← Chapters

စျေးဝယ်ထွက်ခြင်း

Vol. 5 Ch. 74

စျေးဝယ်ထွက်ခြင်း

Vol. 5 Ch. 74

အခန်း(၇၄) စျေးဝယ်ထွက်ခြင်း

ညီမငယ် ယဲ့ယင်ပြန်လာပြီးကတည်းက ယဲ့ရှောင်ချန်း၏ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ကုန်ဆုံးသည့်နှုန်းမှာ တိုးသွားခဲ့သည်။ အကူအညီ ကောင်းကောင်း ပေးနိုင်သူတစ်ယောက်လည်း ရရှိခဲ့သည်။

ယဲ့ယင်သည် အလုပ် ကောင်းကောင်း လုပ်တတ်သူဖြစ်သည်။

ယခင် သူမအိမ်တွင် ရှိခဲ့စဥ်တုန်းက စပါးစေ့များကို ပြောင်းရွှေ့စိုက်ပျိုးတတ်သည်။ စပါးများ ရိတ်သိမ်းတတ်သည်။ ဟင်းသီးဟင်းရွက်များ တူးဆွတတ်သည်။

သူမက အလွန်ဇွဲကောင်းသည်။ ထို့အပြင် ယဲ့ရှောင်ချန်းက ဟိုဟာလုပ်ဖို့ ဒီဟာလုပ်ဖို့ ပြောစရာတောင် မလိုပေ။

ပေါင်းပင်များနုတ်ခြင်း၊ မြေသားများဖွခြင်း၊ ဟင်းသီးဟင်းရွက်များ ခူးယူခြင်း၊ ရေလောင်းခြင်း အစရှိသည့်လုပ်ငန်းများတွင် ယဲ့ရှောင်ချန်း အလုပ်သက်သာလာခဲ့သည်။

အမှန်ပင်။ သူမကို ဖန်လုံအိမ်ထဲက မြေကွက်နှစ်ကွက်ကို သွားမကြည့်ရန် အထူးအမိန့်တော့ ပေးထားရသည်။ ထိုနေရာများသည် အင်မော်တယ် မြေကွက်များ ရှိနေသောနေရာဖြစ်သည်။

ညီမဖြစ်သူ၏ အကူအညီဖြင့် ယဲ့ရှောင်ချန်းသည် ပိုမို စိတ်အေးလာပြီး အခြားကိစ္စများ လုပ်ရန် အချိန်ပိုပေးလာနိုင်သည်။

ဥပမာအားဖြင့် ဝမ်ရှင်းယီကို သွားတွေ့ဖို့ဖြစ်သည်။

သူတို့နှစ်ယောက်အကြား ဆက်ဆံရေးက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့သော်လည်း နောက်ဆုံးစည်းကိုတော့ မကျော်နိုင်ကြသေးပေ။ သူတို့နှစ်ဦးအကြား ပြောစရာမလိုသော နားလည်မှု ရှိနေကြသည်။

ဘယ်သူမှ ဘာမှ မပြောခဲ့ပါ။

ဝမ်ရှင်းယီ၏ နှလုံးသားထဲတွင် ပူဆွေးမှုများ ရှိနေ၏။ ဘာပဲဖြစ်ဖြစ် သူမက ဒုက္ခိတဖြစ်ပြီး နားမကြား၊ စကားမပြောနိုင်သူ မဟုတ်ပါလား။

ထို့ကြောင့် ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို အရင်ဆုံး ကုသပေးဖို့သာ မျှော်လင့်မိသည်။

ဝမ်ရှင်းယီက သူမ၏ ချို့ယွင်းချက်ကို အလွန် စိတ်သောကရောက်နေမှန်း ယဲ့ရှောင်ချန်း သိသည်။ ကုသပေးခြင်းဖြင့်သာ သူမ၏ စိတ်အားငယ်မှုကို ဖယ်ရှားပေးနိုင်လိမ့်မည်။

ဝမ်ရှင်းယီအပေါ် ထားသော သူ့ခံစားချက်များကို သနားမှုများအဖြစ် မပြောင်းလဲသွားစေချင်ပေ။

ယဲ့ရှောင်ချန်းက အမြဲတမ်း ဝမ်ရှင်းယီ၏ ထိလွယ်ရှလွယ်သော စိတ်ကို ဂရုစိုက်ပေးခဲ့သည်။

ဝမ်ဗီလာထဲသို့ ယဲ့ရှောင်ချန်း ဝင်နေထွက်နေသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ရွှေရှန့်၏ သူ့အပေါ် ထားသော သဘောထား ပြောင်းလဲမှုတချို့ကို ယဲ့ရှောင်ချန်း သတိထားမိသည်။

ထိုပြောင်းလဲမှုက ကောင်းသည်လား မကောင်းသည်လား ဆိုတာကိုတော့ ယဲ့ရှောင်ချန်း မသိတော့ပေ။

ယနေ့ ယဲ့ရှောင်ချန်း ဟင်းသီးဟင်းရွက်များ ပို့ဆောင်ရန် ထွက်သွားချိန် သူ့ညီမ ယဲ့ယင်ကိုပါ ခေါ်လာခဲ့သည်။

ရှော့ပင်းမောလ်သို့ ခေါ်သွားပြီး အဝတ်အစား အသစ်များ ဝယ်ပေးရန်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယဲ့ယင်၏ ကောလိပ်က မကြာခင် ပြန်စတော့မည်ဖြစ်ပြီး သူမ ဝတ်ဆင်နေသော အဝတ်အစားများအားလုံးက ဟောင်းနွမ်းနေပြီး အရောင်များလည်း မှိန်နေပြီဖြစ်သည်။ ယဲ့ယင်က အဝတ်အစားအသစ်များ မဝယ်သလောက်ပင်။

ယဲ့ယင်က ဘာမှမပြောပေ။ သူမ၏ နွေရာသီ အားလပ်ရက်အလုပ်မှ ရရှိသောငွေများကိုလည်း အိမ်သို့ ပြန်ပို့ပေးသေးသည်။

ဤကဲ့သို့ သိတတ်သော ညီမကို ယဲ့ရှောင်ချန်းသည် ရင်ထဲကနေ ချစ်မြတ်နိုးသည်။

ထျန်းဟုန် ရှော့ပင်းမောလ်။

ယန်ရှစ်မြို့ရှိ နာမည်ကြီးစတိုးဆိုင်ကြီးဖြစ်ပြီး စူပါမားကတ်များ အထည်ဆိုင်များ စသဖြင့် ရှိသည်။

သို့သော်လည်း ဤနေရာက စျေးများကတော့ မနည်းပေ။

"အစ်ကိုကြီး ဘာလို့ ဒီနေရာကို လာတာလဲ ယန်ရှစ်မြို့မှာ လမ်းစျေးတစ်ခုရှိတယ်လို့ ကြားထားတယ်။ အဲ့က အထည်တွေက စျေးလည်းချိုတယ်၊ ပြီးတော့ စျေးဆစ်လို့တောင် ရတယ်လေ။"

ညီမဖြစ်သူက ယဲ့ရှောင်ချန်းလက်ကို ဆွဲကာ ပြောလိုက်သည်။

သူမက ဒီလိုနေရာမျိုးသို့ လာလေ့မရှိပေ။ တစ်ခေါက်က သူမ၏အတန်းဖော်များနှင့်အတူ လိုက်လာခဲ့ဖူးသော်လည်း အထည်များ၏ စျေးကို မြင်သောအခါ ထိတ်လန့်သွားမိ၏။ ယွမ် ၁၀၀၀ အောက်နည်းသော အထည်ဆိုတာ အနည်းငယ်သာ ရှိသည်။ အတွင်းခံဆိုလျှင်တောင် ယွမ်ရာကျော်စျေးရှိသည်။

သူမအမြင်တွင်တော့ ဒီလိုနေရာတွင် ငွေတွေ အများကြီးသုံးမည့်အစား သာမန်အထည်ဆိုင် တစ်ဆိုင်သို့သွားကာ တူညီသော ငွေပမဏကို သုံးတာ ပိုကောင်းလိမ့်မည်။ ထိုအခါ အဝတ်အစားအစုံ ဝယ်နိုင်ပြီး စတိုင်ကလည်း ဆိုးဆိုးရွားရွား မဟုတ်ဘဲ လှလိမ့်မည်။

သို့သော်လည်း သူမက ဝယ်ယူဖို့ တွန့်တိုနေမိသေးသည်။

ဒီတစ်ခေါက် နွေရာသီအလုပ်က ရှော့ပင်းမောလ်တစ်ခုထဲတွင် ဂိုက်လုပ်ခဲ့ရခြင်းဖြစ်သည်။ အမျိုးသမီးအထည်များက အလွန် ဖက်ရှင်ကျလှပြီး ယွမ် ၁၀၀ - ၂၀၀ ဝန်းကျင်ခန့်ရှိသည်။

သူမက နွေရာသီဝတ်စုံတစ်စုံကို စိတ်ဝင်စားမိခဲ့သော်လည်း ယွမ် ၃၀၀ ကျော်နေသဖြင့် သူမ မဝယ်ခဲ့ပေ။

စျေးဝယ်လမ်းညွှန်တစ်ဦးအနေဖြင့် လျှော့စျေးဖြင့် ဝယ်နိုင်ပြီး ၈၀ - ၉၀ လောက် သက်သာနိုင်သော်လည်း သူမ မဝယ်ခဲ့ပေ။

"ယင်လေး အဆင်ပြေပါတယ်။ ဒီနေ့ နင့်အစ်ကိုကြီး နင့်အတွက် အဝတ်အစားတွေ အများကြီး ဝယ်ပေးမယ်။"

ယဲ့ရှောင်ချန်းက သူမနှင့်အတူတူ ဝင်သွားခဲ့သည်။

"ဒါပေမဲ့ စျေးကြီးတယ်လေ။"

ယဲ့ယင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"စျေးကြီးတာက ကောင်းတာပေါ့။ ပြီးတော့ အဲ့လောက်ကြီးလဲ စျေးကြီးတာ မဟုတ်ပါဘူး။ နင့်အစ်ကိုကြီးရဲ့ ငွေကို ချွေတာဖို့တော့ ပြောဖို့ မကြိုးစားနဲ့၊ နင့်အစ်ကိုကြီး တစ်လကို ဝင်ငွေဘယ်လောက်ရလဲသိလား။"

ယဲ့ရှောင်ချန်းက ရယ်ကာ ပြောလိုက်သည်။

"ဘယ်လောက်လဲ။ ယွမ် ၁၀,၀၀၀ ဝန်းကျင်လား။"

ယဲ့ယင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူ့အစ်ကို၏ စိုက်ပျိုးရေးခြံအခြေအနေက ကောင်းမွန်ကာ ဝင်ငွေလည်း အလွန်ကောင်းနေသည်ဟု အမေဖြစ်သူထံမှ မကြာမကြာ ကြားရသည်။

သူမ အမြင်တွင်တော့ တစ်လဝင်ငွေ ယွမ် ၁၀,၀၀၀ က အလွန်များပြားလှသော ဝင်ငွေဖြစ်နေသည်။

ယခင်က သူ့အမေနှင့် သူ့အဖေတို့ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြရသည်။ စိုက်ပျိုးရေးတွင် အလုပ်ကြမ်းများ လုပ်ကြပြီး ယွမ် ၂၀၀၀ - ၃၀၀၀ ခန့်သာ ရကြသည်။ သူတို့မောင်နှမနှစ်ယောက်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးရသောကြောင့် သူတို့က အများကြီး မစုဆောင်းနိုင်ခဲ့ပေ။

မကြာသေးခင်က အမေနှင့် အဖေတို့က အလုပ်ကြမ်းများ ထွက်မလုပ်ကြတော့ဘဲ အစ်ကိုကြီး၏ စိုက်ပျိုးရေးခြံတွင်သာ ကူညီခဲ့ကြသည်။

အရင်တစ်ခေါက် သူမ ပြန်လာတော့ အဖေဖြစ်သူ၏ မျက်နှာတွင် အရေးအကြောင်းများစွာ ရှိနေပြီး ဆံပင်များလည်း ဖြူနေခဲ့သည်။ အမေဖြစ်သူကတော့ အမြဲတမ်း နားပူနားဆာ လုပ်နေခဲ့သည်။

သို့သော် ဒီတစ်ခေါက် သူ ပြန်လာတော့ သူ့မိဘများက ပိုမိုငယ်ရွယ်လာသည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရသည်။ စိတ်အခြေအနေကလည်း ကောင်းမွန်နေပြီး မျက်နှာပေါ်တွင်လည်း နွေးထွေးသော အပြုံးများရှိနေကြသည်။

မိသားစုထဲက ပြောင်းလဲမှုများက အလွန်ကြီးမားလှသည်။

သူတို့ အိမ်အသစ်တစ်လုံး ဆောက်လုပ်တော့မည် ဖြစ်ကြောင်းလည်း အမေဖြစ်သူထံမှ ကြားခဲ့ရသည်။

ဒီအတွက် ငွေတွေ အများကြီး ကုန်ကျလိမ့်မည်။

သူမ၏ အကြီးဆုံးအစ်ကိုက တကယ်ပဲ စိုက်ပျိုးရေးခြံမှ ငွေတွေ အများကြီး ရနေသည့်ပုံပင်။

သူမ၏ အစ်ကိုအတွက် အလွန်ဝမ်းသာပျော်ရွှင်မိသည်။

"သြော် ယင်လေးရယ်၊ တစ်လဝင်ငွေ ယွမ် ၁၀,၀၀၀ ဆိုတာ ဘာလဲ။ အခုနင့်အစ်ကိုကြီးက တစ်လကို အဲ့ပမာဏက အနည်းဆုံးရတာ ဖြစ်နေပြီ။"

ယဲ့ရှောင်ချန်းက လက်ငါးချောင်း ထောင်ပြလိုက်သည်။

အနည်းငယ်တော့ လျှော့ကာ ပြောထားပါသေးသည်။ ဟင်းသီးဟင်းရွက်ရောင်းချမှု တစ်ခုတည်းဖြင့် ၆၀,၀၀၀ - ၇၀,၀၀၀ ခန့်ရနေပြီဖြစ်ပြီး ဆားရည်စိမ် ဟင်းသီးဟင်းရွက်များမှ ၃၀,၀၀၀ - ၄၀,၀၀၀ ခန့် အသာလေး ရနိုင်သည်။

တစ်နည်းအားဖြင့် ယွမ် ၁၀၀,၀၀၀ ကို အလွယ်တကူ ရနိုင်ပါသည်။

"အဲလောက်တောင်လား။"

ယဲ့ယင်၏ မျက်နှာက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

အဲ့လောက်တောင် များတာလား။

တစ်လကို ယွမ် ၅၀,၀၀၀ ရခြင်းက အလွန်များပြားလှသည်။ ထို့ကြောင့်လည်း မိသားစုထဲတွင် ကြီးကြီးမားမား ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်မှာ မထူးဆန်းတော့ပေ။ ထိုကဲ့သို့ ပိုက်ဆံအများကြီးရှာနိုင်ပြီး ပြောင်းလဲမှု မရှိမှသာ ထူးဆန်းမည်ဖြစ်သည်။

အမေဖြစ်သူက ဒီတစ်ခေါက် သူမ၏ နွေရာသီလုပ်အားခကို မယူဘဲ ကောလိပ်ပြန်ဖွင့်သောအခါ ကိုယ့်ဖာသာကိုယ်သုံးဖို့ ပြောသည်။

"အဲဒါကြောင့် အခု အစ်ကိုကြီးက နင့်ကို အဝတ်အစားလှလှလေးတွေ ဝယ်ပေးနိုင်တယ်။ ကိုကြီး တတ်နိုင်ပါတယ်။ ငွေတွေရှိနေမှတော့ အရမ်းခြစ်ကုတ် စုနေစရာ မလိုပါဘူး။ လိုအပ်တာတွေ ဝယ်လို့ရတယ်။ နည်းနည်းလောက်ပိုပြီး ကောင်းတာတွေ ဝတ်လို့ရတယ်။ နင်လည်း အဝတ်အစားလှလှလေးတွေ ဝတ်နိုင်ဖို့ ငါမျှော်လင့်ထားတယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ထိုကဲ့သို့ ပြောပြီးသည့်တိုင် ယဲ့ယင်၏ ငွေစုတတ်သောအကျင့်က မပြောင်းလဲသွားပေ။ သူမအကြိုက်ဆုံး အဝတ်အစားများကို တွေ့လိုက်တိုင်း စျေးကိုကြည့်ပြီး လန့်သွားတတ်သည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက စိတ်ထဲ အများကြီး မထားခဲ့ပေ။ အဝတ်အစားများကို ထုပ်ပိုးပြီး ကတ်ဖြင့်ဖြတ်ကာ ငွေရှင်းလိုက်သည်။

ယဲ့ယင်၏ မျက်နှာပေါ်တွင်တော့ မတင်မကျ မျက်နှာထား ပေါ်လွင်နေသည်။

အဝတ်အစားများက စျေးအလွန်ကြီးသောကြောင့် စိတ်ညစ်သော်လည်း သူမ၏ အကြိုက်ဆုံး အဝတ်အစားများကို ဝယ်ယူနိုင်ခြင်းကြောင့် အနည်းငယ် ပျော်ရွှင်မိသေးသည်။

"ဖိနပ်တွေ သွားဝယ်ကြရအောင်။"

သူတို့ ဖိနပ်ဆိုင်ရှေ့ရောက်သောအခါ ယဲ့ရှောင်ချန်းက ရပ်လိုက်သည်။

"ကိုကြီး ထားလိုက်ပါတော့။ သမီးမှာ ဝတ်စရာ ဖိနပ် ရှိပြီးသားပါ။"

ယဲ့ယင်က အလျင်အမြန် ပြောလိုက်သည်။

သူတို့နှစ်ယောက်သား လက်ထဲတွင် အဝတ်အစားအထုပ်များ ကိုင်ထားကြသည်။

အဝတ်အစားများအတွက် ကုန်ကျငွေက ယွမ် ၅,၀၀၀ - ၆,၀၀၀ ခန့် ရှိလိမ့်မည်။

နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ အဝတ်အစားများပင်ပါသေးသည်။

နွေရာသီအတွင်း သူမတစ်လလောက် အလုပ်လုပ်ခဲ့သော်လည်း ယွမ် ၃,၀၀၀ အောက်သာ ရခဲ့သည်။

"ဖိနပ်မဝယ်ဘဲ အဝတ်အစားသစ်တွေ ဝတ်လိုက်ရင် လိုက်ဖက်ပါဦးမလား။"

ယဲ့ရှောင်ချန်းက ခေါင်းခါကာ ပြောလိုက်သည်။

သူ့ညီမ ခြေထောက်အောက်က စျေးပေါသော ကြိုးသိုင်းဖိနပ်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။

ယခု ဆောင်းဦးရာသီအစ ရောက်နေပြီဖြစ်သည်။ ရာသီဥတုက အနည်းငယ် ပူနေသေးသော်လည်း အေးလာဖို့ သိပ်မကြာတော့ပေ။ ကြိုးသိုင်းဖိနပ်ကို အချိန်အကြာကြီး ဝတ်လို့မရပေ။

သူတို့နှစ်ယောက် ဖိနပ်ဆိုင်မှထွက်လာတော့ လက်ထဲတွင် အထုပ်သုံးထုပ် ထပ်ပါလာသည်။ ကြိုးသိုင်းဖိနပ်တစ်စုံ၊ အားကစားဖိနပ်တစ်စုံနှင့် ဘွတ်ဖိနပ်တစ်စုံတို့ ဖြစ်ကြသည်။

ယွမ် ၂,၀၀၀ ဝန်းကျင် ကုန်ကျခဲ့ပါသည်။

ယဲ့ယင်က ကုန်ကျစရိတ်များကို တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ ယွမ် ၇,၀၀၀ ကျော်နေပြီ ဖြစ်သည်။

သူတို့စတိုးဆိုင်မှ ထွက်လာကြသောအခါ အိတ်များထပ်ပြီး မသယ်နိုင်ကြတော့ပေ။

ဦးထုပ်များ၊ လည်စည်းပဝါများ၊ ကျောပိုးအိတ်၊ ပိုက်ဆံအိတ်အစရှိသည်တို့ပါ ပါသည်။ ယဲ့ယင်အတွက် Apple ဖုန်းတစ်လုံးနှင့် လက်ပ်တော့တစ်လုံးပါ ဝယ်ပေးလိုက်သေးသည်။

ထို့အပြင် သူ့အဖေနှင့်အမေတို့အတွက် အဝတ်အစားများဝယ်ရန် လူကြီးပိုင်း၊ လူလတ်ပိုင်း ဆိုင်များသို့ ယဲ့ရှောင်ချန်း သွားခဲ့သည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းက စုစုပေါင်း ယွမ် ၃၀,၀၀၀ ကျော် ကုန်သွားခဲ့သည်။

"ကောင်းလိုက်တာ"

အလိုရှိသလောက် ငွေတွေ အများကြီး သုံးရတာက ပျော်စရာကောင်းလှသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။

ထို့ကြောင့်လည်း လူများစွာက စျေးဝယ်ထွက်ရတာကို ကြိုက်ကြသည်ကိုး။

အခုလောလောဆယ်တော့ သူ့လစဥ်ဝင်ငွေက ယွမ် ၁၀၀,၀၀၀ ဝန်းကျင်ဖြစ်သဖြင့် ဒီလောက်ငွေကိုတော့ သုံးနိုင်ပါသေးသည်။

ယဲ့ရှောင်ချန်းက သူ့ညီမ၏ မအီမသာ မျက်နှာကိုကြည့်ရင်း မနေနိုင်ဘဲ ရယ်မောမိတော့သည်။

"ဒီကို စျေးဝယ်ဖို့ ရောက်လာတာပဲကို ဘာဖြစ်လို့ စိတ်ညစ်နေရတာလဲ။"

"အစ်ကိုကြီး သမီးတို့ ငွေတွေအများကြီး သုံးလိုက်တာ အမေတော့ အသေဆူတော့မှာပဲ။"

ယဲ့ယင်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"အဲတော့..."

ယဲ့ရှောင်ချန်းကလည်း ထိုအချက်ကို မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ အဝတ်အစားများ ဝယ်ရန် ဒီလောက် ငွေတွေအများကြီး သုံးခဲ့သည်ကို အမေဖြစ်သူ သိပါက အချိန်ခဏလောက်အထိ နားပူနားဆာ လုပ်တာ မရပ်လောက်တော့ပေ။

"ညီမ ဒါဆိုလည်း ခဏနေရင် အဝတ်အစားတွေပေါ်က စျေးနှုန်းတွေကို ဖြတ်လိုက်ပြီး ဒီအထည်တွေကို ယွမ် ၁၀၀ - ၂၀၀ လောက်နဲ့ ဝယ်လာတာလို့ ပြောလိုက်မယ်။ အမေက စျေးနှုန်းအစစ်ကို မသိတော့ ဘာမှပြောမှာ မဟုတ်ဘူး။"

ယဲ့ရှောင်ချန်းက မျက်စပြစ်ကာ ထိုအကြံကို စဥ်းစားလိုက်မိသည်။

"အမေသိသွားရင် ဘယ်လိုလုပ်မလဲ။ သမီးတို့ကို သတ်လိမ့်မယ်။"

ယဲ့ယင်က မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။

"ကောင်းကင်ဘုံရယ်၊ နင်ရယ်၊ ငါရယ်ပဲသိတာ။ ငါတို့ မပြောပြရင် အမေက ဘယ်လို သိမှာလဲ။"

ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်သည်။

ချက်ချင်းဆိုသလို မောင်နှမနှစ်ယောက် ကားထဲတွင်ထိုင်ပြီး စျေးနှုန်းတံဆိပ်များကို ဖျက်ကာ အိမ်သို့ မောင်းပြန်လာကြတော့သည်။

All Chapters