← Chapters

နင်ယွမ်၏သေဆုံးမှု

Vol. 187 Ch. 2667

နင်ယွမ်၏သေဆုံးမှု

Vol. 187 Ch. 2667

ရီဖူရှင်းတို့အုပ်စုသည် အမွေအနှစ်များရှာရန် သူတို့၏ခရီးကို ဆက်ခဲ့ပေသည်။ သူတို့သည် အခြားသူများ ယူဆောင်သွားကြပြီဖြစ်သော အမွေအနှစ်များစွာကို တွေ့ခဲ့ကြ၏။ သူတို့သည် တိုက်ပွဲများစွာကိုလည်း တွေ့ခဲ့သည်။ သို့သော် သူတို့က မည်သည့်တိုက်ပွဲတွင်မှ ဝင်မပါခဲ့ချေ။

ယခုတွင် ရှေးဟောင်ကုန်းမြေတစ်ခွင်လုံးရှိ နေရာအနှံ့တွင် ကျင့်ကြံခြင်းအရင်းအမြစ်များကို လုယူရန်အတွက် တိုက်ပွဲများ ဖြစ်ပွားနေလေသည်။

ဤရှေးဟောင်းကုန်းမြေပေါ်ရှိ ကျင့်ကြံခြင်းအရင်းအမြစ်များသည် ယခင်က တွေးပင်မတွေးနိုင်ခဲ့သည့်အရာများဖြစ်သည်။ ထိုမတိုင်ခင်က မည်သူမှ ထိုကဲ့သို့ အရင်းအမြစ်များကို မတွေ့ခဲ့ဖူးကြပေ။ ယခုတွင် သူတို့သည် ၎င်းတို့ကို ရရှိရန် မျှော်လင့်ချက်ရေးရေးသာရှိသည်ဆိုလျှင်ပင် အသက်ကို ရင်းကြမည်ဖြစ်သည်။

ထိုစဉ်တွင် အခြားတစ်နေရာ၌ တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေသည်။ ရီဖူရှင်းက အစတွင် ထိုတိုက်ပွဲကို လျစ်လျူရှု၍ ထွက်သွားလိုသော်လည်း ရင်းနှီးသည့် သူများကို သူတွေ့လိုက်ရသည်။ သူ၏ မျက်နှာထားမှာ ထူးဆန်းသွား၏။ ထိုကဲ့သို့သော တိုက်ဆိုင်မှုတစ်ခု ရှိလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိဖူးပေ။

ဆေးအင်ပါယာသည်လည်း တိုက်ပွဲဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မျက်ဝန်းထဲတွင် အေးစက်သည့်အကြည့်တစ်ခု ပေါ်လာလေသည်။

သူတို့သည် ထိုနေရာတွင် တုန်းဟွာကုန်းမြေသခင် နင်ယွမ်နှင့် တုန်ဟွာကုန်းမြေရှိ အင်အားစုအသီးသီးမှ ကျင့်ကြံသူများကို မြင်လိုက်ရသည်။

သူတို့သည်လည်း နတ်ဘုရားသင်္ချိုင်းအတွင်းသို့ ဝင်လာခဲ့ပေပြီ။ သို့သော် ယခုတွင် သူတို့သည် ကြီးမားသော ပြဿာနာထဲသို့ ရောက်နေ၏။ သူတို့သည် အခြားကျင့်ကြံသူများနှင့် တိုက်ခိုက်နေလေသည်။ ထိုလူများသည် မှော်နက်လောကမှ ထိပ်သီးအင်အားစုများဖြစ်ပြီး နင်ယွမ်တို့အုပ်စုကို ဖိနှိပ်ထားနိုင်နေပြီဖြစ်သည်။

“တစ်ချက် သွားကြည့်တာပေါ့”

ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူသည် ထိုဘက်သို့ ဦးတည်သွားလိုက်ပြီး တိုက်ပွဲကို မလှမ်းမကမ်းမှနေ၍ ကြည့်ရှုလိုက်သည်။ နှစ်ဖက်စလုံး တိုက်ခိုက်နေသော်လည်း သူတို့၏ စိတ်ဝိညာဉ်စွမ်အားများသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားလေသည်။ ထို့ကြောင့် သူတို့သည်လည်း ရီဖူရှင်းတို့အုပ်စု ရောက်ရှိလာသည်ကို သတိပြုမိသွားသည်။ ရီဖူရှင်းတို့အုပ်စုသည် ကောင်းကင်ထက်တွင် ရပ်ကာ ကြောက်မက်ဖွယ် အရှိန်အဝါများနှင့် ကပ်ဘေးအဆင့်အရှိန်အဝါများကို ထုတ်လွှတ်နေကြရာ မှော်နက်လောကမှ ကျင့်ကြံသူများကို သတိကြီးသွားစေလေသည်။

နင်ယွမ် မျက်နှာပျက်သွားသည်။ သူတို့သည် ဤနေရာတွင် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီးဖြစ်သည်။ သူတို့သည် ရီဖူရှင်းနှင့်လည်း တွေ့ရလိမ့်မည်ဟု သူမတွေးခဲ့ဖူးပေ။

ယခင်က နင်ဟွာ အသတ်ခံလိုက်ရပြီး နင်ယွမ်သည် လက်စားချေရန် ကြံရွယ်ခဲ့သည်။ သို့သော် သူ၏ကျင့်ကြံခြင်းပါရမီသည် အကန့်အသတ်ရှိပေသည်။ ထို့အပြင် သူ့အနေဖြင့် ဆက်၍ တိုးတက်လာနိုင်ရန် ခက်ခဲလေသည်။ ထို့ကြောင့် သူသည် အခွင့်အရေးများရှားရန် နတ်ဘုရားသင်္ချိုင်းသို့လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့သည် မှော်နက်လောကမှ ကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ရပြီး ဤနေရာရှိ ကျင့်ကြံခြင်းအရင်းအမြစ်များအတွက် တိုက်ခိုက်ခဲ့ရသည်။

“နန်းတော်သခင်ရီ...”

ကြည်လင်သောအသံတစ်သံက ခေါ်လိုက်သည်။ ရီဖူရှင်းသည် တိုက်ပွဲပြင်သို့ ကြည့်လိုက်သည်။ ခေါ်လိုက်သူမှာ ချင်ချင်းဖြစ်သည်။ ရေခဲနန်းတော်၏ ဓားနတ်မိမယ်သည် ဒဏ်ရာရနေပေပြီ။ သူမသည် အမျိုးသမီးတပည့်အနည်းငယ်နှင့်အတူ ရုန်းကန်နေရသည်။ သူမတို့ကို တိုက်ခိုက်နေသော မှော်နက်လောကမှ ကျင့်ကြံသူများသည် ကောက်ကျစ်သော ဟန်များ ပြုလိုက်ကြသည်။ သူတို့သည် ရေခဲနန်းတော်မှ လူများကို တမင် ဖိနှိပ်နေပုံပေါ်ပြီး သူမတို့ကို သတ်လိုသည့်ပုံ မပေါ်ပေ။ သူတို့သည် သူမတို့ကို အရှင်လိုချင်နေခြင်းပင်။

“ဆရာတို့... ကိုယ့်ကိစ္စပဲ ကိုယ်ဂရုစိုက်ပါ”

ကျင့်ကြံသူတစ်ဦးက ရီဖူရှင်းတို့အုပ်စုဘက်သို့ ကြည့်၍ ပြောသည်။ သူသည် ရီဖူရှင်းတို့အုပ်စုတွင် စွမ်းအားကြီးအရှိန်အဝါများရှိကြောင်း အာရုံရနေလေသည်။ ထို့ကြောင့် သူက အနည်းငယ် စိုးရိမ်နေ၏။

“သူတို့က ကျုပ်ရဲ့ မိတ်ဆွေတွေပဲ”

ရီဖူရှင်းက ရေခဲနန်း‌တော်မှ လူများကို ညွှန်ပြ၍ ပြောသည်။

ထိုလူများက မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူတို့သည် တိုက်ခိုက်မှုကို မရပ်လိုက်ကြပေ။ သောယွီက သူ၏လက်ထဲတွင် လှံရှည်ကို ကိုင်၍ ရှေ့သို့ ထွက်သွားလိုက်၏။ သူသည် အဖျက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် တစ်ချက်လင်းလက်သွားကာ ရုတ်ခြည်းပင် သူ၏မူလနေရာမှ ပျောက်ကွယ်သွား၏။ မှော်နက်လောကမှ ကျင့်ကြံသူတစ်ဦးသည် သူ၏လမ်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။ ပြန်လည်မွေးဖွားခြင်း လှံရှည်ကျဆင်းလာပြီး ရုတ်ခြည်းပင် ထိုကျင့်ကြံသူကို ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွား၏။ ရွှစ်ဟူသော အသံနှင့်အတူ လှံရှည်သည် သူ၏လည်မျိုကို ဖောက်ထွင်းသွား၏။

ချင်ချင်းကို တိုက်ခိုက်နေကြသော အခြားကျင့်ကြံသူများနှင့် အခြားသူများသည် ချက်ချင်း ရပ်တန့်လိုက်ကြသည်။ သူတို့သည် မျက်စိ၊ မျက်နှာ ပျက်နေကြသည်။ သောယွီ၏မျက်လုံးများသည် ခက်ထန်နေသည်။ သူ၏သံသရာမျက်လုံးသည် လူအုပ်ကို ဝေ့ဝဲကြည့်လိုက်သည်။ မည်သူမှ သူ၏မျက်လုံးကို မကြည့်ဝံ့ပေ။

“ကျုပ်ရဲ့ ဆရာက သူ့စကားကို ထပ်ပြောမှာ မဟုတ်ဘူး”

သောယွီက ပြောသည်။

သူ၏လေသံသည် အနည်းငယ် အေးစက်ကာ ခက်ထန်ပြီး ထိုကျင့်ကြံသူများကို လွန်စွာ သတိကြီးသွားစေလေသည်။ ထို့နောက် သူတို့က ရှေ့သို့ထွက်ကာ မေးလိုက်သည်။

“တခြားသူတွေကရော မင်းရဲ့ မိတ်ဆွေတွေပဲလား...”

“အဲဒီလူတွေက ကျုပ်ရဲ့ မိတ်ဆွေတွေပဲ...”

ရီဖူရှင်းက တုန်းဟွာကုန်းမြေ၏ လော့ထျန်းကုန်းမြေမှ ကျင့်ကြံသူအုပ်စုကို ညွှန်ပြ၍ ပြောလိုက်၏။ သူသည် ယခင်က ကျန်းကျိုးမင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။ တုန်းဟွာကုန်းမြေတွင် နတ်သမုဒ္ဒရာကုန်းမြေရှိ လိပ်နတ်ဘုရားကျွန်းစုမှ အင်ပါယာရှီ၊ ဝမ်ရှန်းမျှော်စင်မှ ဆေးအင်ပါယာနှင့် အရှေ့နတ်ဘုရားကျွန်းစုမှ တုံ့လိုင်နတ်မိမယ်နှင့် အခြားကျင့်ကြံသူများသည် ယခုတွင် စီဝေ့အင်ပါယာနန်းတော်သို့ ရောက်နေပြီဖြစ်သည်။ ကုန်းမြေ၏ အခြားအင်အားစုများအကြားတွင်မူ ရေခဲနန်းတော်အပြင် ကျန်းကျိုးမင်သည်သာ ရီဖူရှင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပေသည်။

အခြားအင်အားစုများမှာမူ သူနှင့် အဆင်မပြေကြပေ။ ကုန်းမြေသခင်အိမ်တော်ဆိုလျှင် ထည့်၍ ပြောနေရန်ပင် မလိုပေ။ ယခင်က သူတို့သည် ယန်ယွင်ကုန်းမြေမှ ယန်ကလန်နှင့် လင်းရှောင်နန်းတော်တို့နှင့် အတူပူးပေါင်းကာ ရီဖူရှင်းကို သတ်ရန် ကြိုးစားခဲ့ကြသည်။

“သူတို့ကို သွားခွင့်ပေးလိုက်”

မှော်နက်လောကမှ ကျင့်ကြံသူတစ်ဦးသည် သူ၏လက်ကို ဝှေ့ယမ်း၍ ပြောလိုက်ပြီး ကျန်းကျိုးမင်နှင့် အခြားသူများကို ချက်ချင်း သွားခွင့်ပြုလိုက်သည်။ ကျန်းကျိုးမင်တို့အုပ်စုက ရီဖူရှင်းဘက်သို့ အနည်းငယ် ဦးညွှတ်၍ ပြောသည်။

“ကျေးဇူးအများကြီးတင်ပါတယ် နန်း‌တော်သခင်ရီ”

ရီဖူရှင်း၏လက်ရှိ အဆင့်အတန်းသည် သူတို့ယှဉ်ပြိုင်နိုင်သည့် အဆင့်အတန်းမဟုတ်တော့ပေ။

ရီဖူရှင်း၏တပည့်တစ်ယောက် ရှေ့ထွက်လာရုံဖြင့်ပင် လူအုပ်ကို တုန်လှုပ်သွားစေနိုင်ပေသည်။ ရီဖူရှင်းဆိုလျှင် မည်မျှ စွမ်းအားကြီးမည်ကို ပြောနေရန်ပင် မလိုတော့ချေ။

“ကိုယ့်လမ်းကိုယ် သွားကြတော့”

ရီဖူရှင်းသည် ခေါင်းညိတ်၍ ပြန်ပြောသည်။ ထို့နောက်တွင် ကျန်းကျိုးမင်တို့လူစုသည် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပြုကာ ထွက်သွားကြလေသည်။

ရေခဲနန်းတော်မှ ဓားနတ်မိမယ်ချင်ချင်းနှင့် အခြားသူများသည် ရီဖူရှင်းဆီသို့ လာခဲ့ကြသည်။ သူတို့က လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ပြီး ပြောသည်။

“ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်ရီ”

“ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲ။ စီနီယာအနေနဲ့ ယဉ်ကျေးနေစရာ မလိုပါဘူး”

ရီဖူရှင်းက ပြန်လည်ဦးညွှတ်၍ ပြောသည်။ ယခင်က ရေခဲနန်းတော်မှ ကျင့်ကြံသူတစ်စုသည် စီဝေ့အင်ပါယာနန်းတော်ထဲတွင် တစ်ခေါက် ကျင့်ကြံခဲ့ဖူးပေသည်။ နောက်ပိုင်းတွင် ဒွန်ဟောင်အင်ပါယာနန်းတော်သည် အင်ပါယာရီချင်ကိစ္စကြောင့် ရီဖူရှင်းနှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ခဲ့သဖြင့်သာ သူတို့နှစ်ဖွဲ့သည် ဆက်ဆံရေးကို ထိန်းသိမ်းထားရန် အဆင်မပြေဖြစ်ခဲ့ခြင်းဖြစ်သည်။

ချင်ချင်း၊ ကျန်းယွဲ့လီနှင့် ချူးဟန်ရှီတို့သုံးဦးသည် ရေခဲနန်းတော်မှ နတ်မိမယ်များဖြစ်ကြပြီး ရီဖူရှင်းနှင့်လည်း ရင်းနှီးပေသည်။

“နန်းတော်သခင်ရီ... ကျုပ်ကို တစ်ချက် ကူညီပါဦး”

အသံတစ်သံက လှမ်းပြောသည်။ ထိုသို့ အကူအညီတောင်းခံလိုက်သူမှာ ထိုက်ဟွာတောင်ကုန်းသခင်ဖြစ်သည်။ သူနှင့် ထိုက်ဟွာနတ်မိမယ်တို့သည် ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်းသို့ ရောက်နေပြီး အရေးနိမ့်နေသည်။

ရီဖူရှင်းသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ အကူအညီတောင်းခံမှုကို လျစ်လျူရှုလိုက်သည်။ ထိုက်ဟွာတောင်ကုန်းသခင်နှင့် ထိုက်ဟွာကောင်းကင်အရှင်တို့သည် ယခင်က သူ့ကို ဆိုးဝါးစွာ ဆက်ဆံခဲ့ပေသည်။ ထိုက်ဟွာတောင်ကုန်းသခင်သည် ကုန်းမြေသခင်အိမ်တော်နှင့် မဟာမိတ်ဖွဲ့၍ သူ့ကို တိုက်ခိုက်ခဲ့သည်။ တစ်ချိန်က ရီဖူရှင်းသည် ထိုက်ဟွာနတ်မိမယ်ကို အင်ပါယာကြယ်တစ်ခုကို အမွေဆက်ခံခွင့် ပြုခဲ့သည်။ သို့သော် သူမသည် သူ့ကို သတိထားနေသဖြင့် သူသည် နောက်ထပ် နတ်မိမယ်တစ်ယောက်ကို ခွင့်ပြုခဲ့၏။

ရေခဲနန်းတော်နှင့် အခြားအဖွဲ့တစ်ဖွဲ့သည် တိုက်ပွဲပြင်မှ ထွက်သွားပြီဖြစ်သဖြင့် အစောက သူတို့ကို တိုက်ခိုက်နေခဲ့သော ကျင့်ကြံသူများသည် သူတို့ဘက်သားများနှင့် ပေါင်းကာ ကုန်းမြေသခင်အိမ်တော်မှ ကျင့်ကြံသူများကို တိုက်ခိုက်နေကြသည်။ ကုန်းမြေသခင်အိမ်တော်သည် ယခုတွင် ပို၍ပင် အရေးနိမ့်လာလေသည်။

“မင်းရဲ့ အင်အားစုက တုန်းဟွာကုန်းမြေထဲမှာပဲ... မင်းက ဒီလို ဘေးကပဲ ကြည့်နေတော့မှာလား”

နင်ယွမ် အော်ပြောသည်။ သူသည် ရီဖူရှင်းက သူ့ကို ကူညီလိမ့်မည်ဟု မမျှော်လင့်ပေ။ ရီဖူရှင်းသည် သူ့ကို မသတ်ခြင်းသည်ပင် ညှာတာရာ ရောက်နေပေပြီ။ ထို့ကြောင့် နင်ယွမ်သည် ဓားနတ်မိမယ်ကို တိုက်ရိုက်မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ဓားနတ်မိမယ်က နင်ယွမ်ကိုကြည့်၍ ပြောလိုက်၏။

“အခု လောကကြီးက ပရမ်းပတာဖြစ်နေတယ်။ အခြေအနေတွေအများကြီး ပြောင်းလဲသွားခဲ့ပြီ။ ပြီးတော့ အစကတည်းက ရေခဲနန်းတော်က ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သတ်တာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းနယ်မြေက ကောင်းကင်ဒေသမှာ ရှိနေခဲ့တာ တစ်ခုပဲ။ ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ။ ရေခဲနန်းတော်က အခုကစပြီး စီဝေ့ကြယ်ကောင်းကင်ကို ရွှေ့သွားတော့မယ်”

“သစ္စာဖောက်တွေ...”

နင်ယွမ် ကျိန်ဆဲလိုက်သည်။ သူသည် သူ၏ မဟာလမ်းစဉ်မဟာချိပ်စည်းကို ၎င်း၏ အဆုံးအစွန်စွမ်းအားအထိ ထုတ်လွှတ်လိုက်သည်။ သို့သော် ရန်သူသည် သူ့ကို ဖိအားပေးနေဆဲဖြစ်သည်။

“နန်းတော်သခင်ရီ... ရှင်က ကျွန်မတို့ကို လက်ခံချင်ရဲ့လား”

ဓားနတ်မိမယ်သည် ရီဖူရှင်းကို မေးလိုက်သည်။ ချင်ချင်းနှင့် အခြားသူများသည် ရွှင်ပြသော အမူအရာများ ပြလိုက်ကြသည်။ သူမတို့သည် ထိုဆုံးဖြတ်ချက်ကို သေချာပေါက် ထောက်ခံကြပေသည်။

“စီနီယာက ကျင့်ကြံဖို့အတွက် စီဝေ့ကြယ်ကောင်းကင်နဲ့ ပူးပေါင်းချင်မှတော့ ကျုပ်က စီနီယာတို့အားလုံးကို သေချာပေါက် ကြိုဆိုမှာပေါ့။ စီဝေ့အင်ပါယာနန်းတော်က ရေခဲနန်းတော်အတွက် တစ်နေရာ ပြင်ဆင်ထားလိုက်ပါမယ်”

ရီဖူရှင်းက ပြုံးလျှက် ပြန်ပြောသည်။ သူသည် သူ့မဟာမိတ်အဖွဲ့ထဲသို့ ကျင့်ကြံသူများ ပူးပေါင်းလာခြင်းကို စိတ်မရှိပေ။

“အခုကစပြီး ကျွန်မတို့က နန်းတော်သခင်ရီရဲ့ လက်အောက်ငယ်သားတွေပဲ...”

ချင်ချင်းက ပြုံးလျှက် ရီဖူရှင်းကိုကြည့်ကာ ပြောသည်။

ရီဖူရှင်းသည် ချင်ချင်း၏ဟာသကို ကြားလိုက်သောအခါ ပြန်၍ စနောက်လိုက်၏။

“အဲလိုဆိုမှတော့ နောက်ကျရင် နတ်မိမယ်ချင်က ကျုပ်ပြောသမျှကို နာခံရတော့မှာပေါ့...”

ချင်ချင်းသည် သူ၏စကားများကို ကြားလိုက်သောအခါ အနည်းငယ် ရှက်သွေးဖြာသွား၏။ သူမ၏တုံ့ပြန်မှုသည် ရီဖူရှင်း၊ ကျန်းယွဲ့လီနှင့် အခြားသူများကို ပွဲကျသွားစေလေသည်။

အနောက်ဘက်တွင် သိမ်းငှက်လေးက ရေရွတ်လိုက်သည်။

“သူ စလာပြန်ပါပြီ...”

သို့သော် သူသည် ထိုစကားကို ခပ်ကျယ်ကျယ် မပြောဝံ့ပေ။ သူသည် ရီဖူရှင်း၏ ရိုက်နှက်မှုကို ခံရမည်ကို ကြောက်ရွံ့ပေသည်။

ဝုန်း...

ယခုတွင် နင်ယွမ်နှင့် ထိုက်ဟွာကောင်းကင်သခင်တို့သည် တိုက်ပွဲပြင်၌ ခက်ခဲသောအခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရ၏။ သူတို့သည် ဤနေရာတွင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။ ထိုက်ဟွာနတ်မိမယ်သည်လည်း ဒဏ်ရာရထား၏။ သူမ၏ ဗျပ်စောင်းကြိုးများ အားလုံးသည်လည်း ပြတ်နေပေပြီ။

“ကျုပ် သူ့ကို ကိုယ်တိုင်မသတ်နိုင်တာ နှမြောစရာပဲ”

လီချန်ရှင်းက ပြောသည်။ သူနှင့် ဆေးအင်ပါယာတို့ နှစ်ယောက်စလုံးသည် သူတို့၏ ညီငယ်အတွက် နင်ယွမ်ကို ကိုယ်တိုင်သတ်၍ လက်စားချေလိုနေကြပေသည်။ သို့သော် အရှင်ဒွန်ဟောင်သည် ဤနေရာတွင် သူတို့လုပ်ခဲ့သည့် ကိစ္စများကို ပြန်သိနိုင်ပေသည်။ ထို့ကြောင့် သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်က ဤကိစ္စကို အကြောင်းပြ၍ သူတို့ကို ပစ်မှတ်မထားနိုင်စေရန် နင်ယွမ်ကို မတိုက်ခိုက်မိအောင် စိတ်ထိန်းထားကြလေသည်။

နင်ယွမ်တစ်ယောက် သေသည်အထိ နှိပ်စက်ခံနေရသည်ကို ကြည့်ရသည်မှာလည်း အတော်လေး ကျေနပ်ဖွယ်ပင် ဖြစ်ပေသည်။

တိုက်ခိုက်မှုများသည် နင်ယွမ်အပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။ သူက သွေးများ အန်ထုတ်လိုက်၏။ သူ၏အခြေအနေသည် ရှုပ်ထွေးနေသည်။ ရီဖူရှင်းတို့အုပ်စုသည် ဘေးမှနေ၍ ထိုအရာအားလုံးကို တိတ်တဆိတ်ကြည့်နေကြ၏။

နောက်ဆုံးတွင် လှံတစ်ချောင်းသည် နင်ယွမ်၏ဦးခေါင်းကို စိုက်ဝင်သွားပြီး သေဆုံးခြင်းမဟာလမ်းစဉ်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်း ဝင်ရောက်သွား၏။ သေဆုံးခြင်းစွမ်းအားသည် သူ၏အသက်စွမ်းအင်ကို တိုက်စားသွားသည်။ နင်ယွမ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ရုန်းကန်နေ၏။ သို့သော် နောက်ထပ် အမှောင်ထုလှံတစ်စင်းသည် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားပြီး သူ့ကို သူ့နေရာတွင် မလှုပ်နိုင်တော့အောင် လုပ်လိုက်သည်။ သူသည် မရှုမလှ သေဆုံးသွား၏။

ရီဖူရှင်းနှင့် အခြားသူများသည် အရေးမစိုက်သော မျက်နှာထားများဖြင့် နင်ယွမ်တစ်ယောက် တိုက်ပွဲအတွင်း၌ သေသွားသော မြင်ကွင်းကို ကြည့်နေကြသည်။  တစ်ဘက်တွင်လည်း ထိုက်ဟွာကောင်းကင်သခင်သည် တစ်ဦးတည်းတိုက်ခိုက်နေကာ နင်ယွမ်ကဲ့သို့ပင် မျှော်လင့်ချက်မဲ့နေ၏။

“နန်းတော်သခင်ရီ... ကျုပ်ကို ကူညီမယ်ဆိုရင် နန်းတော်သခင်ရီကို ကျုပ် ထိုက်ဟွာနတ်တေးသွား ပေးပါမယ်”

ထိုက်ဟွာကောင်းကင်သခင်က အော်ပြောသည်။

“ကျုပ်က နတ်တေးသွား ရှားပါးနေတဲ့သူမဟုတ်ဘူး”

ရီဖူရှင်းက ခံစားချက်ကင်းမဲ့စွာ ငြင်းဆန်လိုက်သည်။ သူသည် နတ်တေးသွားသုံးခုကို ကျွမ်းကျင်စွာ တီးခတ်နိုင်နေပြီဖြစ်သည်။

ထိုက်ဟွာကောင်းကင်သခင်၏ မျက်နှာသည် စက္ကူစကဲ့သို့ ဖြူရော်သွားသည်။ ထိုစဉ် နောက်ထပ် စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုသည် သူ့အ‌ပေါ်သို့ ကျဆင်းလာသည်။ သူသည် သွေးအန်လိုက်ပြီး သူ၏အရှိန်အဝါသည်လည်း အားနည်းလာလေသည်။ ထိုက်ဟွာ‌ကောင်းကင်သခင်သည် သူ၏သမီး ထိုက်ဟွာနတ်မိမယ်ကလည်း ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်း၌ ရုန်းကန်နေရသည်ကို တွေ့လိုက်သောအခါ အလွန်စိတ်အားငယ်သွား၏။ သူက ရီဖူရှင်းကိုကြည့်၍ ပြောလိုက်၏။

“နန်းတော်သခင်ရီ... အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးက ကျုပ်လုပ်ခဲ့တာတွေပါ။ အဲဒီကိစ္စတွေထဲ ကျုပ်ရဲ့ သမီး မပါ,ပါဘူး။ သူက ကျုပ်ရဲ့ အမိန့်အတိုင်း လိုက်လုပ်ခဲ့ရုံပါပဲ။ ကျုပ်က ကျုပ်ရဲ့အမှားအတွက် တာဝန်ခံပါမယ်။ ကျုပ်ရဲ့သမီးက နန်းတော်သခင်ရီကို ထိုက်ဟွာနတ်တေးသွား ပေးပါလိမ့်မယ်။ နန်းတော်သခင်ရီ သူ့ကို ကယ်ပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ်”

သူ ထိုသို့ပြောလိုက်ပြီးနောက် မည်းနက်သော လှံရှည်တစ်ချောင်းသည် သူ၏နှလုံးသားကို ထိုးဖောက်သွား၏။

“အဖေ...”

ထိုက်ဟွာနတ်မိမယ်သည် ဖြော့တော့သော မျက်နှာထားဖြင့် ငိုကြွေးလိုက်သည်။ ထိုအခိုက်တွင် လက်ဝါးချက်တစ်ချက်သည် သူမအပေါ်သို့ ကျဆင်းလာသည်။ သို့သော် ၎င်းသည် သူမကို တိုက်ရိုက် မသတ်နိုင်ခဲ့ပေ။

“ကောင်းပြီ...”

ရီဖူရှင်းသည် ထိုက်ဟွာကောင်းကင်သခင်က သူ့ကို ငေးကြည့်နေသေးသည်ကို မြင်လိုက်သောအခါ ပြန်ပြောသည်။ ရီဖူရှင်းသည် ထိုက်ဟွာကောင်းကင်သခင်၏ တောင်းဆိုချက်ကို လက်မခံလျှင် ထိုက်ဟွာကောင်းကင်သခင်သည် အေးအေးချမ်းချမ်း မသေနိုင်သည့်ပုံပင်။

ထိုက်ဟွာကောင်းကင်သခင်သည် ရီဖူရှင်း၏ တုံ့ပြန်မှုကို ကြားလိုက်သောအခါ လွန်စွာအေးချမ်းသွား၏။ ရီဖူရှင်းသည် ထိုသို့ကတိပေးလိုက်ပြီဖြစ်သဖြင့် သူ၏သမီးသည် သေတော့မည်မဟုတ်ကြောင်း သူ အလွန်ယုံကြည်မှုရှိသွားပေသည်။ အကယ်၍ အတိတ်တွင် သူသာ ရီဖူရှင်းအပေါ် ယခုကဲ့သို့ ယုံကြည်မှုထားခဲ့ပါက သူသည် ဤကဲ့သို့ အဆုံးသတ်လောက်မည် မဟုတ်ပေ။

“သူ့ကို သွားခွင့်ပေးလိုက်ပါ”

ရီဖူရှင်းသည် ထိုက်ဟွာနတ်မိမယ်ကို ဖမ်းချုပ်ထားသည့် ကျင့်ကြံသူကို ပြောသည်။ ထိုကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်သည်။ သူက မျက်နှာပျက်သွား၏။ ရီဖူရှင်း၏အုပ်စုမှ လူအနည်းငယ် ရှေ့သို့ ထွက်သွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ ထိုကျင့်ကြံသူသည် ယင်းအရှိန်အဝါများကြောင့် တုန်လှုပ်သွားပြီး ထိုက်ဟွာနတ်မိမယ်ကို လွှတ်ပေးလိုက်လေသည်။

“သွားစို့...”

နင်ယွမ်နှင့် ထိုက်ဟွာကောင်းကင်သခင်ကို သတ်ခဲ့သော ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ထွက်သွားကြသည်။ ထိုက်ဟွာကောင်းကင်သခင်၏ အလောင်းသည် ပြာဖြစ်သွားပေပြီ။ ထိုက်ဟွာနတ်မိမယ်သည် သူမ၏ဖခင်သေဆုံးပျောက်ကွယ်သွားသော နေရာသို့ အပြေးသွားလိုက်၏။ သူမသည် လက်နှစ်ဖက်ဖြင့် ပြာများကို ကျုံးယူလိုက်ပြီး ကျယ်ပြောသောအာကာပြင်ထဲသို့ ငူငူငိုင်ငိုင်ဖြင့် ငေးကြည့်နေလေသည်။ သူမ၏ပါးပြင်ထက်တွင် မျက်ရည်များ လိမ့်ဆင်းလာသည်။

ရီဖူရှင်းသည် ခေတ္တမျှ စောင့်နေပြီးနောက် ပြောသည်။

“သွားစို့...”

ထိုက်ဟွာနတ်မိမယ်သည် သူမ၏နေရာတွင်သာ ရပ်နေလေသည်။ သူမ အေးစက်စွာ ပြောလိုက်၏။

“ကျွန်မ ရှင့်ကို ထိုက်ဟွာနတ်တေးသွား‌ ပေးမယ်... ဒါပေမဲ့ ကျွန်မ ရှင့်နောက်ကိုတော့ မလိုက်နိုင်ဘူး”

ရီဖူရှင်းသည် သူမ၏စကားများကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားပြီး ပြောသည်။

“ငါ မင်းကို ကယ်ခဲ့တာက မင်းကို သနားလို့မဟုတ်ဘူး... မင်းရဲ့ အဖေက ငါ့ကို ကယ်ပေးဖို့ တောင်းဆိုခဲ့လို့ပဲ။ မင်း ကြိုက်သလို လုပ်လို့ရတယ်... ငါကလည်း မင်းကို လမ်းတစ်လျှောက်လုံး ခေါ်သွားဖို့ အစီအစဉ်မရှိပါဘူး”

သူသည် ထိုသို့ပြောလိုက်ပြီးနောက် သူ့အုပ်စုနှင့်အတူ သူတို့၏ခရီးကို ဆက်လိုက်လေသည်။ အခြားသူများသည် ထိုက်ဟွာနတ်မိမယ်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ကြသည်။ သူမသည် အနည်းငယ် သနားစဖွယ်ပုံပေါက်နေသော်လည်း သူမသည် သူမအတွက် ဘာကကောင်းသည်ကို မသိပေ။ ထိုက်ဟွာကောင်းကင်သခင်နှင့် ရီဖူရှင်းတို့သည် အစကတည်းက ရန်ငြိုးများ ရှိကြပေသည်။ အဘယ်ကြောင့် ထိုက်ဟွာနတ်မိမယ်သည် ရီဖူရှင်းက သူ၏ရန်သူကို ကယ်လိမ့်မည်ဟု တွေးရသနည်း။

အတိတ်တွင် ထိုက်ဟွာကောင်းကင်သခင်သည် နင်ယွမ်နှင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့် ရီဖူရှင်းသည် သူ့ကိုကယ်ရန် အကြောင်းမရှိပေ။

အကယ်၍ ထိုက်ဟွာကောင်းကင်သခင်၏ နောက်ဆုံးစကားများက ရီဖူရှင်းကို ကိုယ်ချင်းစာစိတ်မဖြစ်စေခဲ့လျှင် သူသည် ထိုက်ဟွာနတ်မိမယ်ကိုပင် ကယ်ခဲ့မည်မဟုတ်ပေ။ ထိုက်ဟွာနတ်မိမယ်သည် သူ့အပေါ်တွင် အမှန်တကယ် ရန်ငြိုးထားသည်ဟု သူတစ်ခါမှမထင်ခဲ့ပေ။ သို့ဆိုလျှင် သူသည် သူမကို သူမ၏အဆုံးသတ်နှင့် ကြုံရရန် ပစ်ထားခဲ့မည်ဖြစ်သည်။ နတ်ဘုရားသင်္ချိုင်းတွင် ရှင်သန်နိုင်ရန် သူမ၏ကျင့်ကြံခြင်းအစွမ်းသည် မလုံလောက်ပေ။

All Chapters