကိုမြင်လျှင် စိတ်ရင်းထဲမှ စိတ်ပူနေသောဟန်ဖြစ်သွား၏။ အမှန်က ဤကလေးကို သူ ဂရုစိုက်လေသည်။ ထို့ကြောင့် သူက သုတ်သုတ်ပျာပျာ ပြေးလာပြီး ကလေးနဖူးပေါ် လက်တင်လိုက်သည်။ မည်သည့်အရာမှ ဖြစ်မနေပေ။ အဘိုးအို မျက်နှာပျက်သွားသည်။ သမားတော်များဖြင့် ကုသမှုခံယူခြင်းက အကောင်းဆုံးမှန်း သူ သိသည့်အတွက် ကောင်လေးကို စွေ့ခနဲ ကောက်ပွေ့ကာ သမားတော်အိမ်ထံ တဟုန်ထိုးပြေးတော့သည်။
ယနေ့သည် မက်မွန်ပန်းရွာလေးရှိ ရွာသားအများစုအတွက် အိပ်ရေးပျက်သောည ဖြစ်၏။ မိုးသားတိမ်စိုင်များက ကောင်းကင်ထက်တွင် စုဝေးနေသော်လည်း မိုးမရွာပေ။ မိုးခြိမ်းသံများ ဆူညံနေပြီး တစတစ မြူများ ထူထဲလာသည်။ ထူးဆန်းစွာနှင့် မြူများသည် ခရမ်းရောင်ဖြစ်ကာ ၎င်းတို့အတွင်း၌ ကြောက်မက်ဖွယ်သတ္တဝါများ ငုပ်လျိုးလျက် ဟိန်းဟောက်နေသည့်အလား အလိပ်လိပ်ထနေ၏။
အကြောင်းတစ်ခုခုကြောင့် ဟိုဟိုလေးဟု အသိများသော ကောင်လေးမှာ သမားတော်၏အိမ်အပြင်က ခြံထဲတွင် အဖျားတက်သကဲ့သို့ တခိုက်ခိုက်တုန်နေသည်။ စုတ်တီးစုတ်ပဲ့အဘိုးအိုအပါအဝင် ရွာသားအတော်များများ စုဝေးနေကြ၏။ စာပေသမားဝတ်စုံဝတ်ထားသည့်တိုင် အရက်တစ်အိုးကိုင်ထားသော နှုတ်ခမ်းမွှေးထူလပျစ်နှင့် သက်လတ်ပိုင်းလူတစ်ယောက်လည်း ရှိနေသည်။ ထိုလူ့မျက်လုံးများက ရီဝေဝေဖြစ်လျက်ရှိ၏။
ဤသက်လတ်ပိုင်းလူကား ကောင်လေး၏အဖေ ဖြစ်လေသည်။ ယခင်တုန်းက သူသည် ဤသို့မဟုတ်။ အင်ပါယာစာမေးပွဲကျပြီးနောက်တွင်တော့ စိတ်ထောင်းကိုယ်ကြေကာ သူ့ကိုယ်သူ ပစ်ထားခဲ့၏။ သူသည် ထုံးစံအတိုင်း မူးရူးနေ၍ ရွာသားတစ်ယောက် ဆွဲခေါ်လာ၍သာ သမားတော်၏အိမ်သို့ ရောက်လာခဲ့ခြင်းဖြစ်လေသသည်။
“မကယ်နိုင်တော့ဘူး” သမားတော်က သက်ပြင်းချရင်း ပြောသည်။
သက်လတ်ပိုင်းစာပေသမားမှာ ထိုစကားကို ကြားလျှင် မြစ်ထဲမှ သူ ကောက်ခဲ့သော ကလေးအား လှမ်းကြည့်သည်။ ယခုတော့ ထိုကလေးမှာ အရိုးအပေါ် အရေတင် ပိန်ချုံးခြောက်ကပ်နေလေပြီ။ စာပေသမားက တုန်ရီသွားပြီးနောက် အရက်အိုးကို မြှောက်ကာ မော့သောက်လိုက်၏။
“သေတာပဲ အေးတယ်...” သူက နာကျင်နေသောအသံဖြင့် ခပ်တိုးတိုးပြောသည်။
ခြံထဲရှိ ကျန်ရွာသားများလည်း သက်ပြင်းခိုးချကြသည်။ ကောင်လေးသည် တစ်ခါတလေ ဆိုးသော်လည်း သူ ယခုလိုအခြေအနေဖြင့် မနာမကျန်းဖြစ်နေသည်ကို မြင်ရခြင်းကား စိတ်မချမ်းသာစရာပင်။
လောလောဆယ်တွင် မန်ဟိုသည် အဖြစ်အပျက်များကို တိတ်ဆိတ်စွာ ငုံ့ကြည့်ရင်း ပျံဝဲနေ၏။ သို့သော် သူ လက်လှမ်းတော့မည့်အချိန်မှာပဲ တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်။
“သေတာပဲအေးတယ်လို့ ဘယ်ခွေးမသား ပြောတာလဲ။ ဟိုဟိုလေး မသေရဘူးကွ” အဘိုးအိုက မျက်လုံးများနီရဲနေလျက် လျှောက်လာပြီးနောက် ကလေးကို ပွေ့လိုက်ပြန်သည်။
“ဒီကလေး မသေဘူး ကြားကြလား” သူက အော်သည်။ “ဖျားရုံလေးဖျားနေတာ။ မင်းတို့တွေ သူ့ကို မကယ်နိုင်တဲ့အပြင် သူ့အဖေကလည်း သူသေသေရှင်ရှင် ဂရုမစိုက်ပေမယ့် ငါက သူ့ဆရာ ငါ ဂရုစိုက်တယ်” ထို့နောက် အဘိုးအိုသည် ကောင်လေးအား သယ်သွား၏
လူတိုင်း အံ့အားသင့်နေကြပြီး ဆူညံပွက်လောရိုက်သွားသည်။ ထိုစဉ်မှာပဲ အဘိုးအို လေပေါ်ပျံတက်သွားသည်ကို သူတို့အားလုံး မြင်လိုက်ကြရရာ ပို၍ပင်အုံးအုံးကြွက်ကြွက် ထသွားတော့သည်။
မန်ဟိုသည် အတွေးများဖြင့် စောင့်ကြည့်နေပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူ့ကိုယ်ပွား တစတစ နိုးလာပြီး မကြာမင် သူနှစ်ယောက်ဖြစ်တော့မည်ကို မန်ဟို ခံစားနေရလေသည်။
(တရုတ်အသံထွက်အရဆို ဟိုဟိုလေးဆိုတဲ့နာမည်က ကြွက်ကလေးဆိုတဲ့အသံထွက်နဲ့ ဆင်ပါတယ်။ ဒီအပိုင်းမှာ ကြွက်ကလေးဆိုပြီး အဓိပ္ပါယ်ရတဲ့ စာလုံးကို သုံးသွားပေမယ့် ဟိုဟိုလေးဆိုတဲ့ အသံထွက်ကိုပဲ သုံးလိုက်ပါတယ် - Etran)