← Chapters

အာဟာရဖြည့်ခြင်း

Vol. 5 Ch. 68

အာဟာရဖြည့်ခြင်း

Vol. 5 Ch. 68

အခန်း(၆၈) - အာဟာရဖြည့်ခြင်း

နောက်ထပ် စျေးဝယ်သူ တစ်ယောက် တိုးလာပြန်ပြီ။ ယဲ့ရှောင်ချန်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက်များဖြင့် အမြတ်ရနိုင်ရန် ခြေလှမ်းတစ်လှမ်း တိုးသွားပြီဖြစ်သည်။

စိုက်ပျိုးရေးခြံသို့ ပြန်လာသောအခါ ယဲ့ရှောင်ချန်း အလွန်အလုပ်များလာသည်။

အထူးဘွိုင်လာအိုးကို  ထုတ်လိုက်ပြီး သူဝယ်လာသော ဆေးကုန်ကြမ်း မျိုးစုံကို ပေါင်းလိုက်ပြီး အမျိုးအစားခွဲကာ ဖန်ပုလင်းတစ်ခုထဲတွင် ထည့်ထားလိုက်သည်။

နာမည်များကို ပုလင်းများအားလုံးတွင် ကပ်ထားသည်။

"အင်း အခုပျော်ရည် လုပ်ဖို့ပဲကျန်တော့တယ်"

ယဲ့ရှောင်ချန်းက အသက်ဝဝ ရှူလိုက်သည်။ ယခုကုန်ကြမ်းစိမ်းများကို မှန်မှန်ကန်ကန် အလေးချိန်ရမည်ဖြစ်ပြီး စတင် ဒြပ်ပေါင်းရမည်ဖြစ်သည်။

အင်မော်တယ် စမ်းရေမှ ရေကတော့ ပုံမှန်ပဲဖြစ်သည်။

အပင်သန်ဆေး အတွေ့အကြုံကျေးဇူးကြောင့် ဒီတစ်ခေါက် သူကိုင်တွယ်ရ ပိုလွယ်ကူနေသည်။

ဘွိုင်လာအိုးထဲတွင် ကုန်ကြမ်းမျိုးစုံကို ထည့်လိုက်ပြီး မကြာခဏ မီးပြင်းဖိုထဲက ပြောင်းလဲမှုကိုလည်း စစ်ဆေးကြည့်နေသည်။

အခန်းအပူချိန်က မြင့်လွန်းသည်။ အဲကွန်းတစ်လုံး ရှိလျှင်တောင် အပူကိုတွန်းလှန်ဖို့က ခက်ခဲလွန်းလှသည်။

ယဲ့ရှောင်ချန်း ချွေးများ ဆက်တိုက်ထွက်နေသည်။ သို့သော်လည်း ချွေးများကို မသုတ်အားပေ။ မျက်လုံးများကို ဘွိုင်လာအိုးမှ မခွာနိုင်သေးချေ။

ဒီလိုနှင့် တစ်နာရီကျော် ကြာသွားခဲ့သည်။

မီးပြင်းဖိုထဲက အရည်မှာ အနက်ရောင်ပြောင်းသွားသည်။ ပယင်းဆီလိုဖြစ်ပြီး အလွန်ပျစ်ကာ စူးရှသောအနံ့လည်း ရှိသည်။ ထိုပျစ်ချွဲသော အရာအား အအေးခံလိုက်ပြီးနောက် အစိုင်အခဲအဖြစ် လုံးဝပြောင်းလဲသွားသည်။

ယဲ့ရှောင်ချန်း ဘွိုင်လာအိုးထဲမှ ပျစ်ချွဲသော အရာကို ထုတ်လိုက်သည်။

မစေးကပ်သော်လည်း အလွန် ပုံပြောင်းနိုင်သည်။

"အင်း အနေအထား၊ အရောင်၊ ပုံစံနဲ့ အနံ့တွေကို ကြည့်ခြင်းအားဖြင့်တော့ ကောင်းမဲ့ပုံပါပဲ"

ယဲ့ရှောင်ချန်း ခေါင်းညိတ်လိုက်သည်။ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတော့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်လာသည်။

ထို့နောက် အခဲဖြစ်နေသော ပျစ်ချွဲချွဲ အရာအား အစိတ်သေးသေးလေး တစ်စိတ် ပိုင်းလိုက်ပြီး အလေးချိန်ကြည့်ကာ အနည်းငယ် ထပ်ပိုင်းထုတ်လိုက်သည်။ ထိုပျစ်ချွဲချွဲ ပစ္စည်းအစိတ်ကို ဘွိုင်လာအိုးထဲ ထပ်ထည့်လိုက်သည်။ အင်မော်တယ် စမ်းရေ သုံးလီတာ အပြည့်အဝကို ခပ်ပြီး အိုးထဲထည့်လိုက်သည်။

မကြာမီ ပျစ်ချွဲချွဲ အရာမှာ အရည်ပျော်ကာ ရေကလည်း နက်ပြာရောင် ပြောင်းလာသည်။

ယဲ့ရှောင်ချန်း ဝတ်မှုန်ကူး ပျားဥ ဖယောင်းလုံးကို အမြန်ယူလိုက်ပြီး ဂရုတစိုက်ဖြင့် ထိပ်ပိုင်း ဖယောင်းသားကို ခွာလိုက်သည်။ ပဲစိမ်းစေ့ တစ်စေ့နှင့် အရွယ်အစား တူတူလောက် ရှိသည့် အဖြူရောင် ဥလေးတစ်လုံး ပေါ်လာသည်။

သူ အသက်ဝဝရှူလိုက်ပြီး ပျားဥကို ကြွေပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်သည်။ အံ့ကိုကြိတ်လျက် ဓားဖြင့် ညာလက်သူကြွယ်ကို ဖွဖွလှီးကာ သွေးသုံးစက်ခန့် ညှစ်ထုတ်ပြီး ပျားဥပေါ်သို့ ကျစေသည်။

လက်သူကြွယ်က နှလုံးသားနှင့် ဆက်နွယ်၏။

ထို့ကြောင့် လက်သူကြွယ်မှ သွေးစက်များမှာ နှလုံးသားမှ သွေးများပင်ဖြစ်သည်။

သွေးစက်သုံးစက်က အဖြူရောင် ပျားဥကို ဖုံးလွှမ်းသွားသည်။

ယဲ့ရှောင်ချန်းက ၎င်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။

ရုတ်တရက် သွေးထဲတွင် ပူဖောင်းတစ်ခု ပွက်သွား၏။

ယဲ့ရှောင်ချန်း မျက်လုံးများ တောက်ပလာသည်။ ဝတ်မှုန်ကူး ပျားဥက သွေးအား အလွန်နိုးကြားစေမှန်း သူသိနေသည်။ ပထမဆုံး သူ့နှလုံးသားမှ သွေးကိုသုံးပြီး ပျားဥကို လှုံ့ဆော်ကာ ၎င်း၏ အသိစိတ်ကို နှိုးဆွပေးရမည်။

အရေးအကြီးဆုံးက နှလုံးသားမှ သွေးဖြင့် ပျားဥကို နှိုးဆွရန် ဖြစ်သည်။ ဥပေါက်ပါက ဝတ်မှုန်ကူး ပျားမှာ ၎င်း၏ သွေးနံ့ကို အမှတ်ရနေမည်ဖြစ်သည်။

နောက်ပိုင်း ထိုဝတ်မှုန်ကူးပျားကို ခိုင်းစေဖို့အတွက် သွေးဆက်နွယ်မှုအား အသုံးချနိုင်ပြီဖြစ်သည်။

သာမန်လူသားတစ်ယောက် အတွက်တော့ ခန့်မှန်းကြည့်ဖို့ ခက်ခဲသော်လည်း ယဲ့ရှောင်ချန်းက ရှန်းနုန်တစ်ယောက်ဖြစ်သည်။ သူက မြင့်မားသော စိတ်ဝိညာဥ်ဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။ သွေးဆက်နွယ်မှုနှင့် စိတ်ဝိညာဥ် စွမ်းအားတို့ကို အသုံးပြုကာ ဥ၏ အသိစိတ်နှင့် ဆက်သွယ်နိုင်လောက်သည်။

မိနစ်အနည်းငယ် ကြာသောအခါ သွေးစက် သုံးစက်၏ အရောင်က အလွန် မှိန်သွားသည်။

ပျားဥ၏ အသိစိတ်က နိုးထနေသော ဖြစ်စဥ်အား ကျော်ဖြတ်နေပြီး သွေး၏ ပါဝင်ပစ္စည်းများကို စုပ်ယူနေပြီဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။

ပူဖောင်းပွက်တာ မရှိတော့သောအခါ ယဲ့ရှောင်ချန်းက အင်မော်တယ်စမ်းရေကို ပန်းကန်လုံးထဲ လောင်းထည့်ကာ ဥကို ဆေးလိုက်သည်။

ခဏနေတော့ ပျားဥကို ယူလိုက်သည်။

ပျားဥသည် အစတုန်းကနှင့် အနည်းငယ် ခြားနားမှုရှိသည်။ သွေးမျှင်လေးများ အနည်းငယ် တွေ့နေရပြီး ယဲ့ရှောင်ချန်း၏ သွေးကို စုပ်ယူခဲ့သည့် ပုံပင်။

ချက်ချင်းပင် ယဲ့ရှောင်ချန်းက ပျားဥကို ဖော်စပ်ထားသော ပျော်ရည်ထဲတွင် ဂရုတစိုက် ထည့်လိုက်သည်။

သိပ်မကြာလိုက်ဘဲ သေးငယ်သော ပဲစိမ်းစေ့ တစ်စေ့ အရွယ်ရှိ ပူဖောင်းတစ်ခုက ပျားဥရှိနေရာမှ ပွက်လာသည်။

ထို့နောက် စက္ကန့်တိုင်း ပူဖောင်းများ ပွက်လာသည်။

ပျားဥက ပျော်ရည်ထဲရှိ အာဟာရများကို စတင်စုပ်ယူနေပြီဖြစ်သည်။

ဟူး...

ယဲ့ရှောင်ချန်း စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ပြီး အဖုံးကို ပြန်ပိတ်ထားလိုက်သည်။

နောက်တစ်ဆင့်က စောင့်ရန်ပဲ ဖြစ်သည်။

ပျားဥ အရွယ်ရောက်ဖို့ ဘယ်လောက် စောင့်ရမှန်း မသိသေးပေ။ သာမန်နည်းလမ်းအရဆိုလျှင် ၃ရက်မှ ၅ရက်အထိ ကြာနိုင်သည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက ဘုန်းတော်ကြီးမဟုတ်သောကြောင့် ပိုမိုကြာမြင့်နိုင်သည်။

ထို့အပြင် အောင်မြင်နိုင်ခြေကလည်း ရှိသေးသည်။

ယဲ့ရှောင်ချန်း အလွန်သတိထားရမည်ဖြစ်ပြီး ဘာအမှားမှ လုပ်မိလို့မဖြစ်ပေ။

ဘွိုင်လာကို သိုလှောင်နေရာကွက်ထဲ ပြန်ထည့်ထားလိုက်ပြီး မကြာခဏ ပျော်ရည်၏ အရောင်ကို ကြည့်မိသည်။

ပျော်ရည်အရောင် အလွန်ဖျော့လာပါက အာဟာရ ပျော်ရည်အသစ်လဲရမည်ဖြစ်သည်။ မဟုတ်လျှင် အာဟာရ မလုံလောက်မှု ဖြစ်ပေါ်လာမည်။

သားလောင်းတစ်ယောက် ဖွံ့ဖြိုးသလိုပင် အာဟာရ အပြည့်အဝမရရှိပါက အကျိုးဆက်များကို စဥ်းစာကြည့်၍မရနိုင်ပေ။

ပျားဥက အာဟာရလိုအပ်ချက်များ ပိုမိုများပြားသည်။

အာဟာရ ထောက်ပံ့မှု အနည်းငယ် ပျက်ယွင်းသွားသည်နှင့် အာနိသင် လုံးဝ ပြောင်းလဲသွားနိုင်သည်။

နောက်ထပ်ရက်အနည်းငယ်ခန့်အထိ ယဲ့ရှောင်ချန်း ပျားဥ၏ အာဟာရဖြစ်စဥ်ကို အနီးကပ် စောင့်ကြည့်နေသည်။

ဆိုင်မှ ရောင်းအားကလည်း ဟက်ဟက်ပက်ပက် မရှိလှပေ။ အော်ဒါများစွာရှိသော်လည်း ပထမအသုတ် စျေးဝယ်သူ ဟောင်းများထံမှ ဖြစ်သည်။

ဆားရည်စိမ်ဟင်းသီးဟင်းရွက်များ စားပြီးနောက် ထိုစျေးဝယ်သူဟောင်းများက ယဲ့ရှောင်ချန်း၏ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ဖောက်သည်များ ဖြစ်လာကြသည်။

သူတို့က ယဲ့ရှောင်ချန်း၏ အွန်လိုင်းဆိုင်တွင် ရီဗျူးများလည်း ပေးကြသည်။ ယဲ့၏ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များမှာ ကောင်းကင်ဘုံတမျှ ကောင်းမွန်ပြီး ဘယ်အရာနဲ့မှ နှိုင်းယှဥ်လို့ မရနိုင်သလို ၎င်း၏ ပြိုင်ဘက်ကင်း အရသာကို ဘယ်သူကမှ မကျော်လွှားနိုင်ဟု ဆိုကြသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက ရိုးအီသလို ခံစားမိသည်။

ဝယ်ယူမှု အတည်ပြုပြီးမှ ရီဗျူးပေးနိုင်သော ကောမန့်ပုံစံကြောင့်သာ မဟုတ်လျှင် ဆိုင်သို့ ဝင်ကြည့်ကြသူတိုင်းက နှာခေါင်းရှုံ့ပြီး ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်နေသည်ဟုသာ ထင်သွားနိုင်သည်။

ယဲ့ရှောင်ချန်းက ဂရုမစိုက်ပေ။ သူက ဝယ်သူများကို ထိုကဲ့သို့ ချီးကျူးစကားများ ရေးခိုင်းထားသည်လည်း မဟုတ်ပေ။

ကတိအတိုင်း ဝမ်ဖျင်ဟွေ့က ဆားရည်စိမ် ဟင်းသီးဟင်းရွက် ၃ ထုပ်ရခဲ့သည်။

မကောင်းဆိုးဝါးကဲ့သို့ အပြုံးမျိုးဖြင့် သူချက်ချင်း သူငယ်ချင်းများကို ခေါ်လိုက်ပြီး မိတ်ဆုံပွဲ ဖန်တီးလိုက်သည်။

သူတို့ထဲတွင် လင်ချမ်းလည်း ပါသည်။

ညစာစားသည့်နေရာက သူ့အိမ်မှာပဲဖြစ်သည်။

ဟင်းပွဲများကို အနီးအနားရှိ စားသောက်ဆိုင်မှ မှာထားခြင်းဖြစ်သည်။

ဘီယာဗူးများလည်း များစွာရှိသည်။

လူများ စုစုရုံးရုံးနှင့် သက်ဝင်လျက်ရှိသည်။

"အဘိုးကြီးဟွေ့၊ မင်း ဒီနေ့ ငါတို့ကို ဘာလို့ ဒကာခံချင်စိတ် ပေါ်လာတာလဲကွ။"

လင်ချမ်းက ပြုံးကာ မေးလိုက်သည်။

"သိပ်မကြာသေးခင်က ရှားရှားပါးပါး အရမ်းအရသာရှိတဲ့ ဟင်းတစ်မျိုး စားဖူးထားတယ်။ ပြီးတော့ လူစုလူဝေးနဲ့ အောင်ပွဲခံပြီး ပျော်ရွှင်ချင်စိတ်ပေါ်လာလို့ ချက်ချင်း မင်းတို့တွေကို သတိရပြီး ဒီအံ့သြစရာ ဟင်းပွဲကို မျှဝေဖို့ စိတ်ကူးလိုက်တာပဲ။"

ဝမ်ဖျင်ဟွေ့က ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။

"သွားစမ်းပါကွာ။ ဘာကို အရသာရှိတာလဲ။ ဒီလိုဟင်းပွဲမျိုးတွေ ငါစိတ်ကုန်ပြီ။"

ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် လက်မောင်းတွင် နဂါးတက်တူးရှိသော နောက်ထပ်လူတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။

"ဟားဟား မယုံရင် စောင့်နေလိုက်စမ်းပါကွာ"

ဝမ်ဖျင်ဟွေ့က လင်ချမ်းကို ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးနောက် မီးဖိုချောင်ထဲ ဝင်သွားသည်။

လင်ချမ်းက ဝမ်ဖျင်ဟွေ့ ထူးဆန်းနေသည်ဟု ခံစားနေရသည်။ အထူးသဖြင့် သူ့အကြည့်ဖြစ်သည်။ တစ်ခုခုတော့ ထူးခြားနေသည်။ ဝမ်ဖျင်ဟွေ့က ပို့ဆောင်ရေးလိပ်စာမှာ သူ့လိပ်စာ ထည့်လိုက်မှန်းသိပြီး အခု သူ့ကို လက်စားချေဖို့ ကြံနေတာများလား။

ဟုတ်တယ်။ ဆိုင်ရှင်ကတော့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် အစစ်ကို မပို့လောက်ဘူး မလား။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဆိုင်ရှင်က အန္တရာယ်များတာ တစ်ခုခု ပို့လိုက်တာဖြစ်ရမယ်။

မကြာမီ ဝမ်ဖျင်ဟွေ့က ပန်းကန်ပြားငယ် တစ်ချပ်ဖြင့် အလျင်အမြန် ပြန်ထွက်လာသည်။

သူထွက်လာသောအခါ ပြောမပြနိုင်လောက်အောင် သင်းပျံ့သော ရနံ့တစ်ခုက အခန်းထဲ ပြည့်နှက်သွားလေသည်။

ပွစိပွစိလုပ်နေကြသော လူများလည်း ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ အသက်ရှူသွင်းသံများသာ ကြားရပြီး မျက်လုံးများကလည်း ဝမ်ဖျင်ဟွေ့ ယူလာသော ပန်းကန်ပြားပေါ်သို့ ကျရောက်ကုန်ကြသည်။

All Chapters