ပျားအုံ ရှာဖွေခြင်း
Vol. 5 Ch. 71
အခန်း(၇၁) - ပျားအုံ ရှာဖွေခြင်း
ချန်ဟောက်က အိမ်ပြန်ရောက်လာခဲ့သည်။
ယနေ့ ပြဿနာကြီးတစ်ခုကို ဖြေရှင်းနိုင်လိုက်ပြီ ဖြစ်သဖြင့် သူစိတ်ကြည်လင်နေသည်။
ဖြစ်ချင်တော့ သူ့စူပါမားကတ်၏ မျက်နှာစာ အထပ်မှာ လီကျန့်ရမ် ပိုင်ဆိုင်မှုဖြစ်သည်။
ယခုနှစ်အတွင်း စာချုပ်က သက်တမ်း ကုန်ခါနီးပြီဖြစ်၏။
လီကျန့်ရမ်က သူ့အား စူပါးမားကတ်မှ ရွှေ့ပြောင်းရန်အတွက် ကြိုတင်သတိပေးခဲ့သည်။
ထို့ကြောင့် သူစိုးရိမ်နေခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် စူပါမားကတ်၏ တည်နေရာမှာ အလွန်ကောင်းမွန်နေပြီး စီးပွားရေးကလည်း အလွန်ကောင်းမွန်သည်။ သူပြောင်းရွှေ့သွားသည်နှင့် နေရာသစ်တစ်ခုကို ရှာဖွေရတော့မည်ဖြစ်သည်။
ပထမဆုံး ပြဿနာအပြင် သူ့စီးပွားရေးအပေါ်လည်း သက်ရောက်မှု ကြီးကြီးမားမား ရှိလာမည်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်အောင် လုပ်ကိုင်လာခဲ့သည်ဖြစ်သဖြင့် ဖောက်သည်ဟောင်းများလည်း များပြားစွာ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူနေရာပြောင်းပြီး ဝေးကွာပါက အသစ်က ပြန်စရသလို ဖြစ်သွားပေလိမ့်မည်။
တည်နေရာကလည်း မကောင်းဖို့များသည်။
ဒီနေရာကို ငှားရမ်းနိုင်ဖို့အတွက် အဆက်အသွယ်များစွာကို သူအသုံးချခဲ့ပြီး သူ့ယောက္ခမကြီး၏ အဆက်အသွယ်ကိုပင် အသုံးချခဲ့သည်။
သို့သော်လည်း ဒီတစ်ခေါက် လီကျန့်ရမ်က ထပ်မငှားချင်တော့ဘဲ သူ့စူပါမားကတ်ကို ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းနေသည်။
ယောက္ခမ၏ အဆက်အသွယ်ကပင် အသုံးမဝင်တော့ပေ။
တကယ်တော့ သူ အကြောင်းအရင်းကို သိသည်။ သူ့ယောက္ခမကြီး အနားယူသွားပြီ ဖြစ်သောကြောင့်ပင်။
ပင်စင်ယူပြီးပါက လူတစ်ယောက်မှာ ရှိသမျှ အာဏာပါဝါများ ဆုံးရှုံးသွားပြီ ဖြစ်သည်။
ထိုလူ နေရာတစ်နေရာတွင် ရှိခဲ့စဥ်က လူများစွာမှာ သူ့အား မျက်နှာလိုမျက်နှာရ ဖားယားပြီး သူ မရှိတော့ပါက ထိုလူက အဆင့်မြင့်မြင့် လူမဟုတ်ပါက ဘယ်သူမှ ဂရုမစိုက်သလို ငှက်ချေးပင် ပါချမည် မဟုတ်ပါ။
သူ့ယောက္ခမကြီးက ကျန်းမာရေးဌာန၏ ဒုဒါရိုက်တာ တစ်ဦးသာဖြစ်ပြီး ဌာနအဆင့် အရာရှိ တစ်ဦးထက် ဘာမှမပိုပေ။
"ဘယ်လိုဖြစ်သွားပြီလဲ။ လီကျန့်ရမ် လက်ခံလိုက်လား။"
လီယန်က သူ့ယောက်ျားပြန်လာသည်ကို မြင်တော့ အလျင်အမြန် မေးလိုက်သည်။
သူ့အဖေက အဆက်အသွယ်တချို့ရှိသော်လည်း ပင်စင်ယူသွားပြီဖြစ်သဖြင့် အာဏာများ ဆုံးရှုံးသွားရပြီဖြစ်သည်။
စာချုပ်ပြန်မချုပ်လိုသော လီကျန့်ရမ်၏ စိတ်ပြောင်းလဲမှုကို ကြည့်ခြင်းအားဖြင့် မြင်နိုင်သည်။
"ပြီးသွားပြီ။"
ချန်ဟောက်က စိတ်အေးလက်အေး ပြုံးကာဖြင့် "မိန်းမ ဒီနေ့ ငါဘယ်သူနဲ့တွေ့ခဲ့လဲ မင်းမသိပါဘူး" ဟု ပြောလိုက်သည်။
"တကယ်လား။ ကောင်းလိုက်တာ၊ ကျွန်မအဖေက ပင်စင်ယူသွားပြီးရင်တောင် သူ့ကို လေးစားကြဦးမှာပါလို့ ကျွန်မ ရှင့်ကို ပြောသားပဲ။"
လီယန်က အံ့သြသွားပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
လီယန်က သူမအဖေကြောင့်ဟု သူမ ထင်နေခဲ့သည်။
ချန်ဟောက်က ကြက်သေသေသွားသည်။ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
"မိန်းမ ဒီနေ့ကိစ္စက ရှောင်ချန်းကြောင့်သာ အဆင်ပြေသွားတာပါ။"
"ဘာ... ရှောင်ချန်းကြောင့်ဟုတ်လား။"
လီယန်က ဘာမှမတုံ့ပြန်နိုင်ချေ။
"ငါ့ဝမ်းကွဲညီကို ထောက်ပို့ရေး စင်တာမှာ တွေ့ခဲ့တယ်၊ သူကလည်း လီကျန့်ရမ်နဲ့ ဆုံဖူးတယ်တဲ့။ ကြည့်ရတာ သူတို့ဆက်ဆံရေးကလည်း ကောင်းတဲ့ပုံပဲ၊ လီကျန့်ရမ်က ငါနဲ့ ရှောင်ချန်းတို့ ဝမ်းကွဲတွေမှန်း သိသွားတာနဲ့ ချက်ချင်း သဘောတူလိုက်တာပဲ။"
"ယဲ့ရှောင်ချန်းကြောင့်လို့ ရှင်က ပြောချင်တာလား။ မဖြစ်နိုင်တာ၊ သူက ဘယ်လိုလုပ် ရှင့်ကို ကူညီနိုင်မှာလဲ။ သူက လီကျန့်ရမ်ကို ဘယ်လိုလုပ်ပြီး သိမှာလဲ။"
လီယန်က အော်လိုက်ပြီး သူ့မျက်နှာပေါ်တွင်လည်း ပြောမပြနိုင်လောက်သော မျက်နှာထားတစ်ခု ပေါ်လွင်လာသည်။
သူမ မျက်လုံးထဲတွင်တော့ ယဲ့ရှောင်ချန်းက ဆင်းဆင်းရဲရဲ ကောင်လေးတစ်ယောက်ဖြစ်ပြီး ဘယ်လိုမှကို မြင်ကြည့်လို့မရပေ။
သူ့လို ဆင်းရဲတဲ့ ဆွေမျိုးတစ်ယောက်က သူမမိသားစုကို ဒီလောက်တောင် ဘယ်လို ကူညီပေးနိုင်မှာလဲ။
မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလီကျန့်ရမ်က သူ့အဖေကြောင့်ပဲ သဘောတူလိုက်တာ ဖြစ်ရမယ်။
ဟုတ်တယ်။ အဲ့လိုပဲ ဖြစ်ရမယ်။
လီယန်က မာနကြီးသော မိန်းမတစ်ယောက် ဖြစ်သောကြောင့် အလွန့်အလွန် ခေါင်းမာသည်။ သူမ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချပြီးသည်နှင့် သူမစိတ်ကို ပြောင်းလဲရန် ခက်ခဲသည်။
သူမ အထင်သေးသော သူ၏ဆင်းရဲသည့် ဝမ်းကွဲညီ ယဲ့ရှောင်ချန်းက သူမတို့ကို ကူညီပေးလိုက်သည်ကို ယုံကြည်ပေးဖို့ လုံးဝမဖြစ်နိုင်ပေ။
ချန်ဟောက်က စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူ့မိန်းမ၏ အကျင့်စရိုက်ကို သိသဖြင့် ဘာမှ ထပ်မပြောတော့ပေ။
သူ တစ်စုံတစ်ခုကို စဥ်းစားမိလိုက်၏။
သူဝတ္ထု တစ်ပုဒ်ဖတ်ဖူး၏။ ထိုဝတ္ထု၏ ဇာတ်လိုက်မှာ လူများစွာ၏ အထင်သေးခြင်းကို ခံရပြီး မြင့်မြတ်ပြီး စွမ်းအားကြီးသော စကားတစ်ခွန်းကို ပြောခဲ့သည်။ ဟဲ့တုံ နှစ် ၃၀၊ ဟဲ့ရှီ နှစ် ၃၀၊ ဆင်းရဲသူကို အနိုင်မကျင့်ပါနှင့် တဲ့။
(ဘဝက အတက်အကျရှိတတ်ကြောင်း စကားပုံ)
ဧကန္တ ယဲ့ရှောင်ချန်းမှာ ထိုဇာတ်လိုက်လို ဖြစ်လာပြီထင်သည်။
...........
လီကျန့်ရမ်နှင့် အမှတ်မထင် တွေ့လိုက်ခြင်းကြောင့် သွယ်ဝိုက်သောနည်းဖြင့် ချန်ဟောက်အား ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးနိုင်လိုက်မှန်း ယဲ့ရှောင်ချန်း မသိခဲ့ပေ။ သူသာ သိလျှင် ဆွံ့အသွားမည်ပင်။
ပျားအုံရှာဖို့ အသုံးဝင်လောက်မည့် ပစ္စည်းများကို သူရှာဖွေနေသည်။
အနီးအနားရှိ ဝါးရုံထဲသို့ သွားကာ ထင်းခုတ်ဓားမဖြင့် ဝါးလုံးရှည်တစ်လုံး ခုတ်ထစ်လိုက်သည်။ လွယ်ကူသည်။ ထို့နောက် သူ ဝါးလုံးကို ဖြတ်လိုက်ပြီး ဝါးပြွန်ထဲမှ အဖြူရောင် အလွှာကြီးတစ်လွှာကို ဆွဲခွာလိုက်သည်။
ပြီးသွားသောအခါ ယဲ့ရှောင်ချန်း မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာခဲ့၏။
မော်တော်ဆိုင်ကယ်တွင် ဝါးခမောက်တစ်ခုကို ချိတ်ထားသည်။
ဒီရာသီ၌ ပွင့်ဖူးသော ပန်းများ အလွန်နည်းပါးသွားပြီ ဖြစ်သဖြင့် နွေဦးရာသီ နွေရာသီထက် ပိုမိုရှာရခက်ခဲသည်။
ယဲ့ရှောင်ချန်းအတွက် အလွန်ခက်ခဲလွန်းလှသည်။
သူ တောင်တစ်ခု၏ အခြေသို့ ရောက်လာသည်။ ကျယ်ပြန့်သော လယ်ကွင်းတချို့ရှိနေပြီး ယခုအချိန်ဆို စပါးများမှည့်ကာ ရွှေရောင်တဝင်းဝင်းဖြင့် လှပလို့နေသည်။
ခပ်လှမ်းလှမ်းတွင် တောင်ကြီးတစ်တောင်ကို မြင်နိုင်သည်။ ထိုးထွက်နေသော ကျောက်ဆိုင်ကြီးများကိုလည်း မြင်နိုင်သည်။ ထိုနေရာများက ကျောက်သားလယ်များ ဖြစ်ခဲ့ဖူးသည်။
တစ်ဖက်တွင်တော့ ကျောက်မီးသွေးတွင်းငယ် တူးဖော်ရာ နေရာတစ်ခုရှိသည်။
တောင်ခြေတွင် အိမ်တန်းများ ရှိကြသည်။
ထိုနေရာတွင် ကွေ့ဟွားပင်များ စိုက်ပျိုးကြသော လူများရှိမှန်း ယဲ့ရှောင်ချန်းသိသည်။ ထို့အပြင် ထိုအပင်များ၏ ပန်းပွင့် ရာသီလည်းဖြစ်သည်။
မော်တော်ဆိုင်ကယ်ကို ရပ်လိုက်ပြီး ကွေ့ဟွားပန်း၏ ချိုမြိန်သော ရနံ့လေးကို ရှူရှိုက်လိုက်သည်။
ကွေ့ဟွားပန်းပွင့်များမှာ အပြင်ဘက်တွင် ဖြူပြီး အတွင်းဘက်တွင် အဝါရောင်ဖြစ်သည်။ အပင်၏ အစိမ်းရောင်သစ်ရွက်များဖြင့် ရောစပ်နေပြီး ကြယ်ပွင့်များနှင့် တူလှသည်။
ကွေ့ဟွားပန်းများက အလှဆုံးပန်းများ မဟုတ်နိုင်သော်လည်း ထိုပန်း၏ ရနံ့က အမွှေးဆုံး အကြိုင်ဆုံးဖြစ်သည်။ လန်းဆန်း တက်ကြွစေသော ခံစားချက်တစ်ခုကို ပေးစွမ်းသည်။
ပျားတွေလည်း အများကြီး ရှိတတ်သည်။
ယဲ့ရှောင်ချန်းက ပျားအနည်းငယ်ရှိနေသည့် မွှေးပျံ့သော ကွေ့ဟွားပင်တစ်ပင်ထံသို့ သွားလိုက်သည်။
သာမန် ဝါးအလွှာတစ်လွှာကို ဖြတ်ထားပြီး ပါးလွှာသော အပ်ချည်ကြိုးဖြင့် ချည်ကာ အဝိုင်းတစ်ခု ပြုလုပ်ထားသည်။
ခဏလောက် စောင့်လိုက်သောအခါ ပျားတစ်ကောင်က သူ့ထံသို့ ပျံသန်းလာ၏။
ယဲ့ရှောင်ချန်းက ကွေ့ဟွားပင်ကို ညင်သာစွာ ထိတွေ့လိုက်ပြီး စိတ်ဝိညာဥ် စွမ်းအင်ကို အသုံးပြုကာ အပင်၏ အသိစိတ်နှင့် ဆက်သွယ်လိုက်သည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကွေ့ဟွားပင်နှင့် တစ်သားတည်းဖြစ်သွားသလို ခံစားလိုက်ရသည်။
သူက သစ်ပင်ဖြစ်နေပြီး သစ်ပင်ကလည်းသူဖြစ်နေသည်။
ပျားများသည် သူ့ရှေ့တွင် ပျံသန်းနေကြပြီး သူ့ကို သတိထားမိသည့်ပုံမပေါ်ပါ။
ရုတ်တရက် ပျားလေးတစ်ကောင်က သူ့လက်မောင်းပေါ်သို့ ပျံသန်းလာသည်။
"ဟင်"
ယဲ့ရှောင်ချန်းအနည်းငယ် ကြောင်သွားသော်လည်း သူ့စိတ်ဝိညာဥ် စွမ်းအင်ကို သုံးနေဆဲဖြစ်သည်။ ပျားလေး၏ အသိစိတ်ကိုပင် သူအာရုံခံမိပါသေးသည်။
ကွေ့ဟွားပင်နှင့် ယှဥ်လျှင် ပျားငယ်များ၏ အသိစိတ်က သေချာပေါက် ပိုမို သက်ဝင်သည်။
ပျားများ၏ အသိစိတ်များမှ ယဲ့ရှောင်ချန်း ရိုးရှင်းသော အချက်အလက်များကို ရခဲ့သည်။ အပင်များ၏ အသိစိတ်လို မဟုတ်ဘဲ ပျားငယ်၏ အသိစိတ်များက ပိုမို ရှင်းလင်းနေသည်။
ဥပမာအားဖြင့် ယခု ပျားလေး၏ အသိစိတ်တွင် ဒီနေ့ များများစားစား ရလာခဲ့သဖြင့် ပျော်ရွှင်နေသည်။
ကွေ့ဟွားပင်တွင် ပန်းပွင့်တစ်ပွင့်ကို ရှာတွေ့ခဲ့ကာ ဝတ်မှုန်ကို စုဆောင်းနိုင်ခဲ့ပြီး ပျားအုံသို့ ပြန်ယူသွားနိုင်ပြီဖြစ်သည်။
ယဲ့ရှောင်ချန်း ရင်ထဲတွင်တော့ သူ့စိတ်ဝိညာဥ် စွမ်းအင်က မသန်မာသေးမှန်း သိနေသည်။ မဟုတ်လျှင် ပျားလေး၏ အသိစိတ်နှင့် တိုက်ရိုက်ဆက်သွယ်ကာ ပျားအုံတည်နေရာကို တန်းမေးနိုင်သည်။
အသိစိတ် ဆက်သွယ်မှုကြောင့် ပျားလေးက သူ့အား အန္တရာယ်မပြုဘဲ ရင်းနှီးမှုကို ပြသနေသည်။
ယဲ့ရှောင်ချန်းက အခွင့်ကောင်းယူပြီး အပ်ချည်ကွင်းကို ပျားလေး၏ ခါးတွင် ဖြည်းညှင်းစွာ ချည်လိုက်သည်။
ပြီးဆုံးသွားသောအခါ ပျားငယ်လေးအား ပျားအုံသို့ပြန်ရန် အသိစိတ်မှ ညွှန်ကြားလိုက်သည်။
ထိုကဲ့သို့ အချက်အလက် ကူးပြောင်းခြင်း နည်းလမ်းမျိုးမှာ စိတ်ညှို့ခြင်းနှင့် တူညီသည်။ ပျားလေးက လက်ခံပြီး အပေါ်သို့ ပြန်တက်သွားသည်။
ယဲ့ရှောင်ချန်းက ကိရိယာများကို အမြန်ယူဆောင်ပြီး အနောက်သို့ လိုက်သွားသည်။
ပျားလေးက အလျင်အမြန် မပျံသန်းဘဲ အကွာအဝေးတစ်ခုထိ ပျံသန်းပြီးသွားသောအခါ ယဲ့ရှောင်ချန်းထံ ပြန်လာပြီး ယဲ့ရှောင်ချန်းအနားတွင် ပတ်လည်ပျံသန်းပြီးမှ ထပ်ပျံထွက်သွားသည်။
ထို့ကြောင့် ယဲ့ရှောင်ချန်းက စိတ်အေးလက်အေးဖြင့် ပျားလေးနောက်သို့ လိုက်နိုင်ခဲ့သည်။
ရင်ထဲတွင်လည်း ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိသည်။ ဒီစိတ်ဝိညာဥ် ပါရမီက တကယ်စွမ်းအားကြီးပါလား။
သူ့ပါရမီသာ အနည်းငယ် ပိုသန်မာပါက ပျား၏ အသိစိတ်ကို တိုက်ရိုက် ထိန်းချုပ်နိုင်မည်ဖြစ်သည်။