← Chapters

မန်ဟို၊ မင်းဘာလုပ်နေတာလဲ

Vol. 6 Ch. 84

မန်ဟို၊ မင်းဘာလုပ်နေတာလဲ

Vol. 6 Ch. 84

“ဂိုဏ်းချုပ် ၊ ဂိုဏ်းသား အဲ့ဒီလူတွေကို ဒီနေရာဆီ ခေါ်လာဖို့ ရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခ မျိုးစုံကို ဖြတ်သန်းခဲ့ရပါတယ်။ ဘာဆုမှ မရတာ ကိစ္စမရှိပေမယ့် ဒီအဆိပ်ကတော့…….” မခံမရပ်နိုင်ဖြစ်နေသော အရိပ်အယောင် မန်ဟို့မျက်နှာပေါ်တွင် ပေါ်လာသည်။ သို့သော် သူ့စကားပင်မဆုံးမီ မြေကြီးထဲရှိ အက်ကြောင်းကြီးကား လုံးဝပိတ်သွား၏။ ၎င်းတည်ရှိခဲ့ဖူးသည့် သဲလွန်စလေးတစ်ခုပင် မကျန်ခဲ့ပေ။ မှီခိုရာဂိုဏ်းချုပ်မှာ ပျောက်ချင်းမလှပျောက်သွားပြီး အသံလည်းထွက်မလာတော့။ တောက်လောင်နေသော မီးအိမ်ခုနစ်လုံးနှင့် တဖျပ်ဖျပ်လှုပ်နေသောအလင်းရောင်သာ ကျန်ရစ်ခဲ့သည်။ အမြုတေ (၇) ခုနှင့် အနုသုခုမရုပ်ခန္ဓာ (၁) ခုတို့က ပါးလွှာသော ချီစီးကြောင်းများကို ထုတ်လွှတ်နေသည်။ သို့သော် ထိုစီးကြောင်းများ အပေါ်လွင့်လူတက်မလာပေ။ ၄င်းတို့ မီးအိမ်များမှ စွန်ခွာသည်နှင့်တစ်ပြိုင်နက် မြေကြီးအတွင်း စုပ်ယူခံလိုက်ရ၏။

“မှီခိုရာဂိုဏ်းချုပ် ၊ ခင်ဗျားကြောင့် ကျွန်တော် အဆိပ်သင့်ခံခဲ့တယ်။ ခင်ဗျားက စီနီယာမျိုးဆက်၊ ပြီးတော့ အစွမ်းထက်တဲ့ပညာရှင်တစ်ယောက်။ ခင်ဗျားလို အစွမ်းထက်တဲ့သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရက်နိုင်ရတာလဲ”

“ငါက ပညာရှင်လဲမဟုတ်သလို၊ အင်အားကြီးမားတဲ့သူလည်းမဟုတ်ဘူး” ဂိုဏ်းချုပ်က ချောင်းတစ်ချက် ဟန့်ပြီး ပြန်ပြောသည်။ “ငါ ငယ်ငယ်ထဲက ဒီလိုပဲ။ ပြီးတော့ အဲ့တာ သာမန်ဝိညာဉ်ကျောက်တုံးမဟုတ်ဘူး  ကလေး။ မင်းရဲ့ကျင့်ကြံခြင်းအခြေခံက လုံလောက်အောင် မမြင့်မားသေးလို့ မင်းမပြောနိုင်တာ။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရောက်တဲ့အထိစောင့်၊ ပြီးတာနဲ့ အဲဒီ့ရတနာကဘယ်လောက် အံ့သြစရာကောင်းလဲ မင်း သိရလိမ့်မယ် “

“ခင်ဗျား ... ဂိုဏ်းချုပ် ဘာတွေဖြစ်နေတာလဲ။ ကျုပ် ဒုက္ခတော်တော်ရောက်ခဲ့ရတာဗျ။ ခင်ဗျားက ဘာလို့ ဒီလိုလုပ်နေတာလဲ “ မန်ဟို ဒေါသထွက်သွားသည်။ သို့သော် သူ့ပတ်ဝန်းကျင်ကား အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေ၏။ မှီခိုရာဂိုဏ်းချုပ်က ဘာမှမပြာပေ။ တကယ်တမ်းပြောရလျှင် သူသည် မန်ဟို့ကို လျစ်လျူရှုထားပုံရသည်။

“ဂိုဏ်းချုပ်၊ ကျုပ် တခြားဘာဆုမှ မလိုချင်ဘူး။ ကျုပ်ကို ဒီအဆိပ်လေးဖြေပေးဖို့ပဲ တောင်းဆိုတာ။ ခင်ဗျားဗျာ..… ဂိုဏ်းချုပ် ၊ ဂိုဏ်းသားက ခင်ဗျားရဲ့ကျင့်ကြံခြင်းအခြေခံ ပြန်တည်ဆောက်လို့ရအောင် အဲ့ဒီလူတွေကို ခေါ်လာဖို့ နည်းလမ်းတွေ အဆက်မပြတ် ရှာဖွေခဲ့ရတယ်။ ခင်ဗျား ကျုပ်ကို ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ”

မန်ဟို ထပ်တလဲလဲ အော်ဟစ်နေသော်လည်း မှီခိုရာဂိုဏ်းချုပ် မတုံ့ပြန်ကြောင်း တွေ့လိုက်ရသည်။ သူသည် ရိုးသားသော စာပေသမားတစ်ယောက်သာ ဖြစ်သည့်တိုင် အခုလောလောဆယ်တွင်တော့ ဒေါသူပုန်ထနေချေသည်။ သူ့မှာ လှည့်ဖြားခံခဲ့ရသည့်အတွက် ဆဲရေးတိုင်းထွာခြင်း မပြုဘဲ မနေနိုင်တော့ပေ။

“မှီခိုရာဂိုဏ်းချုပ် ၊ ခွေးကောင်ကြီး” မန်ဟို့အတွက် ဤကဲ့သိုပြောထွက်ရန်မှာ သူ အတိုင်းထက်အလွန် ဒေါသထွက်နေသည်ကို ပြသနေသည်။

ရုတ်တရက် မှီခိုရာဂိုဏ်းချုပ်၏အသံကို ကြားလိုက်ရသည်။ “ကလေး၊ မင်း ဘယ်သူ့ကို ဆဲနေတယ်လို့ ထင်လဲ။ မင်း ငါ့ကို တကယ် ဆဲရဲတယ်လား။ မင်းကို သေလောက်အောင် ရိုက်ပစ်မယ်”

“ကျုပ် ခင်ဗျားကို ဆဲနေတာ” မန်ဟိုက စိတ်ဆိုးမာန်ဆိုး ပြန်ပြောသည်။ “ခင်ဗျား ကျုပ်ကို ရိုက်မယ်ဆို ရိုက်လေ။ ကျုပ်က အဆိပ်မိထားတော့ ဘယ်လိုနေနေ မကြာခင် သေတော့မှာပဲ။ ခင်ဗျား သတ္တိရှိရင် ထွက်လာခဲ့စမ်း”

မှီခိုရာဂိုဏ်းချုပ်က ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည် “ အဟ၊ ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ ငါက အမြဲတမ်း စိတ်ရှည်တယ်။ ဟေး၊ မင်းက မှီခိုရာဂိုဏ်းရဲ့တစ်ဦးသော ဆက်ခံသူနော်။ အခု တစ်ဂိုဏ်းလုံးမှာ မင်းနဲ့ငါပဲကျန်တော့တာ။ ငါ မင်းကို ဒေါသမထွက်ပါဘူး။ တကယ်တော့ နှစ်တွေတစ်လျှောက်လုံး လူတွေအများကြီ၏ ငါ့ကို ကျိန်ဆဲခဲ့တယ်။ တကယ်တော့လဲ အရေးမပါပါဘူးကွာ။ ကြည့်၊ မင်း ငါ့ကို တကယ် အပြစ်တင်လို့မရဘူး။ ငါတောင် ပြန်ထွက်လို့မရဘူးကွ။ ငါ့ရဲ့ကျင့်ကြံခြင်းနယ်မြေက ချိတ်ပိတ်ခံထားရတာ။ မင်းနောက်တစ်ဖွဲ့ ထပ်ခေါ်လာမှ ငါထွက်လာနိုင်မှာ။ ငါ အခု မင်းကို ကူညီပေးချင်ရင်တောင်မှကူညီပေးလို့မရဘူး” သူပြောသည့် စကားများမှာ ပိုပို၍ ယုံကြည်လက်ခံချင်စရာ ကောင်းလာသည်။ တကယ်လည်း သူသည် စောစောကမှ ချုပ်နှောင်တံဆိပ်များကို အသစ်ပြန်ပြင်ခဲ့သည့်အတွက် သူချိုးဖျက်ချင်လျှင် လပေါင်းများစွာလိုအပ်ပေလိမ့်မည်။

“ခွေးကောင်ကြီး” မန်ဟိုက နောက်ဆုံး အခြေအနေမှန်ကို သဘောပေါက်သွားရင်း ပြောသည်။ သူ့မှာ အံကြိတ်ပြီးသာ ဆက်ဆဲနေနိုင်တော့သည်။ သို့သော် သူ ဘာပြောပြော မှီခိုရာဂိုဏ်းချုပ်က အဖက်မလုပ်ပေ။ အဆုံးသတ်တွင် သူက တေးသွားအနည်းငယ်ပင် ညည်းလာသည်။ ပျော်ရွှင်အူမြူးနေသော တေးသံ ပဲ့တင်ထပ်လာပြီး နောက်ဆုံး မန်ဟိုမှာ ဘာလုပ်လုပ်အရာမထင်ကြောင်း သဘောပေါက်လိုက်သည်။ အရှက်မရှိသော မှီခိုရာဂိုဏ်းချုပ်ကား ထွက်လာမည့်ပုံမရပေ။

သူသည် ဒေါသကြောင့်မည်းမှောင်သည့်မျက်နှာကြီးဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ အမြုတေ ဖြစ်တည်မှု အဆင့် ကျင့်ကြံသူများမှ ကျန်ခဲ့သော သိုလှောင်အိတ်များ မတွေ့ရပေ။ မှီခိုရာဂိုဏ်းချုပ်မှာ မယုံနိုင်လောက်အောင် ကပ်စေးနှဲလွန်း၍ သူ့အတွက် ၄င်းတို့ကို ယူဆောင်သွားလေပြီ။ မန်ဟို၏အကြည့်သည် မိစ္ဆာမီးအိမ် ခုနစ်လုံးအပေါ်သို့ကျရောက် သွားသည်။ သူက အံကြိတ်ရင်း သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ဓားပျံဆယ်လက် ထွက်ပေါ်လာပြီး မီးအိမ်ထံ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။

သို့သော် ဓားများမှာ မီးအိမ်များအနားပင် မကပ်နိုင်ခင် တုန်ခါပြီး တောက်ပစွာ လင်းလက်လာ၏။ ထို့နောက် ၄င်းတို့ကား အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားတော့သည်။

မန်ဟို ဒေါသူပုန်ထသွားသည်။ ဆီမီးအိမ်များမှ ချီစီးကြောင်းများ မြေကြီးစိမ့်ဝင်နေသည်ကို မြင်သောအခါ သူက သိုလှောင်အိတ်ကို ထပ်မံပုတ်လိုက်ပြီး သစ်သားဓားနှစ်လက် ပျံထွက်လာသည်။ ဓားများက မည့်သည့်အခက်အခဲမှ မတွေ့သော်လည်း ဆီမီးအိမ်များထံ ရောက်သောအခါ ထိုနေရာတွင် ၄င်းတို့ရှိပင်မရှိသည့်အလား ထိုးဖောက်ဖြတ်ကျော်သွား၏။ ၄င်းတို့ထံမှ တုံပြန်မှုအနည်းငယ်ပင် မရှိပေ။

“အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ဦး နှင့် အမြုတေ ဖြစ်တည်မှု အဆင့် ကျင့်ကြံသူ ခြောက်ဦး” မှီခိုရာဂိုဏ်းချုပ် နှစ်ထောင်းအားရနေသော အသံဖြင့်ပြောသည်။  “သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင် က အတော်လေး ပေါများတယ်။ မင်းရဲ့ ဖွတ်ကျားဓားစုတ်လေးတွေကတော့...အင်း  ပြောရရင် ငါ့ရဲ့ မိစ္ဆာမီးအိမ်ခုနစ်လုံးက အခြားမှော်ပစ္စည်းအားလုံးဆီကနေ ဖြတ်တောက်ခံထားရတာ။  အသိစိတ်မရှိတဲ့ ပစ္စည်းတွေက သူတို့အပေါ် သက်ရောက်မှုမရှိဘူး။ မင်းသာ နည်းနည်းပါးပါး ကျွမ်းကျင်ရတော့ ရွေးချယ်စရာ ပိုများလောက်တာပေါ့ကွာ။ ဒါပေမယ့် စိတ်မကောင်းပါဘူး၊ မင်းက ငါ့ဆီကနေ ပစ္စည်းတွေ မခိုးယူနိုင်ဘူး” သူက သီချင်းဆက်ဉ်းနေသည်။ အခုလောလောဆယ်တွင် သူသည် လက်တစ်ဖက်အရွယ်ရှိ ဖုန်းရွှေသံလိုက်အိမ်မြှောင်အရှေ့တွင် တင်ပျဥ်ခွေထိုင်လျက်ရှိသည်။ အပေါ်မှ စိမ့်ကျလာသော ချီစီးကြောင်းများက အနီရောင်တောက်လာပြီး သံလိုက်၏စုပ်ယူခြင်း ခံလိုက်ရသည်။

မန်ဟို သစ်သားဓားများကို ပြန်သိမ်းလိုက်စဥ် သူ၏မျက်နှာမှာ တင်းမာသထက် တင်းမာလာ၏။ ဝါရင့်မျိုးဆက်ဖြစ်ပြီး မြင့်မားသောကျင့်ကြံခြင်းအခြေခံရှိသူ၊ မှီခိုရာဂိုဏ်းချုပ်က  စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများကို အရှက်မရှိဆက်ဆံလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။ သာမန်အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတဲ့လား။ ပိုဆိုးသည်က ဝိညာဥ်ကျောက်တုံးက တမူထူးခြားသောပစ္စည်းဟု သူမျက်နှာပြောင်ပြောင်ပြောခဲ့ခြင်းပင်။

မန်ဟို မည်သည့်ရှုထောင့်ကကြည့်ကြည့် ၄င်းမှာ သာမန်သာဖြစ်သည်။ ၎င်းသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံးထက် မပိုပေ။

ယခင်က မန်ဟိုသည် သူ့ကိုယ်သူ ဝိညာဉ်ကျောက်တုံးများအား ဂရုစိုက်သူဟု တွေးခဲဲ့သည်။ သို့သော် မှီခိုရာဂိုဏ်းချုပ်ကား ကပ်စေးနှဲထက်ပင် တွန့်တိုနေတတ်နေသေးသည်။ တကယ့်ကို ကပ်စေးကုပ်ကြီးတစ်ယောက်ပင်။

“အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံး။ ခွေးကောင်ကြီး၊ ခင်ဗျား တမင်လုပ်တာ” မန်ဟို လက်သီးဆုပ်လိုက်သည်။ သူ့မှာ ရူးတော့မည့်အလား ခံစားနေရလေပြီ။ သူ၏စကားလုံးများ မယဥ်ကျေးသည်သာမက သူ့ရင်ထဲတွင်လည်း မှီခိုရာဂိုဏ်းချုပ်အပေါ် အကောင်းမြင်စိတ်များ ပြောင်ရှင်းသွားလေသည်။

ခဏအကြာတွင် သူက အံတင်းတင်းကြိတ်ပြီး လှည့်လိုက်သည်။ သူ့မှာ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးကို လွှတ်ပစ်ချင်ပါသော်လည်း နောက်ဆုံး၌ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူက ဒေါသတကြီး ဆောင့်ဆောင့်အောင့်အောင့်ထွက်သွားတော့သည်။

“အိုင်းရား။ မင်းသွားပြီလား။ ကောင်းပြီ ကောင်းပြီ။ နောက်ကျရင် ဂိုဏ်းချုပ်ဆီ အလည်လာဖို့ မမေ့နဲ့နော်။ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော ဆက်ခံသူလေ။ ပြီးတော့ အခု ဂိုဏ်းမှာ ငါတို့နှစ်ယောက်ပဲ ရှိတော့တာ။ဒါက မင်းရဲ့ အိမ်ပဲ။ အချိန်မရွေးပြန်လာလို့ရတယ်နော်။ ငါ တစ်ခါတလေအထီးကျန်တတ်တယ်၊ ငါ့ဆီပြန်လာပြီး အဖော်လုပ်ပေးဦးသိလား “ သူက ပျော်ပျော်ရွှင်ရွှင် သီချင်းဆက်ညည်းလိုက်သည်။

မန်ဟိုက ဘာမှမပြောပေ။။ မှီခိုရာဂိုဏ်းချုပ်၏ သီချင်းညည်းသံ သူ့နားထဲပဲ့တင်ထပ်နေချိန်မှာ သူက ဒေါနှင့်မောနှင့် ထွက်သွားသည်။

“အီး၊ ဒီနေရာမှာ ငါ ချိတ်ပိတ်ခံထားရတာ တော်တော် ဆိုးတာပဲ။ မဟုတ်ရင် မင်းကို ကိုယ်တိုင် လိုက်ပို့နိုင်မှာ” မှီခိုရာဂိုဏ်းချုပ်သည် သူ၏တံခါးပိတ်ကျင့်ကြံရာအခန်းမှ မန်ဟို့ကို စောင့်ကြည့်နေရင်း အတိုင်းထက်အလွန် အားရကျေနပ်နေသော အသံကြီးဖြင့် ပြောသည်။ “မန်ဟို မင်းက တကယ်ကလေးတစ်ယောက်ပဲ။ နည်းနည်းလေး ဖြောင့်မတ်လွန်းနေတာ တစ်ခုပဲ။ နောက်ကျရင် မင်း ငါနဲ့တူအောင် နည်းနည်းပါးပါး သင်ယူနိုင်မယ် မျှော်လင့်တယ်”

“ခင်ဗျား တကယ်ကြီး ထွက်မလာတော့ဘူးလား” မန်ဟိုက ဒေါသတကြီးဆိုသည်။ အခုလောလောဆယ်တွင် သူသည် ခဲရောင်တားမြစ်မန္တန်တစ်ခုဖြင့် ဖုံးလွှမ်းနေသော နေရာကို ဖြတ်လျှောက်နေသည်။ ရုတ်တရက် သူ လမ်းလျှောက်နေခြင်း ရပ်သွားသည်။

“ဒါပေါ့။ နားထောင်၊ ငါက ဘယ်တော့မှ မုသားမပြောဘူး။ ငါက မထွက်နိုင်ဘူးလို့ပြောရင် ငါမသွားနိုင်လို့ပဲ။ ငါကမကူညီချင်လို့ မဟုတ်ပါဘူး အဲ့တာ ဒီတိုင်း..ဟေး ...  မင်းဘာလုပ်နေတာလဲ” သူ အားရကျေနပ်စွာ သြဝါဒခြွေနေစဥ် ရုတ်တရက် အပြောရပ်သွားပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

မန်ဟို လှည့်ပြီး ခဲရောင်တားမြစ်အစီအရင် ကို အနီးကပ်ကြည့်သည်။ ထျန်ကျီးအရှင် နှင့် မှီခိုရာဂိုဏ်းချုပ်တို့ တိုက်ခိုက်ကြသည့်အတောအတွင်း နေရာတစ်ခုလုံးရှိ တားမြစ်မန္တန်များ ထိခိုက်ပျက်စီးခဲ့ကြသည်။ ၄င်းတို့သည် ဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်နေကြသော်လည်း ယခုအချိန်တွင် အက်ရာများ ရှိနေသေးသည်။ တချို့အက်ရာများမှာ တဖြေးဖြေးပြန်ပိတ်လာနေသော်လည်း အပေါက်များနီးပါး ကြီးမားလေသည်။

ဤ တားမြစ်မန္တန်အတွင်း၌ ဝိညာဉ်ကျောက်တုံးများသည် တောင်သဖွယ်စုပုံနေ၏။ မှီခိုရာဂိုဏ်းချုပ်မှာ သူ၏ဘ၀ တစ်လျှောက်လုံး ၄င်းတို့ကို စုဆောင်းခဲ့ခြင်းဖြစ်သည်။ အများစုသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများ ဖြစ်သော်လည်း တချို့တစ်ဝက်ကတော့ အဆများစွာပို၍ အဖိုးထိုက်တန်သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။

မန်ဟိုက စကားလုံးတစ်လုံးမှမပြောဘဲ သိုလှောင်အိတ်ကိုပုတ်လိုက်သည်။ သစ်သားဓားတစ်လက် ထွက်ပေါ်လာပြီး အပေါက်ထဲသို့ တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။ ချက်ချင်းပင် ဓား၏ စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူနိုင်သော စွမ်းရည် ပေါ်လွင်လာသည်။ တားမြစ်မန္တန်မှာ တုန်ခါလာပြီး ၄င်းကိုယ်၄င်း ပြုပြင်ရန် ကြိုးစားသော်လည်း မတတ်နိုင်ပေ။ ဒုတိယသစ်သားဓား ပေါ်လာပြီး ၄င်းသည်လည်း အပေါက်ထဲသို့ ထိုးစိုက်လိုက်သည်။ ဓားများက ချဲ့လိုက်သည့်အတွက် မကြာမီ အပေါက်သည် ကလေးငယ်တစ်ယောက်၏လက်အရွယ်ခန့် ကျယ်သွားသည်။

ပုံမှန်အားဖြင့် မန်ဟို ဤသို့လုပ်နိုင်မည်မဟုတ်ပေ။ သို့သော် မန္တန်ရှိ အက်ရာများနှင့် အပေါက်များကြောင့် အခွင့်အရေးတစ်ခု သူရလိုက်လေပြီ။

“မင်းဘာလုပ်နေတာလဲ” မြေကြီးထဲမှ မှီခိုရာဂိုဏ်းချုပ်၏အသံကြီး ပဲ့တင်ထပ်လာသည်။ သူ့မှာ တအံ့တသြစိုက်ကြည့်နေ၏။ သူ့တွင် ကပ်စေးနှဲတွန့်တိုတတ်သော ပင်ကိုယ်စရိုက်ရှိပြီး သူ့၏တစ်သက်တာ စုဆောင်းခဲ့သော ရတနာများအား ထုတ်ကြွားရခြင်းကို နှစ်သက်သည်။ သူသည် အခြားလူများ မြင်သာနိုင်ပြီး မထိနိုင်သဖြင့် မျက်လုံးများ နီရဲလာသည်ကို ကြည့်ရန် သဘောကျသည်။ သူ၏တားမြစ်မန္တန်များကိုလည်း အတိုင်းထက်အလွန် သူယုံကြည်သည်။ ၄င်းတို့က သူ၏အသက်စွမ်းအားနှင့် ဆက်စပ်နေသည့်အတွက် သူမသေမချင်း ဘယ်သူမှ ၄င်းတို့ကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။

သို့သော် ထျန်ကျီးအရှင်၌ ရှိသည့် ထူးဆန်းသောဂုဏ်သတ္တိတချို့ကြောင့် မှီခိုရာဂိုဏ်းချုပ် သူ့ကို စုပ်ယူသောအခါ ပြသနာအနည်းငယ်ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် တားမြစ်မန္တန်များ၏ အလိုအလျောက်ပြုပြင်နိုင်စွမ်း အတန်ငယ်နှေးကွေးသွားခဲ့သည်။ ဤသည်မှာ သူ့ဘက်က အမှားပင်။

“မန်ဟို  အဲ့ဒီမှာ အပေါက်တွေ ရှိနေရင်တောင်မှ မင်း ဝိညာဉ်ကျောက်တုံးအားလုံးယူနိုင်မှာမဟုတ်ဘူး” မှီခိုရာ ဂိုဏ်းချုပ်က ရယ်သည်။ “အများကြီးပဲနော်။ မင်း သူတို့ကို ထည့်ဖို့ဆန့်မှာမဟုတ်ဘူး။ အို ကဲပါလေ ထားတော့။ ငါက ရက်ရောတဲ့ လူတစ်ယောက်ပဲ။ သွား နည်းနည်းပါးပါးယူပေါ့၊ ဂရုမစိုက်ဘူး “

မန်ဟိုက ဟမ့်ခနဲ နှာမှုတ်လိုက်သည်။ ယခုတွင် သစ်သားဓားများ အပေါက်ကို ချဲ့ပြီးဖြစ်၍ သူက ဝတ်ရုံအထဲသို့ နှိုက်ပြီး စကြာဝဠာအိတ်ကို ထုတ်ကာ အပေါက်သေးသေးဟလိုက်သည်။

မန်ဟို ၏ကျင့်ကြံခြင်းအခြေခံသည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားသည်။ ဝိညာဉ်ကျောက်တုံးတောင်မှာ တုန်ခါလာပြီး သိုလှောင်အိတ်အတွင်း စုပ်ယူခံလိုက်ရသဖြင့် အပေါက်ထံမှ ပျံထွက်လာကြသည်။

ဝိညာဉ်ကျောက်တုံးများသည် စကြာဝဠာအိတ်ဖြစ်သော တွင်းနက်ထဲသို့ မြန်သထက်မြန်မြန် ပျံသန်းသွားနေသည်။ မှီခိုရာဂိုဏ်းချုပ် ထိုတလက်လက်ထနေသောမြင်ကွင်းကိုကြည့်ပြီး ကြောက်မက်ဖွယ်အော်သံကြီး သူ့ပါးစပ်မှထွက်လာ၏။

“စကြာဝဠာအိတ် .....သေစမ်း။ သူ့မှာ ဘယ်လိုလုပ်ရှိနေတာတုံး။ ဒါက စိတ်ဝိညာဉ်အာရုံနဲ့ မမြင်ရဘဲ တောင်တွေနဲ့ မြစ်တွေတောင် ဆံ့နိုင်တယ်။ မင်း၊ မင်း၊ မင်း......ငါ့ဝိညာဉ်ကျောက်တုံးလေးတွေ။ ဒီ ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းဖို့ ငါ့ဘဝတစ်လျှောက်လုံး မရေမတွက်နိုင်လောက်အောင် စမ်းသပ်မှုတွေ၊ ဆင်းရဲဒုက္ခတွေကိုကျော်ဖြတ်ခဲ့ရတယ်။ မန်ဟို ငါ့အတွက် နည်းနည်း ချန်ထားခဲ့စမ်း” သူ၏ ဆောက်တည်ရာမရအော်သံသည် ဆက်လက်ပဲ့တင်ထပ်နေပြီး ငလျင်တို့လှုတ်ခတ်လာသည်။ သူ့မှာ သိသာစွာပင် သူ၏စွမ်းအားတချို့ ထုတ်လွှတ်နေခြင်းဖြစ်သည်။ သို့ထိတိုင် ချုပ်နှောင်တံဆိပ်က အခုလေးတင်မှ နေရာကျထားခံရလေသည်......

မန်ဟိုက မှီခိုရာဂိုဏ်းချုပ်၏ ဆောက်တည်မရအော်သံများကို နားထောင်ရင်း အေးတိအေးစက်ရယ်လိုက်သည်။ များမကြာမီ ဝိညာဉ်ကျောက်တုံးတောင်သည် သေးငယ်သည့်တောင်ကုန်းအဖြစ် ကျုံ့သွားလေပြီ။ မန်ဟိုမှာ သူ၏ဒေါသအား အမှန်တကယ် ဖြေလျော့နေလေသည်။

“ ခင်ဗျား ကျုပ်ကို နှပ်ချရဲတယ်လား” မန်ဟိုက အံတင်းတင်းကြိတ်ရင်း တွေးသည်။ “ဒါဆို ကျုပ် ခင်ဗျားကိုပိုလို့တောင် နှပ်ချပစ်မယ်။ ခင်ဗျားရတနာတွေအားလုံး ကျုပ်ပြောင်တလင်းခါပစ်မယ်”

“မန်ဟို သစ္စာဖောက်။ ဒါက အရမ်းလွန်သွားပြီ” မှီခိုရာဂိုဏ်းချုပ်မှာ သူ၏ကိုယ်တွင်းအင်္ဂါများ ပေါက်ကွဲတော့ မတတ် ခံစားနေရသည်။ သူသည် ချုပ်နှောင် တံဆိပ်ကို ဖျက်ပစ်ချင်သော်လည်း ၄င်းမှာ အခုတလေးမှ နေရာချထားခြင်းဖြစ်သည်။ သူ ဖျက်နိုင်ရန်အတွက် လပေါင်းများစွာအချိန်ကြာမြင့်လိမ့်မည်။

မန်ဟိုတွင် စကြာဝဠာအိတ်တစ်လုံးရှိလိမ့်မည်ဟု သူစိတ်မကူးခဲ့မိသလို၊ သူ့ဘဝတစ်လျှောက်လုံး စုဆောင်းထားသော ဝိညာဉ်ကျောက်တုံးများကို လုယူနိုင်မည် ဟုလည်း သူ မတွေးခဲ့မိပေ။ ယခုအချိန်တွင်တော့ မှီခိုရာဂိုဏ်းချုပ်မှာ မမြင်ရသော ဓါးသွားတစ်ခု သူ့ပတ်ပတ်လည်တွင်လှည့်ပတ်နေပြီး ဆုံးရှုံးသွားသောဝိညာဥ်ကျောက်တုံးတစ်တုံးတိုင်းအတွက် သူ့ကို ခုတ်ထစ်နေသကဲ့သို့ ခံစားနေရသည်။

သူ့မှာ အပိုင်းပိုင်း ဖြတ်တောက်ခံနေရသည့်အလားပင်။ သူ၏ နှလုံးသွေး မြေပေါ်ခနေချေပြီ။

သူ့တွင် ထူးဆန်းသောစရိုက်တစ်ခု အမြဲရှိခဲ့သည်။ သူ့မျိုးဆက်၏အခြားကျင့်ကြံသူများနှင့်နှိုင်းယှဉ်လျှင် သူသည် တကယ့် လူထူးလူဆန်းတစ်ယောက် ဖြစ်ခဲ့၏။ သူ၏လောဘနှင့် တွန့်တိုမှုသည် သူ၏ကျင့်ကြံမှုအခြေခံနှင့် အသက်အရွယ်နှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူ့၌ အစွမ်းထက်ပညာရှင်တစ်ဦး၏အရှိန်အဝါ တစ်စက်လေးပင် မရှိပေ။ သူကား မည်သည့်အရာကိုမှ ဂရုစိုက်ဟန်လည်းမတူပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ၊ သူ၏ ပထမဆုံးခွဲထွက်ခြင်း အချိန်ကာလအတွင်း သူ၏ တာအိုဥာဏ်အလင်းသည် လောဘနှင့် ပတ်သက်ဆယ်နွှယ်ခဲ့သည်။ ၎င်းလောဘစိတ်သည် သူ၏စိတ်ဝိညာဥ်အပေါ် တံဆိပ်ခတ်နှိပ်ခံခဲ့ရပြီး ကျင့်ကြံခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်ဟု ဆိုနိုင်သည်။

***

All Chapters