ပျားဥ
Vol. 5 Ch. 66
အခန်း(၆၆) - ပျားဥ
ယဲ့ရှောင်ချန်းက အင်မော်တယ် မြေတစ်ကွက်ကို ဝယ်ယူဖို့ လက်မတွန့်ခဲ့ပေ။
အင်မော်တယ် ယွမ် ၁၀၀ ကုန်သွားပြီဖြစ်သည်။
အင်မော်တယ် ၅၄ယွမ်နှင့် ဝိညာဥ်ယွမ် ၇၃ ယွမ်သာ ကျန်တော့သည်။
စတိုးဆိုင်တွင် ငွေသုံးဖို့ အချိန်ကျပြီဖြစ်သည်။
ယဲ့ရှောင်ချန်း စတိုးဆိုင်ကို ဖွင့်လိုက်သောအခါ တစ်စုံတစ်ခုကို တွေ့သွားသည်။
အချိန်အတော်ကြာသည်အထိ ဝယ်ရင်ကောင်းမလား စဥ်းစားနေခဲ့သော်လည်း ငွေမလောက်မှုကြောင့် မဆုံးဖြတ်နိုင်ခဲ့ပေ။
ဝတ်မှုန်ကူး ပျားဥများ
စျေးနှုန်းကလည်း မများပေ။ အင်မော်တယ် ယွမ် ၄၀ သာဖြစ်သည်။
ကောင်းကောင်းမွန်မွန် ပျိုးထောင်နိုင်ပါက အလွန်အသုံးဝင်မည်ဖြစ်သည်။
သာမန်အပင်များလိုပင် အင်မော်တယ် အပင်များကလည်း ဝတ်မှုန်ကူးရန် လိုအပ်သော အသီးများ သီးလေ့ရှိသည်။
သာမန်အပင်များက လေ သို့မဟုတ် အင်းဆက်များကြောင့် ဝတ်မှုန်ကူးလေ့ ရှိသည်။
အင်မော်တယ် အပင်များကတော့ မတူပေ။
ဒီကမ္ဘာမြေပေါ်က အင်းဆက်များက ဝတ်မှုန်ကူးဖို့ နေနေသာသာ အင်မော်တယ် အပင်များနားသို့ပင် မကပ်နိုင်ပေ။
သာမန်လေကိုသာ အသုံးပြုလျှင်လည်း အာနိသင်က အလွန်နည်းပါးလှသည်။
ကြီးမားသော ခြံများတွင်ပင် လူလုပ်ဝတ်မှုန်ကူးခြင်းများကို မကြာခဏ အသုံးပြုပြီး အထွက်နှုန်းတိုးစေသည်။
ပုံမှန်အားဖြင့် အင်မော်တယ် အပင်များ၏ ဝတ််မှုန်ကူးမှုက ယဲ့ရှောင်ချန်းအပေါ်တွင်သာ လုံးလုံး မှီခိုနေသည်။
အလွန်အရည်အချင်းရှိရန် လိုအပ်သော အလုပ် သို့မဟုတ် အလွန်ခက်ခဲသော၊ အလွန်စိတ်ရှည်ရသော အလုပ်ဟုလည်း ဆိုနိုင်သည်။ အင်မော်တယ် အပင်တစ်ပင်ချင်းစီအား ဝတ်မှုန်ကူးစေဖို့ လုပ်ရသည့် အလုပ်က မနည်းပါးလှပေ။
ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်းက လူလုပ် ဝတ်မှုန်ကူးခြင်းကို သူ့ဖာသာသူ လုပ်နိုင်သေးသည်။ သို့သော်လည်း အင်မော်တယ် မြေကွက်များ ပိုများလာပါက အဆင်မပြေတော့ပါ။
ယခု ယဲ့ရှောင်ချန်း လက်ထဲတွင် အင်မော်တယ် ယွမ် အနည်းငယ် ရှိနေသည်။ ထို့ကြောင့် ဝတ်မှုန်ကူးပျားများကို ဝယ်ယူရန် စဥ်းစားနေသည်။
အရွယ်ရောက်ပြီး ဝတ်မှုန်ကူး ပျားများက အလွန်စျေးကြီးပြီး ထိန်းချုပ်ဖို့အတွက် အထူးကျွန်ပြု နည်းလမ်းတစ်ခု တတ်မြောက်ထားဖို့ လိုအပ်သည်။
ယဲ့ရှောင်ချန်းသည် ဘုန်းတော်ကြီးပင်မဟုတ်သောကြောင့် သဘာဝအတိုင်း သူ မထိန်းချုပ်နိုင်ပေ။
ဝတ်မှုန်ကူး ပျားဥများကိုသာ စဥ်းစားနိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ပျိုးထောင်နိုင်ကာ သူက ဘုန်းတော်ကြီး မဟုတ်လျှင်ပင် ထိန်းချုပ်နိုင်သည်။
အောင်မြင်နိုင်သည့်နှုန်း တစ်ခုသာ ပြဿနာရှိသည်။ ဝတ်မှုန်ကူး ပျားဥများက ပေါက်နိုင်ခြေ ရာနှုန်းပြည့်မရှိပေ။ ပေါက်ဖွားမှု မအောင်မြင်ခြင်းများလည်း ရှိလာနိုင်သည်။
မအောင်မြင်သည်နှင့် အင်မော်တယ် ယွမ် ၄၀ လုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
ပျိုးထောင်သည့် လုပ်ငန်းစဥ်တွင်လည်း အခြေအနေရပ်များစွာ လိုအပ်သည်။
သို့သော် ယဲ့ရှောင်ချန်း အံကြိတ်ကာ ဝယ်ရန်သာ ဆုံးဖြတ်လိုက်သည်။ အောင်မြင်စွာ ပျိုးထောင်နိုင်ပါက ထိုဝတ်မှုန်ကူး ပျားများက သေချာပေါက် အထွက်နှုန်းကို တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။
အချိန်လည်း အများကြီး သက်သာသွားမည်ဖြစ်သည်။
ပိုအရေးကြီးသည်က ဝတ်မှုန်ကူး ပျားများတွင် တိုက်ခိုက်စွမ်းအား အတိုင်းအတာ တစ်ခုအထိ ရှိသည်။ ယဲ့ရှောင်ချန်းဘက်တွင် အလားအလာကောင်းသော လက်နက်တစ်ခု ဆောင်ထားခြင်းနှင့် ညီမျှသည်။
အတွေးပေါင်းစုံတို့ဖြင့် ထိုဝတ်မှုန်ကူး ပျားဥများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့အပြင် ဝတ်မှုန်ကူး ပျားဥများကို အောင်မြင်စွာ ပျိုးထောင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
အလျင်အမြန်ပင် အင်မော်တယ် ယွမ် ၄၀ ကို အသုံးပြုလိုက်သည်။
ယဲ့ရှောင်ချန်းတွင် အင်မော်တယ် ၁၄ ယွမ်နှင့် ဝိညာဥ်ယွမ် ၇၃ ယွမ် ကျန်နေသေးသည်။
သူ အင်မော်တယ် မြေကွက် ဝယ်ယူခဲ့သောကြောင့် အင်မော်တယ် အပင်မျိုးစေ့များလည်း ဝယ်ယူရန် လိုအပ်နေသည်။
ယဲ့ရှောင်ချန်းက အဝါရောင်အင်မော်တယ် ပဲစေ့ ၁၄ စေ့ကို ဝယ်ယူလိုက်သည်။
မုန်လာဥမျိုးစေ့များ မဝယ်ယူရသည့် အကြောင်းအရင်းက အင်မော်တယ် ပဲစေ့များ၏ ဝင်ငွေက မုန်လာဥများထက် ပိုမိုများပြားသောကြောင့် ဖြစ်သည်။
အင်မော်တယ် ပဲစေ့များက ပိုမို ရေပန်းစားသည်။
အင်မော်တယ် မုန်လာဥများကို လနတ်သမီး တစ်ပါးတည်းကသာ ဝယ်ယူပြီး မုန်လာဥများ ပိုနေပါက အားလုံး ရောင်းထွက်နိုင်လောက်မည် မဟုတ်ပါ။
အင်မော်တယ် ပဲစေ့များအတွက်တော့ ထိုကဲ့သို့ စိုးရိမ်စရာမျိုး မရှိပေ။
သူ့တွင် အဝါရောင်အင်မော်တယ် ပဲစေ့ ၁၂ စေ့ရှိပြီးသား ဖြစ်သဖြင့် ယခု ယဲ့ရှောင်ချန်းတွင် အင်မော်တယ် ပဲစေ့ ၂၆ စေ့ရှိနေပြီဖြစ်သည်။
အင်မော်တယ် မြေကွက်ကို ဝယ်ယူပြီးနောက် အင်မော်တယ်မြေကွက်ကို ချက်ချင်း နေရာမချသေးဘဲ နဂါးမျက်လုံးအရွယ်လောက် ရှိသော အလင်းဖောက် ဖယောင်းလုံးကြီး တစ်လုံးကို သိုလှောင်နေရာကွက်ထဲမှ ထုတ်ယူလိုက်သည်။ အထဲတွင် ပဲစေ့အရွယ်အစားရှိ အစိမ်းရောင် အင်းဆက်ဥများကို မြင်နိုင်သည်။
ဝတ်မှုန်ကူး ပျားဥများကို ပျိုးထောင်ရန် ပထမဆုံးအဆင့်က ဥ၏ အသိစိတ်ကို နှိုးဆွပေးဖို့ ဖြစ်သည်။
ထိုအဆင့်က အလွန်အရေးကြီးသည်။ နောက်တစ်ဆင့် အောင်မြင်ခြင်း မအောင်မြင်ခြင်းကို အကဲဖြတ်ပေးသော အဆင့်ဖြစ်သည်။
ယဲ့ရှောင်ချန်းက ထိုဥကို ကလေးတစ်ယောက်ပမာ ဖက်ထားပြီး ခဏလောက် သဘောကျစွာ ကြည့်လိုက်ပြီးနောက် မျက်နှာပြန်တည်သွားပြီး ဖယောင်းလုံးကို သိုလှောင်နေရာကွက်ထဲသို့ ပြန်ထည့်ထားလိုက်သည်။
ဥ၏ အသိစိတ်ကို သေချာ နှိုးဆွနိုင်ဖို့အတွက် သူ လုံလုံလောက်လောက် လေ့ကျင့်ထားရမည်ဖြစ်သည်။ ယခုတော့ အရေးပေါ် မဟုတ်သေးသဖြင့် စိတ်လှုပ်ရှားဖို့ မလိုသေးပါ၊
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်ပြီး အင်မော်တယ် မြေကွက်ကို စတင်နေရာချသည်။
နောက်တစ်ခုက မြေဆွဖို့ဖြစ်သည်။
မြေသြဇာများ၊ မျိုးစေ့များထည့်ပြီး အင်မော်တယ် စမ်းရေဖြင့် ရေလောင်းရသည်။
အရင်တစ်ခေါက်က မုန်လာဥပင်ပေါက်များနှင့် ပဲအပင်ပေါက်များအတွက် သဘာဝမြေသြဇာများ အသုံးပြုခဲ့သဖြင့် ယခု သဘာဝမြေသြဇာ မလုံလောက်တော့ပါ။ ထို့ကြောင့် သူအသုံးမပြုနိုင်တော့ဘဲ သာမန်ဓာတ်မြေသြဇာကိုသာ သုံးနိုင်သည်။
အားလုံး ပြီးမြောက်သွားသောအခါ ယဲ့ရှောင်ချန်း ဝတ်မှုန်ကူး ပျားဥကို ပျိုးထောင်ရန် စတင်ပြင်ဆင်တော့သည်။
ဟေးပြည်နယ်၊ ဟာပင်းမြို့။
အဆောက်အဦးတစ်ခုထဲတွင် ဝမ်ဖျင်ဟွေ့အား ရှန်းထုံပို့ဆောင်ရေးမှ ဖုန်းဆက်လာသည်။
"ထူးဆန်းလိုက်တာ၊ ငါလည်း အွန်လိုင်းပေါ်က ဘာမှဝယ်မထားပါဘူး။"
ဝမ်ဖျင်ဟွေ့တစ်ယောက် အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားရသည်။
သို့သော်လည်း သူ အောက်ထပ်သို့ ဆင်းသွားပြီး အဆောက်အဦး အပြင်ဘက်တွင် ပို့ဆောင်ရေး ယာဥ်တစ်စီးနှင့် လူငယ်တစ်ယောက်က သူ့ကို စောင့်နေသည်။
"ခင်ဗျားက ဝမ်ဖျင်ဟွေ့နော်။ ဒီမှာ ခင်ဗျားပစ္စည်းပါ။ လက်မှတ်ထိုးပေးပါဦး။"
ပစ္စည်းပို့ဆောင်သူက ပါဆယ်ထုပ်လေး တစ်ထုပ်ကို ထုတ်လိုက်ပြီး ဖြဲလိုက်ကာ ဝမ်ဖျင်ဟွေ့ထံသို့ ဘောပင် ကမ်းပေးလိုက်သည်။
ဝမ်ဖျင်ဟွေ့က အံ့သြသွားသော်လည်း လက်မှတ်တော့ ထိုးလိုက်ပါသေးသည်။
အိမ်သို့ပြန်ရောက်သောအခါ ပါဆယ်ထုပ်လေးကို ကြည့်ပြီး သိလိုစိတ်များ ပိုပြင်းထန်လာသည်။
"အရင်တစ်ခေါက် အွန်လိုင်းရှော့ပင်မှာ မကောင်းတဲ့ ကောမန့်ရေးလိုက်လို့ ဆိုင်ရှင်က ငါ့ကို သေကြောင်းကြံတာများလား။"
ဝမ်ဖျင်ဟွေ့ တွေးလိုက်မိသည်။
"မဟုတ်လောက်ပါဘူး။ ယဲ့၏ စူပါဆားရည်စိမ် ဟင်းသီးဟင်းရွက်တဲ့။ လိပ်စာကလည်း တောင်ပိုင်းက... တစ်ခုခုတော့ တစ်ခုခုပဲ။"
ဝမ်ဖျင်ဟွေ့ ခေါင်းခါလိုက်သည်။
သူ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကဲ့သို့ အရာမျိုး မဝယ်ခဲ့သည်မှာ သေချာသည်။
သူသည် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များလည်း မကြိုက်တတ်ပေ။
"ဘယ်သူ့လက်ချက်လဲ ငါသိချင်တယ်။"
ဝမ်ဖျင်ဟွေ့က အောက်လမ်းဘာညာ မယုံကြည်တတ်သဖြင့် ပါဆယ်ထုပ်ကို ဖြဲလိုက်သည်။
မကြာမီ သူ့ရှေ့မှောက်သို့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် အထုပ်ငယ်လေးတစ်ထုပ် ရောက်လာသည်။
"လခွမ်း... ထုပ်ပိုးမှုကလည်း ရိုးရှင်းနေပြီး အဓိပ္ပာယ်မရှိဆုံးက ပါဝင်တဲ့ ပမာဏက အရမ်းနည်းတာပဲ။"
ထိုအထုပ်ကို ကြည့်ပြီးသွားသောအခါ ဝမ်ဖျင်ဟွေ့ စိတ်လေသွားသည်။
ယဲ့၏ စူပါဆားရည်စိမ် ဟင်းသီးဟင်းရွက်ဆိုတာထက် စူပါ အမှိုက်သရိုက် ဆားရည်စိမ် ဟင်းသီးဟင်းရွက်နှင့် ပိုတူနေသည်။
သခွားသီး၊ ပဲနှင့် ငရုတ်သီး။
လခွမ်း... စုတ်ပြတ်နေတဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ဆိုရင်တောင် အလေးချိန်တော့ ရှိသင့်တယ် မဟုတ်လား။
ထို့အပြင် ဆားရည်စိမ် ဟင်းသီးဟင်းရွက်တောင် ဟုတ်ရဲ့လားဟု သူ သံသယဖြစ်မိသည်။
ထိုငရုတ်နီက အပင်မှ လတ်လတ်ဆတ်ဆတ် ခူးထားသည့်ပုံ ပေါက်နေသည်။
ပဲသီးတွေကလည်း စိမ်းလို့။
သခွားသီးကလည်း ဖြူဖြူစိမ်းစိမ်းနှင့်။ ဆားရည်စိမ်ထားသည့် လက္ခဏာပင် မတွေ့ရပေ။
"လခွမ်းထဲမှ... ဆားရည်စိမ်ဟင်းသီးဟင်းရွက်နဲ့ တစ်နေရာမှမတူဘူး။ ဒီဆိုင်ရှင်က လူလိမ်လား။"
ဝမ်ဖျင်ဟွေ့တစ်ယောက် လုံးဝဆွံ့အသွားရသည်။
အရှက်မရှိသော ဆိုင်ရှင်များကို သူမြင်ဖူးသည်။ သို့သော်လည်း အလွန်အရှက်မရှိသော ဆိုင်ရှင်များကိုတော့ မမြင်ဖူးပေ။
သူ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို မဝယ်ခဲ့တာတောင် သူ့အိမ်ရှေ့ထိ ရောက်လာသည်။ ထိုဆိုင်ရှင်မှာ အလွန်အရှက်မရှိဟု သူခံစားနေရသည်။
သူ အမှိုက်ပုံးထဲ ပစ်ထည့်ချင်သော်လည်း အမှတ်တမဲ့ အထုပ်ကို ဖွင့်လိုက်မိသည်။
ထိုအချိန်တွင် ပြောမပြနိုင်လောက်သော မွှေးရနံ့တစ်ခုက အထုပ်ထဲမှ ထွက်လာခဲ့သည်။
ဝမ်ဖျင်ဟွေ့၏ ခန္ဓာကိုယ် ကြက်သီးများ ထသွား၏။ ပါးစပ်ထဲတွင်လည်း တံတွေးများ စုပြုံလာပြီး အပြင်သို့ လျှံကျလုနီးပါးဖြစ်လာသည်။ သူ့တံတွေးများကို ခဏခဏ ပြန်မျိုချနေရပြီး ဟင်းသီးဟင်းရွက် ဆားရည်စိမ်ထုပ်ကို ကြည့်လိုက်သည်။
"ဘုရားရေ ဘာလို့အရမ်းမွှေးနေရတာလဲ။"
ဝမ်ဖျင်ဟွေ့၏ မျက်လုံးများက ထိုအထုပ်ကို စိုက်ကြည့်နေသည်။
သူ့အနံ့အာရုံပဲ ပြဿနာရှိနေသလား ထင်ယောင်ထင်မှားပဲ ဖြစ်နေသလား မသိပါ။
သူ့နှာခေါင်းကို အထုပ်အဝနား ကပ်လိုက်ပြီး အသက်ဝဝ ရှူလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို ရှူရှိုက်လိုက်ရသလို ခံစားရပြီး နတ်ပြည်သို့ ရောက်သွားသလိုပင် ခံစားလိုက်ရသည်။
"လခွမ်း အဆိပ်ရှိတယ်ဆိုရင်တောင် ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို စားဦးမှာပဲ။"
ဝမ်ဖျင်ဟွေ့တစ်ယောက် သည်းမခံနိုင်တော့ပါ။ အထုပ်ထဲမှ ဆားရည်စိမ် ပဲသီးကို လက်ချောင်းဖြင့် ညှပ်ယူလိုက်ပြီး စားကြည့်လိုက်သည်။
"အရသာရှိလိုက်တာကွာ။"
"ဘုရားဘုရား ငါဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို စားနေတာကော ဟုတ်ရဲ့လား။"
"အရသာရှိတယ်။ အရသာရှိလိုက်တာ၊ ဒီနေ့ ကံကောင်းထောက်မတာပဲဟေ့။"
ဝမ်ဖျင်ဟွေ့က သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ဘယ်လိုဖော်ပြရမှန်း မသိတော့ပါ။
သူ ယခုချိန်ထိ စားဖူးခဲ့သော အစားအသောက်များက ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်နှင့် ယှဥ်လျှင် ဘာမှမဟုတ်တော့ပေ။
"အင်း မဟုတ်သေးပါဘူး။"
နောက်ဆုံး ဆားရည်စိမ် ငရုတ်သီးတစ်တောင့်ကို စားပြီးသွားသောအခါ ဗလာကျင်းဖြစ်နေသော အထုပ်ကို ဝမ်ဖျင်ဟွေ့ ကြည့်လိုက်ပြီး စိတ်ဓာတ်ကျသွားသည်။
နောက်ဆုံး အထုပ်ထဲတွင် ကျန်နေသည့် ဆားရည်စိမ် အရည်များကို မော့သောက်လိုက်ပြီး အထုပ်ကို လွှင့်ပစ်လိုက်ရသောအခါ အလွန် စိတ်ဓာတ်ကျသွားသည်။
"မှားစရာအကြောင်းမရှိဘူး။ သုံးခုပဲ ရှိတယ်။ အပိုတောင် မပါဘူး။"
ဝမ်ဖျင်ဟွေ့၏ မျက်လုံးများ နီရဲလာပြီး မနေနိုင်တော့ဘဲ အော်ဟစ်လိုက်မိတော့သည်။