ပေါင်လဲ့၊ နင်နားလည်လား
Vol. 42 Ch. 572
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ သူတို့ ကျိုးချူတောက်နှင့် တိုက်ခိုက်ခဲ့သည့်နေရာမှ ထွက်ခွာသွားကြစဉ် တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည့် ပြည်သူ့ရင်ပြင်ထဲ၌ အသက်ရှူသံများ ပြန်လည်ထွက်ပေါ်လာ၏။ ဆွေးနွေးငြင်းခုံသံအချို့ကိုလည်း ကြားနေရသည့်တိုင်အောင် ဂိုဏ်းသားအများစုမှာမူ နှုတ်ဆိတ်နေကြဆဲပင်။
ဝမ်ပေါင်လဲ့နှင့် ကျိုးချူတောက်တို့မှာ လက်ရည်တူနေခဲ့သည့်ပုံ ပေါ်ပါသော်လည်း နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာသည့် သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများဖြင့် ဖွဲ့စည်းထားသော ချပ်ဝတ်တန်ဆာကြီးမှာ အခြေအနေအားလုံးကို ပြောင်းလဲပစ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ယောက်အား လက်ရည်တူများအဖြစ် မသတ်မှတ်နိုင်ပေ။ ထိုရလဒ်အား မည်သူကမှ လက်မခံချင်ကြသလို မယုံကြည်နိုင်ဘဲ ဖြစ်နေရ၏။
ပြည်ထောင်စုပျိုးပင်များအားလုံးမှာမူ နှုတ်ဆိတ်နေကြပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ယုံချင်စရာမကောင်းလောက်အောင် အစွမ်းထက်လွန်းနေသည်မဟုတ်ပါလော။
ဖုန့်ချိုးရန်မှာလည်း အံ့အားသင့်နေရပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာ၏။ သူမသည် ပုံရိပ်ကြီးထဲရှိ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ အလွန်အင်မတန်မှအစွမ်းထက်ကြောင်း တွေးနေသလို ဝမ်ပေါင်လဲ့၏ စွမ်းပကားများကြောင့်လည်း မှင်တက်နေရ၏။
ယခင်တုန်းက သူမသည် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား အထင်မကြီးခဲ့ပေ။ ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်ကြီးတစ်ခုခု ဖြစ်မလာသရွေ့ သူတို့သုံးယောက်မှာ သူတို့၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ထိပ်ဆုံးသုံးယောက်ထဲသို့ ဝင်နိုင်လိမ့်မည် မဟုတ်ဟုပင် မှတ်ယူထားခဲ့သည်။
သို့သော် ယခုတွင်မူ သူမ၏ ထင်မြင်ယူဆချက်များမှာ မှားယွင်းနေခဲ့သည်ဖြစ်ကြောင်း ဖုန့်ချိုးရန်က လက်ခံရတော့မည်ဖြစ်သည်။ ထို့အပြင် သူမသည် သူမ၏ မဟာမိတ်ဖြစ်သော ပြည်ထောင်စုကြီးအား အထင်သေးခဲ့မိခြင်း ဖြစ်သည်။
" သူတို့က ဒီလို ထိပ်သီးအဆင့် ပညာရှင်တစ်ယောက်ကို ကျယ်ပြန့်တာအိုနန်းတော်ဆီ ပို့ပေးခဲ့တာပဲ။ ပြည်ထောင်စုကြီးရဲ့ သဘောထားကြီးမားမှုနဲ့ ယှဉ်လိုက်ရင် ငါက ဘာမှ မဟုတ်သေးပါလား " ဖုန့်ချိုးရန်မှာ စိတ်ထဲတွင် ရေရွတ်လိုက်၏။ အကယ်၍ သူမ၏ လက်အောက်တွင် ဝမ်ပေါင်လဲ့ကဲ့သို့ ပါရမီရှင်တစ်ယောက် ရှိနေမည်ဆိုပါက သူမသည် သူ့အား လုံးဝစေလွှတ်ခဲ့မည်မဟုတ်ပေ။ အကယ်၍ မတော်တဆတစ်ခုခု ဖြစ်သွားပါက အများကြီး ထိခိုက်နစ်နာဆုံးရှုံးရမည် မဟုတ်ပါလော။
ထို့ကြောင့် ပြည်ထောင်စုကြီးမှာ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချပြီးမှ သူ့အား စေလွှတ်ခဲ့ရမည်ဖြစ်ကြောင်း သူမက မှတ်ယူလိုက်၏။
မြဲ့လျဲ့ကျိမှာလည်း ထိုကဲ့သို့ပင် တွေးတောနေရင်း နှုတ်ဆိတ်ကာ ပုံရိပ်ကြီးထဲရှိ ဝမ်ပေါင်လဲ့အား အကဲခတ်နေ၏။ တာအိုဘုန်းတော်ကြီး ယိုရန်မှာလည်း ထိုနည်းတူပင်။ သို့သော် အခြားသူများနှင့် မတူသည်မှာ သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းရောင်တစ်ခုနှင့် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်နေခြင်းပင်။
တစ်ချိန်ထဲမှာပင် ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ်ကြီး ပြီးဆုံးသွားပြီးနောက် အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာကမ္ဘာကြီးထဲတွင် ပြိုင်ပွဲဝင် တစ်ရာကျော်စွန်းစွန်းသာ ကျန်ရစ်ခဲ့တော့သည်။ ပထမဆုံးနေ့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သဖြင့် သော့အများစုမှာ လူနည်းစုအချို့၏ လက်ထဲတွင် စုမိနေသောကြောင့်ဖြစ်သည်။
ပြိုင်ပွဲထဲတွင် ကျန်ရစ်ခဲ့ကြသည့် လူအများစုမှာ နေရာအနှံ့ ပြန့်ကျဲနေကြ၏။ သူတို့မှာ သတိကြီးကြီးထားနေကြပြီး သော့မရှိတော့သည့် ပြိုင်ပွဲဝင်များ တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်နိုင်ရန် အဆင်သင့်ပြင်ထားကြသည်။ ကျောက်ယမုန့်၏ မှန်းဆချက်အတိုင်းပင်။ ပထမဆုံးနေ့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သောကြောင့် ဒုတိယမြောက်နေ့မှာ အတော်အသင့်ပို၍ ငြိမ်သက်နေ၏။
တိုက်ပွဲများမှာ ဟိုတစ်စ သည်တစ်စ ဖြစ်ပွားနေကြပါသော်လည်း အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲတွင် ရန်သွားမစသင့်သည့် လူလေးယောက်ရှိနေကြောင်း အခြားပြိုင်ပွဲဝင်အားလုံးက သိရှိထားကြ၏။ ထို လေးယောက်ထဲမှ သုံးယောက်မှာ ကျန်ရှိနေသေးသော တပည့်ရင်းသုံးယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ ပြည်ထောင်စုကြီး၏ တပည့်ရင်း ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။
" ပြည်ထောင်စုကြီး၏ တပည့်ရင်း " ဆိုသော စကားလုံးမှာ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲမှ ပြိုင်ပွဲဝင်များက ဝမ်ပေါင်လဲ့အား လေးစားသမှုဖြင့် ခေါ်ဝေါ်ကြသည့် အသုံးအနှုန်းတစ်ခု ဖြစ်ပေသည်။ သူတို့၏ အမြင်တွင် " တပည့်ရင်း " ဆိုသည့် စကားလုံးကသာ ဝမ်ပေါင်လဲ့၏ အဆင့်အတန်းနှင့် ကိုက်ညီမှုရှိပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် အခြားသုံးယောက် ရှိနေသည့် နေရာများကို အခြားပြိုင်ပွဲဝင်များက သွားရောက်ကြခြင်းမရှိပေ။ သူတို့မှာ ထိုနေရာများ၏အနီးသို့ မသွားရဲကြသလို သူတို့အား ခပ်လှမ်းလှမ်းမှနေ၍ လှမ်းမြင်ရလျှင်တောင် အဝေးသို့ ထွက်ပြေးသွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လေထဲတွင် အချိန်အတော်အတန်ကြာအောင် ပျံသန်းနေလိုက်ပြီးနောက် ညကောင်းကင်မြေပုံပေါ်ရှိ နေရာအနှံ့ပြန့်ကျဲနေကြသော သော့များ သူနှင့်ဝေးရာသို့ အလျင်အမြန် ထွက်ပြေးသွားနေကြသည်ကို သတိထားမိလိုက်သောအခါ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်းခေါ်လိုက်ပြီး တောင်ထိပ်တစ်ခုပေါ်တွင် အနားယူလိုက်၏။
အခြားပြိုင်ပွဲဝင်များအတွက် သော့များမှာ ယခင်တုန်းကထက်ပို၍ အရေးပါလာကြပြီဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ၎င်းတို့အား အာရုံထဲပင် မထည့်ထားပေ။ မည်သူကမှလည်း သူ့ဆီက မလုရဲကြပေ။ ထို့ကြောင့် ယခုတွင် သူသည် ပြိုင်ဘက်သုံးယောက်ကိုသာ ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း နားလည်ထားသည်။
သူတို့မှာ ဒူဂူလင်း၊ လုယွင်နှင့် ကျိုးချူတောက်၏ တာအိုလက်တွဲဖော် ဟွမ်ယွင်ရှန်းတို့ပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထို သုံးယောက်ထဲမှ မည်သူ့ကိုမှ လျှော့တွက်ထားခြင်းမရှိပေ။ အထူးသဖြင့် ဒူဂူလင်းမှာ သူ၏ အကြီးမားဆုံးပြိုင်ဘက် ဖြစ်လာနိုင်ပေသည်။
" တကယ်လို့ ပုံမှန်အတိုင်းသာဆိုရင်တော့ ထိပ်ဆုံးသုံးယောက်က နင်တို့လေးယောက်ထဲကနေပဲ ဖြစ်မှာပဲ " ဝမ်ပေါင်လဲ့တစ်ယောက် ညကောင်းကင်ကြီးအား မော့ကြည့်နေစဉ် ကျောက်ယမုန့်မှာ သူ၏ဘေးတွင်ထိုင်ရင်း လေသံတိုးတိုးဖြင့်ဆိုလိုက်၏။
" ပေါင်လဲ့။ နင် ထိပ်ဆုံးသုံးယောက်ထဲကို ပေါ့ပေါ့ပါးပါးနဲ့ပဲ ဝင်သွားချင်လား။ ဒါမှမဟုတ် တစ်ကိုယ်တော်လမ်းကိုပဲ ရွေးမှာလား " ကျောက်ယမုန့်မှာ မျက်လုံးများအရောင်လက်သွားပြီး ဝမ်ပေါင်လဲ့အား မေးလိုက်၏။
ခုန်းတောက်မှာလည်း သူမနည်းတူပင် သိချင်နေ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့သာ ဒုတိယလမ်းစဉ်အား ရွေးချယ်လိုက်မည်ဆိုပါက သူ့အတွက် အကျိုးရှိနိုင်သည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာမူ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရယ်မောကာ ပြန်ဖြေလိုက်၏။
" ငါကတော့ တစ်ကိုယ်တော်လမ်းကိုလျှောက်ပြီး တခြားပြိုင်ပွဲဝင်တွေအားလုံးကို အနိုင်ယူချင်နေတုန်းပဲ။ အဲ့တာမှ ပြိုင်ပွဲထဲမှာ ထိပ်ဆုံးသုံးယောက်ဆိုပြီး မရှိတော့ဘဲ တစ်ယောက်ပဲ ရှိတော့မှာ။ အဲဒီ အချိန်ကျရင် ငါတို့တွေ ဗေဒါရွက်သုံးရွက်ကို တစ်ယောက်တစ်ရွက်စီ ခွဲယူလို့ရပြီလေ "
" အဲ့လိုပဲ လုပ်ကြတာပေါ့ " ခုန်းတောက်က စိတ်လှုပ်တရှားနှင့် ပြန်ဖြေလိုက်၏။ ကျောက်ယမုန့်မှာမူ ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းအား ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းမိထားသည့် အမူအရာဖြင့် သူမ၏နဖူးအား လက်ဖြင့်ပွတ်လိုက်သည်။ ထို့နောက် သူမသည် စိတ်အေးလက်အေး ဖြစ်သွားပြီး ဤ အရည်အချင်းစမ်းသပ်ပွဲ၏ စည်းမျဉ်းများအကြောင်းကို ဆက်လက်တွေးတောနေခြင်းမရှိတော့ပေ။
" အဲလိုဆိုမှတော့ ငါလည်း အသေးစိတ်လိုက်ပြီးတော့ တွေးမနေတော့ဘူး။ နင်ကိုယ်တိုင်ပဲ လုပ်လိုက်တော့။ ဒါပေမဲ့ ငါ သတိပေးထားမယ်နော်။ နင့်ရဲ့ ပြိုင်ဘက်အသစ်က ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် မစခင်မှာ ပေါ်လာလောက်တယ်။ တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင်တော့ သူက ကျိုးချူတောက်ရဲ့ တာအိုလက်တွဲဖော် ဟွမ်ယွင်ရှန်း ဖြစ်နေလောက်တယ် "
" ငါတို့ကို လက်စားလာချေဖို့ ရောက်လာမှာလား " ထိုအခါ ခုန်းတောက်မှာ မျက်ခုံးပင့်ကာ မေးလိုက်၏။
" သော့တွေပေးဖို့ ရောက်လာမှာ။ ခုန်းတောက်။ ဒီရက်ပိုင်းအတွင်း နင် တော်တော်ကို ဉာဏ်ထိုင်းနေတာပဲ " ကျောက်ယမုန့်မှာ တည်ကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ထိုအခါ ခုန်းတောက်မှာ နှုတ်ခမ်းတွန့်သွားပြီး စကားဆက်မပြောတော့ပေ။ သို့သော် သူ၏ စိတ်ထဲတွင်မူ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့ကဲ့သို့ လူထူးဆန်းနှစ်ယောက်နှင့် ပေါင်းပါက သူတို့အား နာခံရမည်ဖြစ်ကြောင်း နားလည်ထား၏။ တစ်ယောက်မှာ တိုက်ခိုက်ရေးအပိုင်းတွင် ပြိုင်ဘက်ကင်းပြီး အခြားတစ်ယောက်မှာ ဖြတ်ထိုးဉာဏ်အပိုင်းတွင် ပြိုင်ဘက်ကင်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် စိတ်ထဲတွင်ပေါ်လာသည့် စကားအချို့ ပြောရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ အကယ်၍ သူ၏နေရာတွင် တခြားတစ်ယောက်ယောက်သာဆိုပါက အသိစိတ်များပင် ပျောက်နေလောက်ပြီဖြစ်သည်။
ခုန်းတောက်တစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ သူ၏မုန့်များကို ထုတ်ယူရန် တွေးမိလိုက်၏။ သို့သော် သူ့ဆီတွင် မုန့်အနည်းမျှသာ ကျန်တော့သည်ဖြစ်သလို ထိုသို့ ထုတ်ယူခြင်းမှာ ယခုအခြေအနေနှင့် ကိုက်ညီမှုမရှိဟု သူက ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ထိုအတွေးများကို ပြန်ဖျောက်လိုက်ပြီး မေးငေါ့ကာ ဟိတ်ဟန်အပြည့်ဖြင့် ဆက်နေနေလိုက်တော့သည်။
ကျောက်ယမုန့် ခန့်မှန်းထားခဲ့သည့်အတိုင်းပင်။ သူတို့သုံးယောက်မှာ နေ့ဝက်တိတိ အနားယူလိုက်ကြပြီးနောက် သော့အချောင်းရေ သုံးဆယ်ကျော်ပါသော ကြယ်တစ်လုံးမှာ သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ညကောင်းကင်ပေါ်၌ မြင်လိုက်ရ၏။
တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ထိုကြယ်မှာ သူတို့ သုံးယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။ နောက်ဆုံးတွင် ဟွမ်ယွင်ရှန်း၏ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်လေးမှာ မီးလုံးတစ်လုံးကဲ့သို့ ပေါ်ပေါက်လာတော့သည်။
သူမသည် အလွန်အင်မတန်မှ မြန်ဆန်နေ၏။ မကြာသေးမီတုန်းက သူမသည် အဝေးတစ်နေရာ၌ ရှိနေခဲ့ပါသော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် သူတို့သုံးယောက်နှင့် ပေတစ်ထောင်အကွာသို့ ရောက်ရှိလာသည် မဟုတ်ပါလော။ သူမသည် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ဝမ်ပေါင်လဲ့အားမကြည့်ဘဲ ကျောက်ယမုန့်အား တစ်ချက်လှမ်းကြည့်လိုက်၏။
ကျောက်ယမုန့်မှာလည်း သူမအား ပြန်ကြည့်ကာ ပြုံးပြလိုက်သည်။ ထိုအခါ ဟွမ်ယွင်ရှန်းမှာလည်း ပြန်ပြုံးပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အားကြည့်ကာ အကဲခတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုအမျိုးသမီးအား စိုက်ကြည့်နေသည်။
သူတို့နှစ်ယောက် မျက်လုံးချင်းဆုံးသွားသောအခါ ဟွမ်ယွင်ရှန်းမှာ ရုတ်တရက်ဆိုသလို ရယ်မောကာ ဆိုလိုက်၏။
" ငါ့ရဲ့ယောက်ျားတောင် နင့်ကြောင့် ရှုံးသွားရတာဆိုတော့ ငါလည်း နင့်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အဲလိုဆိုမှတော့ ငါ့သော့တွေကို နင့်ကိုပဲ ပေးလိုက်ပါ့မယ်။ နင်က ငါ့ယောက်ျားကိုတောင် အနိုင်ယူနိုင်ခဲ့တာဆိုတော့ နံပါတ်တစ်နေရာရအောင် ဆက်ပြီးတော့ တိုက်ပွဲဝင်လိုက်ပါ " ဟွမ်ယွင်ရှန်းမှာ ထိုသို့ဆိုကာ သူမ၏ ညာဘက်လက်အားမြှောက်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သော့အချောင်းသုံးဆယ်ကျော်မှာ ဝမ်ပေါင်လဲ့၏ရှေ့သို့ ရောက်ရှိလာသည်။
ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။
သူမမှာ ထိုစကားတစ်ခွန်းကိုသာပြော၍ ထွက်ခွာသွားခဲ့ခြင်းဖြစ်၏။ ခုန်းတောက်မှာမူ အတွေးများထဲတွင် နစ်မျောနေရင်း ကျောက်ယမုန့်အားကြည့်လိုက် တစ်စုံတစ်ခု တွေးတောနေသည့်ပုံ ပေါက်နေသော ဝမ်ပေါင်လဲ့အားကြည့်လိုက် ဖြစ်နေပြီးမှ ရုတ်တရက် ဆိုလိုက်၏။
" ပေါင်လဲ့။ သူက မင်းကို ကြွေသွားတာနေမှာ... အဲလိုမှ မဟုတ်ရင် မင်းကို သော့တွေပေးဖို့အတွက်နဲ့ ဒီလောက်အဝေးကြီး ရောက်လာပါ့မလားကွ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျပ်ဖျပ် ခတ်မိသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျောက်ယမုန့်မှာ နှာမှုတ်ကာ ဆိုလိုက်၏။
" ခုန်းတောက်။ နင်က တကယ်ကို ဉာဏ်တိမ်သွားတာပါလား "
" နင့်စကားက ဘာအဓိပ္ပါယ်လဲ ကျောက်ယမုန့် " ခုန်းတောက်မှာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်သွားပါသော်လည်း ဒေါသထွက်သွားသည့်ပုံစံ ဟန်ဆောင်လိုက်၏။ အမှန်တွင် သူသည် ကျောက်ယမုန့်အား ရန်စလိုသောကြောင့် ထိုစကားကို တမင်တကာ ပြောခဲ့ခြင်းဖြစ်သည်။
" ဘာအဓိပ္ပါယ်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါကတော့ တကယ်လို့ ငါ့ယောက်ျားသာ ရှုံးသွားခဲ့မယ်ဆိုရင် သူ့ကိုအနိုင်ယူခဲ့တဲ့လူကို ဒီ အရည်အချင်းစမ်းသပ်ပွဲထဲမှာ အဆင့်တစ် ရစေချင်မှာပဲ။ အဲ့တာမှ ငါ့ယောက်ျားက တခြား အဖြစ်မရှိတဲ့ လူတစ်ယောက်ယောက်ကို ရှုံးသွားတာမဟုတ်ဘဲ အစွမ်းအထက်ဆုံး ပြိုင်ပွဲဝင်ကို ရှုံးသွားတာလို့ ပြောလို့ရမှာပေါ့။ အဲတာဆိုရင် ငါ့ရဲ့ ဂုဏ်သိက္ခာလည်း သိပ်ပြီးတော့ မထိခိုက်နိုင်တော့သလို သူသည် အရမ်းကြီး စိတ်ဓာတ်ကျနေတော့မှာမဟုတ်ဘူး။ အနာဂတ်ကျရင် သူက အစွမ်းထက်လာပြီးတော့ အဲဒီလူကို ပြန်ပြီးတော့ အနိုင်ယူနိုင်ရင်တောင် ယူနိုင်ဦးမှာ " ကျောက်ယမုန့်မှာ တည်ကြည်စွာပြန်ဖြေလိုက်သဖြင့် ခုန်းတောက်မှာ စကားပြန်မပြောနိုင်တော့ဘဲ တတွတ်တွတ်သာ ရေရွတ်လိုက်ရတော့သည်။
" နင်လည်း ဦးနှောက်တစ်ခန်းလွတ်နေတာပဲ... "
" အဲတာ နင် နားမလည်သေးလို့ပါ " ကျောက်ယမုန့်မှာ ရယ်မောကာ ပြန်ဖြေလိုက်၏။ ထို့နောက် သူမသည် တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အားကြည့်ကာ မေးလိုက်သည် " ပေါင်လဲ့။ နင်ရော နားလည်လား "
ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ အကြည့်ကြောင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ ထို့နောက် ကျောက်ယမုန့် အောက်သို့ ထိုင်ချလိုက်ချိန်တွင် သူသည် သူ၏ဆန္ဒကို မချုပ်တည်းနိုင်တော့ဘဲ သူမအား ခိုးကြည့်မိလိုက်တော့သည်...