← Chapters

အပြင်စည်းဂိုဏ်း၏နံပါတ်၁ မော့ယွမ်

Vol. 2 Ch. 15

အပြင်စည်းဂိုဏ်း၏နံပါတ်၁ မော့ယွမ်

Vol. 2 Ch. 15

ဓားသမားများအတွက် သူတို့သယ်ဆောင်ထားသောဓားမှာ အသက်ဖြစ်သည်။

အပြင်လူများက ၎င်းကို ထိတွေ့ရန်ပင် မည်သူမှ ခွင့်ပြုကြမည် မဟုတ်ပါ။

ဟန်မူယဲ့က သူ၏ဓားကို တောင်းလျှင် လူငယ်၏အမူအရာ ပြောင်းလဲသွားသည်။

အတန်ကြာ တွန့်ဆုတ်နေပြီးမှ လူငယ်က လက်မြှောက်ကာ ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ဓားလက်ကိုင်ဘက်ကို ဟန်မူယဲ့ဘက်သို့ လှည့်၍ ကမ်းပေး၏။

ဟန်မူယဲ့က ဓားကို လှမ်းယူလိုက်၏။

“ဒီဓားနာမည်က ကျောက်စမ်းရေ… သုံးပေနဲ့ ၃လက်မ ရှည်တယ်။ ၄ ကီလိုဂရမ်လေးတယ်”

“သုံးပေရှည်တဲ့ဓားက ဒီလောက် လေးနေရင် သွန်းလုပ်တဲ့နည်းစနစ်နဲ့ ပါဝင်ပစ္စည်းတွေက သိပ်မဆိုးဘူး”

ဟန်မူယဲ့၏စကားတွင် လူငယ်က မျက်တောင်များကို ပင့်လိုက်၏။

ဓားကို ကိုင်လိုက်သည်နှင့် သူက ဓား၏အလေးချိန်ကို ပြောနိုင်သည်။

“ကျုပ်က အလင်းဝိညာဉ်သံကျောက်တစ်ရွေးသားကို ဓားမှာ ထည့်သွင်းထားတယ်”

လူငယ်က တီးတိုးပြောသည်။

“အလင်းဝိညာဉ်သံကျောက်…”

အလင်းဝိညာဉ်သံကျောက်တစ်ရွေးသားမှာ ဓားရှည်တစ်လက်အား ဝိညာဉ်တစ်ဝက်လက်နက်အဆင့်သို့ ပြောင်းလဲနိုင်၏။ ကြည့်ရသည်မှာ ၎င်းသတ္တုမှာ ရတနာ ဖြစ်ဟန်ရသည်။

ဟန်မူယဲ့က မျက်မှောင်ကုတ်လိုက်စဉ် ဓားကို သွန်းလုပ်နေသောပုံရိပ်တစ်ခု သူ့အာရုံ၌ ပေါ်လာသည်။

ဓားသွန်းလုပ်သည့်ပညာမှာ အရွက်ထုနည်းဖြစ်သည်။ ၎င်းသည် သံနက်ကို ညိုပြာဝိညာဉ်သတ္တုနှင့် ပေါင်းစပ်ထား၏။

သွန်းလုပ်သည့်ပညာရပ်ကို ဝိညာဉ်လက်နက်အား စဦးသွန်းလုပ်နည်းဟုလည်း ခေါ်သည်။

ဤသည်မှာ ချီစုစည်းခြင်းမှသည် အခြေခံအုတ်မြစ်အဆင့်မှ ဓားသမားများအတွက် သင့်တော်သော အများသုံးနည်းလည်း ဖြစ်သည်။ ဓားစံအိမ်ပထမထပ်တွင် ဓားအများအပြားမှာ ဤနည်းစနစ်ဖြင့် သွန်းလုပ်ထားသည်။

အမှန်တကယ်အားဖြင့် ဤသို့သောဓားတစ်လက်မှာ တစ်ဝက်တစ်ပျက်ပြီးမြောက်သောဓားဟုသာ ခေါ်သည်။ ၎င်းကို ဝိညာဉ်တစ်ဝက်လက်နက်ဟုသာ သတ်မှတ်နိုင်ရာ လူသားအဆင့်တွင် ရှိသည်။

အနာဂတ်တွင် ဓားကို ရေရှည်အသုံးပြုလိုပါက ကမ္ဘာမြေကျင့်ကြံဆင့်သို့ ရောက်သောအခါ သူသည် ချီဓာတ်ဖြင့် ဓားကို သန့်စင်နိုင်၏။ နောက်ဆုံးတွင် ဓားသည် ဝိညာဉ်လက်နက်အဆင့်သို့ တက်လှမ်းနိုင်သည်။

ဝိညာဉ်လက်နက်များမှာ ဓားစံအိမ် ဒုတိယထပ်တွင် သိုလှောင်ထားရသည်။ သူတို့မှာ ကမ္ဘာမြေအဆင့် ကျင့်ကြံသူများ အသုံးပြုရသော ဓားများဖြစ်သည်။ သူတို့က ဓားကို ထိန်းချုပ်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားနိုင်၏။

မြင်ကွင်းက ပြောင်းလဲသွားသည်။ ဟန်မူယဲ့က သူ့ရှေ့မှ လူငယ်သည် ဓားတစ်လက်ဖြင့် မြစ်ကမ်းဘေးတွင် လေ့ကျင့်နေသည်ကို မြင်၏။

ဓားအလင်းသည် ကြည်လင်၏။ ၎င်းသည် နံပါတ်၂ အံ့ဖွယ်ဓားသိုင်း ရေပြာလှိုင်းဓားသိုင်း ဖြစ်သည်။

ပုံရိပ်များ တဖျတ်ဖျတ်လက်သွားသည်။ ဟန်မူယဲ့၏အမြင်တွင် လူငယ်၏ဓားသိုင်းမှာ သိပ်မဆိုးပါ။

သို့သော်လည်း တစ်စုံတစ်ခု လိုအပ်နေသည်ကိုတော့ သူ သတိထားမိသည်။

လက်ထဲမှဓားကို ဆုပ်ကိုင်ရင်း ဟန်မူယဲ့က လက်ကို လှည့်ကာ ဓားသွားကို ရှေ့သို့ ထိုးလိုက်သည်။

ဓားကွက်မှာ ပုံရိပ်ထဲမှ လူငယ်လေ့ကျင့်သည်ထက် များစွာ နှေးကွေး၏။

လူငယ်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏အမူအရာက ပြောင်းလဲသွားကာ ဟန်မူယဲ့၏လက်ထဲမှ ဓားကို စိုက်ကြည့်နေသည်။

ဓားအလင်းသည် သိမ်မွေ့စွာ လင်းလက်သွားကာ နှေးခြင်း မြန်ခြင်းမရှိ၊ အဆက်မပြတ် သိပ်သည်းလာခဲ့သည်။

လူငယ်၏အမြင်တွင် ထိုသိပ်သည်းလာခြင်းသည်ပင် ရေပြာလှိုင်းဓားသိုင်း၏အနှစ်သာရ ဖြစ်သည်။

ယခင်က သူ့ဆရာ ဓားသိုင်းကို သရုပ်ပြသောအခါ သူက ရေကန်မှ ရေပြာလှိုင်းသည် တိမ်နှင့်မြူများကဲ့သို့ဖြစ်သည်ဟု ဆိုသည်။

“ရေပြာလှိုင်းဓားသိုင်းက ငြိမ်သက်မှုနဲ့ တိတ်ဆိတ်မှုကို ကိုယ်စားပြုတယ်”

ဟန်မူယဲ့က တီးတိုးပြောကာ ဓားကို လှုပ်ရှားလိုက်၏။ ဓားအလင်းသည် ရေပြင်အလား လှုပ်ခတ်သွားကာ အရှေ့တွင် ပေါ့ပါးပြီး အနောက်တွင် လေးလံသည်။

‘ကျုပ် သိပြီ’

သူက ထိုဓားသိုင်းကို မြစ်ကမ်းဘေးတွင်လေ့ကျင့်သောအခါ ရေပြင်သည် လှုပ်ခတ်သွားကာ အားများအားလုံးကို ထုတ်လွှတ်ခဲ့သည်။ ရေ၏တည်ငြိမ်မှုနှင့် ဖိနှိပ်ထားသောစွမ်းအားများနှင့်ပတ်သက်သော ခံစားချက်များ မရရှိခဲ့ပါ။

လူငယ်၏မျက်နှာတွင် အံ့အားသင့်သော အမူအရာများ ပေါ်လာသည်။ သူက လက်မြှောက်ကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က ဓားကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောသည်။

“ဒါက ရေပြာလှိုင်းဓားသိုင်းရဲ့ ပထမအဆင့်ပဲ ရှိသေးတယ်”

‘ပထမအဆင့်လား…’

‘ဘာကို ဆိုလိုသနည်း’

လူငယ်က နားမလည်ပါ။

သူ့ဆရာက ဓားသိုင်းကို သင်ပေးသောအခါ ရေပြာလှိုင်းဓားသိုင်းတွင် ဒုတိယအဆင့်ရှိသည်ဟု မပြောပြခဲ့ပါ။

ဟန်မူယဲ့က ဓားရှည်ကို ရှေ့သို့ ညွှန်ပြလျှက် အသာအယာပြောသည်။

“သေသေချာချာကြည့်…”

ဓားအလင်းသည် လှပစွာ ဖြစ်ပေါ်လာကာ လှိုင်းများမှာ နဂါးတစ်ကောင် လွင့်လူးနေသည့်အလား၊ ထောင်ပေါင်းများစွာသော တည်ငြိမ်ရေလှိုင်းများအဖြစ် လှုပ်ခတ်သွားသည်။

လူငယ်က အဆုံးမဲ့သော လှိုင်းများ သူ့ခေါင်းပေါ်သို့ ကျဆင်းလာသည်ကို ခံစားရ၏။ သူက အထိတ်တလန့်ဖြင့်ပင် နောက်ဆုတ်လိုက်သည်။ သူ၏ကျောက နံရံနှင့်ထိမိတော့မှ ရပ်လိုက်၏။

သူက ထပ်ကြည့်လိုက်လျှင် သူ့ရှေ့တွင် ဓားရှည်တစ်လက်သာ ကျန်တော့သည်။

ဟန်မူယဲ့က ဓားကို လူငယ်ထံသို့ ပြန်ကမ်းပေး၏။

သူက ဓားကို တိတ်ဆိတ်စွာယူလိုက်ကာ ဓားအိမ်ထဲသို့ ပြန်ထည့်သည်။ ထို့နောက် သူက ဟန်မူယဲ့အား ဦးညွှတ်၏။

“အခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

ထိုသို့ပြောကာ သူက ကျောက်စိမ်းပြားငါးခုကို ဟန်မူယဲ့အား ကမ်းပေးသည်။

ဤသည်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အကျိုးဆောင်အမှတ်များ ဖြစ်ကြသည်။ တစ်မှတ်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ဖြင့် လဲလှယ်နိုင်၏။

ဟန်မူယဲ့က ကျောက်စိမ်းပြားများကို လှမ်းယူကာ နောက်လှည့်ထွက်သွားသည်။ တံခါးဝတွင် သူက ရုတ်တရက်ရပ်လိုက်ကာ ပြောသည်။

“တကယ်တော့ ရေပြာလှိုင်းဓားသိုင်းမှာ တတိယအဆင့်ရှိသေးတယ်”

မျက်လုံးများ ပြူးကျယ်နေသောယန်ရှောက်က မည်သို့မှ မပြောရသေးခင်တွင်ပင် ဟန်မူယဲ့ကား ပျောက်ကွယ်သွားပေပြီ။

“တတိယအဆင့်ရှိသေးတာလား”

“နံပါတ်၂ အံ့ဖွယ်ဓားသိုင်းက ဘယ်လိုလုပ် တတိယအဆင့်ရှိမှာလဲ”

ယန်ရှောက်က တံခါးဝကို မိန်းမောလျှက် ကြည့်နေသည်။

“ဒါနဲ့ ဒီစီနီယာက ဘယ်သူလဲ။ သူ့ဓားပညာက တော်တော်ကို နက်ရှိုင်းနေပြီးပြီ။ သူက ချီစွမ်းအားကို မထုတ်ဘဲ ဓားသိုင်းရဲ့သဘောတရားကို သရုပ်ပြနိုင်တယ်”

“သူက တိုက်ရိုက်တပည့်အသစ်လား”

ဟန်မူယဲ့သည် အခန်းထဲမှ ပြုံးလျှက် ထွက်လာသည်။

ဤစီးပွားရေးက ရေရှည်အတွက် ဖြစ်သည်။ ရေပြာလှိုင်းဓားသိုင်းတစ်ခုတည်းဖြင့်ပင် သူက ချက်ကောင်းကို ထိလိုက်သည်။

ရေပြာလှိုင်းဓားသိုင်းသည် ပုံမှန်အားဖြင့် နံပါတ်၂ အံ့ဖွယ်ဓားသိုင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတွင် ဒုတိယအဆင့်ရှိနေသည်ကပင် ရှားပါးနေပြီး ဖြစ်ကာ တတိယအဆင့်ရှိရန် မဖြစ်နိုင်ပါ။

၎င်းတွင် တတိယအဆင့်ရှိသည်ဟု ဟန်မူယဲ့က ပြောခဲ့ခြင်းမှာ သူသည် ဓားစံအိမ်တွင် ဓားကို သန့်ရှင်းရေးလုပ်စဉ်က ရေပြာလှိုင်းဓားသိုင်းကို သုံးကြိမ်တိတိ နားလည်ဆင်ခြင်ခဲ့ရသည်။

သုံးကြိမ်တိတိ ကွဲပြားသော သဘောတရားများကို နားလည်သွားပြီးနောက် သူသည် ရေပြာလှိုင်းဓားသိုင်း၏တတိယအဆင့်ကို သဘောပေါက်သွားခဲ့သည်။

ပထမအဆင့်မှာ ရေပြင် ဖြစ်ကာ ဒုတိယအဆင့်သည် ရေလှိုင်း ဖြစ်သည်။ တတိယအဆင့်သည် မူလသဘာဝသို့ ပြန်သွားခြင်း (ဝါ) လှုပ်ရှားမှုကင်းမဲ့ခြင်း ဖြစ်သည်။

ဟန်မူယဲ့သည် စားပွဲရှည်သို့ သွားကာ အခန်းနံပါတ် ၇၃ တံဆိပ်ပြားနှင့် စာအုပ် ၂အုပ်ကို ကမ်းပေးသည်။

အစိမ်းရောင်ဝတ်လူကြီးက ထရပ်ကာ အခန်းတံဆိပ်ပြားနှင့် သံမဏိနွားသိုးကျင့်စဉ်စာအုပ်ကို သိမ်းဆည်းလိုက်သည်။ သို့သော်လည်း သူက ပြုံးလျှက်ပြောသည်။

“စီနီယာအစ်ကို… ဓား ၁၀၀၀၀ တို့အိမ်အပြန် ကျင့်စဉ်က သရုပ်ပြခန်းဆောင်က မဟုတ်ဘူး”

‘အဲဒါက သရုပ်ပြခန်းဆောင်နဲ့မဆိုင်ဘူးလား’

မှန်ပေသည်၊ ဓား ၁၀၀၀၀ တို့အိမ်အပြန်ကဲ့သို့သော စွမ်းအားကြီးဓားသိုင်းမှာ မည်သို့ သာမန်အတွင်းစည်းဂိုဏ်းသားများ ကျင့်ကြံနိုင်သော ပညာ ဖြစ်မည်နည်း။

“ဒါနဲ့ ဆရာကြီးမော့ယွမ်က ဘယ်မှာနေတာလဲ။ ခုနက သူ့ကို မေးဖို့ မေ့သွားတယ်”

ဟန်မူယဲ့က မေးသည်။

သူ၏စကားကိုကြားလျှင် အစိမ်းရောင်ဝတ်လူကြီးက ပြုံးရယ်လျှက် ပြောသည်။

“ဘာဆရာကြီးလဲ…”

“မော့ယွမ်က အပြင်စည်းဂိုဏ်းမှာနံပါတ် ၁ပဲ။ သူက အံ့ဖွယ်ကိုးပါးဂိုဏ်းမှာ နှစ် ၂၀၀ ရှိပြီ”

ထို့နောက် သူက ရယ်မောလျှက် ဆက်ပြောသည်။

“ငါက နံပါတ် ၁လို့ပြောတာ အဆင့် ၁ကို ပြောတာ မဟုတ်ဘူး။ အပြင်စည်းဂိုဏ်းရဲ့ အသက်အကြီးဆုံးကို ပြောတာ”

‘အပြင်စည်း…’

အကြီးအကဲတစ်ဦးမဟုတ်ဘဲ အပြင်စည်းဂိုဏ်းတွင် နှစ်ပေါင်း ၂၀၀ ကျော် နေလာခဲ့သော အဖိုးအိုတစ်ဦးလား။

ထိုအရှိန်အဝါ၊ ထိုလက်ချောင်းနှင့် ကောင်းကင်ပြိုကျလာသော ခံစားချက်… သူက အပြင်စည်းဂိုဏ်းသားတစ်ဦးသာလား။

“သူ စပြီးကျင့်ကြံတုန်းက သူ့ဗီဇပါရမီက တော်တော်ကောင်းတယ် ပြောတယ်။ ဒါပေမဲ့ ဘာမှားနေလဲတော့ မသိဘူး။ သူက တချို့အသုံးမဝင်တဲ့ ဓားသိုင်းတွေကိုပဲ ခေါင်းမာမာနဲ့ လေ့လာနေခဲ့တယ်”

“ကြည့်လေ… နှစ် ၂၀၀ လောက်ရှိပြီ။ အခုထိ ချီစုစည်းတဲ့အဆင့်ကို မရောက်သေးဘူး”

“သူ့မှာ အချိန်သိပ်မကျန်တော့ဘူးလို့ ကျုပ်ထင်တယ်”

အစိမ်းရောင်ဝတ်သက်လက်ပိုင်းလူကြီးက ခေါင်းယမ်းကာ ဟန်မူယဲ့၏လက်ထဲမှ စာအုပ်ကို ကြည့်သည်။

“ဒီကျင့်ကြံစနစ်ကလည်း အသုံးမဝင်ဘူး။ မဟုတ်ရင် သူ့တစ်ဘဝလုံး ဘယ်လိုလုပ် အပြင်စည်းဂိုဏ်းမှာပဲ ကုန်ဆုံးနေခဲ့မှာလဲ”

သူသည် နှစ်ပေါင်း ၂၀၀ အထိ ချီစုစည်းခြင်းအဆင့်သို့ မရောက်သေးသော်လည်း ဓား ၁၀၀၀၀ တို့အိမ်အပြန် ကျင့်စဉ်အား ဖန်တီးခဲ့၏။

ဟန်မူယဲ့က စာအုပ်ကိုကြည့်ကာ ၎င်းမှ လေးလံမှုကို ခံစားရသည်။

သူက စာအုပ်ကို သိမ်းဆည်းလိုက်ကာ နောက်လှည့်ထွက်လာခဲ့၏။

“အမ်… စီနီယာအစ်ကို… သရုပ်ပြခန်းဆောင်က တာဝန်တွေကို လက်ခံဖို့ ဆန္ဒရှိပါသလား”

အစိမ်းရောင်ဝတ်လူကြီးက သူ့အား လှမ်းမေးသည်။

ဟန်မူယဲ့က နောက်လှည့်ကာ တည်ငြိမ်စွာ မေးသည်။

“ဘာတာဝန်တွေလဲ”

“ခင်ဗျားက သရုပ်ပြခန်းဆောင်က တပည့်တွေရဲ့ ကျင့်ကြံခြင်းဆိုင်ရာမေးခွန်းတွေကို ဖြေတဲ့အတွက် ဆုကြေးတွေ ရနိုင်သလို မေးခွန်းဆယ်ခုတိုင်းအတွက်လည်း ဆုကြေးသီးသန့်ရမယ်”

အစိမ်းရောင်ဝတ်လူကြီးက ထပ်ပြောသည်။

“စီနီယာအစ်ကိုယန်ရှောက်က ခင်ဗျားရဲ့ညွှန်ကြားချက်တွေကို အရမ်းသဘောကျပြီးတော့ ခုနကပဲ အကျိုးဆောင်မှတ်သုံးခု ထပ်ပေးသွားခဲ့တယ်”

သူက အကျိုးဆောင်မှတ်သုံးခုကို ထုတ်ပေးသည်။

‘အဲလိုလည်းရတာပဲလား…’

ဟန်မူယဲ့က အကျိုးဆောင်မှတ်များကို ယူလိုက်သည်။

၎င်းတို့မှာ ဝိညာဉ်ကျောက်တုံး ၃၀၀နှင့် ညီမျှ၏။ အရူးများသာ လက်မခံဘဲ နေပေမည်။

“ကျုပ်က သူတို့ ပညာရပ်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးနိုင်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ရုပ်အမှန်ကို လူတွေ မသိစေချင်ဘူး”

အစိမ်းရောင်ဝတ်လူကြီးက ပြုံးလျှက်ပြောသည်။

“ဒါက လွယ်ပါတယ်”

“တချို့စီနီယာအစ်ကိုတွေနဲ့ အကြီးအကဲတွေကလည်း သူတို့ရုပ်အမှန်ကို လူတွေ မသိစေချင်တဲ့အခါ တခြားနာမည်တစ်ခုနဲ့ မျက်နှာကို မျက်နှာဖုံးတွေနဲ့ အုပ်ထားကြလေ့ရှိတယ်”

ထို့နောက် သူက ရှေ့ကို လက်ညိုးထိုးပြကာ ပြောသည်။

“ဟိုမှာကြည့်လိုက်…”

ဟန်မူယဲ့က လှမ်းကြည့်လျှင် လူကြီးတစ်ဦး ကြေးနီရောင်မျက်နှာဖုံးတစ်ခုကို တပ်ကာ အခန်းတံခါးတစ်ခုကိုတွန်းဖွင့်၍ ဝင်သွားသည်ကို မြင်၏။

“ကောင်းပြီ… ကျုပ် အဲဒီအလုပ်ကို လက်ခံမယ်”

ဟန်မူယဲ့က ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

All Chapters