← Chapters

ရင်နာခြင်း

Vol. 5 Ch. 69

ရင်နာခြင်း

Vol. 5 Ch. 69

အခန်း(၆၉) - ရင်နာခြင်း

ဟင်းပွဲအား စားပွဲပေါ်တွင် ချလိုက်သည်။

လင်ချမ်းနှင့် အခြားသူများသည် ဟင်းပန်ကန်ထဲရှိ အရာကို မြင်သောအခါ ကြောင်သွားကြသည်။

သခွားသီး ၇ စိတ်။

သခွားသီးအစိတ်တိုင်းကလည်း ပုစဥ်းတောင်ပံကဲ့သို့ပင် ပါးလွှာလွန်းလှသည်။

"ဒါ... ဒါက မင်းပြောတဲ့ ပြိုင်ဘက်ကင်း ဟင်းလျာဆိုတာလား။"

ဝမ်ကျန်းက မျက်စပြစ်လိုက်သည်။

ရနံ့က တကယ်မွှေးပျံ့သော်လည်း ထိုသခွားသီး ၇ စိတ်မှ ထွက်လာသည်ဟု မထင်မိပါ။

"အဘိုးကြီးဟွေ့ ငါတို့ကို ဒီသခွားသီးနဲ့ ဧည့်ခံဖို့ ကြိုးစားနေတာလား"

"သခွားသီးဆိုလည်း အစိတ်တွေ အများကြီးရှိရမှာပေါ့။ ဘာလို့ နည်းနည်းလေးပဲ လာချတာလဲ။"

"ဒါပေမဲ့ ဒီနံ့က ဘာနံ့လဲ။ မွှေးလွန်းလို့ ငါ သွားရည်တောင် ကျလာပြီ။"

"ဟုတ်တယ် အစကတော့ ငါဗိုက်မဆာဘူး။ အခု ထမင်းတစ်အိုးလုံး စားနိုင်ပြီလို့ ခံစားနေရတယ်။"

အားလုံးက တစ်ခုမဟုတ် တစ်ခု ပြောဆိုနေကြသည်။

"ဟီးဟီး အရသာရှိတဲ့ဟင်းလျာဆိုတာ ဒီသခွားသီးကိုပဲ ပြောတာပါ ဒါပေမဲ့ သာမန် သခွားသီးတော့ မဟုတ်ဘူး။ စူပါ ဆားရည်စိမ်သခွားသီးလို့ ခေါ်ရမှာ။"

ဝမ်ဖျင်ဟွေ့က ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။

"ဆားရည်စိမ်သခွားသီးဟုတ်လား။ ငါပြောမယ် အဘိုးကြီးဟွေ့၊ ငါတို့ဆားရည်စိမ် သခွားသီး မစားဖူးဘူးများ ထင်နေလား။ ငါ့မိသားစုရဲ့ ပုလင်းထဲမှာဆို မင်းဗိုက်ကားသွားလောက်တဲ့အထိ ရှိတယ်။"

လက်မောင်းပေါ်တွင် နဂါးတက်တူးနှင့် ကောင်လေးတစ်ဦးက ရယ်မောကာ ပြောလိုက်သည်။

"ဟ မင်းတို့အနံ့မရဘူးလား။ အောင်မယ်လေးကွာ... မင်းတို့ ဒီလောက်မွှေးတဲ့အနံ့မျိုး အရင်က ရဖူးလို့လား။ ဒီအနံ့က ဒီဆားရည်စိမ် သခွားသီးကနေ ထွက်နေတာကွ။"

ဝမ်ဖျင်ဟွေ့က ခေါင်းတခါခါဖြင့် ပြုံးလိုက်သည်။ ထို့နောက် တူကိုထုတ်လိုက်ပြီး သခွားသီး တစ်ချပ်ကို ညှပ်ယူလိုက်သည်။ သူ့မျက််နှာက မူးဝေနေသော ခံစားချက်တစ်ခု ပေါ်လွင်နေသည်။ ထို့နောက် သခွားသီးကို ပါးစပ်ထဲ ညင်ညင်သာသာ ထည့်လိုက်ပြီး ဝါးလိုက်သည်။

ပြောမပြနိုင်လောက်သည့် အရသာမျိုးက သူ့ပါးစပ်ထဲ ပြည့်လျှံသွားပြီး သူ့ရသာဖုများက  ချဲ့ကားသွားကြသည်။

ဝမ်ဖျင်ဟွေ့၏ မျက်နှာထားက ယစ်မူးနေသော အရိပ်အယောင်များ ပေါ်လာသည်။

"လခွမ်း မင်းမျက်နှာ ကြည့်ရတာ အမှုန့်တွေ ရှူထားတယ်နဲ့တူတယ် အဲလောက် ပုံကြီး ချဲ့နေစရာ လိုလို့လားကွာ။"

(ဆေးသုံးတာကို ပြောတာပါ)

လင်ချမ်းလည်း မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး။ အမှုန့်ထက် အဆ ၁၀၀၀ လောက် ပိုလန်းတယ်။ မင်းတို့မစားချင်လည်း မစားကြနဲ့ပေါ့ကွာ။ မင်းတို့ကို ဒီလို အရသာရှိတဲ့ ဆားရည်စိမ် သခွားသီးနဲ့ ဧည့်ခံနိုင်ဖို့ ငါဘယ်လောက် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ခဲ့ရလဲဆိုတာ မင်းတို့ မသိပါဘူး။"

ဝမ်ဖျင်ဟွေ့က မျက်လုံးမှေးကာ ပြောလိုက်သည်။

"ဘယ်လိုလဲ"

အခြားသူများ ကြောင်တောင်တောင် ဖြစ်သွားကြလေသည်။

"ဒါဆိုလည်း စားကြည့်မယ်ကွာ"

လက်မောင်းတွင် နဂါးတက်တူးနှင့် ကောင်လေးက ပိုပိုပြီး ဗိုက်ဆာလာသလို ခံစားရပြီး သခွားတစ်စိတ်ကို ယူလိုက်ပြီး နှာခေါင်းရှေ့တွင် ရှူကြည့်လိုက်သည်။ အနံ့တစ်ခုတည်းနှင့်ပင် သူ့သွားရည်များ ကျလာပြီဖြစ်သည်။

အများကြီး သိပ်စဥ်းစားမနေတော့ဘဲ ပါးစပ်ထဲ တန်းထည့်လိုက်သည်။

သူ့မျက်နှာပေါ်တွင် ချောက်ချားမှုများ ပေါ်လာသည်။

"ဘာလို့လဲ မကောင်းဘူးလား"

အခြားသူများက မေးလိုက်သည်။

"ငါစားတာမြန်သွားတယ်"

ကောင်လေးက တံတွေးမျိုချလိုက်သည်။ တကယ်ပဲ သူစားတာ မြန်လွန်းသွားသည်။ ပြောမရနိုင်လောက်သည့် အရသာက ထွက်လာစပဲ ရှိသေးစဥ်မှာပင် သူမျိုချလိုက်မိသည်။

အလွန်အမှတ်ရစရာကောင်းသည်။

မျက်လုံးများ အရောင်တောက်လာပြီး ပန်းကန်ပြားထဲက နောက်ထပ် သခွားသီးစိပ်များကို ကြည့်လိုက်သည်။

သူ့တူဖြင့် ညှပ်ရန် ကြိုးစားလိုက်စဥ်မှာပင် အခြားသူများကလည်း တုံ့ပြန်ပြီး သူတို့ တူများကို လှုပ်ရှားနေကြပြီဖြစ်သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ပန်းကန်ပြားက လုံးဝ ဗလာဖြစ်သွားတော့သည်။

"လခွမ်း"

ကောင်လေးက ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်ပြီး ဝမ်ဖျင်ဟွေ့ကို ကြည့်လိုက်သည်။ "အဘိုးကြီး မင်းမှာ ရှိသေးလား မြန်မြန်ထုတ်လိုက် မင်းလောဘမကြီးနဲ့နော်"

"မဟုတ်ဘူး၊ တကယ်ပြောတာ ဒါ နောက်ဆုံး ကျန်တာပဲ။"

ဝမ်ဖျင်ဟွေ့က ပခုံးတွန့်ကာ ပြောလိုက်သည်။

မနေ့ကမှ ရောက်လာတာဖြစ်ပြီး သူ့လက်ထဲတွင် အများကြီး ရှိသေးသည်။ သို့သော်လည်း နောက်မှ ဖြည်းဖြည်းချင်း သူဇိမ်ခံစားမည် ဖြစ်သည်။

တစ်လမှာ သုံးထုပ်ပဲ ဝယ်လို့ရတာကိုး။

ထိုအချိန်တွင် အခြားသူများက သခွားသီးစိပ်များကို စားသောက်နေကြပြီး သူတို့မျက်နှာ အနေအထားများကလည်း လက်မောင်းပေါ် တက်တူးရှိသော ကောင်လေးနှင့် မခြားနားလှပါ။

"ဘုရားသခင် ဒီဆားရည်စိမ် သခွားသီးက ဘာလဲကွ အရသာအရမ်းရှိတာပဲ။"

"အား ဒီလောက်အရသာရှိတဲ့ ဆားရည်စိမ် စားပြီးရင် နောက်ပိုင်း အခြားဟင်းတွေ စားနိုင်ပါဦးမလား။"

"ဟုတ်တယ် အခု ငါ့ပါးစပ်ထဲ ဆားရည်စိမ် သခွားသီး အရသာတွေနဲ့ ပြည့်နေပြီ။ နောက်ပိုင်း အခြားဟာတွေ စားချင်စိတ် ရှိတော့မယ် မထင်ဘူးကွာ။"

"အဘိုးကြီးဟွေ့ မင်းဒီဆားရည်စိမ် ဘယ်က ရတာလဲ။"

"မြန်မြန် ပြောစမ်းပါကွာ။"

လင်ချမ်းနှင့်အခြားသူများက မျက်လုံးနီနီများဖြင့် ဝမ်ဖျင်ဟွေ့ကို ကြည့်လိုက်ပြီး အလောတကြီး မေးလိုက်ကြသည်။

"ငါက ဘယ်လိုလုပ်သိမှာလဲ။ မင်းတို့သိချင်ရင် ချမ်းကျစ်ကို မေးကြည့်လိုက်ကြပေါ့။"

ထိုလူတွေ သူ့ငါးစာကို ဟပ်ပြီးသွားကြောင်း မြင်လိုက်ရသောအခါ သူက လေးပင်သော လေသံဖြင့် ချက်ချင်းပြောလိုက်သည်။

"ချမ်းကျစ်ကို မေးရမယ်ဟုတ်လား။"

အခြားသူများက အံ့အားသင့်သွားသည်။ ဒီအရသာရှိသော ဆားရည်စိမ်နှင့် လင်ချမ်းတို့အကြား ဆက်နွယ်မှုက ဘာများလဲ။

"ဘာဖြစ်လို့ ငါ့ကိုမေးရမှာလဲ။ ငါဘာမှမသိဘူးလေ။"

လင်ချမ်း၏ ခေါင်းတစ်ခုလုံးလည်း ဝေဝါးနေပြီဖြစ်သည်။

"ဟားဟား... ချမ်းကျစ် သိပ်မကြာသေးခင် ရက်နည်းနည်းလောက်က ငါ့ဆီ အမြန်ချောပို့နဲ့ အထုပ်တစ်ခု ရောက်လာတယ်ကွ၊ အင်တာနက်က ငါဘာမှဝယ်မထားတာတောင် အထဲမှာ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ ပါလာတယ်။"

ဝမ်ဖျင်ဟွေ့က လင်ချမ်းကို ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

လင်ချမ်း ကြောင်သွားသည်။ သူ တစ်စုံတစ်ခုကို စဥ်းစားမိပုံပေါ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

"မင်းပြောချင်တာက မင်းဆီ ဒီဆားရည်စိမ်ဟင်းသီးဟင်းရွက်ကို တစ်ယောက်ယောက်က ပို့ပေးလိုက်တယ်ပေါ့။"

"အေး... ဟာကွာ။ ဘယ်လိုလူမျိုးက ငါ့ဆီကို ဒီလို အရသာရှိတဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ ပို့ပေးလိုက်လဲမသိဘူးနော်။ တကယ် အရသာရှိတာပဲ။"

ဝမ်ဖျင်ဟွေ့သည် ပါးချချင်စရာကောင်းသော မျက်နှာမျိုးဖြင့် ပြောလိုက်သည်။

လင်ချမ်း၏ မျက်လုံးတွေ နီရဲလာပြီး ရှိသမျှ အားအကုန်ဖြင့် အော်လိုက်တော့သည်။

"ဘယ်လိုလူမျိုးကမှာလဲ။ အဲ့အထုပ်က ငါ့ကိုပို့တာကွ။ အဘိုးကြီးဟွေ့၊ မင်းငါ့ဆားရည်စိမ်ဟင်းသီးဟင်းရွက်ကို ပြန်ပေးစမ်း။"

အလွန်စျေးကြီးသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်ဆိုင်က ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို တကယ်ပို့ခဲ့ပြီး အလွန်လည်း အရသာရှိကြောင်းကို သူနားလည်သွားပြီဖြစ်သည်။

အဘိုးကြီးဟွေ့၏ လိပ်စာကို ရေးလိုက်မိသည့်အတွက် သူ သွေးပင် အန်ချင်လာသည်။

အစက သူပိုင်ဆိုင်သင့်သည့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို ဝမ်ဖျင်ဟွေ့က စားလိုက်သည် ဟူသော အတွေးဖြင့်ပင် ကောင်းကင်ကြီး ပြိုသွားသလို ခံစားလိုက်ရသည်။

အခြားသူများကတော့ စပ်စုချင်လာ၏။

မေးမြန်းမှုများကြောင့် ဝမ်ဖျင်ဟွေ့က ဇာတ်ကြောင်းကို ပြောပြလိုက်တော့သည်။

"ဟားဟား ချမ်းကျစ် ဒါကို ကံလို့ခေါ်တယ်ကွ။ ဒါနဲ့ အဘိုးကြီးဟွေ့ အဲ့ဒီဆိုင်လိပ်စာ မြန်မြန် ပြောစမ်းပါ။ ငါလည်း နည်းနည်းလောက် ဝယ်ချင်လို့ ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက တကယ်ကောင်းတယ်ကွ။"

အခြားသူများလည်း စိတ်လှုပ်ရှားလာကြသည်။

အွန်လိုင်းဆိုင်ဖြစ်သဖြင့် ဝယ်ယူနိုင်သည် ဟူသော သဘောပင်။

ထိုကဲ့သို့ အရသာရှိလှသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို စားသောက်ရသည့်အတွက်လည်း အလွန်ပျော်ရွှင်သွားကြသည်။

ဆိုင်က အချက်အလက်များကို ကြည့်လိုက်သောအခါ သွေးအန်ချင်သွားကြသည်။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက စျေးကြီးလွန်းလှသည်။

တစ်ထုပ်အလကားရမည် မဟုတ်ပါက သူတို့ ကပ်စေးနဲနေနိုင်သေးသည်။

"အဘိုးကြီးဟွေ့၊ မင်းရထားတဲ့အထုပ် ငါ့ကို ပြန်ပေးလို့ ပြောနေတယ်။"

လင်ချမ်းက အခမဲ့တစ်ထုပ် ရမည့်အခွင့်အရေးကို လက်လွှတ်လိုက်ရသဖြင့် နောင်တရနေမိသည်။

တစ်လကို သုံးထုပ်သာ။

သူ တစ်ထုပ်ကို အခမဲ့ မှာယူပြီးပြီ ဖြစ်သဖြင့် နှစ်ထုပ်သာ ထပ်ဝယ်နိုင်တော့သည်။

"မရဘူးကွာ။"

ဝမ်ဖျင်ဟွေ့က မျက်နှာပြောင်တိုက်ကာ ငြင်းလိုက်သည်။

"ငါဝယ်ထားတဲ့ အထုပ်ကို မင်းစားလိုက်တယ်ပေါ့။"

လင်ချမ်း ဒေါကန်နေသည်။

"ပို့လိုက်တာက ငါ့အတွက်ကွ။"

လင်ချမ်း၏ မျက်လုံးတွေ နီလာသည်ကို မြင်သောအခါ ဝမ်ဖျင်ဟွေ့ က သဘောကျနေသည်။

"ညီအစ်ကိုဟွေ့ ငါပိုက်ဆံနဲ့ ပြန်ဝယ်မယ်လေကွာ။"

လင်ချမ်းက လက်မလျှော့သေးသည်ကို ဝမ်ဖျင်ဟွေ့က မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။

"မရဘူး၊ လုံးဝမရဘူး။"

ဝမ်ဖျင်ဟွေ့က နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။

၎င်းကိုမြင်သောအခါ လင်ချမ်း ဘာမှ မပြောရဲတော့ပေ။

မျှော်လင့်ချက် မရှိတော့ကြောင်း လင်ချမ်း သိသဖြင့် အော်သာအော်နိုင်တော့သည်။ ဖုန်းကို အသုံးပြုပြီး တာ့ပေါင်ကိုဖွင့်ကာ ကျန်နှစ်ထုပ်ကို မှာယူလိုက်တော့သည်။

သူလက်လွှတ်လိုက်ရသည့် ဆားရည်စိမ်ဟင်းသီးဟင်းရွက်အကြောင်း ပြန်တွေးမိတိုင်း ရင်နာမိသည်။

All Chapters