အကြောင်းပြချက်
Vol. 5 Ch. 75
အခန်း(၇၅) အကြောင်းပြချက်
အိမ်သို့ ပြန်ရောက်သောအခါ မောင်နှမနှစ်ယောက် ကားပေါ်မှ စျေးဝယ်အိတ်များစွာဖြင့် ဆင်းလာကြသည်။
"သြော်... ပြန်လာကြပြီလား။ အများကြီး ဝယ်လာကြပါလား။"
အမေဖြစ်သူက အိတ်အများကြီးကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ မေးမိသည်။
"ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးခဲ့ကြတာလဲ။"
"အမေ စျေးအရမ်းပေါပါတယ်။ ပရိုမိုးရှင်းဆင်းပြီး လျှော့စျေးတွေ အကြီးအကျယ် ပေးနေတဲ့ ရှော့ပင်းမောလ်တစ်ခုရှိလို့ သားတို့ အများကြီး ဝယ်လာခဲ့တာ။ အရည်အသွေးကလည်း ကောင်းတယ်။ ပြီးတော့ လူတွေအများကြီးလည်း လျှော့စျေးနဲ့ ဝယ်နေကြတာ။"
"အမေ ဒီသားရေကုတ်အင်္ကျီ အမေ့အတွက် ဝယ်လာတာ ဝတ်ကြည့်ပါဦး။"
"အခု ရာသီဥတုက ဒီလောက်ပူနေတာ ငါ့ကို ဒါဝတ်ခိုင်းနေတယ်။ ငါ အပူလွန်ပြီး သေမှာ မစိုးရိမ်ကြဘူးလား။"
သူ့အမေက သားရေကုတ်အင်္ကျီကို ကြည့်လိုက်သည်။ အလွန်ကြည့်၍ကောင်းလှသည်။ တစ်ချက် ကြည့်လိုက်သည်နှင့် အရည်အသွေး အလွန်ကောင်းမှန်းသိနိုင်ပြီး ချက်ချင်း သဘောကျသွားသည်။
"ဘယ်လောက်ပေးရလဲ"
သူမ ပျော်သော်လည်း စျေးကိုတော့ မေးဆဲဖြစ်သည်။
"အရမ်းစျေးပေါပါတယ်။ ယွမ် ၁၀၀ တည်းပါ။"
ယဲ့ရှောင်ချန်းက သူမကို တန်းလိမ်လိုက်သည်။
တကယ်တော့ ထိုသားရေကုတ်အင်္ကျီက ယွမ် ၂,၀၀၀ ကျော်သည်။ အလွန်စျေးကြီးသော အဝတ်အစားများထဲမှ တစ်ခုဖြစ်သည်။
"'အင်းလေ သက်သောင့်သက်သာရှိပြီး အရည်အသွေးကလည်း ကောင်းတယ်။ ငါ့သား အဲ့လောက် စျေးပေါနေရင် ဘာလို့ များများ မဝယ်ခဲ့တာလဲ။"
အမေက ကုတ်အင်္ကျီကို အလွန်ကြိုက်နှစ်သက်ပြီး ပြောလိုက်သည်။
ယဲ့ရှောင်ချန်း မျက်လုံးလွှဲလိုက်၏။ သူဘာပြောရမှန်း မသိတော့ပေ။ ဒီကုတ်စျေးနှုန်းအမှန်ကိုသာ သူ့အမေ သိသွားလျှင် သူ့ကို အသေရိုက်လိမ့်မည်။ ထို့ကြောင့် သူ မည်ကဲ့သို့ အများကြီး ဝယ်ရဲမည်နည်း။
တခြားအဝတ်အစားများစွာကို ကြည့်ပြီးနောက် သူမ ကျေနပ်သွားပြီး ပြောလိုက်သည်။
"သား နင်ဝယ်လာတဲ့ အဝတ်အစားတွေက ကောင်းပါတယ်၊ ဒါပေမဲ့ အများကြီး ဝယ်လာတယ်၊ တစ်ခုချင်းစီက ယွမ် ရာကျော်ပဲဆိုရင်တောင် အားလုံးပေါင်းလိုက်ရင် ထောင်ကျော်နေပြီ။ ပြီးတော့ ယင်ယင်အတွက်လည်း စျေးကြီးကြီး ဖုန်းတစ်လုံး ဝယ်ပေးသေးတယ်။ သူက ကျောင်းသားပဲ ရှိသေးတယ်။ အဲလောက် ဖုန်းကောင်းကောင်း ဝယ်ပေးဖို့လိုလို့လား။"
သူ့အမေက စတင်ပြီး နားပူနားဆာလုပ်ပြီဖြစ်သည်။
ယဲ့ရှောင်ချန်းက သူ့ဆုံးဖြတ်ချက်ကို ဝမ်းသာသွားမိသည်။ စျေးနှုန်းများကို မဖျက်ဘဲ ဒီတိုင်းထားခဲ့ပါက သူ့အမေက သေချာပေါက် အချိန်အတော်ကြာ ပါးစပ်ဖြင့် နှိပ်စက်ခြင်းကို ရပ်တန့်မည်မဟုတ်ပါ။
နေ့လယ်ခင်းတွင် ယဲ့ရှောင်ချန်းက မြို့ထဲသို့သွားပြီး မနေ့ကနှင့် ယနေ့ အော်ဒါများအတွက် အမြန်ချောပို့ကို အပ်လိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက် အော်ဒါပမာဏက အလွန် တိုးမြင့်လာပြီး ရောင်းအားကလည်း အကြီးအကျယ်ဖြစ်လာသည်။ အချိန်တိုအတွင်း အော်ဒါ ရာနှင့်ချီပြီး ရောင်းခဲ့ရ၏။
ယဲ့ရှောင်ချန်း တွေးလိုက်မိ၏။ အချင်းချင်း စကားဖြင့် ပြောပြ ညွှန်းဆိုကြလျှင်တောင် အတိုင်းအတာတော့ ရှိပါလိမ့်ဦးမည်။
ကံကောင်းစွာဖြင့် သူကဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို အချိန်အတော်ကြာ စုဆောင်းထားခဲ့သည် ဖြစ်သဖြင့် ပစ္စည်းပြတ်လတ်မှုတော့ မရှိသေးပေ။ အမြန်ချောပို့ကို အပ်ပြီးနောက် သူ အလုပ်ပြန်ရှုပ်လာခဲ့ပြန်သည်။
ကံကောင်းစွာဖြင့် ကူညီပေးမည့် သူ့ညီမရှိနေ၏။
........
ရှန်းချန်၊ ပြည်ပ ကုန်သွယ်ရေး ကုမ္ပဏီ
မနက်ခင်းစောစောတွင် ကုမ္ပဏီဘော့စ် ဟူဟိုင်းပိုက ရုံးခန်းထဲတွင်ထိုင်နေိခဲ့သည်။
အလုပ်သမားများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြပြီး အားလုံးနီးပါးကလည်း အထုပ်ငယ်လေးများ ယူလာကြသည်။
အလုပ်ချိန်မစခင် သူ့ရှေ့တွင် ထိုအထုပ်များ အပုံလိုက်ရှိနေပြီဖြစ်သည်။
"ဟားဟား... ဒီနည်းလမ်းက တကယ်ကောင်းတာပဲ။"
ဟူဟိုင်းပိုက အထုပ်တစ်ခုကို ဖောက်လိုက်ပြီး အထဲမှ ယဲ့၏စူပါဆားရည်စိမ်ဟင်းသီးဟင်းရွက်ဘုရင်ဟု ရေးထားသော ပလတ်စတစ် လေဖိ အထုပ်လေးတစ်ထုပ်ကို ထုတ်လိုက်သည်။
ထို့နောက် အထုပ်လေးကို ဖွင့်လိုက်ပြီး သွားကြားထိုးတံဖြင့် ပဲစေ့တစ်စေ့ကို ထုတ်ကာ စားလိုက်သည်။
မွေးပျံ့သော ရနံ့က သူ့ရုံးခန်းထဲတွင် ပျံ့နှံ့သွားသည်။
ဟူဟိုင်းပိုက တစ်ယောက်တည်း ဇိမ်ခံစားနေခြင်းဖြစ်သည်။
ဤဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို စားဖူးတာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ကုမ္ပဏီ၏ ဌာနခေါင်းဆောင်က သူ့ကို နှစ်ထုပ် တိတ်တဆိတ် ပေးခဲ့စဉ်က စားဖူးခဲ့တာ ဖြစ်သည်။
ထိုအချိန်တုန်းက သူ မကျေနပ်ခဲ့ပေ။ ဒီတိုင်း သာမန် ဆားရည်စိမ် ဟင်းသီးဟင်းရွက်ပဲ မဟုတ်ဘူးလား။
သို့သော်လည်း တစ်ကိုက် မြည်းကြည့်သောအခါ သူ့ကိုယ်သူ ထိန်း၍ပင် မရတော့ပေ။
စိတ်လှုပ်ရှားစရာအကောင်းဆုံးကာ သူခံစားနေခဲ့ရတာ ကြာပြီဖြစ်သော ခံတွင်းပျက်ခြင်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက်၏ လှုံ့ဆော်မှုကြောင့် များစွာတိုးတက်လာသည့်ပုံပင်။
နေ့လယ်စာ စားချိန်များတွင်လည်း ထမင်းသုံးပန်းကန်လောက် စားနိုင်နေသေးပြီး ရွံရှာမိသော ခံစားချက်မျိုးလည်း မရပေ။
ဤရက်ပိုင်းထဲ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ ထူးဆန်သော အရသာအကြောင်း စဥ်းစားမိဆဲ ဖြစ်သည်။
ခံတွင်းပျက်ခြင်းကလည်း ပိုသက်သာလာသည့်ပုံပင်။
ဌာနခေါင်းဆောင်ထံမှ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များရောင်းသည့် ဝဘ်ဆိုဒ်ကို သိခဲ့ရသော်လည်း တစ်လကို သုံးထုပ်သာ ဝယ်ယူနိုင်သည်။ ကံဆိုးစွာဖြင့် တစ်ရက်ကို တစ်ထုပ်သာ စားနိုင်သည်။
မလုံလောက်သေးပါ။
ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ မရှိပါက သူ့ခံတွင်းပျက်ရောဂါ တဖြည်းဖြည်း ပြန်ပေါ်လာဦးမည်ဖြစ်သည်။
ထို့နောက် သူအကြံတစ်ခုရသွားပြီး နည်းလမ်းတစ်ခုရှာခဲ့သည်။ သူ့ဝန်ထမ်းများကို ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ဝယ်ခိုင်းရန် ဖြစ်သည်။
စျေးဝယ်သူတစ်ယောက်က သုံးထုပ်သာ ဝယ်နိုင်သည်။
သို့သော် လူမည်မျှကို ဝယ်ခိုင်းနိုင်သနည်း။ သူ့လက်အောက်ရှိ ဝန်ထမ်းရာကျော်က တစ်ယောက်ချင်းစီတိုင်း သုံးထုပ်ဝယ်နိုင်လျှင် သူ့လိုအပ်ချက်များကို ပြည့်ဝစေရန် လုံလောက်သည်။
ငွေရေးကြေးရေးက သူ့အတွက် ပြဿနာမဟုတ်ပေ။ သူ့တွင် သန်းဆယ်ချီရှိသည်။
ဤနည်းဖြင့် ယနေ့လို အဖြစ်အပျက်မျိုး ဖြစ်လာတော့သည်။
ယဲ့ရှောင်ချန်းသာ သူ့ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ အရောင်းများလာရခြင်း၏ အကြောင်းအရင်းအမှန်ကို သိလျှင် သေချာပေါက် ကြက်သေသေသွားနိုင်သည်။
ဆားရည်စိမ် ဟင်းသီးဟင်းရွက်တစ်ထုပ်ကို စားပြီးသွားသောအခါ ဟူဟိုင်းပိုက အသက်အဝကြီးရှူလိုက်ပြီး ရုတ်တရက် ဗိုက်အလွန်ဆာလာသလို ခံစားလိုက်ရသည်။
အလျင်အမြန်ပင် အစားအသောက်များ မှာယူလိုက်ပါသည်။
စက်တင်ဘာ တစ်ရက်နေ့။
ကောလိပ်များ ပြန်ဖွင့်သည့်နေ့ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်လောက်က အပူချိန်မှာ အလွန်ကျဆင်းသွားပြီး အားလုံးက အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ထားကြရသည်။
မနက်ပိုင်းစောစောတွင် ယဲ့ရှောင်ချန်းက သူ့ညီမ ယဲ့ယင်ကို ကျင်ရှန်း မြောက်ဘက်ဘူတာ၊ သို့မဟုတ် မြန်နှုန်းမြင့် မီးရထားဘူတာဟုလည်းခေါ်သော ဘူတာသို့ လိုက်ပို့ပေးလိုက်သည်။
မြန်နှုန်းမြင့် မီးရထားဘူတာ လက်မှတ်များကို သူ ခပ်စောစော ဘိုကင်ကြိုတင်ထားလိုက်သည်။
သူမယနေ့မှ သွားမည်ဆိုလျှင်တောင် မြန်နှုန်းမြှင့် မီးရထားဖြင့် ဆိုလျှင် စာရင်းသွင်းချိန်အမီ ရောက်နိုင်သည်။
ယဲ့ရှောင်ချန်းက သူ့ညီမ လက်မှတ်ကောင်တာသို့ ခရီးဆောင်အိတ်ဆွဲကာ ထွက်သွားပြီး လူအုပ်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အထိ စောင့်ကြည့်နေခဲ့ပြီးမှ ကားဆီသို့ ပြန်လာခဲ့သည်။
Food Cube
ယဲ့ရှောင်ချန်းနှင့် ချန်ရှုတို့က အရင်လအတွက် စာရင်းငွေများကို ရှင်းပြီး ဟင်းသီးဟင်းရွက် စျေးနှုန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
ယခု ဆောင်းဦးရာသီရောက်နေပြီဖြစ်ပြီး ဟင်းသီးဟင်းရွက် စျေးနှုန်းများက တက်လာပြီဖြစ်သည်။
ထို့ကြောင့် ယဲ့ရှောင်ချန်းလည်း သူ့ဟင်းသီးဟင်းရွက် စျေးများကို ပြန်လည်ချိန်ညှိရန် လိုအပ်နေပြီဖြစ်သည်။
စာရင်းရှင်းပြီးသွားသောအခါ ချန်ရှုက ရေနွေးကြမ်းတစ်ခွက် ယူလာခိုင်းလိုက်သည်။
"ညီလေးယဲ့... ငါမင်းကို ပြောစရာရှိတယ်။"
ချန်ရှုက ရုတ်တရက် ပြောလိုက်၏။
"အစ်ကိုကြီးချန် ဘာပြောချင်လို့လဲ။"
ယဲ့ရှောင်ချန်းက မေးလိုက်၏။
"မင်းလည်း မြင်ပြီးလောက်မှာပါ။ မကြာသေးခင်ကမှ ငါ့Food Cube စားသောက်ဆိုင်ရှေ့မှာ အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင် လာဆောက်သွားတယ်။ အဲဒီက စားဖိုမှူးကလည်း သာမန်တော့ မဟုတ်ဘူး။ ငါ့ဧည့်သည်တွေကို ယူသွားကြတယ်ကွာ။ မင်းရဲ့ဟင်းသီးဟင်းရွက် အရည်အသွေးကြောင့်သာ မဟုတ်ရင် ငါ့လုပ်ငန်းကို ရပ်နားရဖို့တောင် ဖြစ်လာနိုင်တယ်။" ဟု ချန်ရှုက စီးကရက်တစ်လိပ် မီးညှိလျက် ပြောလိုက်သည်။
ယဲ့ရှောင်ချန်းက ခေါင်းညိတ်လိုက်၏။ သူထိုအကြောင်း သိပြီးသားဖြစ်ပြီး မကြာသေးခင်က Food Cube၏ စီးပွားရေးက အနည်းငယ် ကျဆင်းနေပြီဖြစ်သည်။ ဟိုတယ်ရှေ့ ကားပါကင်ထဲက ကားအရေအတွက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။
Food Cubeဆိုင်ရှေ့က စားသောက်ဆိုင်အသစ်မှာ အလွန်ကောင်းမွန်သည်။ အဆင့်လည်း မြင့်မားသည်။
ယခု ထိုစားသောက်ဆိုင်ထဲက စားဖိုမှူးမှာ သာမန်မဟုတ်ကြောင်း ချန်ရှုက ပြောလာသဖြင့် ထိုစားဖိုမှူး၏ လက်ရာမှာ အလွန်ကောင်းမွန်ကြောင်း မှန်းဆကြည့်နိုင်သည်။
စားသောက်ဆိုင်၏ အပြင်အဆင်က တန်ဖိုးကိုသာ တိုးမြှင့်နိုင်ပြီး စားသောက်ဆိုင်၏ စီးပွားရေးကို အဆုံးအဖြတ်ပေးနိုင်သည်က စားဖိုမှူးသာဖြစ်သည်။
အစားအသောက်က မည်မျှအရသာရှိမှန်း စားသုံးသူများသာ နားလည်နိုင်သည်။
အရသာရှိပါက လုပ်ငန်းအဆင်ပြေမည်ဖြစ်သည်။
ကောင်းမွန်သော တည်နေရာတွင် မဟုတ်လျှင်တောင် တစ်ယောက်စကား တစ်ယောက် နားဖြင့် လုပ်ငန်းက ရေပန်းစားလာနိုင်သေးသည်။
လင်မိသားစုကိုယ်ပိုင်စားဖိုဆောင်က သာဓကဖြစ်သည်။
"ရိုးရိုးသားသားပြောရရင် စားဖိုမှူးဘက်မှာလည်း ငါတောင်းဆိုနိုင်တာက အတိုင်းအတာတစ်ခုထိ ရောက်နေပြီ။ ပြီးတော့ ကွာဟမှုကလည်း လိုက်မီဖို့ တော်တော်လေး ခက်ခဲတယ်။ အဲဒါကြောင့် အခြားနည်းလမ်းတွေနဲ့ပဲ ငါစနိုင်တော့မယ်။"
ချန်ရှုက ပြောလိုက်သည်။
"ညီလေးယဲ့ အရင်တစ်ခါက် မင်းငါ့ကို ပေးသွားတဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက တကယ်ကောင်းတဲ့ စားမြိန်စာတွေပဲလို့ ထင်မိတယ်။ ငါ့စားသောက်ဆိုင်မှာပါ အဲလို ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ ရနိုင်မယ်ဆိုရင် လုပ်ငန်းက ကျမသွားဘဲ ပိုပြီးတောင် ရေပန်းစားလာနိုင်တယ်။ အဲဒါကြောင့်..."
"ညီလေးရဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ မင်း ငါ့ကိုသာ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေ ပို့ပေး၊ စျေးနှုန်းအရ သေချာပေါက် ထိခိုက်မှု မရှိစေရဘူး။"
ချန်ရှု၏ မျက်လုံးတွေက အရောင်လက်နေခဲ့သည်။
ဆားရည်စိမ် ဟင်းသီးဟင်းရွက်များဖြင့်သာ သူအောင်မြင်မှုရလိမ့်မည်ဟု သူခံစားနေရပါသည်။