← Chapters

ကောင်းကင်နှင့်မြေကြီးကို ခြားနားထားသော မိစ္ဆာမီးအိမ်များ

Vol. 7 Ch. 86

ကောင်းကင်နှင့်မြေကြီးကို ခြားနားထားသော မိစ္ဆာမီးအိမ်များ

Vol. 7 Ch. 86

“ချုပ်နှောင်တံဆိပ်ကို ချိုးဖျက်မယ်ဟုတ်လား” မန်ဟိုက မြေကြီးပေါ်ရှိ ဆီမီးအိမ် ၇ လုံးကို ငုံ့ကြည့်ပြီး မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည် ။ သူက ၎င်းတို့ကို တခဏ ကြည့်ပြီးနောက် ၎င်းတို့ထံ ဦးတည်လိုက်သည်။

သူသည် မှီခိုရာဂိုဏ်းချုပ်၏ ဟိန်းဟောက်သံများကို လျစ်လျူရှုထား၏။ စောစောက ရတနာများကို လုယက်ခိုးယူပြီးနောက်တွင် မှီခိုရာဂိုဏ်းချုပ် ထွက်မလာနိုင်ကြောင်း သူ ယခုသေချာသွားလေပြီ။

“မင်းဘာလုပ်နေတာလဲ” မြေအောက်ခန်းထဲ၌ မှီခိုရာဂိုဏ်းချုပ်၏ ဒေါသသည် အနေအထားတစ်ခုထိ မြင့်တက်သွား၏။ သို့သော် မန်ဟို့မျက်နှာပေါ်က အကြည့်ကြောင့် သူနှလုံးသားထဲတွင် အကြောက်တရားများလည်း ပွင့်လန်းလာသည်။ သူ့မှာ မန်ဟို့ကို သွားခွင့်ပြုမိခြင်းအတွက် နောင်တရလာလေပြီ။ သူ့မျက်လုံးထဲကကြည့်သည် မန်ဟို သူ၏ရတနာများကို စတင် ခိုးယူစဉ်က ပေါ်ပေါက်လာခဲ့သည့် အကြည့်ထက်ပင် ပို၍ပြင်းထန်လာ၏။

မန်ဟိုက ယခုအခါ သူ လုံး၀ အားကိုး၍မရကြောင်းသိသွားပြီဖြစ်သည့် မှီခိုရာဂိုဏ်းချူပ်ကို လျစ်လျူရှုရင်း ဆီမီးအိမ် ၇လုံးကို စိုက်ကြည့်နေသည်။ သူက အတွေးနက်နေသောအသွင်ဖြင့် ၄င်းတို့ထံ တဖြေးဖြေးလမ်းလျှောက်သွား၏။

သူ ခြေတစ်လှမ်းချတိုင်း မှီခိုရာဂိုဏ်းချုပ်၏နှလုံးသားအပေါ်သို့ တိုက်ရိုက် ကျဆင်းနေသကဲ့သို့ ထင်ရသည်။

“ကိစ္စမရှိဘူး” မှီခိုရာဂိုဏ်းချုပ်မှာ သူ့ကိုယ်သူနှစ်သိမ့်ရန် ကြိုးစားရင်း ပြောသည်။ “ဒီခွေးကောင်လေးက စဦးချီဖွဲ့စည်းမှု အဆင့်၉ ပဲရောက်သေးတာ။ မိစ္ဆာမီးအိမ် တွေကနေ စိတ်ဝိညာဉ်စွမ်းအင်တွေကို သူဘယ်လိုမှ မယူနိုင်ဘူးး..…” မီးအိမ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် တရားထိုင်ရန် တင်ပျဥ်ခွေလိုက်သော မန်ဟို့ကို မြင်သောအခါ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

မန်ဟိုက ထိုနေရာတွင် မျက်လုံးများ တဖျပ်ဖျပ်လက်လျက် ထိုင်နေသည်။ သူ့ပုံစံမှာ ချီတုံချတုံဖြစ်နေဟန်ရှိသော်လည်း မကြာခင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒ သူ၏မျက်လုံးများထဲတွင် ပြည့်နှက်သွားသည်။

“မှီခိုရာဂိုဏ်းချုပ်က ငါ့ကို လှည့်စားခဲ့တယ်။ သူ့ရဲ့ အဖိုးတန်ရတနာတွေနည်းနည်းလောက် ငါ့အတွက် ကျေနပ်စရာမရှိသေးဘူး။ ငါ အခု ဒီဝိညာဉ်စွမ်းအင်လဲ ယူမယ်။ ဒါဆို ငါ နောက်ဆုံး စိတ်အေးလက်အေးနေနိုက်ပြီ” မန်ဟိုမှာ မှီခိုရာဂိုဏ်းချုပ် သူ့ကို ပေးခဲ့သော အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတစ်တုံးအကြောင်း ပြန်တွေးမိလိုက်ပြီး အံတင်းတင်းကြိတ်သည်။ မန်ဟို စဥ်းစားရသရွေ့ အဆိပ်သင့်နေခြင်းက သူ့ကို မျှော်လင့်ချက်မဲ့သောလမ်းကြောင်းပေါ်သို့ တွန်းပို့ခဲ့လေပြီ။

“ရတနာတွေပစ္စည်းတွေက အသိစိတ်မရှိတာကြောင့်မလို့ မီးအိမ် ခုနစ်လုံးက စိတ်ဝိညာဉ်စွမ်းအင်တွေကို မစုပ်ယူနိုင်ဘူး..... ကောင်းပြီ ၊ ငါ ကိုယ်တိုင် စုပ်ယူပစ်မယ်” သူက ရုတ်တရက် မျက်လုံးများကို ပိတ်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ လောင်ကျွမ်းနေသည့် ဆီမီးအိမ်များမှ ထွက်လာသော စိတ်ဝိညာဥ်စွမ်းအင်ကို ရှူရှိုက်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူရန် မည်မျှကြိုးစားစေကာမူ၊ ၄င်းမှာ ဆီမီးအိမ်များမှ ထွက်သည်နှင့်တစ်ပြိုင်နက် မြေကြီးအတွင်း စုပ်ယူခံလိုက်ရသည်။ မြေအောက်ခန်းထဲက မှီခိုရာဂိုဏ်းချုပ်မှာ စိတ်သက်သာရာသွားတော့သည်။

“မန်ဟို ကလေကချေကောင်လေး၊ မင်းဘယ်လိုပဲ ကြိုးစားကြိုးစား အသုံးမဝင်ဘူး။ မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကိုတကယ် ခိုးယူရဲလား” မှီခိုရာဂိုဏ်းချုပ်က ဝမ်းသာနေသည့်တိုင် ခါးသီးသီးရယ်လိုက်သည်။ ၄င်း မန်ဟို့နားထဲ ရောက်လာသောအခါ သူက တခဏ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ၏မျက်နှာသည် နောက်တစ်ဖန် ပြန်လည်တည်ငြိမ်လာ၏။

“လောစရာ မလိုပါဘူး ဂိုဏ်းချုပ်” သူက အေးစက်စွာ ပြောသည်။ “ကျုပ် အခု စရုံ ရှိသေးတာ”

မှီခိုရာဂိုဏ်းချုပ်၏ ရယ်သံ တိခနဲရပ်သွားပြီး သူက မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်သည်။

ယခုလေးတင် ပိတ်လိုက်သော မန်ဟို၏မျက်လုံးများသည် သူ့ကို စဦးချီဖွဲ့စည်းမှုအဆင့် (၁၀) သို့ ရောက်ရှိစေခဲ့သော ရှောင်းဟူ၏ပုလဲနှင့် ရှန့်ကွမ်းရှိုးနှင့်သူ၏တိုက်ပွဲမှ ပုံရိပ်များကို ပြန်လည်မြင်ယောင်လာသည်။

ဤအရာမှာ သူအသုံးပြုလိုသော နည်းလမ်း ဖြစ်သည်။ သူ စဦးချီဖွဲ့စည်းမှုအဆင့် (၁၀) သို့ ပြန်သွားမည်။ မန်ဟိုသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၁၀၏ မယုံကြည်နိုင်ဖွယ်စွမ်းအားက သူ့ကို ကောင်းကင်နှင့်မြေကြီးထံမှ ဖြတ်တောက်ထားသည့်တိုင် မီးအိမ်များ၏ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်စေမည်လား ကြည့်ချင်သေးသည်။

ဒဏ္ဍာရီလာ စဦးချီဖွဲ့စည်းမှုအဆင့်၁၀သည် ရှေးခေတ်ကာလများထဲက တည်ရှိခဲ့ သော်လည်း ယခုအခါ မိုးကောင်းကင်၏တားမြစ်ခြင်း ခံထားရသည်။။ သို့သော် မန်ဟိုက...... ဖြတ်တောက်ထားသော လမ်းကြောင်းကို မလျှောက်ခဲ့ခင်....အဆင့် (၁၀) ကို တစ်ခါ ရောက်ခဲ့ဖူးလေသည်။

သူ၏အတွေးများနှင့်ဝင်သက်ထွက်သက်များကို စုစည်းလိုက်သောအခါ သူ၏ခန္ဓာကိုယ်မှာ တဖြေးဖြေး ခြောက်ကပ်လာပုံရ၏။ သူ၏ ဦးခေါင်းထဲရှိ သေးသွယ်သော စိတ်ဝိညာဉ်အာရုံက သူ၏အတွေးများကို ဖြည့်နှက်လိုက်ဟန်တူသည်။ သူသည် စဦးချီဖွဲ့စည်းမှု၏အဆင့် (၁၀) ကို ဝင်ရောက်ခြင်းက မည်သည်နှင့်တူခဲ့ကြောင်း ပြန်ပြောင်းတွေးတောနေခြင်းအပေါ် စိတ်ရောကိုယ်ပါ အာရုံစိုက်ထားရင်း တဖြေးဖြေး ထူးဆန်းသော အခြေအနေတစ်ခုအတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားသည်။

အချိန်များ တစ်ရက်၊ နှစ်ရက်၊ ထို့နောက် သုံးရက်အထိ ကုန်လွန်သွားသည်။ မှီခိုရာဂိုဏ်းချုပ်မှာ ပိုပို၍ စိတ်လှုပ်ရှားလာ၏။ မန်ဟို ဘာလုပ်နေသည်လဲ သူမပြောနိုင်သည့်တိုင် သူ၏ခန္ဓာကိုယ်သည် အလွန်ထူးဆန်းသောပုံစံဖြင့် ပြောင်းလဲနေသည်ကိုတော့ သူပြောနိုင်သည်။

“မင်း ဘာလုပ်နေတာတုန်း” မန်ဟို ဘာလုပ်နေသည်လဲ မစဥ်းစားနိုင်တော့သည့်နောက်ဆုံး သူက မဝံ့မရဲမေးသည်။

သုံးရက်မြောက်နေ့ညတွင် မန်ဟို တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။ သူ၏မျက်လုံးများ ပွင့်လာပြီး သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် စတင်တုန်ခါလာ၏။ နောက်တစ်ဖန် သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ပြည့်နှက်လာနေသည်ကို သူခံစားလိုက်ရသည်။ သူသည် ယခုတွင် တောင်တစ်လုံးဖြိုနိုင်သည်အထိ သန်မာသောအားကို ထုတ်လွှတ်နိုင်လေပြီ။ တစ်ချိန်တည်းမှာပင် အားကောင်းသော ဆွဲအားသည် သူ၏ကိုယ်အတွင်း၌ တစ်ဖန်ပေါ်လာပြီး သူ့မှာ ကောင်းကင်နှင့်မြေကြီးမှ ဖြတ်တောက်ခံလိုက်ရ၏။

ယခုလောလောဆယ်တွင် သူသည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်တစ်စက်မှ မစုပ်ယူနိုင်တော့ပေ။ သူ၏မျက်လုံးများ တဖျပ်ဖျက်လက်နေပြီး သူက ဤအခြေအနေကို ကြိုးစားထိန်းသိမ်းရင်း ဖြေးဖြေးချင်း ထရပ်လိုက်သည်။ ရှောင်းဟူ၏ပုလဲ မရှိလျှင် အသက်ဆယ်ရှိုက်စာခန့်သာ သူ တောင့်ခံနိုင်ပြီး၊ ထို့နောက် စွမ်းအားများ ပြန်လည်ကျဆင်းလာမည်ကို သူသိသည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီနောက် ရှေ့တစ်လှမ်းလှမ်းသည်။ သူ့ခြေထောက် မြေပြင်ပေါ် ကျရောက်သွားသည်နှင့်တပြိုင်နက် မီးအိမ်များမှထုတ်လွှတ်နေသော စိတ်ဝိညာဉ်စွမ်းအား တုန်ရီသွားသည်။ ထို့နောက် သေးသွယ်သောအမျှင်လေးတစ်မျှင်သည် မြေကြီးထဲသို့ စုပ်ယူခံရမည့်အစား မန်ဟိုဆီ မျောလွင့်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။

ဤအခြင်းအရာကိုမြင်သော် မန်ဟို၏ မျက်လုံးများ ပို၍ပင် တောက်ပသွားသည်။ မှီခိုရာဂိုဏ်းချုပ်မှာတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး သူ၏မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ဘုရား ဘုရား”  သူအော်သည်။  “ဒါမဖြစ်နိုင်ဘူး။ ဒါက...... စဦးချီဖွဲ့စည်းမှုအဆင့်၁၀။ ချီးတဲ့မှပဲ။ စဦးချီဖွဲ့စည်းခြင်းအဆင့်၁၀ လမ်းစဥ်က မိုးကောင်းကင်၏လက်ရှိစိတ်ဆန္ဒနဲ့ ဖြတ်တောက်ခံထားရတာ မဟုတ်လား။ မင်း၊ မင်း၊ မင်း.....မင်းက စဦးချီဖွဲ့စည်းမှုအဆင့် ၁၀ ရောက်နေတယ်”

မန်ဟိုက နောက်ထပ် ခြေလှမ်းသုံးလှမ်း နေသည်ကို ကြည့်ရင်း မှီခိုရာဂိုဏ်းချုပ်မှာ ပြဲပြဲလန်အောင် အော်လိုက်သည်။ မီးအိမ်များမှ စိတ်ဝိညာဉ်စွမ်းအင် ၁၀ ရာခိုင်နှုန်းခန့် သူ့ထံ တဟုန်ထိုး ပြေးဝင်သွား၏။ သူ ၄င်းကို စုပ်ယူလိုက်သည်နှင့် မှီခိုရာဂိုဏ်းချုပ်ကား အသံပြဲကြီးဖြင့် အော်တော့သည်။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီသောက် စဦးချီဖွဲ့စည်းမှု အဆင့် (၁၀ )က လက်ဖျားခါတာတော့ မဟုတ်ပေမယ့် မိုးကောင်းကင်က ကံကြမ္မာကို လုယူနိုင်စွမ်းရှိတာကြောင့်မလို့ တားမြစ်ခံထားရတာ။ အဲ့လိုလုပ်ဖို့ လုံလောက်တဲ့အထိ အစွမ်းထက်တယ်ဆိုရင်တော့ ငါရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေ....... ချီးပဲ။ ပြီးတော့ ငါ့ရဲ့ မိစ္ဆာချုပ်နှောက်ကျောက်စိမ်းကော ဘယ်လိုလုပ်မလဲ။ ဟိုးအရင် ဟိုသောက်အဘိုးကြီးတွေ ပြောခဲ့တုန်းက စဦးချီဖွဲ့စည်းမှုအဆင့် (၁၃) ရှိတဲ့သူပဲ အသုံးပြုလို့ရတာဆိုတော့။ ဒါ၊ ဒါ........ “

ခြေသုံးလှမ်း လှမ်းပြီးနောက် မန်ဟို၏ခန္ဓာကိုယ် စတင်တုန်ယင်လာပြီး သူ ထို့ထက်ဆက်မသွားနိုင်တော့ပေ။ မီးအိမ်များမှ အကန့်အသတ်မရှိသော စိတ်ဝိညာဉ်စွမ်းအင်သည် သူ့ထံသို့ တဟုန်းထိုးပြေးဝင်လာကြသည်။ သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူပြီး ထိုင်လိုက်ကာ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြားစုပ်ယူရင်း စတင်တရားထိုင်တော့သည်။ မှီခိုရာဂိုဏ်းချုပ်မှာ ဆောက်တည်ရာမဲ့ ဟိန်းဟောက်နေရုံသာ တတ်နိုင်၏။

သူ့ကိုယ်တွင်းရှိ ဆွဲအားမှာ နှစ်ပေါင်းများစွာ ငတ်မွတ်နေခဲ့သော ဝံပုလွေတစ်ကောင်ကဲ့သို့ အံ့အားသင့်ဖွယ် ကောင်းလှသည်။ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြားမှာ သူ့ကိုယ်တွင်းသို့ စုပ်ယူခံလိုက်ပြီး ထိုသို့ဝင်ရောက်သွားစဥ် သူ၏ခန္ဓာကိုယ်သည် ပို၍ပြင်းပြင်းထန်ထန် စတင်တုန်ခါလာသည်။ သူ၏ အပြင်အားကိုယ် ပို၍ မာကြောတောင့်တင်းလာသည်ကို သူခံစားလိုက်ရသည်။ သူ၏အရိုးများသည်ပင် စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူပြီး ပို၍သန်မာလာနေပုံရသည်။

ရှေးဟောင်း စဦးချီဖွဲ့စည်းမှု အဆင့် (၁၀ )မှာ အပြင်အားကိုယ် သန့်စင်ခြင်းအတွက် အဆင့်တစ်ခုဖြစ်သည်။ ယခု ဤနေရာ၊ မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူထဲတွင် သူကား ဤဒဏ္ဍာရီလာအဆင့်သို့ ဝင်ရောက်ရန်အတွက် ကံတရားကို မလွှတ်တမ်းဆုပ်ကိုင်နေလေပြီ။

ဤအဆင့်သည် စိတ်ဝိညာဉ်စွမ်းအင်အမြောက်အမြား လိုအပ်သည်။ ကောင်းကင်နှင့်မြေကြီးက ထိုအရာကို ပေးမည်မဟုတ်သည့်တိုင် မှီခိုရာဂိုဏ်းချုပ်က အနုသုခုမရုပ်ခန္ဓာ နှင့် အမြုတေ ခြောက်ခုကို လောင်စာ အဖြစ်လည်းကောင်း၊ အသက်စွမ်းအားကို မီးတောက်မီးလျှံ အဖြစ်လည်းကောင်း အဆင်သင့်ပြင်ဆင်ပေးထားလေသည်။ မိစ္ဆာမီးအိမ်များထဲမှ ထွက်လာသည့် စိတ်ဝိညာဉ်စွမ်းအင်များမှာ မန်ဟိုအတွက် လိုအပ်သော အာဟာရ ဖြစ်သည်။

“မန်ဟို ။ ရပ်စမ်း၊ ရပ်လိုက်စမ်း။ ငါတို့ နည်းနည်းလောက် ဆွေးနွေးကြရအောင်လေနော်။ ငါ အဲ့ဒီ စိတ်ဝိညာဉ်စွမ်းအင် လိုအပ်တယ်။ ငါ တကယ် ၊တကယ့်ကို လိုအပ်တယ်၊ အဲဒါကို မစုပ်ယူနဲ့။ ချီးတဲ့မှပဲ၊ ဖြတ်တောက်လိုက်တော့ မန်ဟို။ အမလေး ငါ့စိတ်ဝိညာဉ်စွမ်းအင်တွေ။ ငါ့မှာ အဲဒါကို ရဖို့အတွက် လူတွေအားလုံးကို ဒုက္ခအရောက်ခံ သတ်ခဲ့ရတာ။ ငါ့ချိတ်တံဆိပ်။ မန်ဟို၊ မင်း မရပ်ဘူးဆိုရင် ငါမင်းကို ဂိုဏ်းကနေ နှင်ထုတ်ရလိမ့်မယ်” ပျာယာခတ်ကာစိတ်တိုနေသော မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟိုယူဆောင်သွားခဲ့သော ရတနာများနှင့် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို မေ့လျော့သွားခဲ့ပြီဖြစ်သည်။ ဤအရာနှင့် မန်ဟိုယူသွားခဲ့သမျှအားလုံးကား လုံးဝမယှဥ်နိုင်ပေ။

မန်ဟိုက သူ့ကို လျစ်လျူရှုကာ စိတ်ဝိညာဉ်စွမ်းအင်ကို အသည်းအသန် ဆက်လက် စုပ်ယူနေသည်။ သူ၏ ခန္ဓာကိုယ်မှာ ပို၍သန်မာလာသည်။ မကြာမီ သူ့၏အရေပြား စတင်ကွဲလာပြီး အသွေးအသားသစ်များ ထွက်ပေါ်လာသဖြင့် အက်ကွဲသံများ ကြားလိုက်ရသည်။

အက်ကြောင်းများ  များသထက် များလာပြီး အသားဟောင်းများ စတင်ကွာကျလာသည်။ မန်ဟို၏ဆံပင်သည် ပိုမိုရှည်လျားလာပြီး သူ၏ မျက်လုံးများ ပို၍တောက်ပလာသည်။ စဦးချီဖွဲ့စည်းမှု အဆင့် (၁၀ ) ကား ယခုတွင် သူ၏ခန္ဓာကိုယ်အတွင်း၌ အပြည့်အဝ အခြေတည်သွားလေပြီ။

သူ စဦးချီဖွဲ့စည်းမှုအဆင့် (၁၀ )ကို ဘယ်တော့မှ ထပ်ဆုံးရှုံးရတော့မည် မဟုတ်ပေ။ ၄င်းက ထိုနေရာတွင် ထာဝရတည်ရှိနေပြီဖြစ်သည်။ စဦးချီဖွဲ့စည်းမှု အဆင့် (၁၀ )၏ စွမ်းအားအပြင် သူ့တွင် စွမ်းရည်အသစ်ပိုင်ဆိုင်သွားကြောင်း မန်ဟို သဘောပေါက်လိုက်သည်။၊ အကယ်၍ သူသာ ဆန္ဒရှိလျှင် စဦးချီဖွဲ့စည်းမှုအဆင့် (၉) သို့ ပြန်သွားကာ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး၊ ထို့နောက် စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၀ )သို့ ပြန်သွားနိုင်သည်။

အချိန်အနည်းငယ်ကြာသော် မန်ဟို၏ စိတ်သည် တဖြေးဖြေး ရှုပ်ထွေးလာ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသော အသားခြောက်များက ပြာအဖြစ်ပြောင်းကာ လေနှင့်အတူ လွင့်မျောသွားသည်။ သူ၏မျက်လုံးများမှာ ပို၍ပင် တောက်ပလာပြီး မယုံကြည်နိုင်ဖွယ်စွမ်းအားကြီးတစ်ခုသည် မန်ဟို့တွင် ပြည့်နှက်သွား၏။။ သူသည် စဦးချီဖွဲ့စည်းမှု အဆင့်၁၀၏ စွမ်းအားဖြင့် လက်သီးတစ်ချက်သုံးကာ......စဦးချီဖွဲ့စည်းမှုအဆင့်(၉)ရှိ မည်သူ့ကိုမဆို ချေမှုန်းပစ်နိုင်သည်ဟု ယုံကြည်ချက်အပြည့်အဝရှိနေလေပြီ။

ဤစွမ်းအားသည် ရှောင်းဟူ၏ပုလဲကို အသုံးပြုစဉ်ကထက်ပင် ပိုအားကောင်း၏။

မန်ဟိုက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်သည်။ သူက ထရပ်သည်။ ထွက်သွားရန်မဟုတ်၊ နောက်တစ်လှမ်းလှမ်းရန် ဖြစ်သည်။ သူသည် ယခုတွင် ဆီမီးအိမ်ခုနစ်လုံးမှ ခြေငါးလှမ်းစာသာ ကွာဝေးတော့လေပြီ။

မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို စိတ်ဝိညာဥ်စွမ်းအင်များ ပို၍ပင် စုပ်ယူနေသည်ကို ကြည့်ရင်း နွားသိုးကြီးလို ရှူးရှုးရှားရှားအသက်ရှူရင်း ပယ်ပယ်နှယ်နှယ်ဆဲနေသည်။ မန်ဟိုက စဦးချီဖွဲ့စည်းမှုအဆင့် (၁၀) ကို ခိုင်မာစေခဲ့သော်လည်း ထွက်သွားမည့်အစား ရှေ့ဆက်သွားလေသည်။ မှီခိုရာဂိုဏ်းချုပ် ရင်တဒိန်းဒိန်းခုန်နေတော့သည်။

ယခုတွင် မီးအိမ်မှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်စွမ်းအင်၏ ၁၃ရာခိုင်နှုန်းသည် မန်ဟိုထံ ပြေးဝင်သွား၏။ အကန့်အသတ်မဲ့ စွမ်းအင်တို့ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အခါ ထစ်ခြုန်းသံကြီးတစ်သံ သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားသည်။ သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။ သူက နောက်တစ်လှမ်းလှမ်းသည်။ သူသည် ယခုတွင် ဆီမီးအိမ်များမှ လေးလှမ်းစာသာ ကွာဝေးတော့လေသည်။

ပို၍ပင်များပြားသော စိတ်ဝိညာဥ်စွမ်းအင်များ မန််ဟိုထံ ပြေးဝင်သွားသည်အတွက် မီးတောက်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။ ယခုတွင် သူကား ၁၆ ရာခိုင်နှုန်း ယူနေလေပြီ။

“ငါ့ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ ဆွဲအားက ပျောက်ပျက်သွားတာမဟုတ်ဘူး။ တကယ်တော့ ပိုပြီး အားကောင်းလာနေတာပဲ။ စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၀) ပြီးရင် ...... အဆင့် (၁၁) ရှိနေမလား “ သူက အံကြိတ်ရင်း နောက်တစ်လှမ်းလှမ်းရန် စဦးချီစုစည်းမှုအဆင့်( ၁၀ )စွမ်းအားကို ဆင့်ခေါ်လိုက်သည် ။ သူသည် ယခုတွင် မီးအိမ်ခုနစ်လုံးမှ သုံးလှမ်းသာ ကွာဝေးတော့သည်။ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်စွမ်းအင် ၂၀ ရာခိုင်နှုန်းမှာ မန်ဟို၏စုပ်ယူခြင်းခံလိုက်သဖြင့် မီးအိမ်များအတွင်းရှိ မီးတောက်များ အထိန်းအကွပ်မဲ့စွာ ကခုန်သွားသည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် တရားထိုင်ရန် တင်ပျဥ်ခွေလိုက်သည်။

***

All Chapters