သက်ရှည်အင်ပါယာ
Vol. 187 Ch. 2666
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုနေရာတွင် တစ်လကြာသည်အထိ သမန်းမြက်ဓားများကိုသာ ဆက်လက်လေ့လာနေခဲ့၏။
ထိုအတောအတွင်း၌ အပြင်လောကမှ လူများစွာ ရောက်လာသော်လည်း နတ်ငှက်၏ တာဆီးမှုကို ခံခဲ့ရသည်။ သို့သော် ယခုတွင် နတ်ငှက်သည် စွမ်းအားကြီး ပြိုင်ဘက်တစ်ဦးနှင့် တွေ့ခဲ့ပြီး ဖိနှိပ်ခံထားရသည်။
အပြင်ဘက်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဝင်လာ၏။ ရီဖူရှင်းကလည်း ၎င်းကို အာရုံခံမိလိုက်သည်။ သူက နန်းတော်အတွင်းမှ ထွက်သွားလိုက်ရာ နတ်ငှက်မှာ ဖိနှိပ်ခံနေရသည်ကို မြင်ရ၏။ ၎င်းသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက်တွင် ကောင်းကင်ထက်သို့ ထပ်မံပျံတက်သွား၏။ ၎င်း၏ ကြီးမားသောမျက်လုံးများသည် မျက်နှာချင်းဆိုင်ရှိ လူရိပ်ကို စိုက်ကြည့်နေ၏။
“စီနီယာ... စီနီယာက ဘာလို့ နန်းတော်ကနေပြီး အင်ပါယာအရှိန်အဝါကို မငှားယူတာလဲ”
ရီဖူရှင်းက နတ်ငှက်ကို မေးလိုက်သည်။
“မင်းတို့အကုန်လုံးက သိမြင်နားလည်းအောင်လေ့လာနေပြီး ကျင့်ကြံနေကြတာဆိုတော့ ငါသာ အဲလိုလုပ်လိုက်ရင် မင်းတို့ကို နှောင့်ယှက်မိမှာ စိုးလို့ပါ”
နတ်ငှက်က ပြန်ပြောသည်။
ရီဖူရှင်း ဆက်၍ မပြောတော့ပေ။ သူက သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် လူကို ကြည့်လိုက်၏။ ထိုနေရာတွင် လူတစ်ယောက်သာ ရပ်နေသည်။ သူ၏အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းပြီး မဟာလမ်းစဉ်နတ်အလင်းက သူ့ကို လှည့်ပတ်နေ၏။ သူသည် ကောင်းကင်နှင့် မြေကြီးနှင့် တစ်သားတည်းကျနေသည်။ ထိုသူမှာ ဒုတိယကပ်ဘေးအဆင့်ရှိရုံသာမဟုတ်ဘဲ နောက်တစ်ဆင့်နှင့် ထိတွေ့ပြီးသကဲ့သို့ပင်။ သူ၏မဟာလမ်းစဉ်စွမ်းအားသည် အလွန်အံ့အားသင့်စရာ ကောင်း၏။
ရီဖူရှင်းသည် လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ကာ ရှေ့သို့ လျှောက်သွားလိုက်၏။ ထိုလူသည် မဟာအင်ပါယာအဆင့်လက်နက်ကို တစ်ချက်ကြည့်လိုက်ပြီး ၎င်းကြောင့် တုန်လှုပ်သွားပုံမပေါ်ချေ။ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားမပါလျှင် မဟာအင်ပါယာအဆင့်လက်နက်များ၏ စွမ်အားသည် အတော်လေး ကျဆင်းသွားပေသည်။ လုံလောက်သည့် ကျင့်ကြံခြင်းအစွမ်းမရှိလျှင် ၎င်း၏ စွမ်းအားအစစ်အမှန်ကို မထုတ်နိုင်ပေ။
ထို့ကြောင့် ထိုလူက မဟာအင်ပါယာအဆင့်လက်နက်ကို တွေ့သော်လည်း မကြောက်ရွံ့ခြင်းဖြစ်ပေသည်။
“ကျုပ်က စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင် ရီဖူရှင်းပါ။ ခင်ဗျားအနေနဲ့ ကျုပ်ကို မျက်နှာသာ နည်းနည်းပေးပြီး ထွက်သွားလို့ရမလား”
ရီဖူရှင်းက ထိုလူကို မေးလိုက်သည်။ ယခုတွင် ထိုလူမှာ မည်သူဖြစ်သည်ကို သူမသိသေးပေ။ သူသည် ဘုံခုနစ်ခုရှိ အင်ပါယာအဆင့် အင်အားစုတစ်စုမှ ကျင့်ကြံသူတစ်ဦးပေလော။ သို့မဟုတ် သူသည် ရသေ့တစ်ပါးပေလော။
ထိုလူက ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ရီဖူရှင်းကို လေ့လာနေ၏။ ထိုလူသည် သူကိုင်ထားသော မဟာအင်ပါယာအဆင့်လက်နက်ထက် သူ့ကို ပိုစိတ်ဝင်စားနေသည်ဟု ရီဖူရှင်း ခံစားလိုက်ရသည်။
ထိုလူက သူ့ကို သိကြောင်း ထင်ရှား၏။
လက်ရှိတွင် ဘုံခုနစ်ခု၏ ထိပ်သီးများအကြားတွင် ရီဖူရှင်း၏အမည်ကို မကြားဖူးသူမှာ အနည်းငယ်သာ ရှိလေသည်။
ထိုလူသည် ပြန်၍ မတုံ့ပြန်ချေ။ ထိုအစား သူသည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ခေတ္တမျှကြာပြီးနောက်တွင် သူသည် လျှပ်တစ်ပြက် ထွက်ခွာသွား၏။ သူ၏အသံသည် ကောင်းကင်ထဲတွင် ကျန်ရစ်ခဲ့၏။
“ကောင်းပြီ...”
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ...”
ရီဖူရှင်းသည် ကောင်းကင်ထက်ရှိ ထွက်ခွာသွားသော လူရိပ်ကို ကြည့်၍ ပြောသည်။ ထိုလူသည် သူ့ကို မျက်နှာသာပေးခဲ့ခြင်းဖြစ်၍ သူက ထိုလူအား “စီနီယာ” ဟုခေါ်ကာ ယဉ်ကျေးရပေမည်။
နတ်ငှက်က ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။
“မင်းက အတော်လေး နာမည်ကြီးလို့လား...”
“အဲလိုပြောလို့ရပါတယ်”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
“မင်းက ဘယ်လောက် နာမည်ကြီးလဲ”
နတ်ငှက်သည် စိတ်ဝင်တစား မေးလိုက်ပြီး သာမန်စကားစမြည်ပြောရန် သိသိသာသာ စလိုက်သည်။ ထိုမတိုင်ခင်က သူတို့နှစ်ဦးသည် အခြားစကားများကို ပြောခဲ့ဖူးပေသည်။
“ကျုပ်ထက် ပိုပြီးနာမည်ကြီးတဲ့ ကျင့်ကြံသူတွေ သိပ်မရှိဘူး”
ရီဖူရှင်း ပြန်ဖြေလိုက်၏။
နတ်ငှက်သည် သူ့ကို စူးစိုက်ကြည့်လိုက်သည်။ ထိုလူသည် နှိမ့်ချမှုအကြောင်းကို တစ်စိုးတစ်စိမှ မသိပေ။ သို့သော် ထိုမတိုင်ခင်က သူတို့၏ယုံကြည်မှုများကို အပြန်အလှန် ပြောဆိုခဲ့မှုကို ထောက်ချင့်လျှင် ရီဖူရှင်းသည် မရိုးရှင်းကြောင်း နတ်ငှက်သိပေသည်။ မဟုတ်လျှင် ၎င်းသည် သူ့ကို အမွေအနှစ်အတွင်းသို့ ဝင်ခိုင်းမည်မဟုတ်ပေ။
နတ်ငှက်က ပြောသည်။
“ခုနက လူက ငါရဲ့ ခုခံမှုတွေကို ဖောက်ထွင်းနိုင်တယ်။ မင်းရဲ့ ကံကတော့ မဆိုးပါဘူး။ မင်း စောစော ရောက်လာတာပဲ။ ဒါပေမဲ့ မင်းက သင်ကြားမှုတွေကို အမွေဆက်ခံနိုင်မယ့် အခွင့်အရေးကို လက်လျှော့ခဲ့တယ်”
နတ်ငှက်သည် ရီဖူရှင်း၏ဆုံးဖြတ်ချက်ကို အနည်းငယ် မကျေနပ်သည့်ပုံပင်။
ရီဖူရှင်း ရှင်းပြလိုက်သည်။
“စီနီယာ... ကျုပ် အရင်က စီနီယာကို မရှင်းပြခဲ့ဖူးဘူးလား... သူတို့က ကျုပ်နဲ့ လက်ရည်တူတွေပဲ။ သူတို့အားလုံးက ထိပ်သီးတွေချည်းပဲ။ တကယ်လို့ သူတို့ထဲက တစ်ယောက်သာ မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့ရင် အဲဒီလူက မဟာအင်ပါယာရဲ့ အသိအမှန်ပြုမှုကို ခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ အဲဒီလူက သေချာပေါက် အသင့်တော်ဆုံးသူပဲပေါ့”
နတ်ငှက်က ပြန်ပြောလိုက်၏။
“အဲလိုဆို ဘာလို့ မင်းဘာသာ မကြိုးစားကြည့်တာလဲ။ မင်းလည်း တရားထိုင်ဖို့အတွက် ဝိညာဉ်စွမ်းအားကို ငှားယူနိုင်တာပဲ”
“တကယ်လို့ ကျုပ်သာ ကြိုးစားကြည့်ရင် မဟာအင်ပါယာက ကျုပ်ကို တန်းပြီးရွေးချယ်သွားမှာ စိုးရိမ်မိတယ်”
ရီဖူရှင်းက ပခုံတွန့်၍ တည်ငြိမ်စွာ ပြောသည်။ နတ်ငှက်မှာ သူ့ကို စူးစိုက်ကြည့်လိုက်ပြီး အကြည့်လွှဲကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။ ဤလူကား အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်း၏။
“ငါမင်းကို ဝင်ခွင့်မပေးလိုက်သင့်ဘူး”
နတ်ငှက်က စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်သည်။
ရီဖူရှင်း အားပါးတရ ပြုံးလိုက်သည်။ ယခုတွင် နတ်နန်းတော်အတွင်းမှနေ၍ လွှမ်းမိုးအားကြီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပေသည်။ နတ်အလင်းသည် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အပြင်ဘက်သို့ ပြန့်ကားထွက်လာသည်။ နတ်အင်ပါယာအရှိန်အဝါတစ်ခုသည် အာကာပြင်ကို ထွင်းဖောက်သွားသည်။
ရီဖူရှင်း အံ့အားသင့်သွားသည်။ သူသည် နောက်လှည့်ကာ နံရံများကို ထွင်းဖောက်၍ ကြည့်လိုက်၏။ ထို့နောက်တွင် သူက ပြုံးကာ နတ်ငှက်ကို ပြောသည်။
“ကြည့်ရတာတော့ စီနီယာအနေနဲ့ စီနီယာရဲ့ ဆုံးဖြတ်ချက်ကို နောင်တရဖို့ နောက်ကျသွားပြီးထင်တယ်။ ကျုပ် အရင်က ပြောခဲ့သလိုပဲ သူတို့က ကျုပ်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
နတ်ငှက်သည်လည်း နတ်နန်းတော်ကို သေချာ လေ့လာကြည့်ရှုလိုက်သည်။ ၎င်းသည်လည်း စွမ်းအားကြီး နတ်ဆိုးချီတစ်ခုသည် အာကာပြင်ကို ထွင်းဖောက်နေသည်ကို အာရုံခံမိလိုက်သည်။ ကြောက်မက်ဖွယ် ထစ်ချုန်းသံများကို ကြားလိုက်ရသည်။ ရှေးဟောင်းအာကာပြင်တစ်ခွင်လုံးသည် တုန်ခါနေပြီး ပြိုကျတော့မလို ထင်ရပေသည်။
ရီဖူရှင်းသည် နန်းတော်အတွင်းသို့ လျှပ်တစ်ပြက်ဝင်သွား၏။ ဧရာမနတ်ငှက်သည်လည်း ၎င်း၏ခန္ဓာကိုယ်ကို ကျုံ့၍ တံခါးကို ဖြတ်ကာ ဝင်သွားလိုက်၏။
နန်းတော်ထဲတွင် နတ်ဆိုးသားရဲများ၏ အရိုးများအားလုံးသည် အမှုန့်အဖြစ် ပြောင်းလဲသွားပေပြီ။ အာကာပြင်သည် ပြိုပျက်နေ၏။
မြက်ဓားသည် ကျင့်ကြံသူတစ်ဦး၏ ခေါင်းအထက်တွင် လွင့်မျောနေသည်။ ၎င်းသည် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ရွေးချယ်ခံလိုက်ရသော ကျင့်ကြံသူမှာ ဂူတုံးလျှိုဖြစ်သည်။
မြက်ဓားသည် နတ်အလင်း တလက်လက် တောက်ပနေ၏။ ဂူတုံးလျှို၏ခန္ဓာကိုယ်သည်လည်း ထို့အတူပင်ဖြစ်သည်။ သူနှင့် မြက်ဓားသည် ဆက်နွယ်မှုတစ်ခု ရှိနေလေသည်။ ထို့နောက်တွင် လူအုပ်သည် မြက်ဓားက ဂူတုံးလျှို၏ မျက်ခုံးနှစ်ခုအကြားသို့ ဖောက်ဝင်သွားကြသည်ကို မြင်လိုက်ကြရသည်။ ၎င်းသည် သူ့နဖူးတွင် အစိမ်းရောင်အမှတ်တစ်ခုကို ချန်ခဲ့၏။
“အစ်ကိုသုံးက သင်ကြားမှုတွေကို သိမြင်နားလည်ခဲ့ပြီ”
ရီဖူရှင်း အနည်းငယ် အံ့အားသင့်နေသည်။ သို့သော် ဤအဖြစ်အပျက်သည် သဘာဝကျပေသည်။ အစ်ကိုသုံးသည် ယခင်က ဒီမွန်နတ်ဘုရားတစ်ပါး၏ သင်ကြားမှုများကို ရရှိခဲ့ဖူးသည်။ သူတို့ ကောင်းကင်အာဏာစက်ဘုံတွင် ရှိခဲ့စဉ်က ဒီမွန်ဘုံ၏ မူလစည်းမျဉ်းဥပဒေသများသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားခဲ့သည်။ ဂူတုံးလျှိုသည် ဒီမွန်နတ်ဘုရား၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရုံသာမက အင်ပါယာကြယ်တစ်ခုကိုလည်း အမွေဆက်ခံရထားပေသည်။
ယခုတွင် သူ့အနေဖြင့် မြက်ဓားနှင့် ပေါင်းစည်းနိုင်ခဲ့ခြင်းမှာ သဘာဝကျပေသည်။
ယခုတွင် အစ်ကိုသုံးသည်လည်း မဟာအင်ပါယာအနည်းငယ်၏ သင်ကြားမှုများကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ရီဖူရှင်းသည် နောက်တစ်ဆင့်သို့ မြန်နိုင်သမျှ မြန်မြန် တက်လှမ်းနိုင်ရန် မျှော်လင့်ထားသည်။ ဂူတုံးလျှို မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားလျှင် သူသည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ပေလိမ့်မည်။
ဂူတုံးလျှို၏ခန္ဓာကိုယ်ကို နတ်ဆိုးနတ်အလင်းက လှည့်ပတ်နေသည်။ သူ့ခန္ဓာကိုယ်သည် တလက်လက်တောက်ပနေ၏။ ဘေးမှ ကျင့်ကြံသူများသည် သူ့ကို အနည်းငယ် အားကျနေကြသည်။ ထိုမတိုင်ခင်က ဂူတုံးလျှို့သည် မြက်ဓားထဲတွင် လျှို့ဝှက်ထားသော သင်ကြားမှုများကို သိမြင်နားလည်နိုင်သည့် တစ်ဦးတည်းသောသူမဟုတ်ပေ။ စီဖုန်း၊ လုံချန်၊ ကျွင်းနှင့် အခြားကျင့်ကြံသူများစွားသည်လည်း သင်ကြားမှု၏ တစ်စိတ်တစ်ပိုင်းကို သိမြင်နားလည်နိုင်ခဲ့ပေသည်။ သို့သော် နောက်ဆုံးတွင် မြက်ဓားသည် ဂူတုံးလျှိုကို ရွေးချယ်ခဲ့၏။ သူသည် အသင့်တော်ဆုံးသူဖြစ်ကြောင်း ထင်ရှားပေသည်။
“သူက ဘယ်သူလဲ”
နတ်ငှက်က ရီဖူရှင်းကို မေးလိုက်သည်။ ၎င်းသည် ဂူတုံးလျှိုသည်လည်း ထူးကဲကြောင်း အာရုံခံနိုင်ပေသည်။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်သည် ရီဖူရှင်းထက် အနည်းငယ်နိမ့်၏။
“သူက ကျုပ်ရဲ့ အစ်ကိုသုံးပါ...”
ရီဖူရှင်း မိတ်ဆက်ပေးလိုက်သည်။
“စီနီယာ... မပူပါနဲ့။ ကျုပ်ရဲ့ အစ်ကိုသုံးက မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ပြီးပြီဆိုတော့ သူက မဟာအင်ပါယာကို နာမည်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး...”
“ကောင်းတယ်...”
နတ်ငှက်က ခေါင်းညိတ်၍ ပြောသည်။
“အဲလိုဆို ငါ ကိစ္စတွေကို မင်းရဲ့ အစ်ကိုသုံးလက်ထဲပဲ အပ်လိုက်တော့မယ်”
“စီနီယာ ကျုပ်နောက်က လိုက်ခဲ့ပါ။ အခု အစ်ကိုသုံးက မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံပြီးသွားပြီဆိုတော့ စီနီယာ သူနဲ့အတူ မကျင့်ကြံချင်ဘူးလား”
ရီဖူရှင်း အကြံပြုလိုက်သည်။ သူသည် ဂူတုံးလျှိုအတွက် စွမ်းအားကြီးအဖော်တစ်ယောက်ကို စည်းရုံးလိုနေသည်။
နတ်ငှက်၏ စွမ်းရည်သည် လျှော့တွက်၍မရပေ။
သို့သော် နတ်ငှက်သည် ခေါင်းခါ၍ ပြောသည်။
“ငါရဲ့တာဝန်က ပြီးဆုံးသွားပြီ။ ငါအခု ပျောက်ကွယ်သွားသင့်ပြီ”
“ပျောက်ကွယ်သွားမယ်ဟုတ်လား...”
ရီဖူရှင်းသည် အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူသည် နတ်ငှက်၏ အရှိန်အဝါသည် အားနည်းလာသည်ကို အာရုံခံမိလိုက်သည်။ ၎င်းသည် လျင်မြန်သောနှုန်းဖြင့် အားနည်းလာလေသည်။ အမှီအခိုကင်းသော နေရာသည် ပြိုကျပျက်စီးလာသည်။ ကြီးမားသော ကျောက်တုံးကြီးများ ပြုတ်ကျနေ၏။
“စီနီယာ...”
ရီဖူရှင်းက ရင်တုန်စွာ ပြောသည်။
“ဘာတွေဖြစ်နေတာလဲ”
သူ့ကိုယ်မှနေ၍ စွမ်းအားကြီး အသက်အရှိန်အဝါ ထွက်ပေါ်လာပြီး နတ်ငှက်အတွင်းသို့ စီးဝင်သွားသည်။ သူသည် နတ်ငှက် ဆက်၍အားနည်းလာသည်ကို တားဆီးရန် ကြိုစားလိုက်သည်။
“အဲလိုလုပ်လည်း အသုံးမဝင်ပါဘူး။ ငါက မဟာအင်ပါယာရဲ့ အဖော်ဖြစ်ခဲ့လို့ ရှင်သန်နိုင်ခဲ့တာပါ။ အခု မဟာအင်ပါယာက သူ့ရဲ့သင်ကြားမှုတွေကို ဆက်ခံနိုင်မယ့် တစ်ယောက်ကို ရှာတွေ့သွားပြီဆိုတော့ ငါလည်း ငါ့လမ်းငါသွားသင့်ပြီ”
နတ်ငှက်က ပြန်ပြောသည်။ ၎င်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းဖြင့် ကျောက်တုံးအဖြစ် ပြောင်းလဲသွားကာ ၎င်း၏အသက်အရှိန်အဝါသည် လျင်မြန်စွာ ညိုးခြောက်သွားပေသည်။
ထိုစဉ်တွင် ဂူတုံးလျှိုသည် နောက်လှည့်၍ နတ်ငှက်ကို ဦးညွှတ်ကာ ပြောလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”
နတ်ငှက်၏ အရှိန်အဝါသည် ပို၍အားနည်းလာပြီး ဂူတုံးလျှိုကို ကြည့်ကာ ပြောသည်။
“မြက်စိမ်းဓားတစ်လက်က ကောင်းကင်ကိုတောင် ခုတ်ဖြတ်ပစ်နိုင်တယ်။ မင်း သူ့ရဲ့ဝိညာဉ်စွမ်းအားကို လက်ဆင့်ကမ်းနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
နတ်ငှက်သည် ထိုသို့ပြောပြီးနောက်တွင် ၎င်း၏အသက်အားကို လုံးဝဆုံးရှုံးသွားပြီး ရုတ်တုတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။ ထို့နောက်တွင် ၎င်းသည် တဖြည်းဖြည်း အမှုန့်ဖြစ်လာကာ ပျောက်ကွယ်သွား၏။
ရီဖူရှင်းသည် ထိုမြင်ကွင်းကို ကြည့်နေရုံသာ တတ်နိုင်လေသည်။ သူသည် ထိုအဖြစ်အပျက်ကို ရပ်တန့်အောင် မည်သို့မှ မလုပ်နိုင်ခဲ့ပေ။
“သူက မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားကြောင့်သာ ရှင်သန်နေခဲ့တာပဲ... ပြီးတော့ ဒီနေရာကို စောင့်ကြပ်နေခဲ့တာ။ သူက ရှေးခေတ်ကတည်းက သေဆုံးခဲ့ပြီးပြီ”
ဂူတုံးလျှိုက ရီဖူရှင်းကို ပြောသည်။ ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ထို့ကြောင့်သာ နတ်ငှက် ပျောက်ကွယ်သွားခြင်းဖြစ်ပေသည်။ နတ်ငှက်သည် မြက်ဓားနှင့် ဆက်နွယ်နေ၏။ ထို့ကြောင့် ၎င်းသည် မဟာအင်ပါယာ၏ စွမ်းအားကြီး ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်နေခဲ့၏။ ဂူတုံးလျှို မြက်ဓားကို အမွေဆက်ခံလိုက်သောအခါ ၎င်းသည် ၎င်း၏တာဝန်ကို ပြီးဆုံးခဲ့ပြီး လောကအတွင်းမှ ပျောက်ကွယ်သွား၏။
အမှီအခိုကင်းသောနေရာသည် အလုံးစုံပျက်စီးသွားပြီး အပျက်အစီးပုံကြီးကိုသာ ချန်ခဲ့ပေသည်။ ရီဖူရှင်းနှင့် အခြားလူများသည် အပြင်တွင် ပြန်ပေါ်လာ၏။ သူသည် ဂူတုံးလျှိုကိုကြည့်၍ ပြောလိုက်၏။
“မြက်စိမ်းဓားတစ်လက်က ကောင်းကင်ကို ခုတ်ဖြတ်နိုင်တယ်။ ဒီမဟာအင်ပါယာက ရှေးခေတ်တုန်းက ထူးကဲတဲ့ဝိညာဉ်စွမ်းအားတစ်ခု ရှိခဲ့လောက်မှာပဲ”
ဂူတုံးလျှို ခေါင်းညိတ်လိုက်၏။ သူသည် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို ခံစားနိုင်ပေသည်။
“ဒီမဟာအင်ပါယာက ဘယ်သူလဲ”
ရီဖူရှင်းက မေးလိုက်သည်။
“သူက သက်ရှည်အင်ပါယာလို့ ခေါ်တယ်”
ဂူတုံးလျှိုပြန်ဖြေလိုက်၏။
သက်ရှည်အင်ပါယာ...
ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်။ သက်ရှည်အင်ပါယာဆိုသူပင် သေဆုံးပျောက်ကွယ်ခဲ့ရပေသည်။
သူသည် ဤရှေးဟောင်းစစ်မြေပြင်တွင် မြက်ဓားတစ်လက်ဖြစ်လာကာ ရှင်သန်ခဲ့သော်လည်း သူသည် သေဆုံးခဲ့ပြီဟုလည်း သတ်မှတ်နိုင်ပေသည်။ မဟာအင်ပါယာတစ်ပါးအနေဖြင့် ထိုကဲ့သို့ အမည်ဂုဏ်ပုဒ်ကို အလကား ရရှိခဲ့ခြင်း မဟုတ်နိုင်ချေ။
“သွားကြစို့... ကျုပ်တို့ တခြားအမွေအနှစ်တွေကို ဆက်ရှာရဦးမယ်”
ရီဖူရှင်းက ပြောသည်။ အဖွဲ့မှလူများသည် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြလေသည်။ သူတို့သည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။
သူတို့သည် ဤနေရာသို့ မရောက်ရှိခဲ့သည်မှာ မကြာသေးသော်လည်း ရီဝူချန်းနှင့် ဂူတုံးလျှိုတို့သည် မဟာအင်ပါယာများ၏ အမွေအနှစ်များကို ရရှိခဲ့၏။ ဤရှေ့ဟောင်းကုန်းမြေပေါ်တွင် သူတို့အားလုံး အခွင့်အရေး ရနိုင်ပေသည်။
သို့သော် ယခုတွင် ဤကုန်းမြေပေါ်၌ မရေမတွက်နိုင်အောင်များပြားသော အခြားကျင့်ကြံသူလည်း ရှိနေသည်။ သူတို့အုပ်စုသည် လျင်မြန်စွာ လှုပ်ရှားရန် လိုအပ်ပေသည်။ မဟုတ်လျှင် အခွင့်အရေးများကို အခြားကျင့်ကြံသူများက ယူသွားပေလိမ့်မည်။
သူတို့ ကျင့်ကြံနေခဲ့ချိန်တွင် အခြားကျင့်ကြံသူများစွာသည် သူတို့အုပ်စု မကြာခင်က တွေ့ခဲ့သော ချောက်ကမ်းပါးကဲ့သို့ ကုန်းမြေပေါ်ရှိ ထူးကဲသောနေရာများကို ရှာတွေ့ခဲ့ကြကြောင်း သူတို့မသိကြသေးပေ။
ထိုနေရာများသည် အန္တရာယ်များ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။ လူများစွာသည် ထိုနေရာများအတွင်းသို့ ဝင်သွားခဲ့ကြသော်လည်း အသက်ရှင်လျက် ပြန်မထွက်လာနိုင်ကြတော့ပေ။