မိစ္ဆာဘဝကျင့်စဥ်
Vol. 6 Ch. 82
ဧရာမမျက်နှာကြီး၏ မျက်ခုံးနှစ်ဖက်ကြားတွင် ရှေးကျသော ဆီမီးအိမ်ခုနစ်လုံးရှိပြီး အားလုံးက မီးငြိမ်းလျက်ရှိသည်။ အင်အားကြီးပြီး ရှေးဆန်သော ချီတစ်ခုသည် အဘက်ဘက်သို့ ပျံ့နှံ့ထွက်ပေါ်လာ၏။ထိုနက်နဲသိမ်မွေ့သောချီမှာ ကောင်းကင်ကြီးနှင့်မြေကြီး၏အနှစ်သာရ ပါဝင်နေဟန်တူသည်။
ဧရာမမျက်နှာကြီးပေါ်လာသောအခါ ကျိုးပြည်ကျင့်ကြံသူအားလုံး အံသြတုန်လှုပ်သွားပုံရပြီး အချို့က ထွက်ပြေးကုန်ကြသည်။
“မကြောက်နဲ့” ထျန်ကျီးအရှင်၏ အသံ ဟိန်းထွက်လာ၏။ “မှီခိုရာဂိုဏ်းချုပ် မသေသေးဘူးဆိုတာ ကျုပ် အစထဲက သိတယ်။ အခု သူအရမ်းအားနည်းနေပြီးတော့ ကျုပ်တို့က အမြုတေဖြစ်တည်မှုအဆင့်မှာရှိတာပဲ။ ကျုပ်တို့ အတူပူးပေါင်းလိုက်ရင် သူ့ကို အလွယ်တကူရှင်းပစ်နိုင်တယ်” ကျိုးပြည်မှလူအားလုံး ရပ်သွားကြသည်။
ဧရာမမျက်နှာကြီးထံမှ ခပ်ဩသြ ရယ်သံကြီး ထွက်ပေါ်လာသည်။ ထိန်းမနိုင်သိမ်းမရသော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေလျက် ၄င်းသည် ရှိသမျှလူတိုင်၏ နားစည်နှင့်နှလုံးသားများကို ထိုးဖောက် ရိုက်ခတ် သွားသည်။.
ရယ်မောသံကြီး ပဲ့တင်သံကာ ထွက်ပေါ်လာသည့်အခါ လေပေါ်ဝဲနေကြသော ကျင့်ကြံသူများ၏ မျက်နှာများ ပြောင်းလဲသွားကြသည်။ ဂုဏ်သရေရှိအဘွားကြီးမှာ စကားတစ်ခွန်းမှ မပြောဘဲ ရင်တဒိန်းဒိန်းခုန်နေရင်း ထွက်ပေါက်ထံသို့ လှည့်ထွက်သွားသည်။
သူမထွက်ပြေးရန်ကြိုးစားလိုက်ချိန်မှာပင် မပီပြင်သောလက်ကြီးတစ်ဖက် သူမဘေးတွင် ထွက်လာကာ သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ လက်ကြီးက သူမကို အသက်ထွက်သည်အထိ ဖိခြေပစ်လိုက်သဖြင့် သွေးပျက်ချောက်ချားဖွယ်အော်သံနှင့်အတူ ဖောက်ခနဲမြည်သွားသည်။ အရာအားလုံး တုန်ခါသွား၏။ မန်ဟိုမှာ အံသြမှင်သက်စွာ ငေးကြည့်နေမိသည်။
ဧရာမလက်ကြီး ဖြန့်လိုက်သောအခါ အတွင်း၌ သုံးရောင်ခြယ် အမြုတေ တစ်ခုကို မြင်နိုင်လေသည်။။ အဆိုပါလက်သည် ရိပ်ခနဲလှုပ်ရှားသွားပြီး အမြုတေကို အောက်ဖက် မြေကြီး ပေါ်ရှိ မီးအိမ်ခုနစ်လုံးအနက်မှ ပထမဆုံးတစ်ခုထံသို့ ပစ်လိုက် သည်။ ယခုအခါ မီးအိမ်သည် အမြုတေကို လောင်စာအဖြစ် လောင်ကျွမ်းစေပြီး အသက်စွမ်းအားဖြင့် ဖွဲ့စည်းထားသော မီးတောက်များကို ထုတ်လွှတ်ကာ တောက်ပသွားသည်။
မှိတ်တုတ်မှိတ်တုတ် မီးရောင်များသည် အမှောင်ထုကို လင်းထိန်သွားစေရင်း ထွက်ပေါ်လာသည်။
“ကျုပ်တို့ ထွက်ပြေးလို့မရဘူး” ထျန်ကျီးအရှင်က တစတစမျက်နှာဖြူဆုပ်လာရင်း အော်ပြောသည်။ “ မှီခိုရာဂိုဏ်းချုပ် ချန်ခဲ့တဲ့အရာကို သတ်။ ဒါဆို ကျုပ်တို့အောင်မြင်နိုင်ခြေများလိမ့်မယ်” အဘွားကြီး၏ဝမ်းနည်းဖွယ်ကံကြမ္မာကို မြင်တွေ့လိုက်ရပြီးနောက် အခြားကျင့်ကြံသူများ၏မျက်နှာများအပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ စိုးမိုးနေသည်။ သူတို့က အံတင်းတင်းကြိတ်လိုက်ကြ၏။
ရုတ်တရက် ပေါက်ကွဲသံတစ်သံ ကြားလိုက်ကြရသည်။ ဧရာမမျက်နှာကြီး၏ပါးစပ်ပတ်လည် နေရာသည် ရုတ်တရက် ပြိုကျသွားပြီး အနက်ရောင် အရိပ်သဏ္ဍာန် တစ်ခုပေါ်ထွက်လာသည်။
ရယ်သံတစ်သံသည်လည်း ကျင့်ကြံခြင်းဂူတွင် ပဲ့တင်ထပ်နေစေရင်း အရိပ်နှင့်အတူအဖော်ပါလာသည်။
“မှီခိုရာဂိုဏ်းချုပ်” ရယ်သံကြီးက ထစ်ခြုန်းသွားပြီး ကျင့်ကြံခြင်းဂူ တုန်ခါသွားသည်။ အံ့အားသင့်နေသော ကျင့်ကြံသူများ သွေးများအန်လိုက်ကြရသည်။
အမှောင်ထု၏အလယ်တွင် မှီခိုရာဂိုဏ်းချုပ် ကို မြင်နိုင်သည်။ သူ၏ကိုယ်ခန္ဓာမှာ သင်္ချိုင်းဂူမှ တွားသွားထွက်လာသကဲ့သို့ အရိုးပေါ်အရေတင် ပိန်လှီခြောက်ကပ်နေသည်။ သူ၏မျက်လုံးများသည် မှေးမှိန်နက်မှောင်နေသည့်တိုင် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် အစွမ်းသတ္တိတို့ဖြင့် ပြည့်နှက်နေပုံရသည်။
သူတို့အပေါ်တွင် တိမ်တိုက်များ တလိပ်လိပ်ထလာပြီး မှီခိုရာဂိုဏ်းချုပ်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လှိုင်းဂယက်များ စတင်ထွက်ပေါ်လာသည်။ သူကား ကမ္ဘာလောက၏ထိပ်ဆုံးတွင်ရပ်နေသည့်အလားပင်။ သူ၏ အစွမ်း၊ မာနထောင်လွှားမှုနှင့် သွေးဆာလောင်နေမှုတို့သည် အခြားကျင့်ကြံသူ များ၏နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးလိုက်သည်။
“ မှီခိုရာဂိုဏ်းချုပ် ... “ ဖုန်းဟန်ဂိုဏ်း မှ နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီးမှာ ရုတ်တရက် ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူသည် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း မှီခိုရာဂိုဏ်းချုပ်နှင့်ရင်ဆိုင်ရသောအခါ ပိုးဟပ်တစ်ကောင်ကဲ့သို့ အစွမ်းအစမဲ့နေတော့သည်။ သူ မြင့်မြတ်သော မြင့်မြတ်သောဝိညာဉ်ကျမ်းစာ အတွက် ဤနေရာသို့ လာရဲခဲ့သည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ ဂိုဏ်းချုပ််သည် သေလုနီးပါးအားနည်းနေပြီဟူ၍ ထျန်ကျီးအရှင် စိတ်အာရုံခဲ့သောကြောင့်ပင်။ သို့သော် ယခုအချိန်တွင်မူ မှီခိုရာဂိုဏ်းချုပ်ကား အားနည်းပုံမပေါ်ပေ။
“ ထျန်ကျီး၊ ငါတို့ကြားက ပြသနာတွေ မပြီးသေးဘူး” သူသည် ထိုသို့ပြောပြီး ချာခနဲလှည့်ကာ ထွက်ပေါက်ထံ တစ်ချိုးတည်းပြေးတော့သည်။ သူနှင့်အတူပါလာသော အခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် နောက်မှလိုက်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာ ရောင်စုံအလင်းတန်းများအဖြစ်ပြောင်းလဲပြီး တဟုန်ထိုးသွားနေကြသည်။
မန်ဟိုက လက်သီးဆုပ်၍ သူတို့ကို မော့ကြည့်ရင်း အောက်ဖက်တွင် ရပ်နေသည်။
မှီခိုရာဂိုဏ်းချုပ်က တဟားဟားရယ်လိုက်ပြီး ၄င်းသည် စိတ်လှုပ်ရှားမှုနှင့် သွေးဆာခြင်းတို့ဖြင့် ဒွန်တွဲလျက်ရှိသည်။ သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲလှုပ်ရှားသွားပြီး ရုတ်တရက် သူသည် လေလယ်တွင်ဘရပ်နေချေပြီ။ သူ၏ လက်က အောက်သို့ဖိချလိုက်ပြီး ဝုန်းခနဲ မြည်ဟည်းသွားသည်။ ကြီးမားသောဖိအားကြီးတစ်ခုက အောက်သို့တွန်းချလိုက်ရာ နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီးနှင့် သူ၏နောက်လိုက်များ သွေးအန်လိုက်ကြရသည်။ သူတို့မှာ ခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ မြေကြီးပေါ် ပြုတ်ကျသွားကြသည်။
မှီခိုရာဂိုဏ်းချုပ်၏ ခန္ဓာကိုယ် ရိပ်ခနဲ လှုပ်ရှားသွားပြန်ပြီးနောက် သူသည် နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီးရှေ့တွင် ရပ်နေလေပြီ။ မှီခိုရာဂိုဏ်း၏ ခန္ဓာကိုယ်က ရုတ်တရက် သူ၏ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်လာသည့်အတွက် အဘိုးကြီး၏သူငယ်အိမ်များ အထိတ်တလန့်ကျုံ့ဝင်သွား၏။
သွေးပျက်ဖွယ် အသံနက်ကြီး ပဲ့တင်ထပ်သွားရာ ကြည့်ရှုနေကြသူများအား ခေါင်းကြိမ်းသွားစေတော့သည်။
နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီး၏ ခန္ဓာကိုယ်မှာ စတင်ခြောက်ကပ်လာ၏။ သူ၏အသွေးအသားများ ခမ်းခြောက်လာပြီး ဆံပင်များ ကျွတ်ကျကုန်သည်။ သွေး၊အသက်အားလုံး ဝါးမြိုနိုင်စွမ်းရှိပုံရသောအမှောင်ထုတစ်ခု ပေါ်ထွက်လာသည်။မျက်စိ တစ်မှိတ် အတွင်း ၄င်းက သူ့ကို အစအနမကျန် ဝါးမြိုခဲ့ပြီးလေပြီ။
သူ၏အရေပြားမှာ စက္ကူကဲ့သို့ပါးလွှာလာပြီး အရိုးများလည်း စတင်ကြေမွလာသည်။ မကြာမီ သူ့တစ်ကိုယ်လုံး သွေးမြူတိမ်တစ်ခုအသွင်ပြောင်းပြီးနောက် အခြားပုံရိပ်တစ်ခုအသွင် စုခဲသွားသည်။ ထိုပုံရိပ်ကား မှီခိုရာဂိုဏ်းချုပ်။ ယခု ခြားနားသွားသည်မှာ သူသည် စောစောကကဲ့သို့ ပိန်ချုံးမနေတော့ပေ။ အသားအနည်းငယ်ပိုပြည့်လာပြီး သူ့ထံမှ သေခြင်းတရားချီ အနည်းငယ်သာ ထုတ်လွှတ်နေ၏။ ကြည့်ရသရွေ့ သူ၏ အသက်စွမ်းအားအချို့ ပြန်လည် ပြည့်တင်း သွားပုံရသည်။ သူ့လက်ထဲတွင် နီကျင့်ကျင့်မျက်နှာနှင့် အဘိုးကြီး၏ သုံးရောင်ခြယ် အမြုတေကို ကိုင်ဆောင်ထားသည်။ သူက အင်္ကျီလက်စကို ဝှေ့ယမ်း၍ အမြုတေကို ဒုတိယဆီမီးအိမ်ထဲသို့ ပစ်ထည့်လိုက်သည်။
မိစ္ဆာဘဝကျင့်စဥ်
“ဒါက မိစ္ဆာဘဝကျင့်စဥ် ပဲ။ အဆုံးမရှိတဲ့ ဘဝ။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တွေကို ငှားယူနိုင်တဲ့ မိစ္ဆာဘဝကျင့်စဥ်ပဲ” စကားသံများ ပွက်လောရိုက်သွားသည်။ ကျန်ရှိနေသေးသော အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ များ နှင့် တုန်လှုပ်နေသော ချီအခြေတည် အဆင့်ကျင့်ကြံသူများမှာ မျှော်လင့်ချက်ကင်းမဲ့နေသောမျက်နှာများဖြင့် ဖြစ်ပေါ်နေသောမြင်ကွင်းကြီးကို စောင့်ကြည့်နေကြသည်။
“ ဒါက မိစ္ဆာချုပ်နှောင်ဂိုဏ်း နာမည် မပြောင်းခင်ကသူတို့ရဲ့ မှော်မိစ္ဆာအတတ်ပဲ” ထူးဆန်းသောအရိပ်အယောင်တစ်ခု ထျန်ကျီးအရှင်၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။
မန်ဟိုမှာ အံ့သြမှင်သက်စွာ ကြည့်နေသည်။ ဤသည်မှာ မိစ္ဆာချုပ်နှောင်ဂိုဏ်းကို ဒုတိယအကြိမ် ကြားလိုက်ရခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် က ရှန့်ကွမ်းရှိုးထံမှ ဖြစ်ခဲ့သည်။ ထိုအချိန်က မန်ဟို သည် ၄င်းကို သိပ်ဂရုမစိုက်ခဲ့ပေ။ ရှန့်ကွမ်းရှိုး ပြောစကားကို သူမည်သို့ယုံနိုင်မည်နည်း။ အကယ်၍ မန်ဟိုသာ ထိုဂုဏ်သတင်းကြီးသောနာမည်နှင့် အမှန်ပင်ဆက်နွယ်နေပါက သူ့အတွက် ကျိုးပြည်တွင် ရန်သူများစွာ အဘယ်သို့ ရှိနိုင်မည်နည်း။
ထိုအချိန်က မန်ဟိုသည် နောက်မှ တည်ပြုမည်ဆိုသောရည်ရွယ်ချက်ဖြင့်သာ နာမည်ကို မှတ်သားထားခဲ့၏။
ယခု စောစောက တုန်လှုပ်ဖွယ်အဖြစ်အပျက်များအား မြင်တွေ့ရပြီးနောက် သူ ထိုနာမည်ကို ထပ်မံ ကြားခဲ့ရလေပြီ။ လောလောဆယ်တွင် မိစ္ဆာ ချုပ်နှောင် ဂိုဏ်း ဟူသောစကားလုံးသုံးလုံး သည် သူ၏ခေါင်းထဲတွင် လွင့်မျောနေသယောင်ထင်ရသည်။
သူ ဂိုဏ်း၌ရှိခဲ့စဉ်က ကြားခဲ့ဖူးသောကောလာဟလများကို ပြန်စဉ်းစားမိလိုက်သည်။ လွန်ခဲ့သောနှစ်တစ်ထောင်က မှီခိုရာဂိုဏ်းမှာ တခြားအမည်ဖြစ်သည်ဟုဆိုကြသည်။ သို့သော် မည်သူမှ မူရင်းအမည်ကို မပြောခဲ့ဖူးပေ။ ယခုသူစဉ်းစားကြည့်သည့်အခါမှ နာမည်ကား ဂိုဏ်းအတွင်း၌ တားမြစ်စကားလုံးဖြစ်ခဲ့ဟန်တူသည်။
သူသည် ဂိုဏ်း၏အပြင်ဘက် အနက်ရောင်တောင်တန်းရှိ မိစ္ဆာသားရိုင်းများကိုတွေးမိလိုက်သည်။ ထို့နောက် မြောက်ပင်လယ်အကြောင်းစဉ်းစားမိပြီး ပို၍ပင် စိတ်ရှုပ်ထွေးလာတော့သည်။ သူပထမဆုံးအကြိမ် မြောက်ပင်လယ်ကို ဆုံတွေ့ သောအချိန်က ၎င်းသည် အဘယ်ကြောင့် သူ့ကို ကူညီခဲ့သနည်း။
သူက အရာရာကို အပြည့်အ၀ နားမလည်သည့်တိုင် ယခုတွင်တော့ အနည်းဆုံး ယခင်ထက်ပို၍ နားလည်လာလေပြီ။
“မိစ္ဆာချုပ်နှောင်ဂိုဏ်း.....” မန်ဟိုသည် ရှန့်ကွမ်းရှိုးအသုံးပြုခဲ့သော မှော်မိစ္ဆာအတတ်နှင့် တာ့ချင်းတောင်မှ ထွက်ပေါ်လာခဲ့သောကြောက်မက်ဖွယ်စွမ်းအားကို စဥ်းစားရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
“ရှန့်ကွမ်းရှိုး ချီအခြေတည်အဆင့်သာရောက်သွားလို့ကတော့ သူ့ရဲ့မှော်မိစ္ဆာစွမ်းအားက တော်တော့်ကို ပြင်းထန်မှာပဲ.....” မှီခိုရာဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးဖြစ်သဖြင့် သူသည်...... ရှေးဟောင်းမိစ္ဆာချုပ်နှောင်ဂိုဏ်း၏ အတွင်းစည်းတပည့်လည်းဖြစ်နေကြောင်းသဘေါပေါက်လိုက်သောအခါ မန်ဟို၏ နှလုံးခုန်သံတို့ မြန်ဆန်လာသည်။
မန်ဟို ၏စိတ်ထဲတွင် မေးခွန်းအသစ်တစ်ခု ပေါ်ထွက်လာသည်။ “မှီခိုရာဂိုဏ်းချုပ်က ဂိုဏ်းရဲ့နာမည်ကို ဘာကြောင့် ပြောင်းလိုက်တာလဲ”
မန်ဟို ဤအရာများကို စဥ်းစားနေစဥ် သူ့အပေါ်၌ သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပွားနေသည်။ မှီခိုရာဂိုဏ်းချုပ် ၏ခန္ဓာကိုယ်သည် လေတွင်ပြည့်နှက်သွားသော ကြောက်မက်ဖွယ် မြူထုကြီးတစ်ခုအသွင် ပြောင်းသွားသည်။ ထွက်ပေါ်လာသည့်အော်သံများမှ ချီအခြေတည် အဆင့်ကျင့်ကြံသူများ လုံးဝမလွတ်မြောက်နိုင်ကြောင်း ထင်ရှားလေသည်။ တစ်ယောက်ပြီးတစ်ယောက်၊ ခန္ဓာကိုယ်များအကြောဆွဲကာ စတင်ခြောက်ကပ်လာသည်။ သူတို့၏အသက်စွမ်းအားများမှာ အရိုးလွဲပြီး ဘာမှမကျန်တော့သည်အထိ စုပ်ယူခံလိုက် ရကာ ထိုအရိုးများသည်လည်း အမှုန်အဖြစ် ကြေမွကုန်သည်။ အသက်စွမ်းအားမျှင်တိုင်း မှီခိုရာဂိုဏ်းချုပ်ထံသို့ ပြေးဝင်သွားကြသည်။
ကျန်ရှိနေသေးသော အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူငါးဦးလည်း ထွက်မပြေးနိုင်ပေ။ ထျန်ကျီးအရှင်၏အမိန့်အတိုင်း သူတို့သည် အမျိုးမျိုးသော မှော်ပစ္စည်း များကိုထုတ်ပြီး မှော်အတတ်များ ပြင်ဆင်ကာ မှီခိုရာဂိုဏ်းချုပ်ကို အနိုင်ရန် နောက်ဆုံးအားထုတ်မှုအနေနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည်။
ဖုန်းဟန်ဂိုဏ်းမှ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူလေးဦးသည် စိတ်မချမ်းမြေ့ဖွယ် သေဆုံးသွားခဲ့ကြပြီး သူတို့၏အလောင်းများကား အမှုန့်ထက်မပိုတော့ပေ။ ချွိရွှယ်ဂိုဏ်း နှင့် ဖန်းယဲ့ဂိုဏ်းတို့မှ သူတို၏အဆင့်တူပုဂ္ဂိုလ်များသည်လည်း အလားတူကံကြမ္မာကို တွေ့ကြုံသွားကြသည်။ ဤသူများသည် ခြေတစ်ချက်ဆောင့်နင်းရုံဖြင့် ကျိုးပြည်၏ ကျင့်ကြံခြင်းလောကကို လှုပ်ခါနိူင်သူများပင်။ သို့သော် ဤနေရာတွင်တော့ ကလေးများသဖွယ် အားနည်းနေကြသည်။
တစ်စိတ်တစ်ပိုင်းလက်ရာမပျက်သေးသော ခေါင်းတစ်လုံးသည် လိမ့်လာပြီး မန်ဟို့ခြေထောက်ရှေ့တွင်ရပ်တန့်သွား၏။ သွေး ချောင်းစီးသတ်ဖြတ်မှုကြီးက သူ၏စိတ်နှလုံးကို တုန်ခါနေစေလေသည်။ ဦးခေါင်းကိုငုံ့ကြည့်သောအခါ မနှစ်က မှီခိုရာဂိုဏ်းတွင် သူ့ကိုသတ်ရန်ကြိုးစားခဲ့သော ချီအခြေတည်အဆင့်ပညာရှင်၏မျက်နှာဖြစ်ကြောင်း သူမှတ်မိလိုက်သည်။ ခေါင်းမှ အဖြူရောင်ချီ ထွင်ပေါ်လာ၏။ တခဏလေးအတွင်း ဦးခေါင်းသည် သွေးအဖြစ်သို့ ပျော်ကျသွားပြီး မြေကြီးထဲစိမ့်သွားသည်။
ထိုအခိုက်မှာပင် ထိတ်လန့်ဖွယ်အော်ဟစ်သံသည် ချွိရွှယ်ဂိုဏ်း၏ အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်ဆီမှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် စတင်ပုပ်ပွလာ၏။ သူ့မှာ အသွေးအသားများခြောက်ကပ်လာသဖြင့် ငယ်သံပါအောင် အော်ဟစ်နေလေသည်။ သူမသေဆုံးခင်မှါပင် တတိယမြောက်သုံးရောင်ခြယ် အမြုတေသည် တတိယဆီမီးအိမ်ထံ ပျံသန်း ဆင်းသက်ပြီးနောက် ထွန်းလင်းတောက်ပလာတော့သည်။
ယခုအချိန်တွင် မှီခိုရာဂိုဏ်းချုပ် ၏ခန္ဓာကိုယ်ကား ပိန်ချုံးရှုံ့တွမနေတော့ပေ။ ထိုအစား သူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေချေပြီ။
သူ၏ဆံပင်ရှည်များ သူ၏မြင့်မားသောအရပ်အတိုင်း ကျဆင်းနေသည်။ သူ့ထံမှ ခန့်ညားသောအငွေ့အသက် ထွက်ပေါ်နေပြီး ထိုသည်က သူ့ကို အတိုင်းထက်အလွန် အစွမ်းထက်နေသည့်ပုံပေါ်နေစေသည်။ သို့ထိတိုင် ထိုစွမ်းအား၏အနက်ရှိုင်းဆုံးထဲတွင်တော့ မိစ္ဆာအရှိန်အဝါတစ်ခု ရှိသည်။
သို့သော်လည်း သူ့ရင်ဘတ်၊ သူ့မျက်နှာပေါ်က အစိတ်အပိုင်းတချို့နှင့် ကျန် ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ခြောက်ကပ်နေဆဲဖြစ်သော နေရာများရှိနေသေးသည်။ ထိုနေရာများတွင် အသားများ တွ့န်လိမ့်ရှုံ့တွနေရာ သူ အကောင်းပကတိမဖြစ်သေးကြောင်း သိသာလေသည်။
“ ငါ့ အနုသုခုမရုပ်ခန္ဓာ ရဲ့စွမ်းအားကိုအပြည့်အဝအသုံးချနိုင်နေပြီ “ သူက အပြုံးတစ်ခုဖြင့်ပြောသည်။ သူ၏ တစ်စိတ်တစ်ပိုင်းသာ ကောင်းမွန်သေးသော ရှုံ့တွနေသည့်အရေပြားနှင့်ပေါင်းစပ်လိုက်သောအခါ ထိုအပြုံးသည် အလွန် အရုပ်ဆိုးအကျည်းတန်နေတော့သည်။ဤအရာကို ကြည့်နေသူ လေးယောက်သာကျန်သည်။ ထျန်းကျီးအရှင် မှလွဲ၍ သူတို့၏မျက်နှာများမှာ သွေးဆုတ်ဖြူရော်လျက်ရှိသည်၏ သူတို့ထဲမှတစ်ဦးက တဆတ်ဆတ်တုန်နေသောလက်ကို မြှောက်သည်။ ထိုလက်ထဲ၌ ကျောက်စိမ်းပြား ရှိပြီး သူက ၄င်းကို ချိုးလိုက်သည် ။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှာ တဖြေးဖြေးမှုန်ဝါးလာသည်။ ကြည့်ရသရွေ့ သူသည် နေရာရွှေ့ပြောင်းရန် ကြိုးစားနေပုံရသည်။
တစ်ချိန်တည်းမှာပင် ချွိရွှယ်ဂိုဏ်းမှ အမြုတေ ဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ဦးသည် အလျင်အမြန် ဆုတ်ခွာလိုက်သည်။ ရုတ်တရက် သူ့ခြေထောက်မှ တဟုန်းဟုန်းတောက်နေသော မီးတောက်တစ်ခုပေါ်ထွက်လာပြီး သူ၏ ကိုယ်ခန္ဓာကိုရစ်ပတ်လွှမ်းခြုံလိုက်သည်။ သူက လောင်ကျွမ်းနေသောအလင်းအသွင်ပြောင်းရင်း ထွက်ပြေးသွား၏။
နောက်တစ်ယောက်၊ ဖုန်းဟန်ဂိုဏ်းမှ မဟာအကြီးအကဲတစ်ယောက်သည် ရုတ်တရက်နုပျိုလာနေပုံရ၏။ မူလက အရေးအကြောင်းများဖြင့် ပြည့်နေသော သူ၏မျက်နှာသည် ယခုတွင် ရုတ်တရက် သက်လတ်ပိုင်းအရွယ်ဖြစ်သွားဟန်တူသည်။ သူက ချီများ လှိုင်းတံပိုးသဖွယ် တဖွေးဖွေးလှုပ်နေလျက် သုံးလှမ်းလှမ်းလိုက်သည့်အချိန်အတွင်း အလင်းတန်းတစ်တန်း အသွင်သို့ပြောင်းသွားသည်။
***