စစ်သည်တော်ရှစ်ဦး
Vol. 187 Ch. 2668
ရီဖူရှင်းတို့အုပ်စု ထွက်သွားကြသည်။ နောက်ဆုံးတွင် ထိုက်ဟွာနတ်မိမယ်သည် သူမဘာသာ ဆင်ခြင်လိုက်ပြီး သူတို့နောက်သို့ လိုက်ရန် ရွေးချယ်လိုက်၏။ သူမက သူမဖခင်၏ နောက်ဆုံးစကားများကို မှတ်မိနေသည်။ သူက စိတ်ဖြင့် သူမကို ရီဖူရှင်းနောက်သို့ လိုက်ကာ ဆက်လက်ရှင်သန်ရန် အကြံပေးခဲ့၏။
သူမ၏ဖခင် မသေဆုံးခင်တွင် သူသည် အတိတ်၌ နင်ယွမ်နှင့် ပူးပေါင်းရန် သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို နောင်တရခဲ့သည်။ သူသည် ရီဖူရှင်း၏ ချစ်ကြည်ရေး အရိပ်လက္ခဏာများကို လျစ်လျူရှုခဲ့ပြီး သူ၏သမီးကို နင်ဟွာနှင့် လက်ဆက်နိုင်ရန် မျှော်လင့်ခဲ့သည်။ သူသာ ကွဲပြားစွာ ရွေးချယ်ခဲ့ပါက ထိုက်ဟွာနတ်မိမယ်သည် ရီဖူရှင်းနှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေးရမည်ဖြစ်ကာ အင်ပါယာကြယ်တစ်လုံးကို အမွေဆက်ခံခဲ့ရမည်ဖြစ်သည်။ သူသည်လည်း ဤကဲ့သို့ မရှုမလှ သေဆုံးရမည်မဟုတ်ပေ။
သူမ၏ဖခင်သည် ဖြစ်ပျက်သွားခဲ့သည့်အရာအတွက် ရီဖူရှင်းကို အပြစ်မတင်ပေ။ သူသည်သာ ဆုံးဖြတ်ချက်အမှားချခဲ့သူ မဟုတ်ပါလား။ မည်သူ့ကိုမှ အပြစ်တင်၍ မရချေ။ သို့သော် ထိုက်ဟွာနတ်မိမယ်သည် ရီဖူရှင်းက သူမ၏ဖခင်ကို ကယ်လိုလျှင် ကယ်နိုင်ခဲ့သော်လည်း သူမ၏ဖခင် သေဆုံးသွာသည်ကို ရပ်၍သာ ကြည့်နေခဲ့သဖြင့် အမှန်တရားကို ချက်ချင်း လက်မခံနိုင်ခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်း စကားတစ်ခွန်းပြောလိုက်ရုံဖြင့် သူမ၏ဖခင်ကို ကယ်နိုင်ခဲ့ပေသည်။
စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများသည် သူတို့နောက်သို့ လိုက်လာသော ထိုက်ဟွာနတ်မိမယ်ကို သတိပြုမိလိုက်ကြသည်။ သူမသည် သူမကြိုက်သလို လုပ်ခွင့်ရှိပေသည်။
ရီဖူရှင်းက ရှေ့ဆုံးမှ လျှောက်နေသည်။ ဓားနတ်မိမယ်ချင်ချင်းနှင့် အခြားသူများလည်း သူနှင့်အတူ လျှောက်နေကြသည်။ ရီဖူရှင်းက မေးလိုက်၏။
“စီနီယာ... စီနီယာတို့က ဘယ်လိုလုပ် မှော်နက်လောက,က ကျင့်ကြံသူတွေနဲ့ ပဋိပက္ခဖြစ်နေရတာလဲ”
“နင်ယွမ်က အမွေအနှစ်တစ်ခုကနေပြီး ရတနာတစ်ခုကို လုယူချင်ခဲ့တာ။ အဲဒီမှာ နှစ်ဖွဲ့ ပဋိပက္ခတွေထဖြစ်ကြပြီး ကျွန်မတို့ကို သူတို့က လိုက်တိုက်ခိုက်ခဲ့တာ”
ဓားနတ်မိမယ်က ရှင်းပြလိုက်သည်။ ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ လက်ရှိတွင် ဤကုန်းမြေသည် မည်မျှ ထိန်းမနိုင်သိမ်းမရဖြစ်နေကြောင်း သူ ကောင်းစွာသိပေသည်။
ရီဖူရှင်းက မေးလိုက်သည်။
“ကျုပ်က ဒါမတိုင်ခင်တုန်းက တံခါးပိတ်ကျင့်ကြံနေခဲ့တာပါ။ စီနီယာ... ဒီရှေးဟောင်းကုန်းမြေပေါ်မှာ ဖြစ်သွားခဲ့တဲ့ အရေးကြီး အဖြစ်အပျက်တွေကို စီနီယာ သိပါသလား”
ဓားနတ်မိမယ်က ပြန်ပြောသည်။
“ကျွန်မတို့လည်း နေရာအများကြီးကို မရောက်သေးဘူး။ လောကအသီးသီးက ကျင့်ကြံသူတွေက အမွေအနှစ်တွေကို ယူနိုင်ဖို့ အရူးအမူးဖြစ်နေတာ။ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ နန်းတော်သခင်ရီ ပြောနေတဲ့ အရေးကြီးတဲ့အဖြစ်အပျက်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကောလာဟလတချို့တော့ ပျံ့နှံ့နေတယ်”
“ဘယ်လို ကောလာဟလမျိုးလဲ”
ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
“မဟာအင်ပါယာအဆင့် အင်အားစုတွေအားလုံး စစ်သည်တော်ရှစ်ဦးက ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရှာနေကြတယ်တဲ့...”
ဓားနတ်မိမယ်က ပြောသည်။
“စစ်သည်တော်ရှစ်ဦး...”
ရီဖူရှင်း၏ မျက်နှာထားသည် ထူးဆန်းသွားသည်။ ဤအသုံးအနှုံးမျိုးကို ဗုဒ္ဓလောကတွင်လည်း တွေ့နိုင်သည်။ သို့သော် ဓားနတ်မိမယ်က မည်သည့် စစ်သည်တော်ရှစ်ဦးကို ပြောနေကြောင်း သူမသိပေ။
ဓားနတ်မိမယ်က ရှင်းပြလိုက်သည်။
“ရှေးခေတ်တုန်းက စစ်သည်တော်ရှစ်ဦးက ကောင်းကင်လမ်းစဉ်အောက်မှာ ရှိခဲ့ပြီးတော့ ကောင်းကင်လမ်းစဉ်ကို ထိန်းသိမ်းဖို့ တာဝန်ယူရတယ်။ သူတို့က လောကထဲက စွမ်းအားအကြီးဆုံး သူတွေပဲ။ နတ်ဘုရားခေတ်အတွင်းမှာ နတ်ဘုရားတွေနဲ့ အံ့အားသင့်လောက်တဲ့ မဟာအင်ပါယာတွေ အများကြီး ပေါ်ပေါက်ခဲ့တယ်။ အဲဒါကြောင့် ကောင်းကင်လမ်းစဉ်စစ်ပွဲ ပေါ်ပေါက်လာခဲ့တယ်။ အဲဒီစစ်ပွဲကြောင့် ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့ပြီး နတ်ဘုရားတွေအများကြီး သေဆုံး ပျောက်ကွယ်သွားခဲ့တယ်။ အဲဒါတွေက အမွေအနှစ်နဲ့ ပတ်သတ်ပြီး ကျွန်မကြားဖူးတဲ့ ဒဏ္ဍာရီတချို့ပါပဲ။ ရှေးခေတ်တုန်းက ဘာဖြစ်သွားခဲ့တယ်ဆိုတာကို အတိအကျ ပြောနိုင်ဖို့တော့ အင်ပါယာအဆင့် အင်အားစုတွေပဲ တစ်ခု၊ နှစ်ခုလောက် သိလိမ့်မယ်။ အဲဒီတုန်းက ကိစ္စအားလုံးကို အမှန်တကယ်သိတဲ့ သူတွေက မဟာအင်ပါယာတွေ ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်”
ရီဖူရှင်းသည် ဓားနတ်မိမယ်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ရင်တုန်သွား၏။ ကောင်းကင်လမ်းစဉ်အောက်တွင် စစ်သည်တော်ရှစ်ဦးရှိခဲ့သည်။
ထိုစစ်သည်တော်ရှစ်ဦးသည် ကောင်းကင်လမ်းစဉ်ကို ထိန်းသိမ်းခဲ့သည်။ သူတို့သည် ကောင်းကင်လမ်းစဉ်အောက်တွင် စွမ်းအားအကြီးဆုံးလူများ ဖြစ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်လမ်းစဉ်သည် အာရုံခံစားနိုင်စွမ်းရှိပြီး အသိစိတ်မရှိသောအရာမဟုတ်ပေ။ သို့ဆိုလျှင် ကောင်းကင်လမ်းစဉ်ကို မည်သူက ကိုယ်စားပြုသနည်း။ ကောင်းကင်လမ်းစဉ်သည် လူတစ်ဦးပေလော။
ကောင်းကင်လမ်းစဉ် ပြိုပျက်သွားမှုသည် မည်သည့်အဓိပ္ပာယ်နည်း။
ကောင်းကင်သည် ဆန်းကြယ်သော ဖြစ်တည်မှုတစ်ခုပေလော။
ရှေးခေတ်က မဟာအင်ပါယာရှန်ကျားက ကနဦးတွင် လောကထဲ၌ မည်သည့်လမ်းစဉ်မှ မရှိခဲ့ဟု ပြောခဲ့ဖူးသည်။ သူသည် ကောင်းကင်လမ်းစဉ်နှင့် တိုက်ခိုက်ရန်အတွက် လမ်းစဉ်အားလုံးကို ဖျက်ဆီးပစ်လိုလဲ့သည်။
ရှေးခေတ်တွင် မဟာအင်ပါယာစီဝေ့၊ မဟာအင်ပါယာရှန်းယင်နှင့် အခြား ထူးချွန်သော မဟာအင်ပါယာများ ရှိခဲ့သည်။ သူတို့အားလုံးသည် ခေတ်တစ်ခေတ်တည်းမှ ဖြစ်သည်။ သူတို့၏ ရွှေခေတ်တွင် သူတို့သည် မည်ကဲ့သို့သော ဂုဏ်ရှိန်ကို ရရှိခဲ့သနည်း။
ခေတ်တစ်ခေတ်ထဲတွင် ထိုကဲ့သို့ ထူးချွန်သူများစွာ စုဝေးနေခဲ့ရာ ကောင်းကင်လမ်းစဉ်စစ်ပွဲ ဖြစ်ပေါ်လာခြင်းမှာ သဘာဝကျပေသည်။ စစ်သည်တော်ရှစ်ဦးသည် ကောင်းကင်လမ်းစဉ်၏ အမိန့်အောက်တွင် လောကကြီး၏လုပ်ငန်းစဉ်ကို ထိန်းသိမ်းရန် တာဝန်ယူခဲ့ရသည်။ အကယ်၍ သူတို့သာ အမှန်တကယ် တည်ရှိခဲ့လျှင် နတ်ဘုရားစစ်ပွဲ ဖြစ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်ပေလိမ့်မည်။
ထို လွှမ်းမိုးအားကြီးသော မဟာအင်ပါယာများသည် ကောင်းကင်လမ်းစဉ်ဆီတွင် လက်အောက်ခံလိုခဲ့ကြမည် မဟုတ်ပေ။
စစ်သည်တော်ရှစ်ဦး၏ အလောင်းများကိုလည်း ဤရှေးဟောင်းကုန်းမြေတွင် မြှုပ်ထားသည်လော။
ကြည့်ရသည်မှာ နတ်ဘုရားသင်္ချိုင်းတွင် မဟာအင်ပါယာများ၏ သင်ကြားမှုများအပြင် အခြားအရာများလည်း ထပ်ရှိသေးပုံပင်။ မျက်လုံးနှင့်မြင်နိုင်သည်ထက် ပို၍ရှိနိုင်သေးပေသည်။
အဝေးတွင် တုန်လှုပ်ဖွယ် အဖျက်အလင်းတစ်ခု လက်သွားသည်။ ရီဖူရှင်းနှင့် အခြားသူများသည် ထိုနေရာသို့ ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် ကပ်ဘေးအလင်းသည် ကောင်းကင်မှ ကျဆင်းလာသည်။ ထိုနေရာတွင် နတ်ကွန်ရက်တစ်ခု ရှိနေပုံပေါ်ပြီး ၎င်း၏စွမ်းအားသည် အောက်ဘက်သို့ ချိန်ရွယ်ထားသည်။ ရီဖူရှင်းတို့အုပ်စုသည် ထိုကွန်ရက်နှင့် အတော်လေး လှမ်းပေသည်။ သို့သော် သူတို့သည် အဖျက်စွမ်းအားကို ရှင်းလင်းစွာ အာရုံခံနိုင်နေလေသည်။
“အဲဒါက ယွမ်ရှစ်နန်းတော်ပဲ”
ရီဖူရှင်းက မျက်မှောင်ကြုတ်၍ ပြောသည်။ ကွန်ရက်ကို ယွမ်ရှစ်ကုန်းမြေမှ ကောင်းကင်ဒေသ၏ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုဖြစ်သော ယွမ်ရှစ်နန်းတော်၏ ကျင့်ကြံသူများက ဆင်ထားသည့်ပုံပင်။ သူတို့သည် ဤကဲ့သို့စွမ်းအားမျိုးကို ကျွမ်းကျင်ကြသည်။
ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူများသည် အမွေအနှစ်တစ်ခုကို ရှာတွေ့ခဲ့ပြီး အခြားတစ်ဖွဲ့နှင့် တိုက်ပွဲဖြစ်နေပုံပင်။ သူတို့၏တိုက်ခိုက်မှုများသည် ကြောက်မက်ဖွယ် အဖျက်အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
“သွားပြီး ကြည့်ကြစို့...”
ရီဖူရှင်းက ပြောသည်။ သူသည် လျင်မြန်စွာ ရွေ့လျားသွားပြီး ထိုနေရာသို့ ချီးမွမ်းလောက်ဖွယ် အရှိန်ဖြင့် သွားလိုက်၏။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူ့နောက်သို့ လိုက်သွားကြသည်။ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ခဲ့သော အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုထဲတွင် ထျန်းယန်မြို့သခင်ရုံးတော်ကို ရှင်းထုတ်ခဲ့ပြီဖြစ်သည်။ အခြား အဓိကရှေးဟောင်းနတ်ဘုရားကလန်ငါးခုသည် ကောင်းမွန်စွာ ရှိနေဆဲပင်။ ဤတစ်ကြိမ်တွင် သူတို့အားလုံးသည် ဤရှေးဟောင်းကုန်းမြေသို့ လာခဲ့သည့်ပုံပင်။
အကယ်၍ သူတို့သာ အချင်းချင်း တွေ့ဆုံခဲ့လျှင် ရီဖူရှင်းသည် သူတို့အပေါ် ညှာတာမည်မဟုတ်ပေ။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း ထိုသို့ပင် တွေးပေသည်။ သူတို့သည် အဓိကရှေးဟောင်းနတ်ဘုရားကလန်ငါးခုကို သတ်ဖြတ်လိုစိတ်များ ရှိလေသည်။
မကြာခင်တွင် ရီဖူရှင်းတို့အုပ်စုသည် တိုက်ပွဲအနီးသို့ ရောက်လာသည်။ ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူများသည် ထိုနေရာကို ရှင်းလင်းထားပြီဖြစ်ပြီး သူတို့နှင့် အမွေအနှစ်ကို ယှဉ်လုသည့် ကျင့်ကြံသူများကို သတ်ပစ်လိုက်ပြီဖြစ်သည်။ သူတို့က တစ်ယောက်မှ အရှင်မထားခဲ့ပေ။ ထိုနေရာတွင် အမွေအနှစ်သာ ကျန်ခဲ့ပေသည်။ အမွေအနှစ်အတွင်းရှိ ရတနာများကိုမူ သူတို့ ယူထားခဲ့ပြီးဖြစ်သည်။
ယွမ်ရှစ်နန်းတော်မှ ကျင့်ကြံသူများသည်လည်း ရီဖူရှင်းတို့အုပ်စု ရောက်ရှိလာသည်ကို တွေ့လိုက်သည်။ သူတို့ နှစ်ဖွဲ့ တွေဆုံသွားသောအခါ ထိုနေရာသည် တိတ်ဆိတ်သွားသည်။ သူတို့သည် တစ်ဘက်ကိုတစ်ဘက် စိုက်ကြည့်နေကြပြီး သူတို့၏ခန္ဓာကိုယ်များမှနေ၍ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။
ယွမ်ရှစ်နန်းတော်သခင်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူ၏အကြည့်သည် စူးရှနေပြီး သူ့မျက်ဝန်းများမှနေ၍ ကြောက်မက်ဖွယ် နတ်ဘုရားအပြစ်ပေးစွမ်းအားကို ထုတ်လွှတ်နေသည်။ ရုတ်ခြည်းအတွင်းမှာပင် အတုမဲ့ မဟာလမ်းစဉ်စက်ကွင်းတစ်ခုသည် ထိုနေရာကို လွှမ်းခြုံသွားကာ ရီဖူရှင်းတို့ အုပ်စုကို အတွင်း၌ ပိတ်ထားလိုက်လေသည်။
ရီဖူရှင်းက ထူးဆန်းသော မျက်နှာထား ပြုလိုက်၏။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် တစ်ဘက်လူကို စိတ်ဝင်တစားကြည့်လိုက်ကြသည်။ ယွမ်ရှစ်နန်းတော်သခင်သည် စတင် တိုက်ခိုက်ဝံ့သည်လော။
သူတို့သည် ထျန်းယန်မြို့သခင် မည်ကဲ့သို့ ဖျက်ဆီးခံလိုက်ရသည်ကို အခြားသူများထက် ပို၍ကောင်းစွာ သိပေလိမ့်မည်။ သူသည် ရီဖူရှင်းနှင့် ရင်ဆိုင်နေရသည်ကိုပင် သူ့ဘက်က စ၍ တိုက်ဝံ့သည်လော။
ဂျိန်း...
ကျယ်လောင်သော မိုးချုန်းသံကြီးကို ကြားလိုက်ရပြီး ကောင်းကင်သည် အရောင်ပြောင်းလဲသွား၏။ အထက်ကောင်းကင်တွင် မဟာလမ်းစဉ်စက်ကွင်းသည် နတ်ဘုရားအပြစ်ပေးဓားကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်အောင်များပြားသော နတ်ဘုရားအပြစ်ပေး အလင်းတန်းများသည် ကွန်ရက်မှနေ၍ ကျဆင်းလာပြီး ထိုနေရာရှိ ကောင်းကင်ကို ကာရံသွားသည်။ ရီဖူရှင်းနှင့် သူ၏အုပ်စုသည် အလင်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။
ရွှစ်...ရွှစ်...
စူးရှ၍ ကြောက်မက်ဖွယ်ကောင်းသော အသံများကို ကြားလိုက်ရ၏။ နတ်ဘုရားအပြစ်ပေးအလင်းတန်းများသည် ကမ္ဘာမြေပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အရှိန်အဝါ ပါဝင်ပေသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်း၏။ အလင်းတန်းတစ်ခုစီတိုင်းသည် အံ့အားသင့်ဖွယ် အဖျက်စွမ်းအားဖြင့် တောက်ပလာကြပြီး ဆင်းသက်လာကြလေသည်။ ကျင့်ကြံသူများသည် ကျဆင်းလာသော အလင်းတန်းများကို ခုခံရန် သူတို့၏ မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့၏ မဟာလမ်းစဉ်စွမ်းရည်များသည် နတ်ဘုရားအပြစ်ပေးအလင်းတန်းများကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲပျက်သွား၏။
“မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအား...”
ရီဖူရှင်းသည် မျက်လုံးကျုံ့ကာ ရေရွတ်လိုက်သည်။ သူက တစ်ဘက်လူကို စိုက်ကြည့်နေလေသည်။ သူ့လက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် တုန်ခါလှိုင်းများ ထွက်ပေါ်လာကာ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးကို ဝန်းရံသွားသည်။ တုန်ခါလှိုင်းများသည် အပြင်သို့ ဆက်၍ပြန့်ကားနေပြီး နတ်ဘုရားအပြစ်ပေးစွမ်းအားနှင့် ထိတိုက်သွားသည်။ အင်အားနှစ်ခုသည် လေထဲတွင် တစ်ခုနှင့်တစ်ခု အားပြိုင်နေသည်။
ယွမ်ရှစ်နန်းတော်သခင်သည် နတ်ဘုရားအပြစ်ပေးဓားကွန်ရက်အောက်တွင် ရပ်နေပြီး တလက်လက်တောက်ပနေသော နတ်ဘုရားအပြစ်ပေးအလင်းမှာ သူ့အပေါ်သို့ ဖြာကျနေ၏။ သူသည် လောကအတွင်းရှိ နတ်ဘုရားအပြစ်ပေးစွမ်းအား အားလုံးကို အုပ်စိုးသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်ရပေသည်။ သူက ထီမထင်ဟန်ဖြင့် အောက်ရှိ အရာအားလုံးကို ငုံ့ကြည့်လိုက်သည်။
လက်ရှိတွင် သူသည် လူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း ဖြစ်နေပုံပေါ်လေသည်။
“ဒါက ခင်ဗျားရဲ့ စွမ်းအား မဟုတ်ဘူးမလား”
ရီဖူရှင်းက ခေါင်းမော့၍ ယွမ်ရှစ်နန်းတော်သခင်ကို ကြည့်ကာ မေးလိုက်သည်။ ယွမ်ရှစ်နန်းတော်သခင်သည် သေချာပေါက် ထိုမျှ စွမ်းအားမကြီးပေ။ ယခုတွင် ရီဖူရှင်းသည် မဟာအင်ပါယာအရှိန်အဝါတစ်ခု၏ တည်ရှိမှုကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်နေ၏။ ၎င်းသည် ယွမ်ရှစ်နန်းတော်သခင်နှင့် ပေါင်းစည်းထားသည်။
အရှင်ယွမ်ရှစ်၏ ဝိညာဉ်စွမ်းအားသည် လောကထဲတွင် ပြန်လာထွက်ပေါ်လာပေပြီ။
“အဲဒါက မင်းကို သတ်ဖို့ လုံလောက်တယ်ဆိုရင် ဘယ်သူ့ရဲ့စွမ်းအားဖြစ်ဖြစ် အရေးမကြီးပါဘူး”
ယွမ်ရှစ်နန်းတော်သခင်က အေးစက်စွာ ပြန်ပြောသည်။ သူ ထိုသို့ပြောလိုက်ပြီးနောက်တွင် နတ်ဘုရားအပြစ်ပေးစွမ်းအားသည် ရီဖူရှင်းထံသို့ ကျဆင်းလာလေသည်။
ရီဖူရှင်းက ကောင်းကင်တုန်ဟည်းနတ်တူကို အပေါ်သို့ လွှဲမြှောက်လိုက်သည်။ တုန်ခါလှိုင်းများ အထက်သို့ ပျံထွက်သွားပြီး နတ်ဘုရားအပြစ်ပေးစွမ်းအားနှင့် ရိုတ်ခတ်သွား၏။ လေထဲတွင် စွမ်းအားနှစ်ခု ထိခတ်သွားပြီး အဖျက်အဟုန်လှိုင်းများကို ပြန့်ထွက်သွားစေကာ ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားစေလေသည်။
အဝေးရှိ အခြားကျင့်ကြံသူများ ကြောက်ရွံ့သွားကြ၏။ သူတို့သည် ပြင်းထန်သော တုန်ခါလှိုင်းများကို ခုခံရန် သူတို့၏အင်အားများကို စုဝေးလိုက်ကြသည်။
နတ်ဘုရားအပြစ်ပေးစွမ်းအားသည် မဟာအင်ပါယာအဆင့်လက်နက်၏ တုန်ခါလှိုင်းများနှင့် ထိပ်တိုက် ယှဉ်နိုင်ပေသည်။ ရီဖူရှင်းက ထိုသို့တွေးလိုက်ပြီး ခေါင်းမော့ကာ ကြောက်မက်ဖွယ် ထိတိုက်မှုကို လေ့လာလိုက်သည်။ နတ်ဘုရားအပြစ်ပေးစွမ်းအားထဲတွင် ယွမ်ရှစ်နန်းတော်သခင်၏ စွမ်းအားသာမကဘဲ အခြားစွမ်းအားလည်းပါဝင်ကြောင်း သူသိပေသည်။ ရှေးဟောင်းနတ်ဘုရားကလန်များ၏ မဟာအင်ပါယာများအားလုံးမှာ လောကထဲတွင် ထူးခြားသောပုံစံဖြင့် တည်ရှိနေကြသည်။ ၎င်းတို့သည် မဟာအင်ပါယာများ၏ သာမန်ဝိညာဉ်စွမ်းအားသာ မဟုတ်ပေ။ ထိုသုံးသပ်ချက်ကို အကြိမ်ပေါင်းများစွာ သက်သေပြခဲ့ပြီးပေပြီ။
အရှင်ထျန်းယန်၏ကိစ္စသည် ဤအချက်ကို ပို၍ သိသာစေသည်။
ယခုတွင် နတ်ဘုရားသင်္ချိုင်း ပြန်ထွက်ပေါ်လာသဖြင့် ရှေးဟောင်းနတ်ဘုရားကလန်များမှ မဟာအင်ပါယာများမှာ ဆက်၍ မစောင့်နိုင်ကြတော့ပေ။ သူတို့သည် နတ်ဘုရားသင်္ချိုင်း၏အကူအညီဖြင့် ပြန်မွေးဖွားလာနိုင်သဖြင့် မျှော်လင့်ထားသည်ထက်စောကာ ပြန်ထွက်ပေါ်လာနိုင်လေသည်။
ယွမ်ရှစ်နန်းတော်သခင်က မျက်မှောင်ကြုတ်၍ သူ၏တိုက်ခိုက်မှု ကာရံတားဆီးခံလိုက်ရသည်ကို ကြည့်နေ၏။ ကြည့်ရသည်မှာ မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ကိုင်ထားသော ရီဖူရှင်းသည် သူ့ထက် အားမနည်းသည့်ပုံပင်။
“ပြန်ဆုတ်...”
အသံတစ်သံက အမိန့်ပေးလိုက်သည်။ ယွမ်ရှစ်နန်းတော်သခင်က မျက်လုံးများကျုံ့လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက ယခု ပြန်ဆုတ်မည့် မဟာအင်ပါယာ၏ရည်ရွယ်ချက်ကို နားလည်ပေသည်။
အရှင်ယွမ်ရှစ်သည် နတ်ဘုရားသင်္ချိုင်း၏ အကူအညီဖြင့် ပြန်လည် မွေးဖွားလာလိုခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ယခုတွင် သူ့ကိုယ်သူ အန္တရာယ်ကြားထဲ ပို့မည်မဟုတ်ပေ။ ရီဖူရှင်းမှာ မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသဖြင့် သူ့ကို ခြိမ်းခြောက်နိုင်လေသည်။ သူတို့အတွက် လောလောဆယ်တွင် ရီဖူရှင်းနှင့် တိုက်ခိုက်ရမည်ကို ရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်သည်။
ယွမ်ရှစ်နန်းတော်သခင်သည် ယခုတွင် ကိစ္စကြီးကို အာရုံစိုက်ရန် လိုအပ်နေသည်။ မဟာအင်ပါယာ ပြန်လည်မွေးဖွားလာပြီးနောက်မှ ရီဖူရှင်းကို သတ်လျှင် များစွာပို၍လွယ်ပေလိမ့်မည်။
ယွမ်ရှစ်နန်းတော်သခင်သည် ထိုအချက်အားလုံးကို တွေးလိုက်ပြီးသောအခါ သူ၏အုပ်စုကို ဦးဆောင်၍ ဤနေရာမှ ထွက်ခွာသွား၏။ ရီဖူရှင်းက သူတို့ထွက်သွားသည်ကို ကြည့်နေသော်လည်း သူတို့ နောက်သို့ လိုက်မသွားခဲ့ပေ။ သူသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ကာကွယ်ရမည့် တာဝန်ရှိပေသည်။ ထို့အပြင် သူက သူတို့၏ ယခု တိုက်ခိုက်မှုမှနေ၍ တစ်ဘက်လူ၏စွမ်းရည်သည် သူနှင့်တန်းတူရှိကြောင်း သိခဲ့ပေသည်။ အကယ်၍ သူသာ သူတို့ကို အတင်းတိုက်ခိုက်ခဲ့ပါက ရလဒ်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။
“ယွမ်ရှစ်နန်းတော်က ထျန်းယန်မြို့ရဲ့ လမ်းအတိုင်းလိုက်ဖို့ ကြံနေတာလား”
သခင်ချန်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။ သူတို့သည် မူမမှန်မှုကို အာရုံရခဲ့ကြောင်း ထင်ရှားပေသည်။
“အဲလိုလုပ်နေတာ ယွမ်ရှစ်နန်းတော်တစ်ခုပဲ မဟုတ်ဖို့များတယ်...”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။ အရှင်ယွမ်ရှစ်သည် သူ၏စွမ်းအားကို လက်ရှိ နန်းတော်သခင်နှင့် ပေါင်းစည်းနိုင်သည်ဖြစ်ရာ အခြားရှေးဟောင်းနတ်ဘုရားကလန်များသည်လည်း ထိုသို့ လုပ်နိုင်ချေများ၏။ ဤရှေးဟောင်းကုန်းမြေပေါ်၌ ရီဖူရှင်းထံတွင် သန်မာသော ပြိုင်ဘက် အနည်းငယ် ရှိနေသည့်ပုံပင်။
ဂူတုံးလျှို သုံးသပ်လိုက်၏။
“နတ်ဘုရားသင်္ချိုင်းက ပြန်ပေါ်လာပြီး မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေလည်း ပွင့်လာခဲ့တယ်။ ဒဏ္ဍာရီထဲက စစ်သည်တော်ရှစ်ဦးလည်း ပြန်ပေါ်လာနိုင်ချေရှိတယ်။ ရှေးဟောင်းနတ်ဘုရားကလန်တွေက မဟာအင်ပါယာတွေက ဒီလို ရွှေအခွင့်အရေးကြီးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က ဒီရှေးဟောင်းကုန်းမြေအကြောင်းကို ကျုပ်တို့ထက် ပိုသိတယ်”
မဟာအင်ပါယာများသည် သူတို့သိသည်ထက် ပို၍ သိပေသည်။
“ဒါပေမဲ့ သူက အရှင်ထျန်းယန်လုပ်ခဲ့သလို ယွမ်ရှစ်နန်းတော်သခင်ရဲ့ ခန္ဓာကိုယ်ကို ငှားယူပြီး ပြန်မွေးဖွားလာဖို့ မလုပ်သေးဘူး”
ရီဖူရှင်းက ပြောလိုက်၏။ အကယ်၍ ထိုအခြေအနေအထိ ရောက်လာခဲ့လျှင် ရီဖူရှင်းသည် သူ့ကို မည်သို့မှ လုပ်နိုင်တော့မည်မဟုတ်ပေ။