← Chapters

မန်ဟို၏ အကြံအစည်

Vol. 6 Ch. 80

မန်ဟို၏ အကြံအစည်

Vol. 6 Ch. 80

“တာအိုရောင်ရင်း၊ စိတ်တိုစရာမလိုပါဘူး” ထျန်ကျီးအရှင်က ပြုံးရင်း ပြောသည်။ “အငယ်မျိုးဆက်တွေကြားက အသေးအဖွဲကိစ္စတွေလေးပဲလေ။ ကျုပ်တို့ ဒီအတိုင်းပဲ ကြည့်ကြရအောင်လား”

သူတို့နှစ်ယောက် ဤသို့စကားပြောနေကြစဥ် လျှိုတောက်ယွင်က နောက်တစ်ဖန် မချိတင်ကဲ အော်လိုက်ပြန်သည်။ မန်ဟိုက ရှေ့သို့လျှောက်သွားပြီး ဓားတစ်ချက်ဖြင့် လျှိုတောက်ယွင်၏ဘယ်လက်မောင်းကို သူ့ခန္ဓာကိုယ်မှ ပျံထွက်သွားစေသည်။ သွေးများ အဘက်ဘက်သို့ လွင့်စင်သွားသည်။ မန်ဟို၏သိုလှောင်အိတ်မှ ဓားပျံများ ထပ်မံပျံထွက်လာ၏။ ၄င်းတို့က သူ၏ရန်သူကို တစ်လက်ပြီးတစ်လက် ထိုးစိုက်သွားသည်။ သွေးများ ဖွားခနဲ ဖွားခနဲ ပန်းထွက်ကုန်သည်။ တခဏအတွင်း လျှိုတောင်ယွင်၏ခန္ဓာကိုယ်မှာ ဓားတစ်ဒါဇင်ဖြင့် ထုတ်ချင်းဖောက် ခံလိုက်ရလေပြီ။

မန်ဟိုက သူ့ထံသို့ ကိုယ်ကို ကိုင်းရင်း ပြောသည်။ “ခင်ဗျား ဒီနေ့ သေရမယ်လို့ ကျုပ်ပြောရင် ခင်ဗျားတကယ် သေရမှာပဲ”

လျှိုတောက်ယွင်၏ မျက်လုံးများမှာ မျှော်လင့်ချက်ကင်းမဲ့နေတော့သည်။ သွေးများ သူ့ပါးစပ်မှ စီးကျလာ၏။

ချီအခြေတည်အဆင့်ကျင့်ကြံသူလေးယောက်မှာ ဖြစ်ပျက်နေသောမြင်ကွင်းကို တအံ့တသြစောင့်ကြည့်နေကြသည်။ သူတို့မှာ အထူးသဖြင့် မန်ဟို၏ ရက်စက်သောအမူအရာကို မှင်သက်နေကြသည်။

“တော်သင့်ပြီ” ဖုန်းဟန်ဂိုဏ်းမှ အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်တစ်ယောက်က မည်းမှောင်နေသောမျက်နှာကြီးဖြင့် ပြောသည်။ သူက လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်တို့ ရိုက်ခတ်လှုပ်ရှားလာပြီး မန်ဟို့ထံ ပြေးဝင်လာသည်။ ၄င်းက  သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာ သူ၏ ကိုယ်ပိုင်စိတ်ဝိညာဥ်စွမ်းအင်အား မထိဘဲ လျှိုတောက်ယွင်ထံမှ ဝေးရာသို့ ဆွဲခေါ်လိုက်သည်။

မန်ဟို သူထံမှ ဝေးရာသို့ ဆွဲခေါ်ခံသွားရစဥ် လျှိုတောက်ယွင်မှာ ဒဏ်ရာအပြင်းအထန်ရနေသည့်တိုင် မျက်လုံးထဲ၌ မျှော်လင့်ချက်များ တောက်ပသွားသည်။

“ပေါက်ကွဲစမ်း” မန်ဟိုက မျက်လုံးများထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒ တဖျပ်ဖျပ်လက်နေရင်း အေးစက်စွာ ပြောသည်။

သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့် လျှိုတောက်ယွင်၏ခန္ဓာကိုယ်တွင် ထိုးစိုက်နေသော ဓားပျံဒါဇင်ကျော် ရုတ်တရက် အလိုအလျောက်ပေါက်ကွဲကုန်သည်။ သွေးပျက်ချောက်ချားဖွယ် အသံနက်ကြီးတစ်ခု အရပ်မျက်နှာတစ်ခွင့် ပဲ့တင်ထပ်သွားသည်။ လျှိုတောက်ယွင်၏ ခန္ဓာကိုယ်ကား အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရလေပြီ။ အသားတုံးများ အဘက်ဘက်သို့ပျံထွက်သွားစဥ် သူ့ခေါင်းပင်လျှင် မကျန်ခဲ့ပေ။

ချီအခြေတည်အဆင့်ကျင့်ကြံသူလေးယောက်မှာမူ သူတို့၏သူငယ်အိမ်များ ကျုံ့သွားကြသည်။ သူတို့က သွေးအိုင်ကို ကြည့်ပြီးနောက် ခံစားချက်မဲ့သောမျက်နှာပိုင်ရှင် မန်ဟို့ကို ကြည့်သည်။ ဤအခိုက်အတန့်ကို သူတို့ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့တော့မည်မဟုတ်ပေ။

အထူးသဖြင့် မမေ့နိုင်စရာကောင်းသည်က မန်ဟိုတိုက်ခိုက်သည့် အမြန်နှုန်းနှင့် သူ၏ တည်ကြည်ပြတ်သားသောအသံပင်။ ယင်းက သူ၏တွေးခေါ်ပုံမှာ သာမန်မဟုတ်ကြောင်းဖော်ပြနေသည်။ သူက ဖုန်းဟန်ဂိုဏ်းဝင်မဟုတ်သူများကို သူ့ဘက်တော်သားများအဖြစ် ပြောင်းခဲ့သည်။  ထိတ်လန့်ဖွယ်ရလဒ်က သူအမှန်တကယ် မည်မျှခေါင်းမာကြောင်း ဖော်ပြနေသည်။

အခြားသူများလည်း ထိုကဲ့သို့အကြံအစည်မျိုး တွေးနိုင်လောက်သော်လည်း တကယ်လုပ်ရဲသူရှားသည်။ ယနေ့တွင်တော့ မန်ဟို၏ ပထမဆုံး စစ်မှန်သော သတ်ဖြတ်ခြင်းကို သူတို့မျက်စိဖြင့် တပ်အပ်မြင်လိုက်ရလေပြီ။

“သူသေသွားပြီဆိုတော့ ခင်ဗျား ကျုပ်ကို လွတ်ပေးလို့ရပြီ” မန်ဟိုက ဂရုမစိုက်သောလေသံဖြင့် ပြောသည်။

အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်များမှာ မန်ဟို့ကို ငုံ့ကြည့်ရင်း လေထဲတွင် ရပ်နေကြသည်။ သူ၏ခိုင်မာပြတ်သားမှုက သူတို့၏ရင်ထဲတွင် လေးလေးနက်နက် အထင်ကြီးသွားစေသည်။

ထျန်ကျီးအရှင်ပင်လျှင် သူ့ကို အကြာကြီးစိုက်ကြည့်နေသည်။ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သမျှအားလုံးက သူ့ကို မန်ဟိုမည်မျှရက်စက်နိုင်ကြောင်း ဖျတ်ခနဲမြင်လိုက်စေသည်။

လောလောဆယ် မန်ဟို့ကို ချုပ်ကိုင်ထားသော ဖုန်းဟန်ဂိုဏ်းမှ အမြုတေဖြစ်တည်မှုအဆင့် ခေါင်းဆောင်ကြီး၏ မျက်နှာထားမှာ တင်းမာခက်ထန်နေသည်။ မန်ဟိုက သူကြားဝင်စွက်ဖက်သည့်နောက်တွင်ပင် သူ့အရှေ့တည့်တည့်၌ လျှိုတောက်ယွင်ကို သတ်ဖြတ်ခဲ့သည်။ ဤအခြင်းအရာကြောင့် သူ မျက်နှာပျက်ရလေပြီ။ သူသည် အတွေးလေးတစ်ချက်နှင့် လျှိုတောင်ယွင်သေဆုံးသွားသည့်အတိုင်း မန်ဟို့ကို အပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်သည်။ သို့သော် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်နှာအမူအရာကို စဥ်းစားလျှင် ထိုသည်က ရွေးချယ်စရာမဟုတ်ပေ။

သူက အေးစက်စက်နှာမှုတ်ရင်း အင်္ကျီလက်စကို ခါလိုက်ရာ မန်ဟိုပတ်လည်က မမြင်ရသောအနှောင်အဖွဲ့များ ပျောက်ကွယ်သွားသည်။ သို့သော် သူက မန်ဟို့ကို မြင်ရသောတိုက်ကွက်တစ်ခုဖြင့် ထိုးနှက်၍ သူ့ကို သွေးတစ်ပွက် အန်စေလိုက်သည်။ မန်ဟိုက မျက်နှာဖြူဆုပ်နေသော်လည်း ကြောက်မက်ဖွယ်မျက်လုံးများဖြင့် ပြန်ကြည့်သည်။

“လျှိုတောက်ယွင်က ကျုပ်ကို ဆက်တိုက်လှောင်နေခဲ့ပြီး သတ်မယ်လို့ကျိန်ပြောခဲ့တယ်” မန်ဟိုက သူ့ကို အခုလေးတင် ထိခိုက်စေခဲ့သော အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်ကို ကြည့်ရင်း ပြောသည်။ “အငယ်မျိုးဆက်ဖြစ်တဲ့ ကျုပ်မှာ အရင်ဆုံးတိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပါဘူး။ ဝါရင့်မျိုးဆက်ဝင်တွေအနေနဲ့ မျက်နှာမလိုက််ဘဲ သမာသမတ်ကျကျ တာဝန်ယူဖို့ တောင်းဆိုချင်ပါတယ်။ အခုလောလောဆယ်တော့ ဖုန်းဟန်ဂိုဏ်း သူတို့ရဲ့အဆိပ်ဖြေဆေးလုံးကို ထုတ်မပေးမှာ ကျုပ် တော်တော်လေး စိတ်ပူမိတယ်။ အငယ်မျိုးဆက်ဖြစ်တဲ့ ကျွန်တော်မျိုး မှီခိုရာဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းဂူကို ဖွင့်တဲ့အချိန် အေးအေးဆေးဆေးနားနိုင်အောင် ဆေးလုံးတွေ ကျေးဇူးပြုပြီး ထုတ်ပေးနိုင်မလားဗျာ”

မန်ဟို မည်မျှ ရက်စက်ပြီး ကောက်ကျစ်ကြောင်း ရုတ်တရက် နားလည်လိုက်သဖြင့် ချီအခြေတည်အဆင့်ကျင့်ကြံသူလေးယောက်၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်။

အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်များလည်း မန်ဟို့စကားကြားသည်နှင့် မျက်လုံးများ လက်ခနဲဖြစ်သွားသည်။ သူဘာတွေးနေသည်လဲ သူတို့ချက်ချင်းသဘောပေါက်လိုက်ပြီး ဖုန်းဟန်ဂိုဏ်း အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်နှစ်ယောက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ကြသည်။

သူတို့၏မျက်နှာများမှာ ရေခဲတမျှ အေးစက်နေ၏။

“မင်းရဲ့ လိမ္မာပါးနပ်တဲ့နှလုံးနဲ့ဆိုရင် ကျိုးပြည်မှာ နေကျန်ရစ်ဖို့ ခက်ခဲလိမ့်မယ်” ထျန်ကျီးအရှင်က ပြောသည်။ “ငါမှာ အစေခံတစ်ယောက်နေရာလွတ်နေတာရှိတယ် မန်ဟို။ မင်းစဥ်းစားသင့်တယ်” မန်ဟို့ကို ကြည့်လိုက်သည်တွင် သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ သူအပြုံးသည် သူ၏ဝတ်ရုံပေါ်က အဆင်တန်ဆာဖြစ်သည့် ထူးထူးဆန်းဆန်းရင်ပြင်တစ်ခုအလယ်ရှိ အဖော့်မဲ့မျက်လုံးတစ်စုံကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ဟန်တူသည်။

ဖုန်းဟန်ဂိုဏ်းမှ နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီးက ဟမ့်ခနဲ နှာမှုတ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်းသည် ပုံမှန်အားဖြင့် အချင်းချင်းမတည့်ကြသည့်အတွက် ယခုအချိန်တွင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ သူ့ကို စိုက်ကြည့်နေကြကြောင်း သူကောင်းကောင်းသိသည်။ သူ့မှာ ရှေ့ဆက်ပြဿနာမဖြစ်ချင်သော်လည်း သူ့နှလုံးသားထဲတွင်တော့ မန်ဟို့ကို သတ်ရန် မှတ်ထားခဲ့လေပြီ။ သူက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ အဖြူရောင်ဆေးလုံး ပေါ်လာပြီး မန်ဟို့ထံ ပြေးဝင်သွားသည်။

၄င်းက မွှေးပျံသောရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ ရှေးဟောင်းကျောက်စိမ်းပြားမှ လေ့လာမှုအရ တစ်ချက်ကြည့်ရုံနှင့် ၄င်းသည် အေးခဲအလောင်းဆေးလုံးအတွက် ဖြေဆေးဖြစ်ကြောင်း မန်ဟိုပြောနိုင်သည်။

သူက ၄င်းကို ဖမ်းယူလိုက်သည်။ သို့သော် သူသည် ၄င်းကို မစားဘဲ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အရှေ့ဘက်တောင်ထိပ်ထံ ဦးတည်သွားသည်။

ဂိုဏ်းကြီးသုံးဂိုဏ်းမှ ပညာရှင်များမှာမူ သူ မူမမှန်သည့်အရာ တစ်ခုခုလုပ်ဖို့ ကြိုးစားပါက လှုပ်ရှားရန်အသင့်ပြင်ရင်း သူ့ကို အနီးကပ်စောင့်ကြည့်နေကြသည်။ ထျန်ကျီးအရှင်က မျက်လုံးများ တလက်လက်တောက်ပနေရင်း အရှေ့ဘက်တောင်တန်းကို စိုက်ကြည့်နေသည်။

မန်ဟိုက တောင်ထိပ်သို့ တန်းတန်းမတ်မတ် ပျံတက်မသွားပေ။ ပညာရှင်များအတွက်တော့ စိတ်ရှည်ရန်သာ လိုအပ်ပေမည်။ သူသည် ဝမ်တန်ဖေး၏ကျင့်ကြံခြင်းဂူကို ဖြတ်ရင်း အရှေ့ဘက်တောင်တက်လမ်းအတိုင်း လျှောက်သွားသည်။ အစ်ကိုကြီးချန်နှင့် အစ်မရှုတို့၏ ဂူများကိုလည်း သူမြင်လိုက်ရသည်။ အတိတ်မှပုံရိပ်များသည် သူ့စိတ်ထဲ၌ စုဝေးလာပြီး သူက သက်ပြင်းချလိုက်သည်။

နောက်ဆုံး၌ သူသည် သူ့အပိုင်ကျင့်ကြံခြင်းဂူအရှေ့တွင် ရပ်လိုက်သည်။ သူက ၄င်းကို တိတ်ဆိတ်စွာ ရပ်ကြည့်နေပြီးနောက် အရှေ့ဘက်တောင်ထိပ်နှင့် မှီခိုရာဂိုဏ်းချုပ်၏ပင်မခန်းမဆောင်သို့ ဦးတည်ရင်း တဖြေးဖြေး ရှေ့ဆက်သွားသည်။

အနောက်ယွန်းယွန်းသို့ ဝင်စပြုနေသောနေသည် ခန်းမအပေါ်ဖြာကျနေရာ ၄င်းကို အလွန် ခမ်းနားတင့်တယ်နေစေသည်။ မန်ဟိုက ခြေလှမ်းကြဲကြဲလှမ်းရင်း အထဲလျှောက်သွားသည်။ သူ့အကြည့်သည် အထဲရှိ ရုပ်တုများကို ကျော်ဖြတ်သွားပြီး နောက်ဆုံး မှီခိုရာဂိုဏ်းချုပ်၏ရုပ်တုအပေါ် ကျရောက်လာသည်။

မှီခိုရာဂိုဏ်းချုပ် အခြားဂိုဏ်းမှ ကျင့်ကြံသူများကို ခြောက်လှန့်ခဲ့သည့်နေ့ရက်က သူသည် သူ၏ကျင့်ကြံခြင်းဂူဆီသို့ သွားရာလမ်းအား ဖွင့်ရန် လျှို့ဝှက်နည်းလမ်းကို မန်ဟို့ထံ ပြောပြခဲ့သည်။ ယခု တစ်နှစ်ကြာပြီးနောက်ဆုံး မန်ဟို ပြန်ရောက်လာခဲ့လေပြီ။

တကယ်တမ်း ချိန်းဆိုခဲ့သည့်နှစ်က ကျော်လွန်ခဲ့ပြီးဖြစ်သည်။ မန်ဟို မှီခိုရာဂိုဏ်းချုပ်၏ ရုပ်တုထံ ချဥ်းကပ်သွားစဥ် ကျိုးပြည်မှပညာရှင်များက သူ့ကို အနောက်မှ စောင့်ကြည့်နေကြသည်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီးနောက် ညာလက််ကိုမြှောက်ကာ ရုပ်တုအပေါ်ရှိ တစ်နေရာကို လက်ချောင်းဖိချလိုက်သည်။ စက္ကန့်အနည်းငယ်ကြာတိုင်း သူသည် တူညီသောနေရာကို လက်ချောင်းဖိချတတ်သည်။ ထပ်ကာ ထပ်ကာ၊ နောက်ဆုံး ၁၇၉ကြိမ်တိုင်အောင် ဖိချခဲ့ပြီးလေပြီ။ ရုတ်တရက် ခန်းမဆောင် တသိမ့်သိမ့်တုန်ခါလာသည်။ ရုပ်တုများမှာ ပြင်းပြင်းထန်ထန်တုန်ခါလာပြီးနောက် အက်ကွဲလာကာ ခန်းမဆောင်တစ်ခုလုံးပြိုကျသွားစေသည်။ ထို့နောက် မှီခိုရာဂိုဏ်းချုပ်၏ရုပ်တုမှ စူးရှတောက်ပသောအလင်းရောင်တစ်ခုသည် အမှိုက်သရိုက်၊ ကျောက်တုံးကျောက်ခဲအားလုံး လှဲကျင်းဖယ်ရှားပြီး ရုပ်တုသာ ကျန်ရစ်စေရင်း ဖြာထွက်လာသည်။

ရုပ်တု၏အောက်တွင်ကား ကျောက်စင်မြင့်ကြီးတစ်ခု။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ ဤသည်ကိုမြင်သော် သူတို့၏မျက်လုံးများ မျှော်လင့်ချက်များဖြင့် ဝင်းလက်တောက်ပသွားသည်။

ရုပ်တုသည် အံ့မခန်းလိလိစွမ်းအားကြီးကို ထုတ်လွှတ်နေပြီး ၄င်း၏မျက်လုံးများမှာ အသက်ဝင်နေသည့်အလား တောက်ပနေ၏။ ဤအခြင်းအရာက ကျင့်ကြံသူများကို ပို၍ပင် စိတ်လှုပ်ရှားစေသော်လည်း ဘယ်သူမှ ရုပ်တုအနားမကပ်ရဲကြပေ။

မန်ဟိုက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ ခါးကိုင်းအရိုအသေပေးလိုက်သည်။ “ဂိုဏ်းသားမန်ဟို၊ ဂိုဏ်းချုပ် အနားယူနေတာကို နှောင့်ယှက်ပါရစေ။ ဂိုဏ်းချုပ်ခင်ဗျား၊ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ကျင့်ကြံခြင်းဂူကို ဖွင့်ပေးနိုင်မလား” သူက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများကား လင်းလက်တောက်ပလျက်ရှိသည်။ သူက ကျိုးပြည်ပညာရှင်များကို ကျောပေးရင်း ဗလုံးဗထွေး ခပ်တိုးတိုးရေရွတ်လိုက်သည်။

“စုစည်းစေ”

သူ့ပါးစပ်မှ စကားလုံးထွက်သွားသည်နှင့်တစ်ပြိုင်နက် ရုပ်တုသည် တုန်ခါလာပြီး ပို၍ပင်စူးရှတောက်ပသော အလင်းရောင်တစ်ခု ၄င်းမျက်လုံးများထဲတွင် တောက်ပလာသည်။ အလင်းရောင်က အလွန်စူးရှတောက်ပလာပြီး လေမုန်တိုင်းတစ်ခုဖြစ်တည်လာသည်။ ကျိုးပြည်ပညာရှင်များ၏ မျက်နှာများအပေါ်၌ အံသြတုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။

အက်ကြောင်းများ ရုပ်တုမျက်နှာပြင်ပေါ်တွင် ပေါျလာပွိီး တစတစပိုများလာ၏။ အသက်ရှိုက်စာအနည်းငယ်အတွင်း ၄င်းမှာ ဘန်းခနဲ ပေါက်ကွဲသွားကာ ကျောက်တုံးကျောက်ခဲများအား အဘက်ဘက်သို့ပျံထွက်သွားစေသည်။ ယခုတွင် ရုပ်တုကြီး ရပ်နေခဲ့သော ကျောက်စင်မြင့်မှ စူးရှသောအလင်းရောင်တစ်ခုထုတ်လွှတ်လာသည်။

လည်ပတ်နေသောမန္တန်မှ ထုတ်လွှတ်နေသော စူးရှတောက်ပနေသည့်အလင်းရောင်က ကျိုးပြည်ပညာရှင်များကို ရင်သပ်ရှုမောဖြစ်သွားစေသည်။ ဤကဲသို့ မန္တန်များနှင့် ရင်းနှီးသည့် မည်သူမဆို ၄င်းမှာ အနှောင်အဖွဲ့ဖြေပေးခံနေရသည့် ချုပ်နှောင်မန္တန်တစ်ခုဖြစ်ကြောင်း ပြောနိုင်လေသည်။

မိုးခြိမ်းတမျှကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာပြီး အလင်းတန်းကြီးတစ်တန်း ကောင်းကင်ထံ ထိုးတက်သွားသည်။ ထို့နောက် အလင်းတန်းသည် ဧရာမအကွင်းကြီးတစ်ကွင်း ဖြစ်သည်အထိ တွန့်လိမ်ကောက်ကွေးလာသည်။

အကွင်း၏ အတွင်းပိုင်းမှာ ဝေဝါးလာပြီးနောက် အခြားတစ်နေရာသို့ ဦးတည်နေသော ဝဲတစ်ခုအသွင်ပြောင်းသွားသည်။

အလင်းကွင်းပေါ်ဘာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက လေပေါ်ခုန်တက်ပြီး တဟုန်ထိုးပြေးဝင်သွားသည်။ သူကား အတွင်းထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ သူ့နောက်တွင် ကျိုးပြည်မှ ပညာရှင်များ တွန့်ဆုတ်နေကြသည်။

“ချီအခြေတည်အဆင့်ဂိုဏ်းသားတွေ ၊ အရင်သွားကြ” ထျန်ကျီးအရှင်က ပြောသည်။ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူခြောက်ယောက်က ခေါင်းညိတ်သဘောတူလိုက်ကြ၍ ချီအခြေတည်အဆင့်ကျင့်ကြံသူများမှာ အံတင်းတင်းကြိတ်ပြီး ပျံထွက်သွားကြသည်။ သူတို့က ဝဲထဲဝင်ရောက်ပျောက်ကွယ်သွားသည်။

အသက်ဆယ်ရှိုက်စာအနည်းငယ်ကြာသော် ထျန်ကျီးအရှင်နှင့် အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်များ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဂိုဏ်းသုံးဂိုဏ်းမှ အဖွဲ့ဝင်တစ်ယောက်စီ ထွက်သွားကြသည်။ သူတို့ဝင်ရောက်ပြီးနောက် ထျန်ကျီးအရှင်နှင့်အတူ ကျန်ပညာရှင်များ လိုက်ပါသွားကြသည်။

ဝဲထဲဝင်ရောက်လျှင်ချင်း သူတို့၏စိတ်များ ချာချာလည်သွားပြီး အသက်ရှုသံတို့ မြန်ဆန်လာသည်။ ဘေးဘီဝဲယာကို ကြည့်လိုက်သော် သူတို့ပထမဆုံးမြင်လိုက်သည့်အရာကား ဧရာမကျောက်တိုင်ကြီးတစ်တိုင်။ ကျောက်တိုင်ပေါ်တွင် ရွှေရောင်စာလုံးများရေးထိုးထား၏။ ထိပ်ဆုံးရှိစကားလုံးများကဘသူတို့မျက်လုံးများကို ချက်ချင်းတောက်ပသွားစေသည်။

“ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ”

***

All Chapters