စားစရာ
Vol. 5 Ch. 70
အခန်း(၇၀) - စားစရာ
ကျင်းကျေးရွာ။
ထျန်တာ့ ထောက်ပို့ရေး စင်တာ။
ယဲ့ရှောင်ချန်းသည် ကုန်ပစ္စည်းများ လာယူရန် ဤနေရာသို့ ရောက်လာခဲ့သည်။ အရင်တစ်ခေါက်က တာ့ပေါင်မှ ဖန်လုံအိမ် အပူလျှပ်ကာအစများကို ဝယ်ခဲ့ပြီး နောက်ဆုံးတော့ ဒီနေ့ ရောက်လာပြီဖြစ်သည်။
၂၆၀၀ စတုရန်းမီတာ အပြည့်ဖြစ်ပြီး ပမာဏကလည်း များပြားလွန်းလှသည်။ ယဲ့ရှောင်ချန်းသည် ထိုအစများကို သူ့ကားပေါ်သို့ အပြည့်အလျှံတင်လိုက်သည်။
ယဲ့ရှောင်ချန်းတစ်ယောက် ကားထဲသို့ ဝင်ခါနီးတွင် အနောက်မှ အသံတစ်သံကြားလိုက်ရသည်။
"ညီလေးယဲ့"
ယဲ့ရှောင်ချန်းက နောက်လှည့်ကြည့်လိုက်သောအခါ လီကျန့်ရမ်ကို တွေ့လိုက်ရသည်။
အရင်တစ်ခေါက်က လီကျန့်ရမ်နှင့် အခြားသူများနှင့်အတူတူ လင်မိသားစုကိုယ်ပိုင်စားဖိုဆောင်တွင် စားသောက်ခဲ့ကြသည်။ လီကျန့်ရမ်က မြို့ထဲတွင် ပရိဘောဂစတိုးဆိုင် တစ်ဆိုင် ဖွင့်ထားပြီး စည်းစိမ်ကလည်း ၁၀ မီလီယံယွမ်ကျော် ပိုင်ဆိုင်ထားသည်။
ယခင်တစ်ခေါက် ညစာအတူတူ စားပြီးကတည်းက သူတို့နှစ်ဦး တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလာခဲ့ကြသည်။ မကြာခဏဆိုသလို ယဲ့ရှောင်ချန်းက ခြံထွက် ဟင်းသီးဟင်းရွက်များ ပို့ပေးတတ်သည်။
သူတို့အကြားက ဆက်ဆံရေးကလည်း ကောင်းမွန်လှသည်။
"ညီအစ်ကိုရမ် ပါလား။"
ယဲ့ရှောင်ချန်းသည် လီကျန့်ရမ်ဘေးက လူကို ကြည့်လိုက်သောအခါ မထင်မှတ်ထားဘဲ သူ့ဝမ်းကွဲအစ်ကို ချန်ဟောက်ကို မြင်လိုက်ရသည်။
ချန်ဟောက်က ယဲ့ရှောင်ချန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရှောင်ချန်းက လီကျန့်ရမ်ကို ဘယ်လိုသိတာလဲ။
"ဟာ အစ်ကိုကြီး နေကောင်းလား။"
ယဲ့ရှောင်ချန်းက သူ့ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။
ချန်ဟောက်၏ မျက်နှာက အနည်းငယ် သုန်မှုန်နေသော်လည်း ပြုံးကာ ပြန်ဖြေလိုက်သည်။
"ရှောင်ချန်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
"ကျွန်တော် လိုင်းပေါ်က ပစ္စည်းတွေ ဝယ်ထားလို့ လာယူတာလေ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဟားဟား အစ်ကိုကြီးယဲ့။ မင်းနဲ့ ဘော့စ်ချန်တို့ကို ဝမ်းကွဲညီအစ်ကိုတွေလို့ မထင်ထားဘူး။"
လီကျန့်ရမ်က သူတို့တော်စပ်မှုကို အလျင်အမြန် နားလည်သွားသည်။
ယဲ့ရှောင်ချန်းက ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်။ ငါ့အမေနဲ့ ငါ့ဝမ်းကွဲအစ်ကိုရဲ့ အမေတို့က ညီအစ်မတွေလေ။"
"ဟားဟား... ဒါဆို ကိုယ့်လူတွေပဲပေါ့။"
တည်တံ့သော မျက်နှာထားဖြင့် လီကျန့်ရမ်က ပြုံးလျက် ချန်ဟောက်ကို ပြောလိုက်သည်။
"ဘော့စ်ချန် ခင်ဗျားပြောခဲ့တာတွေကို ကတိပေးပါတယ်။"
ချန်ဟောက်သည် ပထမတော့ ကြက်သေသေသွားသည်။ ထို့နောက် ချက်ချင်း ပျော်ရွှင်သွားပြီး ယဲ့ရှောင်ချန်းကို အလွန်ကျေးဇူးတင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လီကျန့်ရမ်က ယဲ့ရှောင်ချန်းကြောင့်သာ လက်ခံလိုက်ခြင်းဖြစ်သည်။
မဟုတ်လျှင် အဘယ်ကြောင့် အလွယ်တကူ ကတိပေးမည်နည်း။ သူ လီကျန့်ရမ်ကို ရှာရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူ့သဘောထားက အမြဲတမ်း မပြတ်မသား ဖြစ်ခဲ့သည်။
သူ့ရင်ထဲတွင် ပိုမိုအံ့အားသင့်လာသည်။ ယဲ့ရှောင်ချန်းနှင့် လီကျန့်ရမ်တို့ ဘယ်လိုလုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သိနေရတာလဲ။ ပြီးတော့ သူတို့ဆက်ဆံရေးကလည်း အပေါ်ယံဖြစ်တဲ့ပုံမပေါ်ဘူး။
သူ့ရင်ထဲတွင် စိတ်သက်သာရာရသွားသော်လည်း ယဲ့ရှောင်ချန်းအတွက် ပိုပိုပြီး စိတ်မကောင်း ဖြစ်လာမိသည်။
အခုချိန်ထိ အရင်ကကိစ္စများကို မေ့ပြစ်ဖို့ ခက်ခဲနေသေးပြီး ယဲ့ရှောင်ချန်းအပေါ်တွင် သူ ဆပ်စရာ အကြွေး တင်ရှိနေသည်ဟု ခံစားရသည်။
သူ့အိမ်မှာ ကျားမတစ်ကောင် ရှိနေသဖြင့် ဘာမှမတတ်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။
လီကျန့်ရမ်နှင့် ချန်ဟောက်တို့အကြား ဘာတွေ ပြဿနာရှိနေမှန်း ယဲ့ရှောင်ချန်း နားမလည်ပေ။
သို့သော်လည်း သူ ငတုံး မဟုတ်ပါ။ သူ့ဝမ်းကွဲအစ်ကိုက လီကျန့်ရမ်အား တောင်းဆိုစရာ အရေးကြီးကိစ္စ တစ်ခုခု ရှိနေသည်ကို မြင်နိုင်သည်။ ထို့အပြင် ယခင်က လီကျန့်ရမ်သည် သူ့ကို ကတိမပေးခဲ့သော်လည်း ယဲ့ရှောင်ချန်းကို မြင်မှ သူ့ကို မျက်နှာသာ ပေးလိုက်ခြင်း ဖြစ်နိုင်သည်။
ခဏလောက် စကားပြောပြီးသွားကြသောအခါ လီကျန့်ရမ်က ယဲ့ရှောင်ချန်းကို ရုတ်တရက် ပြောလိုက်သည်။ "ညီလေးယဲ့၊ လင်မိသားစုကိုယ်ပိုင်စားဖိုဆောင်ကို သွားဖို့ ဘယ်တော့လောက် အချိန်ရမလဲ။ ငါဒကာခံမှာပါ။"
ယဲ့ရှောင်ချန်းသည် ရှက်ရွံ့မှုကြောင့် မျက်နှာနီသွားသည်။ လီကျန့်ရမ်၏ ရည်ရွယ်ချက်ကို မသိဘဲ နေပါ့မလား။ သို့သော်လည်း လင်မိသားစုကိုယ်ပိုင်စားဖိုဆောင်ကို သွားရန်အတွက် သူ အချိန်မရပေ။
လီကျန့်ရမ်သာမက လျို့ဖူရှန်း၊ ရှုကျောင်းတို့ကလည်း လင်မိသားစုကိုယ်ပိုင်စားဖိုဆောင်သို့ သွားရန် ပြောကြသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းသည် အလွန်စျေးကြီးလွန်းသည်ဟု ခံစားမိသည်။
သူတို့က ဒကာခံမည်ဟု ပြောသော်လည်း ယဲ့ရှောင်ချန်းက မာနရှိသော လူတစ်ယောက် ဖြစ်သည်။ အမြဲတမ်း အလကား စားသောက် မနေနိုင်ပေ။
"ညီအစ်ကိုရမ် ဒါမှမဟုတ် ငါ့အိမ်ကို လာခဲ့ကြပါလား။ ငါ့အမေ ဟင်းချက်လက်ရာက ကောင်းတယ်။ မင်းတို့ စားရသောက်ရတာ အရသာရှိလိမ့်မယ်လို့ အာမခံတယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
သူတို့အား အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များ၊ စူပါဆားရည်စိမ်ဟင်းသီးဟင်းရွက်များဖြင့် ဧည့်ခံမည် ဖြစ်သောကြောင့် သူတို့ စိတ်ပျက်မည် မဟုတ်ပါ။
"တကယ်လား။"
လီကျန့်ရမ် အံ့အားသင့်သွားသည်။ "ဟုတ်ပြီ။ မင်း ငါ့ကို အချိန်သာ ပြောလိုက်။ ငါတို့အားလုံး မင်းအိမ်ကို အတူတူ လာခဲ့မယ်။"
သူတို့စကားဝိုင်းအကြားတွင် ချန်ဟောက် စကားတစ်လုံးမှ ဝင်မပြောနိုင်တော့ပါ။
သူ၏ လူကြောက်တတ်သော ဝမ်းကွဲညီက ပုံမှန်အတိုင်း စကားပြောနေသည်ကို ချန်ဟောက် မြင်လိုက်ရသည်။ လီကျန့်ရမ်လို လူမျိုးနှင့် စကားပြောရတာကိုပင် တည်ငြိမ် အေးဆေးလျက်ရှိသည်။ ရုတ်တရက် သူ ပိုပြီး တွေးကြည့်လေလေ သူ့ဝမ်းကွဲညီ ပိုပြီး ပြောင်းလဲလာလေလေ ဟုခံစားရသည်။ သူနှင့် အနည်းငယ်ပင် စိမ်းသွားသည်ဟု ခံစားလိုက်ရသည်။
"ညီအစ်ကိုရမ်နဲ့ ဝမ်းကွဲအစ်ကိုတို့ ကျွန်တော် အနှောင့်အယှက် မပေးတော့ဘူးနော်။ ကျွန်တော် အရင်သွားနှင့်တော့မယ်။"
စကားအတော်ကြာ ပြောပြီးနောက် ယဲ့ရှောင်ချန်းသည် သူတို့နှစ်ဦးကို နှုတ်ဆက်ပြီး ကားထဲဝင်လိုက်သည်။
"ညီအစ်ကိုယဲ့၊ နောက်မှ ဖုန်းဆက်လိုက်မယ်နော်။"
ယဲ့ရှောင်ချန်းက ကားဖြင့်ထွက်သွားသောအခါ လီကျန့်ရမ်က သတိပေးဖို့ မမေ့ပါ။
"ရပါတယ်။"
ယဲ့ရှောင်ချန်းက လက်ရမ်းပြလိုက်ပြီး ထောက်ပို့ရေးစင်တာမှ မောင်းထွက်သွားတော့သည်။
ခြံသို့ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်း တစ်ယောက်တည်း အပူလျှပ်ကာအစများကို သွပ်အိမ်ထဲ ထည့်ထားလိုက်သည်။
အလိပ် ၁၀၀ ကျော်ရှိပြီး နာရီပေါင်းများစွာ အချိန်ကုန်ခဲ့ရပြီး အခြားကိစ္စများ လုပ်ဖို့ ပင်ပန်းလွန်းနေပြီဖြစ်သည်။
အားလုံးရောင်းချပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ထိုင်ပြီးသာ အနားယူချင်နေပြီဖြစ်သည်။
သူ့ဖုန်းကို ကြည့်လိုက်သောအခါ အော်ဒါများစွာ တက်နေသည်ကို မြင်လိုက်ရသည်။
"ဟ ရိုးသားသောဓားပြလည်း မှာထားတာလား။"
ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်သွားသည်။
သူ ပြုံးလိုက်၏။ ကြည့်ရတာ ဒီလူလည်း ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ဘယ်လောက် အရသာရှိမှန်း သိသွားလို့ ဝယ်ချင်နေတာထင်တယ်။
သူ့အခင်ဆုံးသူငယ်ချင်းကို စနောက်ရန်အတွက် ထိုလူက သူ့သူငယ်ချင်းလိပ်စာကို ထည့်ခဲ့သည်။ ယခုတော့ နောင်တရနေပြီလား မသိပေ။
အော်ဒါများကို စစ်ဆေးပြီးသွားသောအခါ ပစ္စည်းများကို ယနေ့ မပို့လိုက်ပေ။
သူ အလွန် ပင်ပန်းလွန်းနေပြီဖြစ်သည်။
ယဲ့ရှောင်ချန်းသည် အဲကွန်းဖွင့်လိုက်ပြီး အိပ်ယာထဲတွင် လှဲလိုက်ကာ ဝီချက်မှတဆင့် ဝမ်ရှင်းယီကို မက်ဆေ့ချ် ပို့လိုက်သည်။
ဝမ်ရှင်းယီက အလျင်အမြန် စာပြန်သည်။
ဝမ်ရှင်းယီ၏ စာများကို မြင်ရသောအခါ သူ့နှလုံးသားထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ထိုခံစားချက်က အလွန်ကောင်းမွန်လှသည်။ ဒီတိုင်း သာမန်စာပို့ခြင်း ဖြစ်သော်လည်း ထိုခံစားချက်က သူ့ကို မျှော်လင့်ချက်များ ပေးစွမ်းသည်။ အထူးသဖြင့် နွေးထွေးပြီး ကောင်းမွန်လှသည်။
သူတို့နှစ်ဦး စည်းကို လုံးလုံးမကျော်ကြသေးသော်လည်း သူတို့နှစ်ဦးအကြား ကွာဟမှု မရှိတော့ပေ။ သူတို့က သက်တောင့်သက်သာပင် စာကို ပို့နေကြသည်။
ဝမ်ရှင်းယီကလည်း မက်ဆေ့ချ်များကို စပို့တတ်သည်။ အရင်အကြောင်းအရာကိစ္စများ ဖြစ်သော်လည်း ပြောရတာ အလွန်ပျော်ဖို့ ကောင်းသည်။
ခဏလောက် စာပို့ပြီးသွားသောအခါ ယဲ့ရှောင်ချန်း ဖုန်းကိုချလိုက်ပြီး ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ကို ထုတ်လိုက်သည်။
"အခု ဝတ်မှုန်ကူး ပျားဥရဲ့ ဥဖောက်ခြင်းက အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ။ ဥပေါက်လာတဲ့အခါ ကျွေးမွေးဖို့ ပျားပေါက်အတွက် လိုအပ်တဲ့ အစားအစာတွေကို ပြင်ဆင်ထားရမယ်။"
ယဲ့ရှောင်ချန်းသည် တစ်ယောက်တည်း ပြောလိုက်သည်။
ပျားပေါက်အတွက် အစားအစာက အလွယ်တကူ ပြင်ဆင်၍မရပါ။ အထူးတလှယ် ပြင်ဆင်ရမည်ဖြစ်သည်။
ပျားပေါက်များအတွက် အကောင်းဆုံးအစားအစာကို ဝတ်မှုန်ကူးပျားအုံက ထောက်ပံ့ပေးသည်။ ၎င်းက အဆင်အပြေဆုံးဖြစ်ပြီး အရည်အသွေးအကောင်းဆုံးလည်း ဖြစ်သည်။
ထိုကဲ့သို့ အစားအစာမျိုးကို သေမျိုးကမ္ဘာတွင် ရှာဖွေဖို့ကလည်း မဖြစ်နိုင်ပါ။
ယဲ့ရှောင်ချန်း ကိုယ့်ဖာသာကိုယ် လုပ်ဖို့သာ ရှိတော့သည်။
ထိုအတွက် အင်မော်တယ်စမ်းရေက မရှိမဖြစ်ဖြစ်သည်။
ပျားပေါက်လေးက ပျားရည်သာ စားသဖြင့် ပျားရည်ကလည်း လိုအပ်သည့်အရာဖြစ်သည်။
ကမ္ဘာမြေတွင်ရှိသော ပျားရည်၏ အာဟာရတစ်ခုတည်းသာဆိုလျှင် သေချာပေါက် ကောင်းကင်ဘုံထက် ပိုအဆင့်နိမ့်မည်ဖြစ်ပြီး အင်မော်တယ်ချီလည်း မပါဝင်ပါ။
ထို့ကြောင့် အခြားအရာများ ပေါင်းထည့်ရမည်ဖြစ်သည်။
"ပျားရည်စစ်စစ် ဖြစ်ရမယ်။ မစစ်လို့မရဘူး မဟုတ်ရင် အစာလုပ်ဖို့ ခက်တယ်။ စျေးမှာ ဝယ်တဲ့ ပျားရည်တွေက သကြားရည်တွေနဲ့ ရောထားကြတယ်။"
ယဲ့ရှောင်ချန်းတစ်ယောက် ဇဝေဇဝါဖြစ်နေသည်။
တချို့ ပျားခြံများတွင် သူတို့ရှေ့ ပျားရည်ကို ထုတ်ပေးနိုင်သည်ဟုဆိုကြသည်။ တကယ်တော့ ထိုပျားရည်များက သကြားရည်များဖြင့် ကြိုတင် ရောစပ်ထားခြင်းဖြစ်ကာ ပျားအုံထဲ ထည့်ထားခြင်းဖြစ်သည်။
တစ်ယောက်ယောက်လာဝယ်လျှင် ပျားအုံထဲမှ ထုတ်ပြမည်ဖြစ်သည်။
ထို့ကြောင့် ပျားခြံသို့ ပျားရည်သွားဝယ်ခြင်းကလည်း အလုပ်ဖြစ်မှာ မဟုတ်ပေ။
"ကြည့်ရတာ ငါ့ဖာသာငါ ပျားရည်ရှာရတော့မယ်ထင်တယ်။"
ပျားရည်ရှာဖို့ အကောင်းဆုံးရာသီဖြစ်သည့် နွေဦးရာသီ ကုန်သွားပြီဖြစ်သော်လည်း ပျားအုံများ ရှာနိုင်ပါသေးသည်။
ဒီရာသီ၏ ဟင်းသီးဟင်းရွက် အပွင့်ပွင့်ခြင်း ကာလများ ကုန်ဆုံးသွားပြီဖြစ်သည်။
ပျားများကလည်း ဆောင်းရာသီအတွက် ပျားရည်ကို ပြင်ဆင်ထားပြီးကြပြီ ဖြစ်သည်။ ထို့ကြောင့် ပျားများတွင် ယခုလောက်ဆို ပျားရည်များစွာ ရှိနေလောက်ပြီ ဖြစ်သည်။