ဓားချက်တစ်ချက်
Vol. 187 Ch. 2670
ဓားဧကရာဇ်အရှင်သည် မူလက ထိုက်ရွှမ်ကုန်းမြေမှ ဖြစ်သည်။ သူသည် ကောင်းကင်ဒေသတွင် အကျော်ဇယျတစ်ဦးဖြစ်ပြီး ရှေးကတည်းက စွမ်းအားကြီးခဲ့သူဖြစ်သည်။
ထိုကဲ့သို့သော သူမျိုးသည် ပုံမှန်ဆိုလျှင် ရီဖူရှင်းနှင့် တွေ့ဆုံမိလိမ့်မည်မဟုတ်သလို မည်သည့် ပဋိပက္ခမှလည်း ရှိမည်မဟုတ်ပေ။ အကယ်၍ နတ်ဘုရားသင်္ချိုင်းသာ မထွက်ပေါ်လာခဲ့ပါက သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံခဲ့ကြမည်မဟုတ်ပေ။ သို့သော် ယခုတွင် ရှေးဟောင်းကုန်းမြေထွက်ပေါ်လာသဖြင့် လောကအသီးသီးမှ ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်လာခဲ့ကြသည်။ ထို့ကြောင့် ဓားဧကရာဇ်အရှင်နှင့် ရီဖူရှင်းတို့သည် တစ်နေရာတည်းတွင် တွေ့ဆုံနိုင်မည့် အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။
ဓားဧကရာဇ်အရှင်သည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကောင်းကင်ဒေသတွင် ပထမဆုံးဓားနတ်ဘုရားဖြစ်ခဲ့သည်။ ယခု နှစ်ရာပေါင်းများစွာ ကြာပြီးနောက်တွင် သူ၏စွမ်းအားသည် သာမန်လူများ သိမြင်နိုင်သည်ထက် များစွာကျော်လွန်နေပေပြီ။ သူ့ထံမှ စကားတစ်ခွန်းဖြင့်ပင် ဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူများမှာ ရိုကျိုးစွာ ဆုတ်ခွာသွားရသည်။ သူတို့သည် သူ့ကို မဆန့်ကျင်ဝံ့ကြပေ။
ရီဖူရှင်းသာ မဆုတ်ခွာသွားခဲ့ချေ။
ရီဖူရှင်းသည် ယခင်က ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုကို ဖျက်ဆီးပစ်ခဲ့ဖူးသော်လည်း သူ ထိုသို့လုပ်နိုင်ခဲ့ခြင်းမှာ ထျန်းယန်မြို့မှ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် မဟာအင်ပါယာစီဝေ့၏ ဖျက်ဆီးမှုကို ခံခဲ့ရသောကြောင့်သာဖြစ်သည်။ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားရှိနေလျှင်ပင် ဓားဧကရာဇ်အရှင်ကဲ့သို့သော သူမျိုးသည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုကို တစ်ကိုယ်တော် ဖျက်ဆီးပစ်နိုင်ပေသည်။
ထိုကဲ့သို့သောအဆင့်မှ သူများသည် သာမန်သေမျိုးများ အရေးထားသော ကိစ္စများကို အရေးမစိုက်တော့ပေ။ သူတို့သည် အမြဲ ခြေလှမ်းဝက်သာနေပြီး အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်မှနေ၍ လောကကြီးကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ သူတို့သည် သာမန် ဓလေ့ထုံးတမ်းများနှင့် စွမ်းအားကို ဂရုမစိုက်တော့ပေ။ သူတို့သည် ပန်းတိုင်တစ်ခုကိုသာ ရှာဖွေပေသည်။ ထိုအရာမှာ အမြင်ဆုံးအဆင့်ဖြစ်သည်။
သူတို့သည် လောကကြီးမှ ရန်ငြိုးများကို အရေးမစိုက်ချေ။ သာမန်အားဖြင့် သူတို့ကို တွေ့မြင်နိုင်မည်ပင် မဟုတ်ချေ။ နတ်ဘုရားသင်္ချိုင်းထွက်ပေါ်လာမှုကသာ သူတို့ကို နောက်တစ်ဆင့်တက်နိုင်မည့် မျှော်လင့်ချက်ကို ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် လောကထဲတွင် ထပ်မံ ထွက်ပေါ်လာကြခြင်းပင်။
သူ၏ဂုဏ်ပုဒ်ဖြစ်သော ဓားဧကရာဇ်အရှင်သည် သူက ထိပ်တန်းတွင်ရှိကြောင်း ဆိုလိုပေသည်။
သူသည် ကောင်းကင်ထဲရှိ ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်ထက်သို့ ထိပ်မံ၍ လက်ချောင်းညွှန်လိုက်၏။ ရုတ်ခြည်းပင် ထူးကဲသော ဓားစွမ်းအားသည် ကောင်းကင်တုန်ဟည်းနတ်တူမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းများကို ဖျက်ဆီးပစ်လိုက်လေသည်။ ၎င်းသည် တုန်ခါလှိုင်းများကို ဖောက်ထွင်း ဖျက်ဆီးသွားကာ ရီဖူရှင်းထံသို့ ပျံဝင်သွားသည်။
မဟာအင်ပါယာအဆင့်လက်နက်သည်လည်း လက်နက်တစ်ခုမျှသာ မဟုတ်ပါလား။ မဟာအင်ပါယာ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားနှင့် အသက်သွင်းမပေးလျှင် ရီဖူရှင်း၏ ကျင့်ကြံခြင်းအစွမ်းသည် မဟာအင်ပါယာအဆင့်လက်နက်၏ စွမ်းအားအစစ်အမှန်ကို ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။ သူ၏လမ်းစဉ်သည် သူ့တစ်ယောက်တည်းပိုင်သောအရာဖြစ်ပြီး သူသည် မဟာအင်ပါယာအဆင့်လက်နက်ထဲရှိ ဝိညာဉ်စွမ်းအားအနည်းငယ်ကိုသာ အသက်သွင်းနိုင်ပေသည်။
ဓားဧကရာဇ်အရှင်မှာမူ နောက်တစ်ဆင့်သို့ ရောက်ခဲ့ပြီးဖြစ်သည်။ ရီဖူရှင်းသည် ထျန်းယန်မြို့သခင်နှင့် ဝမ်ရှောင်ကို သတ်ခဲ့သော်လည်း နတ်ဘုရားတစ်ပိုင်း တစ်ယောက်၏ရှေ့တွင် အခြေအနေများသည် ယခင်ကကဲ့သို့ ဖြစ်မည်မဟုတ်ပေ။ ထျန်းယန်မြို့သခင်နှင့် ဝမ်ရှောင်တို့သည် မည်မျှပင် စွမ်းအားကြီးသော ကျင့်ကြံသူများဖြစ်စေကာမူ သူတို့သည် ဒုတိယကပ်ဘေးအဆင့်တွင်သာ ရှိသေးပြီး နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်သေးပေ။ ထို့ကြောင့် ရီဖူရှင်းက မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ဆွဲကိုင်လိုက်သောအခါ သူတို့သည် ချက်ချင်းသေရန် ကံအကြောင်းဖန်လာခဲ့ပြီး ပြန်၍ မခုခံနိုင်တော့ခြင်းဖြစ်သည်။
ရီဖူရှင်းက ထွင်းဖောက်လာသော ဓားဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည်။ ကောင်းကင်တုန်ဟည်းနတ်တူက ထုတ်လွှတ်နေသော စွမ်းအားသည်ပင် ၎င်းကို အပြည့်အဝ မတားဆီးနိုင်ချေ။ သူ၏ခန္ဓာကိုယ် လင်းလက်သွားပြီး သူသည် ရပ်နေသောနေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်နေရာတွင် ပြန်ပေါ်လာလေသည်။
ဓားဝိညာဉ်စွမ်းအားသည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကောင်းကင်ထဲတွင် အံ့အားသင့်ဖွယ် ဓားလမ်းကြောင်းကို ချန်ထားခဲ့၏။
ဓားဧကရာဇ်အရှင်သည် အခြားတစ်နေရာတွင် ထွက်ပေါ်လာသော ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ သူသည်ပင် ရီဖူရှင်း၏လျင်မြန်သောလှုပ်ရှားမှုကို အထင်ကြီးသွား၏။ သူက ခြေရာလက်ရာမကျန်စေဘဲ ရွေ့လျားသွားနိုင်သည်။ ဗုဒ္ဓရောင်ဝါခြေလှမ်းသည် ထင်ထားသကဲ့သို့ပင် အစွမ်းထက်ပေသည်။ ထိုတန်ခိုးသည် ဗုဒ္ဓဂိုဏ်းများတွင် တန်ခိုးတော်ခြောက်ပါးထဲမှ တစ်ပါးအဖြစ် သတ်မှတ်ခံရခြင်းမှာ အံ့အားသင့်စရာမရှိတော့ပေ။ ၎င်းသည် လွန်စွာ ဆန်းကြယ်ပေသည်။
ရီဖူရှင်းကလည်း ဓားဧကရာဇ်သခင်ကို လေ့လာနေသည်။ အစောက သူတို့၏ တိုက်ခိုက်မှုအရ ထိုနတ်ဘုရားတစ်ပိုင်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ရီဖူရှင်း အနည်းနှင့်အများ သိခဲ့ရသည်။ ယခင်က သူ ဖုန်းရူနှင့် တိုက်ခိုက်ခဲ့စဉ်တွင် သူသည် ပြင်ပအားတစ်ခုကို ငှားယူခဲ့၏။ သူက တိုက်ပွဲအတွင်းတွင် စီဝေ့ကြယ်ကောင်းကင်၏စွမ်းအားနှင့် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။ သို့လျှင်ပင် သူသည် ဖုန်းရူကို အနိုင်မတိုက်နိုင်ခဲ့ပေ။
ဤတစ်ကြိမ်တွင် သူသည် ဓားဧကရာဇ်ကို တိုက်ခိုက်ရန် မဟာအင်ပါယာအဆင့်လက်နက်ကို မှီခိုခဲ့သည်။ ရီဖူရှင်းသည် ဓားဧကရာဇ်က ပိုသန်မာလေသလော သို့မဟုတ် ဖုန်းရူက ပိုသန်မာလေသလောဟု တွေးတောလိုက်သည်။
“မင်းက ရန်ဟောင်အဆင့်မှာပဲလို့ ထင်ရပေမယ့် မင်းရဲ့ တိုက်ခိုက်စွမ်းရည်က ရန်ဟောင်တစ်ယောက်ထက် အများကြီး သာလွန်နေပြီပဲ။ ဘာလို့များလဲ...”
ဓားဧကရာဇ်အရှင်က ရီဖူရှင်းကို မေးလိုက်သည်။ သူသည် အတော်လေး စိတ်ဝင်စားနေသည်။ ရီဖူရှင်း၏ ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်တွင်သာ ရှိပေသည်။
ထိုအချက်သည် ကျင့်ကြံသူအားလုံး သိရှိသော အချက်ဖြစ်သည်။ သို့သော် အခြားလူများသည် ရီဖူရှင်းက ရန်ဟောင်အဆင့်၏ အတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူသည် အထူးအတတ်တစ်ခုကိုသုံး၍ သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သူ၏လက်အောက်ငယ်သားများဖြစ်သော စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအများအပြားသည် ကပ်ဘေးများကို ကျော်ဖြတ်ခဲ့ပြီးပြီပင် မဟုတ်ပါလာ။ ရီဖူရှင်း၏ ပါရမီနှင့်ဆိုလျှင် သူ့အနေဖြင့် ရန်ဟောင်အဆင့်တွင်သာ တစ်နေသည်ဆိုခြင်းမှာ သဘာဝမကျပေ။
“ကျုပ်မှာ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ဖို့ နည်းလမ်းတွေရှိပါတယ်”
ရီဖူရှင်း ပြန်ပြောသည်။ သူသည် အမှန်တရားကို ပြောပြမည်မဟုတ်ပေ။ သူသည် ဓားဧကရာဇ်ကို အခြားကျင့်ကြံသူအားလုံး ခန့်မှန်းထားသည့် အတိုင်းသာ ပြောပြလိုက်သည်။
ဓားဧကရာဇ်အရှင်သည် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူသည် ရီဖူရှင်း၏ ဖုံးကွယ်အတတ်ကို အမှန်ပင် ဖောက်မမြင်နိုင်သည်လော။
“မဟာအင်ပါယာအဆင့်လက်နက်ရဲ့ အကူအညီနဲ့ဆိုရင်တောင် မင်းက ငါ့ကို မယှဉ်နိုင်သေးပါဘူး။ တကယ်လို့ ခုနကသာ မင်း ငါ့ရဲ့ တိုက်ခိုက်မှုကို မရှောင်လိုက်ရင် မင်းငါ့ဆီက ဓားချက်တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ပါဘူး”
ဓားဧကရာဇ်အရှင်သည် အေးစက်စွာ မှတ်ချက်ပြုလိုက်သည်။ သူသည် ထိုနေရာတွင် မားမားမတ်မတ်ရပ်နေရာ ဓားတစ်ချောင်းကဲ့သို့ပင် ထင်ရ၏။ သူ၏အေးစက်စက်လေသံသည် အတုမဲ့ယုံကြည်မှုတစ်ခု ပါဝင်ပေသည်။
“အဲလိုဆို ကျုပ် စီနီယာနဲ့ လောင်းကြည့်ရင်ရော ဘယ်လိုလဲ...”
ရီဖူရှင်း အကြံပြုလိုက်သည်။
“လောင်းမယ်ဟုတ်လား...”
ဓားဧကရာဇ်အရှင်က ပြန်ပြောသည်။
“ကျုပ် ထွက်ပြေးမှာလည်း မဟုတ်သလို ရှောင်မှာလည်း မဟုတ်ဘူး။ ကျုပ် စီနီယာရဲ့ တိုက်ခိုက်မှုကို ခံပါမယ်။ တကယ်လို့ ကျုပ်သာ စီနီယာရဲ့ ဓားချက်ကို ခံနိုင်ခဲ့ရင် စီနီယာက ကျုပ်ကို ဒီအမွေအနှစ် ပေးရမယ်”
ရီဖူရှင်းက ပြောလိုက်၏။
“မင်း ငါ့ရဲ့ တိုက်ခိုက်မှုကို မခံနိုင်ဘူးဆိုရင်ရော...”
ဓားဧကရာဇ်အရှင်က မေးလိုက်၏။
“ကျုပ်သာ မခံနိုင်ရင် စီနီယာရဲ့ တိုက်ခိုက်မှုကြောင့် သေသွားမှာပေါ့။ ကျုပ် ဘာများ လောင်းစရာလိုသေးလို့လဲ”
ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်ကို ကြည့်၍ ပြောသည်။
“ငါ့ ဘဝတစ်လျှောက်လုံးမှာ ဘယ်သူနဲ့မှ အလောင်းအစား မလုပ်ခဲ့ဖူးဘူး။ ဒါပေမဲ့ မင်းက တောင်းဆိုနေတော့လည်း ငါ မင်းကို အခွင့်အရေးတစ်ခု ပေးပါမယ်။ တကယ်လို့ မင်းသာ ဒီဓားချက်ကို ရှောင်ဝံ့ရင် မင်းရဲ့ သူငယ်ချင်းတွေ ဒီနေရာက အသက်ရှင်ရက် ထွက်သွားရလိမ့်မယ် မထင်နဲ့”
ဓားဧကရာဇ်အရှင်က ပြောလိုက်၏။
ရီဖူရှင်းကိုယ်တိုင် လောင်းရန် တောင်းဆိုခြင်းဖြစ်သဖြင့် သူလက်ခံမည်ဖြစ်သည်။ သူသည် ရီဖူရှင်း မည်မျှ သတ္တိကောင်းသည်ကို တွေ့လိုနေသည်။ သူ ရှောင်မည်လော သို့မဟုတ် မရှောင်မည်လော။
အကယ်၍ ရီဖူရှင်းသာ ဓားချက်ကို ဗုဒ္ဓရောင်ဝါခြေလှမ်းဖြင့် ရှောင်ခဲ့လျှင် သူသည် သူ့စကားကို ဖောက်ဖျက်သလိုဖြစ်သွားမည်ဖြစ်သည်။ သို့ဆိုလျှင် ဓားဧကရာဇ်အရှင်သည် သက်ညှာတော့မည်မဟုတ်ပေ။
“ကောင်းပါပြီ...”
ရီဖူရှင်းက ပြောသည်။
“မင်း အသင့်ပြင်ထားရင် ကောင်းမယ်...”
ဓားဧကရာဇ်အရှင်သည် သူ့အထက်ကောင်းကင်ရှိ ရီဖူရှင်းကိုကြည့်ကာ ပြောသည်။
“အမှန်တော့ မင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို တတ်မြောက်ရင်တောင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ရင် မင်း ရှောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မင်းမှာ သတ္တိနည်းနည်း ရှိတယ်ဆိုတော့ ငါမင်းရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါမယ်”
သူ၏အင်္ကျီလက်သည် လှုပ်ရှားသွားပြီး သူသည် လက်ချောင်းတစ်ချောင်း ထောင်လိုက်သည်။ ရုတ်ခြည်းပင် ကျယ်ပြောသော အာကာပြင်သည် ကြောက်မက်ဖွယ် ဓားစက်ကွင်းတစ်ခု ဖြစ်သွား၏။ အဝေးသို့ ဆုတ်ခွာသွားသော ကျင့်ကြံသူများသည်ပင် ထိုဓားဝိညာဉ်စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို အာရုံခံနိုင်ပေသည်။
ဓားဧကရာဇ်အရှင်သည် သူ့လက်ကို ဆန့်တန်းလိုက်ပြီး အာကာပြင်သည် ဓားလောကတစ်ခုဖြစ်လာလေသည်။
လူအုပ်သည် ဓားဧကရာဇ်အရှင်ကို လှမ်းကြည့်လိုက်ကြသည်။ သူသည် ထိုနေရာတွင် မဟာဓားနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေလေသည်။ ထိုနေရာရှိ ကောင်းကင်သည် ဓားဝိညာဉ်စွမ်းအား၏ လွှမ်းခြုံမှုကို ခံထားရသည်။ ထို့နောက်တွင် အားလုံးသည် မွန်းကြပ်ဖွယ်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ဓားဆွဲမထုတ်ရသေးခင်မှာပင် ဓားဝိညာဉ်စွမ်းအားက အာကာပြင်ကို လွှမ်းခြုံသွားသကဲ့သို့ ခံစားချက်ဖြစ်သည်။ သူတို့သည် မျှော်လင့်နေသလို ကြောက်ရွံ့၍လည်းနေသည်။ ဓားကို ဆွဲထုတ်လိုက်သည်နှင့် အရာအားလုံး ပျက်သုဉ်းသွားတော့မလိုပင် ထင်ရ၏။
ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ ဇာတိဝိညာဉ်သည် လှုပ်ခတ်နေသည်။ သူ၏ အသက်ဝိညာဉ်အတွင်းမှ သိုလှောင်ထားသော မဟာလမ်းစဉ်သည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စီးဆင်းနေပြီး ကောင်းကင်တုန်ဟည်းနတ်တူအတွင်းသို့ စိမ့်ဝင်သွားသည်။ ရုတ်ခြည်းပင် တည်ငြိမ်သောဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် ကောင်းကင်တုန်ဟည်းနတ်တူက ထုတ်လွှတ်လိုက်သော နတ်အလင်းသည် လွန်စွာ တုန်လှုပ်ဖွယ် ကောင်းနေသည်။ ယခုတွင် တုန်ခါလှိုင်းများသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေ၏။ အာကာပြင်အထက်တွင် နမိတ်အရှိန်အဝါ လူးလားနေသည်။
ဓားဧကရာဇ်အရှင်သည် သူ၏လက်ချောင်းကို မြှောက်လိုက်ပြီး ကောင်းကင်ကို ညွှန်လိုက်သည်။ အာကာပြင်ထဲတွင် နတ်ဓားတစ်ချောင်း ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တိုက်ရိုက် ထွင်းဖောက်သွားသည်။ နေရာနှင့် အချိန်သည် အရည်ပျော်ကျသွားသကဲ့သို့ပင်။ ထိုဓားတစ်ချောင်းသာ ကျန်ရစ်ခဲ့၏။
သူ၏ ဓားဧကရာဇ်ဟူသော ဂုဏ်ပုဒ်သည် သူ၏ ကျယ်ပြန့်သောဓားစွမ်းရည်ကို ဖော်ပြပေသည်။ သူ၏ဓားသည် ကောင်းကင်နှင့် မြေကြီးရှိ ဖြစ်တည်မှုအားလုံးကို ပျက်သုဉ်းသွားစေနိုင်လေသည်။
ရီဖူရှင်း၏ မဟာအင်ပါယာအဆင့်လက်နက်သည် ဓားဧကရာဇ်အရှင် လက်ချောင်းမြှောက်လိုက်သည့် တစ်ချိန်တည်းမှာပင် ထုနှက်ချလိုက်သည်။ မရေမတွက်နိုင်အောင်များပြားသော တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး အတုမဲ့နတ်အလင်းတစ်ခုသည် အာကာပြင်ကို ဖြတ်သန်းသွားကာ နတ်ဓားနှင့် ထိခတ်သွား၏။
လောကတစ်ခွင်လုံးသည် တဒင်္ဂမျှ ရပ်တန့်သွား၏။ ကျယ်ပြောသော အာကာပြင်တွင် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ ထို့နောက်တွင် အဖျက်အလင်းတစ်ခု ထွက်ပေါ်လာ၏။ အခြားကျင့်ကြံသူအားလုံးသည် သူတို့၏ အသန်မာဆုံးခုခံအတတ်များကို ထုတ်လိုက်ကြသည်။ သို့ပင်လျှင် ကပ်ဘေးကို မကျော်ဖြတ်ရသေးသော ကျင့်ကြံသူများစွာသည် အပြင်းအထန် ဒဏ်ရာရသွားကြသည်။ အချို့သည် နေရာတွင်ပင် သေဆုံးသွားကြသည်။ ကပ်ဘေးအဆင့်ကျင့်ကြံသူများစွာလည်း ဒဏ်ရာရသွားကြသည်။
တုန်လှုပ်ဖွယ် ဓားဝိညာဉ်စွမ်းအားသည် နတ်ဓားသုံးချောင်းစလုံး ပတ်ပတ်လည်တွင် ထွက်ပေါ်လာပြီး ၎င်းတို့ကို ပျက်စီးမည့်အရေးမှ ကာကွယ်ပေးလိုက်သည်။
ထိုအခိုက်တွင် ကောင်းကင်တစ်ခွင်လုံးသည် မှေးမှိန်သွားသည်။
သူတို့နှစ်ယောက်အကြားရှိ အရာအားလုံးသည် ပြာဖြစ်သွားသည်။ တိုက်ခိုက်မှုအဟုန်များ လွင့်ပါးသွားသောအခါ ရီဖူရှင်းသည် ကောင်းကင်ထက်တွင် အကောင်းပကတိရပ်နေသည်ကို တွေ့လိုက်ရသည်။
ဓားဧကရာဇ်အရှင်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မဆိုခဲ့ပေ။ ထိုနေရာသည် လွန်စွာ တိတ်ဆိတ်နေ၏။
ရီဖူရှင်းသည် ထိုဓားချက်ကို မရှောင်လိုက်ရုံသာမက ထိပ်တိုက် ရင်ဆိုင်ခဲ့ပေသည်။
“ဒီနေ့ခေတ်က လူငယ်တွေကတော့ အထင်ကြီးစရာပဲ”
ဓားဧကရာဇ်အရှင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရေရွတ်လိုက်သည်။ သူသည် ထိုသို့ပြောလိုက်ပြီးနောက် သူ၏ဓားနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။ မကြာခင်မှာပင် သူ၏ပုံရိပ်သည် သူ၏ဓားနှင့် တစ်သားတည်းဖြစ်သွား၏။
သူ ရှုံးသွားပြီဖြစ်သဖြင့် သူသည် သူ့စကားအတိုင်း ရီဖူရှင်းကို အမွေအနှစ် ပေးခဲ့၏။
ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ရင်တုန်သွားစေသည်။ ဓားဧကရာဇ်အရှင်သည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းသူဖြစ်သည်။ သူသည် သူပြောခဲ့သည့်အတိုင်း မဟာအင်ပါယာတစ်ပါး ချန်ထားခဲ့သော အမွေအနှစ်ကို ထိုကဲသို့ပင် ပေးခဲ့၏။ သူသည် အလောင်းအစားတစ်ခုကြောင့် သူ၏အရှုံးကို ဝန်ခံခဲ့ပေသည်။
အမှန်ဆိုလျှင် သူ အရှုံးကို ဝန်မခံလျှင်ပင် ရီဖူရှင်းသည် ထိုကိစ္စကို မည်သို့လုပ်နိုင်မည်နည်း။
မျှော်လင့်ထားသကဲ့သို့ပင် ထိုကဲ့သို့သော စိတ်ဓာတ်မျိုးသည် သူတို့ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ ဓားဧကရာဇ်သည် သူ့အနေဖြင့် အခြားနေရာတွင် အခြားအမွေအနှစ်များကို ရှာတွေ့ဦးလိမ့်မည်ဟု ထင်ပုံပင်။
ရီဖူရှင်းသည် သူ၏မဟာအင်ပါယာအဆင့်လက်နက်ကို သိမ်းဆည်းလိုက်ပြီး နတ်ဓားသုံးချောင်းအရှေ့ရှိ မြေပေါ်သို့ ဆင်းသက်လာလေသည်။ သူသည် သခင်ချန်နှင့် အခြားလူများထံသို့ ကြည့်လိုက်သည်။ သူ့အုပ်စုသည် ချက်ချင်းပင် လျှောက်လာလေသည်။
အဝေးရှိ ကြည့်ရှုလေ့လာနေသော အခြားကျင့်ကြံသူများသည်လည်း ရှေ့သို့ ထွက်လာကြသည်။ ဓားဧကရာဇ်အရှင် ထွက်ခွာသွားပြီဖြစ်သဖြင့် သူတို့သည် ရှေ့သို့ထွက်လာ၍ သိမြင်နားလည်လာအောင် လုပ်ကာ ကျင့်ကြံလိုပေသည်။
“ခင်ဗျားတို့တွေက နောက်ဆုတ်ပြီးသွားပြီဆိုတော့ ပြန်လာစရာ မလိုပါဘူး”
ရီဖူရှင်းသည် နောက်လှည့်ကြည့်ကာ ပြောသည်။ ထို့နောက်တွင် သူသည် လက်ဝှေ့ယမ်း၍ လေထဲတွင် ပုံရိပ်ယောင်မျဉ်းတစ်ခုကို ဆွဲလိုက်သည်။ သူပြောလိုက်၏။
“ကျန်တဲ့သူတွေက ဆက်ပြီး ကျင့်ကြံချင်တယ်ဆိုရင် ဒီနယ်နမိတ်အပြင်ကနေပဲ လုပ်လို့ရမယ်”
သူသည် ထိုသူများကို ချက်ချင်းမမောင်းထုတ်သည်ကပင် သူတို့ကို အနည်းငယ် လေးစားမှု ပြသခြင်းဖြစ်သည်။ သူသည် နယ်နမိတ်သတ်မှတ်၍ သူတို့ကို ကျင့်ကြံခွင့်ပြုခဲ့သည်။
ကျင့်ကြံသူများသည် ငုံ့ကြည့်လိုက်ကြပြီး ခြေလှမ်းများ ရပ်သွားကြသည်။ မည်သူမှ ရှေ့ဆက်မတိုးဝံ့ပေ။ ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်ကို အရှုံးဖြင့် ထွက်ခွာသွားစေခဲ့သူပင် ဖြစ်သည်။ သူတို့သည် သူ့ကို မဆန့်ကျင်ဝံ့ကြချေ။
“စကျင့်ကြံတာ ကောင်းလိမ့်မယ်”
ရီဖူရှင်းသည် သူ့နောက်မှ ကျင့်ကြံသူများကို ပြောသည်။ သူသည်လည်း နတ်ဓားသုံးချောင်းကို ကြည့်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို သိမြင်နားလည်နိုင်မည်လောဟု သိချင်နေသည်။
“ဒီတစ်ခေါက် ငါ ဝင်မပါတော့ဘူး”
ဂူတုံးလျှိုက ပြောလိုက်ပြီး ဘေးသို့သွားကာ ကျင့်ကြံနေလိုက်သည်။ သူသည် မဟာအင်ပါယာတစ်ပါး၏ သင်ကြားမှုများကို ရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ဘာသာနောက်ဆုတ်ကာ အခြားသူများကို အခွင့်အရေးပေးလိုက်ခြင်းပင်။
ရီဝူချန်းသည်လည်း နောက်ဆုတ်လိုနေသည်။ သို့သော် သူသည် ရီဖူရှင်းက ပြောလိုက်သည်ကို ကြားလိုက်ရ၏။
“ဝူချန်း... မင်းက ဓားအတတ်ကို ကျင့်ကြံတဲ့သူပဲ။ ဒီနတ်ဓားသုံးချောင်းက တမူထူးခြားတယ်။ မင်း အဲဒီဓားတွေကို နားလည်အောင် ကြိုးစားကြည့်ပါလား”
“ကောင်းပြီ”
ရီဝူချန်းသည် ခေါင်းညိတ်၍ ပြန်ဖြေလိုက်ပြီး မည်သို့မှ ဆက်အတွန့်တက်မနေတော့ပေ။