ဓားဧကရာဇ်အရှင်
Vol. 187 Ch. 2669
ရီဖူရှင်းနှင့် အခြားသူများသည် သူတို့ခရီးကို ဆက်လိုက်ကြသည်။ ဤရှေးဟောင်းကုန်းမြေသည် စည်ပင်ဝပြောခဲ့သည်။ ကျင့်ကြံသူများသည် လောကနေရာအနှံ့မှနေ၍ ဤနေရာသို့ ရွှေပြောင်းခဲ့ကြသည်။ သူတို့သည် ရတနာများကို မရယူနိုင်ခဲ့လျှင်ပင် ဤနေရာတွင် ကျင့်ကြံနိုင်ပေသေးသည်။
သို့သော် ဤရှေးဟောင်းကုန်းမြေပေါ်သို့ ခြေတစ်လှမ်းချလိုက်သည်နှင့် ရတနာများကို ရှာလိုသည့် ဆန္ဒကို မျိုသိပ်ထားနိုင်ရန် မလွယ်ကူပေ။
ရီဖူရှင်းတို့အုပ်စုသည် ကောင်းကင်ကို ဖြတ်သန်းကာ သွားနေသည်။ သူတို့၏ နတ်အာရုံသည် ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံထား၏။ သူတို့က အခြားထိပ်သီးများမှာ မည်သည့် အမွေအနှစ်များကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း မသိကြပေ။ သူတို့သည် ထိုသူများက ကောင်းကင်လမ်းစဉ်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်သည်တော်ရှစ်ဦး၏ အမွေအနှစ်များကဲ့သို့ အဆင့်အမြင့်ဆုံး အမွေအနှစ်များကို ရှာတွေ့သွားပြီလော သို့မဟုတ် ရှာမတွေ့သေးသလောကိုလည်း မသိကြပေ။
သူတို့က တိုက်ပွဲဖြစ်နေကြသည့် ကျင့်ကြံသူများစွာကို တွေ့ခဲ့ကြသည်။ သို့သော် သူတို့သည် တိုက်ပွဲများနှင့် ဝေးဝေးတွင်သာ နေခဲ့ကြသည်။ သူတို့သည် ရှေ့သို့ ဆက်သွားနေကြပြီး အဝေးရှိ ကောင်းကင်ထဲသို့ တုန်လှုပ်ဖွယ် ဓားဝိညာဉ်စွမ်းအား ထိုးတက်လာသည်ကို အာရုံခံလိုက်ကြရ၏။ သူတို့က ကောင်းကင်ထက်ရှိ ဓားများ၏ပုံရိပ်ကို ခပ်ရေးရေး လှမ်းမြင်နေရပေသည်။
“တစ်ချက် သွားကြည့်ကြတာပေါ့”
ရီဖူရှင်းက ပြောလိုက်၏။
သူတို့အုပ်စုသည် ထိုဘက်သို့ အလျင်းအမြန် ပျံသန်းသွားလိုက်ကြပြီး မကြာခင်မှာပင် နေရာတစ်ခုသို့ ရောက်ရှိသွား၏။
ထိုနေရာရှိ မြေပြင်ပေါ်တွင် ဧရာဓားကြီးသုံးချောင်းရှိ၏။ ဓားတစ်ချောင်းချင်းစီသည် ကျန့်(၁၀၀)မြင့်ပေသည်။ ၎င်းတို့သည် ကျိုးပျက်နေသော ဓားများ မဟုတ်ပေ။ ၎င်းတို့သည် အကောင်းကပတိဓားများဖြစ်ပြီး မြေပြင်တွင် စိုက်ထားခြင်းပင်။ ၎င်းတို့တစ်ခုစီ၏ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ဓားစက်ကွင်းများ ဖြစ်ပေါ်နေသည်။ ကောင်းကင်ထက်တွင်မူ ဓားပုံရိပ်များ ရှိလေသည်။ ၎င်းပုံရိပ်များ၏ပတ်ပတ်လည်တွင်ပင် ဓားစက်ကွင်းများ ဖြစ်ပေါ်နေသည်။
ဓားသမားများစွာ ထိုနေရာတွင် စုဝေးနေကြသည်။ သူတို့အားလုံးသည် ဓားဝိညာဉ်စွမ်းအားကို အာရုံရခဲ့သဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုလူအုပ်ကြားထဲတွင် စွမ်းအားကြီး ဓားသမား တော်တော်များများ ရှိနေ၏။
ဓားမှာမူ သုံးချောင်းသာ ရှိပေသည်။
ရီဖူရှင်းတို့အုပ်စုသည် အတော်လေး စိတ်လှုပ်ရှားသွားသည်။ ထိုဓားသုံးချောင်းထဲတွင် ဖုံးကွယ်ထားသော သင်ကြားမှုများသည် ရီဝူချန်း ဓားကျိုးမှ ရခဲ့သော သင်ကြားမှုထက် ပို၍ပြည့်စုံနိုင်ချေများလေသည်။
ဓားဝိညာဉ်စွမ်းအားက ထိုဧရာမဓားကြီးသုံးချောင်းသည် ပို၍ အံ့အားသင့်ဖွယ်ကောင်းကာ စွမ်းအားကြီးသည်ဟု ဖော်ပြနေသည်။
ဓားသမားများစွာသည် ဓားစက်ကွင်းများက လွှမ်းခြုံထားသော ဤနယ်မြေတွင်သာ နေ,နေကြသည်။ သူတို့ထဲမှ အချို့သည် ရပ်နေရင်းဖြင့်ပင် ကျင့်ကြံနေကြကာ ထိုနတ်ဓားသုံးချောင်းကို စိုက်ကြည့်နေကြသည်။ အချို့သည် တင်ပျဉ်ခွေထိုင်၍ ဓားဝိညာဉ်စွမ်းအားကို သိမြင်နားလည်အောင် လုပ်နေကြသည်။ သို့သော် သူတို့ထဲက မည်သူမှ ဓားများကို ဆွဲနှုတ်ရန် မကြိုးစားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ဓားကို သွားနှုတ်သူတိုင်းသည် ဓားဝိညာဉ်စွမ်းအားအောက်တွင် သေဆုံးသွားကြ၍ ဖြစ်သည်။
မဟာအင်ပါယာများ၏ ဓားများမှာ အလွယ်တကူ ဆွဲနှုတ်၍ရသော ဓားများမဟုတ်ချေ။
ရီဖူရှင်းက ပြောသည်။
“ဒီဓားတွေက မဟာအင်ပါယာအဆင့်လက်နက်တွေ မဟုတ်ဘူး။ အဲဒါတွေက စွမ်းအားကြီး ဓားဝိညာဉ်စွမ်းအားတွေကနေ ဖြစ်ပေါ်လာတာပဲ။ ဝိညာဉ်စွမ်းအားက နတ်ဓားတွေအဖြစ် ဒြပ်ထည်ရှိလာပြီး ဒီနေရာမှ စိုက်ဝင်နေတာပဲ”
နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာသည်အထိ ဓားဝိညာဉ်စွမ်းအားများ ရှိနေသေးပြီး နတ်ဓားများသည်လည်း နတ်လက်နက်အစစ်အမှန်များကဲ့သို့ ဤနေရာတွင် စိုက်ဝင်နေသည်။
ကြည့်ရသည်မှာ သူတို့သည် ဤနေရာတွင် အချိန်အတော်ကြာသည်အထိ နေရဦးမည်ဟု ရီဖူရှင်း တွေးလိုက်သည်။ ထို နတ်ဓားသုံးချောင်းကို လျစ်လျူရှုရန် မဖြစ်နိုင်ပေ။ သူတို့အုပ်စုထဲတွင် ဓားသမားအနည်းငယ် ရှိပေသည်။ သူတို့အတွက် ဤနေရာတွင် အချိန်အနည်းငယ် ကုန်ဆုံးခြင်းသည် တန်ပေသည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ကသာ ဓားဝိညာဉ်စွမ်းအားများနှင့် ဆက်နွယ်နိုင်ခဲ့လျှင် အကောင်းဆုံးရလဒ် ဖြစ်ပေလိမ့်မည်။
ဧရာဓားကြီးသုံးချောင်းရှေ့တွင် လူများစွာ ရှိနေပြီဖြစ်သည်။ သူတို့အားလုံးသည် ဓားသမားများဖြစ်ကြ၏။ သူတို့တစ်ဦးချင်းစီ၏ ပတ်ပတ်လည်တွင် ဓားစက်ကွင်းတစ်ခုစီရှိနေကြပြီး သူတို့သည် နေရာတစ်ခုစီ ယူထားပေသည်။ ထို့ကြောင့် နောက်မှရောက်လာသူများအတွက် နေရာမရှိတော့ပေ။ သို့ဖြစ်၍ သူတို့သည် နောက်ဆုံးနားတွင်သာ စောင့်နေကြရသည်။
သို့သော် အချို့ စွမ်းအားကြီးလူများသည် ရှေ့သို့ အတင်းတိုးသွားပြီး ကျန်သူများကို အရေးပင် မစိုက်ခဲ့ချေ။
ရီဖူရှင်းတို့အုပ်စုသည်လည်း ထို့အတူပင် ဖြစ်သည်။ သူတို့အုပ်စုသည် လူအုပ်ကို ကျော်ဖြတ်သွားကာ အရှေ့သို့ သွားလိုက်၏။ သူတို့သည် ဓားဝိညာဉ်စွမ်းအားကို နတ်ဓားများနှင့် အနီးဆုံးနေရာတွင် သိမြင်နားလည်အောင် လုပ်လိုပေသည်။
ရွှီး...
ထိုအခိုက်တွင် သူတို့သည် ဓားဝိညာဉ်စွမ်းအားများစွာ သူတို့၏ခန္ဓာကိုယ်များကို လာရောက်လွှမ်းခြုံသည်ကို ခံစားလိုက်ရသည်။ သူတို့ အရှေ့သို့ ဆက်တိုးသွားလျှင် တစ်စုံတစ်ယောက်သည် သူတို့ကို တိုက်ခိုက်တော့မည့်ပုံပင်။ လူတစ်ဦး သို့မဟုတ် ဓားတစ်ချောင်းထက်ပိုသော အရေအတွက်က သူတို့ကို တိုက်ခိုက်ပေလိမ့်မည်။
သူတို့နောက်ရှိ လူများသည် အလျင်စလို မပြုမူခဲ့ကြပေ။ ဤနေရာရှိ ဓားသမားများသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်အလိုက် သူတို့ကိုယ်သူတို့ နေရာချထားသည့် ပုံပင်။ ပို၍စွမ်းအားကြီးသူသည် ပိုကောင်းသောနေရာကို ရပေလိမ့်မည်။ အင်အားနည်းသူများသည် အရှေ့တွင် ထိုင်နိုင်ရန် အရည်အချင်းမမီပေ။ ထို့အပြင် သူတို့သည် လူအုပ်ကို ဖြတ်ကျော်လာနိုင်မည်လည်း မဟုတ်ပေ။
ရီဖူရှင်းတို့အုပ်စုသည် သူတို့ရှေ့ရှိ နတ်ဓားသုံးချောင်းဆီသို့ ဆက်သွားလိုက်၏။ ရုတ်တရက် သူတို့အပေါ်သို့ အန္တရာယ်အငွေ့အသက်တစ်ခု ကျဆင်းလာကြသည်။
တစ်စုံတစ်ယောက်က တိုက်ခိုက်ခဲ့ပေပြီ။
အရှေ့တွင် တစ်စုံတစ်ယောက်သည် သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် အံ့အားသင့်ဖွယ် ဓားဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ ဓားဝိညာဉ်စွမ်းအားသည် တစ်ချက်လင်းလက်၍ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ၎င်းသည် ချက်ချင်းပင် မျက်စိနှင့် မြင်နိုင်သည့်အရှိန်ထက် ပို၍လျှင်မြန်စွာ ရီဖူရှင်းထံသို့ ပျံဝင်ခုတ်ပိုင်းလိုက်သည်။
ရွှစ်...
တလက်လက်တောက်ပေနေသော ဓားအလင်း ကျဆင်းလာ၏။ သို့သော် ၎င်းသည် ရီဖူရှင်း၏ ဝတ်ရုံဖြူ၏ အပိုင်းအစအသေးလေးတစ်ခုကိုသာ ခုတ်ဖြတ်နိုင်လိုက်သည်။
“ရပ်လိုက်...”
တစ်စုံတစ်ယောက် ပြောသည်။ ဓားအလင်း လွင့်ပါးပျောက်ကွယ်သွား၏။ ၎င်းသည် ရီဖူရှင်းကို စမ်းသပ်ခဲ့ရုံသာဟု ထင်ရ၏။ ၎င်းသည် သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ပေ။
ရီဖူရှင်းက တိုက်ခိုက်ခဲ့သော ကျင့်ကြံသူကို ကြည့်လိုက်သည်။ ထိုသူသည် အသက်လတ်ပိုင်း ဓားသမားတစ်ဦးဖြစ်သည်။ သူသည် နောက်လှည့်၍ပင် မကြည့်ခဲ့ချေ။ သို့သော် သူ၏ဓားသည် အလွန်အထင်ကြီးဖွယ် တိုက်ခိုက်ခဲ့သည်။ ၎င်းသည် လျှပ်စီးကဲ့သို့ပင် လျင်မြန်ခဲ့သည်။
ရီဖူရှင်းက ပြန်၍ မတုံ့ပြန်ခဲ့ပေ။ သို့သော် သူ့ဘေးတွင် ရပ်နေသော ချန်ယိက တုံ့ပြန်လိုက်သည်။ သူသည်လည်း လျှပ်စီးကဲ့သို့ လျင်မြန်သော တိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်လိုက်သည်။ အသက်လတ်ပိုင်း ဓားသမား၏ကိုယ်မှ ဓားဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ ချန်ယိ၏ ဓားအလင်းသည် လင်းလက်သွားပြီး ဓားသမား၏ မျက်နှာပေါ်တွင် ဓားရာတစ်ချက် ချန်ထားခဲ့ပေသည်။
ဓားသမားသည် သူ့လမ်းကြောင်းတွင် တောင့်တောင့်ကြီး ရပ်သွား၏။ ထို့နောက် သူသည် နောက်လှည့်ကာ ရီဖူရှင်းတို့အုပ်စုကို ကြည့်လိုက်သည်။
“ကျုပ်တို့ကို ဖြတ်သွားခွင့်ပြုပါ”
ရီဖူရှင်းက ပြောသည်။
ဓားသမားသည် ဘေးဖယ်ပေးလိုက်ပြီး ရီဖူရှင်းတို့အုပ်စုသည် ရှေ့သို့ ဆက်သွားလိုက်ကြသည်။ သူတို့ရှေ့သို့ရောက်သွားသောအခါ ထိုနေရာတွင် ကျင့်ကြံသူအနည်းငယ် ရပ်နေသည်။ ဓားများနှင့် အနီးဆုံးတွင် ရပ်နေသည့် ကျင့်ကြံသူမှာ ထူးကဲသောဟန်ပန်ရှိ၏။ သူသည် ထိုနေရာတွင် ရုပ်တုတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် သူ့ပတ်ပတ်လည်ရှိ ဓားစက်ကွင်းနှင့် တစ်သားတည်းဖြစ်နေသည်ဟု ထင်ရ၏။ သူ၏တည်ငြိမ်သောအကြည့်သည် သူ့အရှေ့ရှိ ဧရာမဓားသုံးချောင်းအပေါ်တွင်သာ ရှိနေသည်။
ထိုအခိုက်တွင် သူ့မျက်လုံးအတွင်းမှ အလင်းတန်းများထွက်လာပြီး အေးစက်စွာ ပြောသည်။
“ဆူညံလွန်းတယ်... မင်းတို့အားလုံး ထွက်သွားကြ”
သူ၏အသံသည် သူက အခြားသူများကို အမိန့်ပေးနေသကဲ့သို့ ထင်ရပေသည်။ ကြည့်ရသည်မှာ သူ၏တရားထိုင်ခြင်း နှောင့်ယှက်ခံလိုက်ရသဖြင့် သူသည် အခြားသူအားလုံးကို ဤနေရာမှ ထွက်သွားရန် အမိန့်ပေးလိုက်ပုံပင်။
ပတ်ဝန်းကျင်မှ လူအားလုံးသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုကျင့်ကြံသူ၏ဘေးတွင် ရပ်နေသော လွန်စွာစွမ်းအားကြီးသည့် ဓားသမားအနည်းငယ်ရှိပေသည်။ သို့သော် သူတို့သည်လည်း ထိုသူ၏အမိန့်ကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏အကြည့်များအရ သူတို့သည် ထိုသူကို လွန်စွာစိုးရွံ့နေကြောင်း သိနိုင်ပေသည်။
“ငါ ထပ်ပြီး မပြောချင်ဘူး...”
ထိုလူက ပြောသည်။ ဓားသမားအနည်းငယ်သည် ချက်ချင်း ပြန်ဆုတ်သွားကြပြီး သူနှင့်ဝေးရာသို့ သွားလိုက်ကြသည်။ သူတို့အနောက်ရှိ အခြားဓားသမားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။ သူတို့အားလုံးသည် အဝေးသို့ ဆုတ်ခွာသွားကြ၏။ သို့သော် သူတို့သည် ထိုနယ်မြေတွင်ပင် ရှိပေသေးသည်။
“ထပ်ဆုတ်ကြဦး...”
ထိုကျင့်ကြံသူသည် ကျန်ဓားသမားများကို ကျောပေး၍ အမိန့်ပေးလိုက်သည်။ ဓားသမားများ မျက်နှာပျက်သွားကြ၏။ သို့သော် သူတို့သည် သူတို့၏မကျေနပ်မှုကို ထုတ်မပြောဝံ့ဘဲ အဝေးသို့သာ ဆုတ်ခွာသွားကြရသည်။
မကြာခင်တွင် ရီဖူရှင်းတို့အုပ်စုမှလွဲ၍ ပတ်ဝန်းကျင်တွင် အခြားကျင့်ကြံသူများ မရှိတော့ပေ။ ထိုဓားသမားသည် နတ်ဓားများနှင့် အနီးဆုံးဖြစ်သည်။ သူ့ပတ်ပတ်လည်ရှိနေရာသည် ဗလာဟင်းလင်းဖြစ်နေပြီး သူ၏ စွမ်းအားကြီးအဟန့်အတားကို ဖော်ပြနေသည်။
ရီဖူရှင်းက ထိုလူကို ကြည့်လိုက်သည်။ ထိုလူသည် အနှောင့်ယှက်မခံလိုပေ။ ထို့ကြောင့် သူက အခြားသူများကို နောက်ဆုတ်ရန် အမိန့်ပေးခဲ့၏။ သူသည် ဤနေရာကို တစ်ဦးတည်း မောင်ပိုင်စီးလိုနေသည်။
ဤနေရာတွင် သူသာ ကျင့်ကြံနိုင်ပေသည်။
ထိုနေရာမှ ထွက်သွားရသော ကျင့်ကြံသူများသည် ရီဖူရှင်းတို့အုပ်စုကို ကြည့်နေကြသည်။ ရီဖူရှင်းတို့အုပ်စုသည် ထိုနေရာတွင်ပင် ရပ်နေသေးပြီး မလှုပ်ရှားကြသေးပေ။ သူတို့သည် သေချင်နေကြသည်လော။
ထိုဓားသမားသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သိပေသည်။
ရွှီး...
ကျယ်ပြောသော ဓားဝိညာဉ်စွမ်းအားတစ်ခုသည် ရီဖူရှင်းတို့အုပ်စုကို လွှမ်းခြုံသွားသည်။ ထိုကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားထဲတွင် ပြင်းထန်သော ခြိမ်းခြောက်ခြင်းဝိညာဉ်စွမ်းအား ပါဝင်လေသည်။ ထို့ကြောင့် ရီဖူရှင်း မျက်မှောင်ကြုတ်သွားသည်။ သူက သူ့နောက်မှ လူများကို ပြောသည်။
“အားလုံး နောက်ဆုတ်လိုက်ကြပါ”
သခင်ချန်နှင့် အခြားသူများသည်လည်း အန္တရာယ်ကို အာရုံခံနိုင်ပေသည်။ သူတို့က ရီဖူရှင်း၏အမိန့်ကို နာခံလိုက်ပြီး လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။ ထိုကျင့်ကြံသူသည် လွန်စွာသန်မာပေသည်။ သခင်ချန်ကဲ့သို့သော သူမျိုးပင် ထိုကျင့်ကြံသူထံမှ ထွက်ပေါ်လာသည့် လွန်စွာစွမ်းအားကြီးသောအန္တရာယ်ကို ခံစားခဲ့ရသည်။
“ကျုပ်က စီဝေ့အင်ပါယာနန်းတော်က ရီဖူရှင်းပါ...”
ရီဖူရှင်းက ပြောသည်။
“မင်း နောက်မဆုတ်ဘူးဆိုရင် သေရလိမ့်မယ်”
ထိုလူက ရီဖူရှင်း၏စကားမဆုံးသေးခင်မှာပင် အေးစက်သောလေသံဖြင့် ပြောသည်။ သူ၏ အရှိန်အဝါသည် မေးခွန်းထုတ်ရန် မရှိပေ။
လူအားလုံးသည် စီဝေ့အင်ပါယာနန်းတော်မှ ရီဖူရှင်း၏အမည်ကို သိကြသည်။ သို့သော် ထိုလူသည် ရီဖူရှင်း၏အမည်ကို ကြားလိုက်သောအခါ၌ပင် အရေးစိုက်ဟန် မပြပေ။ သူသည် ရီဖူရှင်း မည်သူ၊ မည်ဝါဆိုသည်ကို လုံးဝလျစ်လျူရှုထားပေသည်။ သူက ရီဖူရှင်းကို ထွက်သွားစေလိုနေသည်။ မဟုတ်လျှင် ရီဖူရှင်း သေပေလိမ့်မည်။
ရီဖူရှင်း ဆက်၍ ပြောမနေတော့ပေ။ သူက မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူကို ဆွဲကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် နတ်ဓားသုံးချောင်းကို ကြည့်လိုက်၏။ ရုတ်ခြည်းအတွင်းမှာပင် သူသည် ထင်ရှားပြတ်သားသော ဓားဝိညာဉ်စွမ်းအား သုံးချကို အာရုံခံမိလိုက်သည်။
ထိုနတ်ဓားတစ်ချောင်းချင်းစီတွင် ကွဲပြားသော ဓားဝိညာဉ်စွမ်းအား ရှိပုံပင်။
“မဟာအင်ပါယာတစ်ပါးက ဓားဝိညာဉ်စွမ်းအားသုံးခုကို ကျွမ်းကျင်ခဲ့တယ်”
ရီဖူရှင်း ရေရွတ်လိုက်သည်။ သူသည် အခြားသူ၏စကားကို လျစ်လျူပြုထားပုံပေါ်ပြီး ထိုနေရာမှ ထွက်မသွားခဲ့ပေ။
ရွှီး...
ရုတ်တရက် ထိုလူ၏ခန္ဓာကိုယ်မှနေ၍ ဓားတစ်ချောင်း ထွက်ပေါ်လာ၏။ ဓားထွက်ပေါ်လာသောအခါ ပုံသဏ္ဍာန်မဲ့ အဖျက်ဝိညာဉ်စွမ်းအားသည် ကျယ်ပြောသောနေရာကို လွှမ်းခြုံသွားသည်။ ပတ်ဝန်းကျင်ရှိ မဟာလမ်းစဉ်စွမ်းအားများသည် ထိုဓားဝိညာဉ်စွမ်းအား၏ ဖျက်ဆီးမှုကို ခံလိုက်ရပုံပင်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူသည် ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူသည် ယခင်က စွမ်းအားကြီးထိပ်သီးတစ်ဦးဖြစ်သည့် ဖုန်းရူနှင့်လည်း ရင်ဆိုင်ခဲ့ဖူးပေသည်။ ဤဓားသမားသည်လည်း ဖုန်းရူနှင့် အဆင့်တူနိုင်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်နိုင်လေသည်။
သူ၏ဓားဝိညာဉ်စွမ်းအားသည် ရီဖူရှင်း ယခင်က တွေ့ခဲ့ဖူးသော ကျင့်ကြံသူများ၏ ဓားဝိညာဉ်စွမ်းအားနှင့် ကွာခြားနေပေပြီ။ ၎င်းသည် အရည်အသွေးပိုင်းတွင် ပြောင်းလဲခဲ့ပြီး ကိုယ်ပိုင်ထူးကဲမှု ရှိနေပုံပင်။
သို့သော် ယခုတွင် ရီဖူရှင်း၏တိုက်ခိုက်စွမ်းရည်သည်လည်း ထိပ်တန်းဖြစ်နေပေပြီ။ သူ့တွင်လည်း မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ရှိ၏။ သူသည် သာမန် ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေသည်။ သူတို့သည် သူ၏ပြိုင်ဘက် မဟုတ်ချေ။ အကယ်၍ သူသာ မဟာအင်ပါယာအဆင့်လက်နက်ကို ဆွဲကိုင်လိုက်လျှင် နတ်ဘုရားတစ်ပိုင်းများသည်သာ သူ့ကို ခြိမ်းခြောက်နိုင်ပေသည်။
ဓားဝိညာဉ်စွမ်းအားသည် တောက်ပစွာ လင်းလက်လာသည်။ သို့သော် ထို့နောက်တွင် ဓားသည် ပျောက်ကွယ်သွား၏။ ရီဖူရှင်းက အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး သူသည်လည်း ရုတ်ခြည်းပျောက်ကွယ်သွားသည်။
ဝုန်း...
ဓားမှာ မြေပြင်ကို ထိမှန်သွားပြီး မြေကြီးအတွင်းဝင်၍ ပျောက်ကွယ်သွားကာ လွန်စွာနက်ရှိုင်းသော အမှတ်အသားတစ်ခုကို ချန်ခဲ့၏။
ရီဖူရှင်းသည် ထိုလူ၏ အထက်တွင် ပေါ်လာ၏။ သူသည် သူ၏မဟာအင်ပါယာအဆင့်လက်နက်နှင့် အာကာပြင်ကို ထုနှက်လိုက်ရာ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ သူ ကောင်းကင်တုန်ဟည်းနတ်တူကို ဝှေ့ယမ်းလိုက်သောအခါ မရေမတွက်နိုင်အောင်များပြားသော တုန်ခါလှိုင်းများသည် ရှေ့သို့ ပျံ့ထွက်သွားပြီး ထိုနေရာရှိ ကောင်းကင်မှ အရာအားလုံးကို ဖျက်ဆီးသွား၏။
ဓားသမားက အပေါ်သို့ လက်ချောင်းတစ်ချောင်း ညွှန်ပြလိုက်သည်။ ရုတ်ခြည်းပင် မရေမတွက်နိုင်အောင်များပြားသော နတ်ဓားများ အပေါ်သို့ ပျံတက်သွားကြပြီး ဓားစက်ကွင်းတစ်ခုကို ပြုလုပ်လိုက်သည်။ နတ်ဓားများမှ ဖြစ်ပေါ်လာသော ဓားစက်ကွင်းသည် ကျဆင်းလာသည့် တုန်ခါလှိုင်းများနှင့် ထိပ်တိုက် ထိခတ်သွား၏။ ဓားစက်ကွင်းသည် တုန်ခါလှိုင်းများထက် စွမ်းအားမနိမ့်ပေ။ တိုက်ပွဲပြင်တွင် မွန်းကြပ်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
သူက အမှန်ပင် ရုတ်ခြည်း စတင်တိုက်ခိုက်ဝံ့ပေသည်ဟု လူအုပ်က ရီဖူရှင်းကိုကြည့်ကာ တွေးလိုက်သည်။ ကောင်းကင်ဒေသမှ ထိုကျော်ကြားသောသူသည် ယနေ့တွင် လူများ၍ အပြစ်ပြုမိပြီဟု သူတို့ တွေးလိုက်ကြသည်။ တိုက်ပွဲသည် မည်သို့ အဆုံးသတ်သွားမည်ကို သူတို့မသိကြပေ။
သူတို့က ရီဖူရှင်း၏အမည်နှင့် စွမ်းအားကို သိကြသည်။ သူသည် ထျန်းယန်မြို့သခင်နှင့် ဝမ်ရှောင်ကို သတ်ခဲ့ကာ ထျန်းယန်မြို့သခင်ရုံးတော်ကို ဖျက်ဆီးပစ်ခဲ့ပြီး သူတို့ သူ့ကို ကြောက်ရွံ့သွားသည်အထိ အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုတွင် တစ်ကိုယ်တော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့၏။
ထိုစွမ်းဆောင်ချက်များသည် ကောင်းကင်ဒေသတွင် ပြိုင်ဘက်ကင်းပင်ဖြစ်သည်။ နှစ်ရာပေါင်းများစွာအတွင်း၌ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သည့် ထင်ရှားကျော်ကြားသူ တစ်ဦးမှ မရှိခဲ့သေးပေ။
သို့သော် ယခု သူရင်ဆိုင်နေရသော ဓားသမားသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက အကျော်ဇေယျတစ်ဦးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာအတွင်း၌ပင် အပြင်လောကသို့ ထွက်မလာခဲ့ချေ။ အကယ်၍ နတ်ဘုရားသင်္ချိုင်းသာ မပွင့်လာခဲ့လျှင် သူသည် ဆက်၍ အခန်းအောင်းနေလောက်ပေသည်။
သူသည် ကောင်းကင်ဒေသမှ အကျော်ဇေယျဓားသမားတစ်ဦးဖြစ်ပြီး ပထမဆုံးဓားနတ်ဘုရားဟု ကျော်ကြားသော ဓားဧကရာဇ်အရှင်ဖြစ်လေသည်။