← Chapters

ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူ

Vol. 6 Ch. 81

ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူ

Vol. 6 Ch. 81

မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းနယ်မြေတွင် ကျိုးပြည်မှ ကျင့်ကြံသူအားလုံး ချန်ဖန်းချန်ခဲ့သည့် ကျောက်တိုင်ကို စိုက်ကြည့်နေကြသည်။ သူတို့က စိတ်အားထက်ထက်သန်သန်ဖြင့် ကျောက်စိမ်းပြားအပေါ်သို့ ကူးရေးလိုက်ကြသည်။

“ဒီကျောက်တိုင်က မြင့်မြတ်သောဝိညာဥ်ကျမ်းစာပဲ”

“ဒီလောက်လွယ်လွယ်တဲ့ ရလိမ့်မယ်လို့ ကျုပ်တစ်ခါမှ မထင်ထားခဲ့ဘူး။ ဟားဟားဟား။ ကျုပ်အခြေကို တည်ဆောက်ပြီးသားဆိုပေမယ့် ဒီကျမ်းစာနဲ့ဆိုရင် ဒုတိယအမြုတေပင်လယ်ကို ဖန်တီးနိုင်တယ်။ ဒီစဦးချီဖွဲ့စည်းမှု ကျင့်စဥ်ကျမ်းနဲ့ ငါ့အခြေရဲ့တာအိုမဏ္ဍိုင်တွေကို ကျိုးပဲ့အဆင့်ကနေ ဒဏ်ရာအဆင့်အထိ မြှင့်တင်နိုင်ပြီ။ အနာအဆာမဲ့အခြေကို ဖန်တီးဖို့တောင် ဖြစ်နိုင်လောက်တယ်”

ထျန်ကျီးအရှင်သည် ဂုဏ်သိက္ခာရှိသော အမျိုးသမီးနှင့်အတူ ချဥ်းကပ်လာ၏။ “မဟုတ်ဘူး” သူမက ပြောသည်။ “ကျမ်းစာတစ်ဝက်ပဲ ဒီမှာရှိတာ.....” သူမကား တစ်ချက်လေးကြည့်ရုံနှင့် အမှန်တရားကို ပြောနိုင်၏။

ထျန်ကျီးအရှင်က ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် မျက်လုံးများ တောက်ပနေရင်း ရှေ့သို့ခြေလှမ်းအနည်းငယ် ဆက်သွားသည်။

ရုတ်တရက် ကျောက်တိုင်သည် အကြည့်များအာရုံစိုက်ခံနေရခြင်းကို မခံနိုင်သည့်အလား အက်ကွဲလာသည်။ အက်ကွဲကြောင်းများ ပျံ့နှံ့လာသဖြင့် တဖောက်ဖောက်မြည်သံများ ကြားနိုင်လေသည်။ လူတိုင်း အထိတ်တလန့်ကြည့်လိုက်ကြသည်။

အက်ကြောင်းများ ပျံ့နှံ့လာစဥ် ရွှေရောင်စာလုံးများ ပျောက်ကွယ်လာပြီး ဖတ်မရလောက်အောင် မှေးမှိန်နေသော နောက်စာပိုဒ်တစ်ပိုဒ်ဖြင့် အစားထိုးခံလိုက်ရသည်။ ဤစာလုံးများက မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ စဦးချီဖွဲ့စည်းမှု ကျင့်စဥ်ကျမ်း ဒုတိယတစ်ပိုင်းဖြစ်သည်။

လူတိုင်း စာပိုဒ်ကို ဆုံးအောင် မဖတ်နိုင်ခင် ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ကျောက်တိုင်သည် အပိုင်းရှစ်ပိုင်းအဖြစ် ကွဲကြေပေါက်ကွဲသွား၏။

အပိုင်းရှစ်ပိုင်းသည် ရောင်စုံအလင်းတန်းရှစ်တန်းအသွင်ပြောင်းကာ အရပ်ရပ်သို့ ပျံထွက်သွားသည်။

စောင့်ကြည့်နေသူများ အံသြသွားသော်လည်း ချက်ချင်း အသီးသီးလှုပ်ရှားလိုက်ကြသည်။ ထျန်ကျီးအရှင်အပါအဝင်၊ အမြုတေဖြစ်တည်မှုအဆင့်ပညာရှစ်ခုနစ်ယောက်က အပိုင်းတစ်ပိုင်းစီနောက်လိုက်သွားသည်။ ရှစ်ခုမြောက်အပိုင်းက ချီအခြေတည်အဆင့်ပညာရှင်ဆယ်ယောက်ကျော်အတွက် ဖြစ်သည်။

တခဏအတွင်း အရာအားလုံးး ဝရုန်းသုန်းကားဖြစ်သွားသည်။ လူခွဲပြီးလျှင်ချင်း မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းနယ်မြေမှာ မှော်ပစ္စည်းများ၊ ဝိညာဥ်ကျောက်တုံးများ၊ဆေးလုံးများဖြင့် ပြည့်သျှံနေကြောင်း အကုန်လုံး သတိထားမိလိုက်ကြသည်။ ဤအခြင်းအရာက သူတို့အား အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။ ကံဆိုးစွာပင် ပစ္စည်းအားလုံးမှာ တားမြစ်မန္တန်များဖြင့် ကာကွယ်ခံထားရလေသည်။ သူတို့ မန္တန်များ ပွင့်အောင် အားမသုံးသရွေ့ ပစ္စည်းများအား ထိမရပေ။

ရုတ်တရက် ထစ်ခြုန်းသံများ ကျင့်ကြံခြင်းနယ်မြေအတွင်း ထွက်ပေါ်လာပြီး ခဲရောင်အလင်းထွက်ပေါ်လာသည်။ ၄င်းအထဲတွင် ပုံသဏ္ဍာန်အမြောက်အမြားတည်ရှိနေဟန်တူသည်။ ၄င်းတို့က ရူးသွပ်နေသောပုံပန်းသွင်ပြင်များဖြင့် ကျူးကျော်သူများထံ ဦးတည်လာကြသည်။

မန်ဟိုမှာမူ ဝရုန်းသုန်းကား စဖြစ်သည်နှင့်တစ်ပြိုင်နက် ဗော်ပယ်သွေးကျောက်တုံးတစ်တုံး ထုတ်ပြီး ဘေးကပ်လိုက်သည်။ သူသည် နောက်ဆုံးတစ်ခေါက် ဤနေရာတွင်ရှိခဲ့စဥ်က သွေးကျောက်တုံးတော်တော်များများ သုံးစွဲခဲ့သော်လည်း အဆုံးသတ်တွင် သိုလှောင်အိတ်ထဲ ထိုးထည့်ထားခဲ့သော နှစ်တုံးကျန်သေးလေသည်။ တစ်တုံးထုတ်ပြီးနောက် ရုတ်တရက် ထွက်လာသည့် ရူးသွပ်နေသော အစောင့်ရှောက်တစ္ဆေများက သူ့ထံ ချဥ်းကပ်လာကြသည်။

“ငါ လူတိုင်းကို ဒီခေါ်လာခဲ့ပြီးပြီ။ အခု မှီခိုရာဂိုဏ်းချုပ် သူတို့နဲ့ ဘယ်လိုရင်ဆိုင်မလဲ ကြည့်တာပေါ့” မန်ဟို၏မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ သူသည် ဤလူများအပေါ် စေတနာနည်းနည်းလေးမှ မရှိပေ။ သူက သွေးအေးသော အပြုံးတစ်ခုဖြင့် သူတို့ကျောက်တိုင်၏အစိတ်အပိုင်းများနောက်လိုက်နေသည်ကို စောင့်ကြည့်နေ၏။ သူတို့ သေမည်ကို သူကြည့်ဖို့ မစောင့်နိုင်တော့ပေ။

မှန်ပါသည်။ ကျောက်တိုင်က အတုပင်။ မနှစ်က ၄င်းပေါ်လာခဲ့သည့်အချိန်ကတည်းက သူသိခဲ့သည်။ သူသည် သတိကြီးကြီးထားရင်း အခြားကျင့်ကြံသူများကို ရှောင်တိမ်းကာ ရှေ့သို့ဖြေးဖြေးချင်းလျှောက်သွားသည်။ မှီခိုရာဂိုဏ်းချုပ်မည်သည့်နေရာတွင် တံခါးပိတ်ကျင့်ကြံနေသည်လဲ သူမသိပေ။ သို့သော် ဂိုဏ်းချုပ် သူ့ခန္ဓာကိုယ်ထဲကအဆိပ်ကို မဖြေပေးမချင်း ဤနေရာက ထွက်သွား၍မဖြစ်သည်ကိုတော့ သူသိသည်။

ဂိုဏ်းချုပ်ပြောခဲ့သော ဆုလာဘ်လည်း ရှိသေးသည်မဟုတ်လော။

အချိန်အနည်းငယ်ကြာသော် မန်ဟို ရပ်ပြီး ဟိုဟိုသည်သည်ကြည့်လိုက်သည်။ ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွားပြီး ပေါက်ကွဲမှုများက မြေကြီးကို တသိမ့်သိမ့်တုန်ခါသွားစေသည်။ အဝေးတွင် အရှေ့ရှိ တောက်ပနေသောဒိုင်းကို ချိုးဖျက်ရန် မှော်ပညာရပ်တစ်ခုပြီးတစ်ခု အသုံးပြုနေသဖြင့် ဆံပင်များ ဖရိဖရဲလွင့်ပျံနေလျက်ရှိသော ဂုဏျသိက်ခါရှိ အဘွားကြီးကို သူလှမ်းမြင်လိုက်သည်။

တောက်ပနေသောဒိုင်းအထဲတွင်ကား ကျောက်တိုင်အပိုင်းတစ်ပိုင်း။

အဘွားကြီးမှာ အမြုတေဖြစ်တည်အဆင့်ဖြစ်သည်။ သူမ၏တိုက်ကွက်များက သူမပတ်ပတ်လည်ရှိ အရာရာတိုင်းကို ပြင်းပြင်းထန်ထန်တုန်ခါနေစေသည်။ သူမ၏မှော်ပညာရပ်များက ငွေရောင်မြစ်တစ်စင်းသဖွယ် တစ်ခုပြီးတစ်ခု တရစပ်ထွက်ပေါ်လာပြီး အရိုးခိုက်မတတ်အေးသော အေးခဲချီများအား ထုတ်လွှတ်နေရာ သူမပတ်ဝန်းကျင်တစ်ခုလုံး ရေခဲတုံးများအဖြစ် ခဲသွားစေသည်။ မြစ်အတွင်းတွင် ငရဲကမ္ဘာသင်္ချိုင်းမှ ဝိညာဥ်များ၏ အော်ဟစ်ငိုကြွေးသံကဲသို့ အသံများကို ကြားနိုင်သည်။ ၄င်းကား ငရဲကိုးထပ်မှ ထွက်ပေါ်လာခဲ့သည့်အလားပင်။

သူမက အင်္ကျီလက်စကို ခါလိုက်ရာ တောက်ပနေသောဒိုင်းထံ ထိုးဆင်းသွားသော တောင်တစ်လုံး၏ မထင်မရှားပုံရိပ် ထွက်ပေါ်လာသည်။ ကြယ်တာရာများဖြင့် ဖွဲ့စည်းထားပုံရသည့် တောင်ကား တဖြေးဖြေးမီးတောက်လာပြီးနောက် အနက်ရောင်ပြောင်းသွားသည်။ အရောင်က နက်မှောင်နေသည့်တိုင် ၄င်းက စူးရှတောက်ပသောအလင်းရောင်တစ်ခုကို ထုတ်လွှတ်နေဆဲပင်။

မြစ် နှင့် တောင်က တစ်ခုနှင့်တစ်ခု စတင်ထပ်လာရာ ရင်သပ်ရှုမောဖွယ် ထုတ်ဖေါ်ပြသမှုကြီးတစ်ခု ဖန်တီးနေတော့သည်။ အဘွားကြီးကို ဝန်းရံထားသော ငွေရောင်အမျှင်တန်းများက သူမတွင် ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးနိုင်သည့်စွမ်းအား ရှိသည့်ပုံပေါ်နေစေသည်။ သူမက ပုရွက်ဆိတ်ကလေးတစ်ကောင်အပေါ် နင်းချလိုက်သကဲ့သို့ သူ့ကို အလွယ်တကူသတ်နိုင်လေသည်။ သူမအတွက် ငရဲမှ မြစ်နှင့် ကြယ်များဖြင့်ပြုလုပ်ထားသော တောင်ကို အသုံးပြုစရာပင် လိုမည်မဟုတ်ပေ။

“ဒါက အမြုတေဖြစ်တည်မှုအဆင့်ဆိုတာလား.......” မန်ဟိုသည် အနီးကပ်စောင့်ကြည့်နေပြီး တစ်ချိန်တည်းမှာပင် ဝေးဝေးရွေ့လျားသွားသည်။ သူ့ အနားမကပ်ရဲပေ။

အဘွားကြီးက မာန်သွင်းဟိန်းဟောက်လိုက်ပြီး ပေါက်ကွဲကြီးတစ်ခု ရိုက်ခတ်သွားသည်။ အတန်ငယ်အလှမ်းဝေးနေသည့်တိုင် မန်ဟို၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့မှာ သွေးတချို့အန်လိုက်ရသည်။ သူ အနောက်သို့ ဝေးဝေးဆုတ်ရင်း စောင့်ကြည့်နေစဥ် အဘွားကြီးက ပါးစပ်မှ ခပ်ဝိုင်းဝိုင်းဆေးလုံးတစ်လုံး ထွေးထုတ်လိုက်သည်။ ဆေးလုံးမှာ အရောင်သုံးရောင်ရောစပ်နေသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံး အစိတ်စိတ်အမွမွ ပြိုကျပျက်စီးတော့မည့််လား မန်ဟိုအာရုံရလိုက်သည်။ သူ့မျက်လုံးထဲတွင် ဤရောင်စုံဆေးလုံးသည် အရာအားလုံး၏ အစလည်းဟုတ်သလို၊ အဆုံးသတ်လည်းဖြစ်သည်။

ဆေးလုံးက လင်းလက်စွာတောက်ပရင်း ဒိုင်းထံ ပြေးဝင်သွားရာ ဧရာမပေါက်ကွဲမှုကြီး မြည်ဟည်းသွားသည်။ မန်ဟိုက မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆက်ဆုတ်သွားသည်။

“အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်က ငါ့ကို မျက်စိတစ်မှိတ်အတွင်း အစအနမကျန် ရှင်းပစ်နိုင်တယ်” သူ နောက်ဆက်ဆုတ်နေစဥ် ဝမ်မျိုးနွယ်စုမှ တာအိုစောင့်ရှောက်သူ ဝမ်ချီဖန်းကို ပြန်တွေးမိလိုက်သည်။

“ငါ အခု စဦးချီဖွဲ့စည်းမှုအဆင့် (၉) မှာ။ ဒါပေမယ့် အဆင့် (၁၀) ရောက်ရင်တောင်မှ...... အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ဆီက အတိုက်အခိုက်မှော်ပညာနည်းနည်းလေးတောင် မခံနိုင်လောက်အောင် အားနည်းနေဦးမှာပဲ” သူသည် အဖြစ်အပျက်များကို နောက်ဆက်ဆုတ်သွား၏။

“ဒီလူတွေအားလုံးက တစ်ယောက်ကို အသက်တစ်ရာကျော်ရှိတယ်။ အတွေးအခေါ်နဲ့ အတွေ့အကြုံအရဆိုရင် ငါ သူတို့ကိုမယှဥ်နိုင်ဘူး..... စောစောက ငါ့အကြံအစည်တွေအကုန် အလုပ်ဖြစ်လို့တော်သေးတယ်၊ မဟုတ်လို့ကတော့.........” ဤအကြောင်းပြန်တွေးသောအခါ သူရင်ထိတ်သွားမိသည်။

“အမြုတေဖြစ်တည်မှုအဆင့်ပြီးရင် အနုသုခုမရုပ်ခန္ဓာအဆင့်ပဲ။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဘယ်လောက်အစွမ်းထက်မလဲ သိချင်မိတယ်......” သူ ဤအခြင်းအရာကို တွေးသောအခါ ရင်တဒိတ်ဒိတ်ခုန်လာပြီး သူတစ်ခါမှ မတွေ့ရသေးသော လူထူးဆန်းစုန့်ကို သတိရလိုက်သည်။

“ဒါနဲ့ မှီခိုရာဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်က ဘာပါလိမ့်။ အရင်က ဂိုဏ်းခေါင်းဆောင် ပြောနေတာကြားဖူးတယ်။ သူက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ဆိုလား.......ဒါက အနုသုခုမရုပ်ခန္ဓာ ယအဆင့်ထက်တောင် မြင့်သေးတာပဲ” မန်ဟို အသက်ရှူသံတို့မြန်ဆန်လာပြီး သူ့မျက်လုံးထဲတွင် အားကျသောအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ အလျှော့မပေးလိုသော စိတ်ဆန္ဒက သူ့နှလုံးသားကို စိုးမိုးသွား၏။ သူ အစွမ်းထက်ချင်သည်။ အစွမ်းထက်မှသာလျှင် အခြားသူများ နင်းချေဖျက်စီးနိုင်သည့် အင်းဆက်လေးတစ်ကောင်ဖြစ်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သူသိသည်။ အစွမ်းထက်မှသာလျှင် သူ၏လိုအင်ဆန္ဒများကို ဖြည့်ဆည့်ပြီး သူ၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်မည်။

တိတိကျကျပြောရလျှင် အစွမ်းထက်မှသာလျှင် ကျင့်ကြံခြင်းလောက၌ သူရှင်သန်နိုင်မည်။

မန်ဟိုမှာ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို တအံ့တသြငေးကြည့်နေမိသည်။ ပေါက်ကွဲမှုများ မှီခိုရာဂိုဏ်းချုပ်၏ကျင့်ကြံခြင်းနယ်မြေတွင် တဝုန်းဝုန်း ရိုက်ခတ်နေသည်။ ပေါက်ကွဲသံများက တစ်နေရာတည်းမှမဟုတ်ဘဲ ခုနစ်နေရာမှ ထွက်လာနေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မိုးခြိမ်းသမျှကျယ်လောက်သော မာန်သွင်းဟိန်းဟောက်သံများဖြင့် ပြည့်နှက်လျက်ရှိပြီး အမျိုးမျိုးသော အကာအကွယ်မန္တန်များမှာ လှိုင်းတွန့်များထနေပုံရသည်။

အမြုတေဖြစ်တည်မှုပညာရှင် ခုနစ်ဦးကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုများကား တစ်နေရာလုံးကို ပြိုကျပျက်စီးစေတော့မည် ထင်ရသည်။

“ဂိုဏ်းချုပ်က ကျိုးပြည်ပညာရှင်တွေကို ဒီခေါ်လာဖို့ပဲ ပြောခဲ့တာ။ အဲ့ဒီ့နောက်ပိုင်း ဘာလုပ်ရမလဲမပြောဘူး......” မန်ဟို ချီတုံချတုံဖြစ်နေပြီး ထွက်ပြေးရန် စဥ်းစားနေသည်။ သို့သော် ဟိန်းဟောက်သံ အကျယ်ကြီးကြားလိုက်ရပြီး အဝေးမှ အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

ဤအကွာအဝေးမှကြည့်လျှင် ၄င်းမှာ သိပ်ကျယ်ပုံမရပေ။ သို့သော် အချင်းအားဖြင့် မီတာသုံးဆယ်ခန့်ရှိမည်ဖြစ်ကြောင်း မန်ဟိုပြောနိုင်၏။ ၄င်းက ကျင့်ကြံခြင်းဂူအပေါ်ရှိ ကောင်းကင်ကို ၄င်း၏စွမ်းအားဖြင့် လွှမ်းမိုးသွားသည်။

အလင်းတန်းရှိရာအရပ်မှ ရယ်သံကြီးတစ်သံ ပဲ့တင်ထပ်လာရာ ထျန်ကျီးအရှင်၏အသံဖြစ်ကြောင်း မန်ဟို သိလိုက်သည်။ သူက သိသာထင်ရှားစွာပင် ဒိုင်းကို ချိုးဖျက်၍ ကျောက်တိုင်းအပိုင်းတစ်ပိုင်းကို ရရှိသွားလေပြီ။

ထိုစဥ်မှာပင် နောက်ထပ်ပေါက်ကွဲသံ မြည်ဟည်းသွားပြီး အလင်းတန်းနောက်တစ်တန်း ထိုးတက်သွားသည်။ ဤအလင်းတန်းက ဂုဏျသိက်ခါရှိ အဘွားကြီးရှိရာမှ ထွက်လာခြင်းပင်။ ဒိုင်းကွဲကြေပျက်စီးသွားသဖြင့် သူမ၏ဆံပင် ဖရိုဖရဲ လွင့်ပျံသွားသည်။ သူမက ရှေ့သို့လျှောက်သွားပြီး ကျောက်တိုင်အစိတ်အပိုင်း၏ ယူလိုက်သည်။

ထိုအချိန် ကျင့်ကြံခြင်းနယ်မြေအတွင်းတွင် မှီခိုရာဂိုဏ်းချုပ်၏ မျက်လုံးများ တောက်ပသွားပြီး သူက အသက်မြန်မြန်ရှူလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ စိတ်မချမ်းမြေ့စဖွယ် ပိန်လှီရှုံ့တွနေပြီး သူက အရှေ့တွင် ဖြန့်ကျက်ထားသော ဆီမီးအိမ်ခုနစ်လုံးကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ပထမတစ်ချက်ကြည့်လျှင် ၄င်းတို့သည် ဖြစ်သလိုပြန့်ကြဲနေသယောင်ရှိသော်လည်း အနီးကပ်ကြည့်ပါက လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်တစ်ခုအတိုင်း နေရာချခံထားရကြောင်း သိသာသည်။

ယခုတွင် မီးအိမ်နှစ်လုံးမှာ ငြိမ်းနေချေပြီ။ ကျန်ငါးလုံးက ခပ်ယဲ့ယဲ့ တဖျပ်ဖျပ်လှုပ်နေကြသည်။

“ဒီကလေးကတော့ကွာ လပိုင်းလောက်နောက်ကျပြီးမှာရောက်လာတယ်။ ငါ့မှာတော့ စိတ်တွေပူလိုက်ရတာ။ ဒါပေမယ့် ဘာပြောပြော နောက်ဆုံးတော့ လူတွေခေါ်လာပေးသေးတာပဲ” ဆီမီးအိမ်များအား စိုက်ကြည့်နေသော သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

“ငြိမ်းလေကွာ၊ ချီးတဲ့မှပဲ။ ဒီလူတွေ သိပ်အားနည်းလိုက်တာ။ ဒီလောက်ကြာတာတောင်မှ ချုပ်နှောင်မီးအိမ်နှစ်လုံးပဲ ငြှိမ်းနိုင်သေးတယ်။ ငါ့မှာတော့ အမြုတေဖြစ်တည်မှုအဆင့်လူတွေ ကိုင်တွယ်လို့ရတဲ့အထိ အားနည်းအောင်လုပ်ဖို့ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်ခံနေရတယ်။ ဒါပေမယ့် အခုထိကို မအောင်မြင်နိုင်သေးပါလား။ ချီးပဲဟေ့။ ငါ့သင်ကြားပြသမှုမပါဘဲ ဒီကျိုးပြည်ကငချွတ်လေးတွေ ဘယ်လိုကျင့်ကြံရမလဲ မသိဘူးပဲ။ ဟိုးအရင်တုန်းက ငါ သူတို့ကို ခဏတိုင်း သွားဆုံးမပေးတတ်တယ်။ အဲ့ဒီလူတွေရဲ့ ကျင့်ကြံခြင်းအခြေခံဆို ပိုကောင်းတယ်” မှီခိုရာဂိုဏ်းချုပ်သည် အရင်နေ့ရက်များကို ပြန်တွေးရင်း သက်ပြင်းချလိုက်သည်။ သူ၏တံခါးပိတ်ကျင့်ကြံရာနယ်မြေမှ ထွက်ချင်စိတ်မှာ ပို၍ပင် အားကောင်းလာတော့သည်။

“ငါ ဒီလူတွေရဲ့ ကျင့်ကြံခြင်းအခြေခံကို စုပ်ယူပြီး သူတို့ရဲ့ မှတ်ဉာဏ်တွေကိုရှာဖွေပြီးရင် ဉာဏ်အလင်းပွင့်ပြီး ဒုတိယခွဲထွက်ခြင်းကို အောင်မြင်နိုင်လောက်မယ်။ ပြီးရင်တော့ ငါ့ရဲ့မဟာအကြံအစည်ကို အကောင်အထည်ဖော်နိုင်ပြီ။ ချီးပဲ။ ခွဲထွက်ခြင်းတိုင်းအတွက် ငါတာအိုဉာဏ်အလင်းပွင့်ဖို့က လိုသေးတယ်။ အောင်မြင်တာနဲ့ ခွဲထွက်လို့ရပြီ။ ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်း ငါ အင်မတန်အားနည်းသွားမှာ။  ကံမကောင်းရင် ခွဲထွက်ခြင်းက သေစေနိုင်ပြီး တာအိုနဲ့တစ်သားတည်း ဖြစ်သွားစေနိုင်တယ်” မှီခိုရာဂိုဏ်းချုပ် အံကြိတ်လိုက်သည်။ သို့သော် သူ၏မဟာအကြံအစည်အကြောင်းပြန်တွေးလိုက်သည်နှင့် မျှော်လင့်ခြင်း အရိပ်အယေါင်တစ်ခု သူ၏မျက်လုံးထဲတွင် တောက်ပသွားသည်။ ၄င်းမှာ ထိုနေရာတွင် နှစ်ပေါင်း၊ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အရိပ်အယောင်တစ်ခုဖြစ်သည်။

ဤအချိန်တစ်ဝိုက်တွင် ပေါက်ကွဲမှုကြီး ထစ်ခြုန်းသွားပြီး သူ့အရှေ့က နောက်ထပ် မီးအိမ်တစ်လုံး ငြိမ်းသွားသည်။ သူ့မျက်လုံးများထဲရှိ မျှော်လင့်ခြင်းအရိပ်အယောင်သည် ပို၍အားကောင်းလာ၏။

မန်ဟိုမှာမူ ကျင့်ကြံခြင်းနယ်မြေအပြင်ဘက်တွင် ကြောက်ဒူးတုန်ရင်း ရပ်နေသည်။ သူ့လမ်းလျှောက်မနေတော့ပေ။ ထိုအစား ချောင်ကျသောထောင့်တစ်ထောင့်တွင် သတိကြီးကြီးထားရင်း ပုံးကွယ်နေသည်။

သူ့မှာ မှီခိုရာဂိုဏ်းချုပ်ထွက်လာပြီး ဤလူများကိုအဆုံးသတ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကိုဖြေပေး၍ သူ့ကိုဆုလာဘ်ချီးမြှင့်မည်ကို စောင့်စားနေချေသည်။

အချိန်အနည်းငယ်ကြာသော် နောက်ထပ် မာန်သွင်းဟိန်းဟောက်သံကြီး ကြားလိုက်ရသည်။ ထျန်ကျီးအရှင်နှင့် ဂုဏ်သိက္ခာရှိ အမျိုးသမီးက အခြားသူများအား ကူညီတိုက်ခိုက်ပေးနေခဲ့ကြသည်ဖြစ်သည်။ မကြာမီ ကျန်ဒိုင်းများ ကျိုးပျက်လာသည်။ တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ်စမမွောကျဒိုငျးမြား ပျက်စီးကုန်၏.......အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ မကြာမီ အလင်းတန်းရှစ်တန်း ကောင်းကင်ထံ ထိုးတက်သွား၏။

နောက်ဆုံး၌ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူခုနစ်ယောက်သည် အလင်းတန်းများအသွင်ပြောင်းကာ လောလောဆယ် ချီအခြေတည်အဆင့်ကျင့်ကြံသူများ ဝန်းရံနေသော နောက်ဆုံးဒိုင်းအပေါ်တွင် စုဝေးလိုက်ကြသည်။

သူတို့က အစွမ်းအားပူးပေါင်းလိုက်ကြသည့်အတွက် အသက်ဆယ်ရှိုက်စာအတွင်း ပေါက်ကွဲကြီးတစ်ခုသည် အရာအားလုံးတုန်ခါသွားစေပြီး ရှစ်ခုမြောက်အလင်းတန်း အပေါ်သို့ထိုးတက်သွားလေပြီ။ကျင့်ကြံခြင်းဂူတစ်ခုလုံးကား ပြိုကျပျက်စီးတော့မည့်ဟန်တူသည်။

ထစ်ခြုန်းတုန်ခါနေဆဲ အခိုက်အတန့်၌ ဧရာမအက်ကြောင်းကြီးများ မြေကြီးတွင် ပေါ်ပေါက်လာသည်။ ထစ်ခြုန်းသံကြီးက ပို၍ပင်ပြင်းထန်လာ၏။ မြေကြီးသည် အစအနမကျန်ပြိုကျတော့မည့်အလား လှိုင်းတွန့်များ ထလာသည်။

ကျိုးပြည်မှ ပညာရှင်များမှာ ဤရုတ်တရက်အဖြစ်အပျက်ကြောင့် အံ့သြတုန်လှုပ်သွားကြဟန်တူသည်။ သူတို့သည် လေပေါ်ပျံတက်ပြီး ပြိုကျနေသောမြေကြီးကို ငုံကြည့်လိုက်ကြသည်။ တခဏအတွင်း တုန်ခါနေခြင်းကား တုံ့ခနဲရပ်သွားသည်။ ထို့နောက် ကျောက်တုံးကျောက်ခဲများ၊ အက်ကြောင်းများအားလုံးမှာ...... ဧရာမမျက်နှာကြီးအသွင်ပြောင်းသွားခဲ့ကြောင်း သူတို့သတိထားမိလိုက်လေသည်။

မျက်နှာကြီး၏ပိုင်ရှင်ကား မှီခိုရာဂိုဏ်းချုပ်ကလွဲ၍ တခြားမဟုတ်ပေ။

***

All Chapters