← Chapters

မဟာအင်ပါယာသုံးပါး

Vol. 187 Ch. 2671

မဟာအင်ပါယာသုံးပါး

Vol. 187 Ch. 2671

ရီဖူရှင်းသည်လည်း အခြားသူများနှင့်အတူ ဓားသုံးချောင်းကို လေ့လာနေလိုက်သည်။ ထိုမတိုင်ခင်က ဓားဧကရာဇ်အရှင်သည် ဤနေရာတွင် လေ့လာနေသော်လည်း ဉာဏ်အလင်းမပွင့်ခဲ့သေးပေ။ ထိုဓားသုံးချောင်းတွင် ထူးကဲသော ဓားအတတ်များ ပါဝင်လိမ့်မည်ဟု ရီဖူရှင်း ခပ်ရေးရေး အာရုံခံမိနေသည်။

ပုံမှန်အားဖြင့် ဓားအင်ပါယာများ၏ သင်ကြားမှုများသည် ဓားတစ်ချောင်းအတွင်း၌ ပါဝင်နိုင်ပေသည်။ ဤမဟာအင်ပါယာမှာမူ နတ်ဓားသုံးချောင်း ချန်ခဲ့သည်ဖြစ်ရာ အကြောင်းတစ်ခုခု ရှိပေလိမ့်မည်။

ရီဖူရှင်းက တင်ပျဉ်ခွေထိုင်၍ ဓားသုံးချောင်းကို မျက်နှာမူလိုက်သည်။ အခြားသူများသည်လည်း သူ့ကဲ့သို့ လိုက်လုပ်လိုက်သည်။ သူတို့အားလုံးသည် ဓားများကို လေ့လာနေကြသည်။ နံဘေးတွင် ဂူတုံးလျှိုသည် တိတ်တဆိတ်ကျင့်ကြံနေ၏။ သူသည် ထိုမတိုင်ခင်က သူရရှိထားသော သင်ကြားမှုများကို ဆက်၍‌လေ့လာနေသည်။ သူသည် သက်ရှည်အင်ပါယာ၏ ဝိညာဉ်စွမ်းအားကို ဆက်ခံရရှိခဲ့ခြင်းဖြစ်ပြီး သူသင်ယူထားခဲ့သည်များကို ထိုးထွင်းသိမြင်နိုင်ရန် အချိန်အနည်းငယ် လိုပေသေးသည်။ ယခုတွင် သူ့အတွက် ဓားအတတ် အသစ်တစ်ခုကို သင်ယူရန် မလိုသေးချေ။

အခြားသူများမှာမူ အဝေးမှသာ လေ့လာနိုင်ပြီး ဓားများအနီးသို့ ကပ်ရန် အရည်အချင်းမမီပေ။

အခြားလူများလည်း ထပ်ရောက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ကြသည်။ သူတို့သည် လှည့်ပတ်မေးမြန်းပြီးသွားသောအခါ အခြေအနေကို သဘောပေါက်သွားကြ၏။ သူတို့သည်လည်း အနီးသို့ ကပ်မသွားဝံ့ပေ။ အမွေအနှစ်တစ်ခုထက် သူတို့၏အသက်က ပိုအရေးကြီးသည် မဟုတ်ပါလား။ အကယ်၍ သူတို့ အသက်ဆုံးရှုံးခဲ့လျှင် အမွေအနှစ်တစ်ခုသည် ဘာအသုံးဝင်တော့မည်နည်း။

အချိန်များ ကုန်ဆုံးသွား၏။ ရီဖူရှင်းသည် ဓားအတတ်ကို လေ့လာခြင်းတွင် အပြည့်အဝ စိတ်နစ်နေသည်။ သူသည် ဓားဝိညာဉ်စွမ်းအားများ၏ လောကအတွင်းသို့ ဝင်သွားခဲ့သည်။

ထိုဓားသုံးချောင်းတွင် ကွဲပြားသော ဓားဝိညာဉ်များ ပါဝင်ပေသည်။ ၎င်းတို့သည် ကွဲပြားကြသဖြင့် သူသည် တစ်ချောင်းချင်းစီခွဲ၍ လေ့လာရန် လိုအပ်၏။

သို့သော် ရီဖူရှင်းသည် ယခုတွင် ၎င်းတို့ထဲက တစ်ချောင်းကိုမှ အပြည့်အဝ သိမြင်နားလည်ရန် မကြိုးစားသေးပေ။ ထိုအစား သူသည် ရှေးဦးစွာ ဓားဝိညာဉ်စွမ်းအား သုံးခုကို ခွဲခြားလိုက်သည်။

ဘယ်ဘက်မှဓားတွင် ဖျက်ဆီး၍ မရနိုင်သော ဝိညာဉ်စွမ်းအားရှိကြောင်း သူသိရှိခဲ့သည်။ ထိုဓားသည် ရီဝူချင်းနှင့် ကိုက်ညီ၏။

အလယ်မှဓားသည် အရှုပ်ထွေးဆုံးဓားဖြစ်သည်။ ၎င်းသည် ဓားဝင်္ကပါတစ်ခု ဖြစ်သည်။ ဓားဝင်္ကပါသည် ဓားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပြီး ကျင့်ကြံသူများကို အတွင်းသို့ မျှားခေါ်နိုင်ပေသည်။ ကျင့်ကြံသူများသည် ဓားနယ်မြေနှင့် ထိတွေ့သောအခါတွင် ဓားလောကအတွင်းသို့ ဝင်ရောက်နိုင်သည်။

ညာဘက်မှဓားသည် ရီဖူရှင်း၏ စိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးနေရာတွင် အေးစက်ကာ ကြက်သီးထသွားစေလေသည်။ ထိုဓားမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ထူးခြား၏။ ၎င်းသည် အခြားဓားနှစ်ချောင်းလောက် မထက်ရှသော်လည်း ထိုနှစ်ချောင်းကဲ့သို့ပင် အန္တရာယ်ကြီးပေသည်။ ၎င်းသည် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ကို ခုတ်ဖြတ်ပစ်နိုင်သည်။

ရီဖူရှင်းသည် ဓားဝိညာဉ်စွမ်းအားသုံးခုကို လေ့လာပြီးသွားသောအခါ မျက်လုံးဖွင့်လိုက်ပြီး ဓားသုံးချောင်းကို ကြည့်လိုက်သည်။ သူ၏မျက်နှာထားသည် ထူးဆန်းနေသည်။

ထိုမတိုင်ခင်က သူသည် ထိုဓားသုံးချောင်းတွင် ဓားအတတ်ကို ကျွမ်းကျင်သော မဟာအင်ပါယာတစ်ပါး၏ ဓားဝိညာဉ်စွမ်းအား ပါလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယခုတွင် ဓားဝိညာဉ်စွမ်းအား တစ်ခုစီတိုင်းသည် ထူးကဲကာ လွန်စွာစွမ်းအားကြီးသည်ဟု ခံစားနေရသည်။ ၎င်းတို့သည် ဓားအတတ်၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။

ထိုဓားသုံးချောင်းသည် မဟာအင်ပါယာသုံးပါး၏ ဓားအတတ်များကို ကိုယ်စားပြုခြင်းပေလော။

အကယ်၍ ထိုသို့သာဆိုလျှင် ထိုဓားသုံးချောင်းကို ချန်ခဲ့သူမှာ တစ်ဦးတည်းမဟုတ်နိုင်ပေ။ ၎င်းတို့သည် မဟာအင်ပါယာသုံးပါး၏ ဝိညာဉ်စွမ်းအားများမှ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် ထိုသို့တွေးမိသောအခါ သူ့အနောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုမတိုင်ခင်က သူသည် သူ့အုပ်စုကို သူတို့ဘာသာ ကျင့်ကြံစေခဲ့သည်။ သို့သော် သူသည် ဓားသုံးချောင်း၏ ဓားဝိညာဉ်စွမ်းအားများကို အာရုံခံပြီးသောအခါ အကြံတစ်ခု ရခဲ့၏။ သူတို့သည် သူ၏အကြံကို စမ်းကြည့်နိုင်ပေသည်။

“ဝူချင်း... မင်းက ဘယ်ဘက်ကဓားကို လေ့လာ။ ရာရာ... မင်းက အလယ်ကဓားကို လေ့လာ။ ဓားသခင်လီဟန်က ညာဘက်က ဓားကို လေ့လာပါ”

ရီဖူရှင်းသည် ထိုသုံးဦးကို ပြောသည်။

သူတို့တစ်ဦးချင်းစီသည် ဓားသုံးချောင်းမှ တစ်ချောင်းစီနှင့် ကိုက်ညီပေသည်။ သူတို့ ကျွမ်းကျင်သော ဓားအတတ်သည် ဓားဝိညာဉ်စွမ်းအားသုံးခုနှင့် တိုက်တိုက်ဆိုင်ဆိုင် ကိုက်ညီနေ၏။

“ကောင်းပြီ...”

သူတို့သုံးဦးသည် နာခံကြောင်း ခေါင်းညိတ်လိုက်သည်။ အမှန်တွင် သူတို့သည် ဓားဝိညာဉ်စွမ်းအားများကို အာရုံခံပြီးသောအခါ ရီဖူရှင်းကဲ့သို့ပင် တွေးမိခဲ့ပေသည်။ သူတို့သည်လည်း ထိုဓားသုံးချောင်းထဲမှ တစ်ချောင်းစီသည် သူတို့နှင့်အသင့်တော်ဆုံးဖြစ်ကြောင်း သဘော‌ပေါက်ကြ၏။

သူတို့သုံးဦးသည် တရားထိုင်လိုက်သည်။ ရီဖူရှင်းသည် ဓားဝိညာဉ်စွမ်းအားများကို ဆက်၍လေ့လာလိုက်ပြီး သူတို့ကို ကူညီပေးရန် အဆင့်သင့်ဖြစ်နေလေသည်။

ထိုအခိုက်တွင် ဗုဒ္ဓအလင်းတောက်ပလာပြီး သူတို့သုံးဦးကို လွှမ်းခြုံသွားသည်။ ထိုအလင်းသည် အမှောင်ထုထဲမှ မီးအိမ်တစ်ခုနှင့် ဆင်တူသလို ဗုဒ္ဓအသိပညာအလင်းနှင့်လည်း ဆင်တူပေသည်။ ထိုနေရာတွင် ဗုဒ္ဓအသံတစ်သံ ပဲ့တင်ထပ်နေသည်။ သို့သော် ထိုအသံသည် ကျင့်ကြံသူများကို အနှောင့်အယှက်မပေးခဲ့ပေ။ ထိုအစား ၎င်းအသံသည် သူတို့ကို ဈာန်ဝင်စားနိုင်ရန် ကူညီပေးခဲ့၏။

ရီဖူရှင်းက ဗုဒ္ဓအလင်းထုတ်လွှတ်လိုက်သည့် ကျင့်ကြံသူကို လှည့်ကြည့်လိုက်သည်။ ထိုသူမှာ ဟွာချင်းချင်းဖြစ်ပေသည်။ သူမသည် မျက်လုံးမှိတ်ကာ ဗုဒ္ဓတရားတော်များကို ရွတ်ဆိုနေ၏။ သူမ၏ကျော့ရှင်းသော ပုံရိပ်သည် ဗုဒ္ဓမီးအိမ်တစ်ခုပုံစံ ပေါ်နေပြီး သူတို့ကို အသိပညာဂိတ်တံခါးများဆီသို့ ဦးဆောင်နေလေသည်။

ရီဖူရှင်း ဝမ်းသာသွား၏။ သို့သော် သူသည် သူမ၏အပြုအမူကြောင့် အံ့အားသင့်မသွားခဲ့ပေ။ ဟွားချင်းချင်းကဲ့သို့ ဗုဒ္ဓမီးအိမ်တစ်ခုအနေဖြင့် အကြွင်းမဲ့ဗုဒ္ဓဘေးတွင် ကျင့်ကြံခဲ့သူ တစ်ယောက်အတွက် ထိုကဲ့သို့ ကြီးမြတ်သောအသိဉာဏ်မျိုး ရှိသည်မှာ သဘာဝကျပေသည်။ ဗုဒ္ဓဂိုဏ်းများသည် သူတို့၏ကျင့်ကြံသူများကို ဉာဏ်အလင်းပွင့်အောင် လုပ်ပေးနိုင်သော ထူးခြားသည့် နည်းလမ်းများရှိလေသည်။ ဟွာချင်းချင်းတွင်လည်း အခြားသူများ၏ ကျင့်ကြံခြင်းတွင် ကူညီပေးနိုင်သော အထူးအတတ်တစ်ခုရှိခြင်းမှာ အံ့အားသင့်စရာ မရှိပေ။

အခြားသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူတို့သည် ဘေးလူများသာဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ထိုဓားသုံးချောင်းသည် ပိုင်ရှင်ရှိနေပေပြီ။ သို့သော် အခြားသူများသည် ထိုကိစ္စကို မကန့်ကွက်ခဲ့ပေ။ သူတို့သည် ရီဝူချင်းတို့သုံးဦးနှင့် ရီဖူရှင်းကြားမှ ဆက်ဆံရေးကို သိပေသည်။ ထိုဆက်ဆံရေးအပြင် ထိုသုံးဦးသည် အမှန်ပင် ထိုဓားဝိညာဉ်စွမ်းအားသုံးခုနှင့် ကိုက်ညီပေသည်။

ရီဖူရှင်းသည်လည်း ဓားဝိညာဉ်စွမ်းအားသုံးခုကို ဆက်၍ လေ့လာလိုက်သည်။ အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွား၏။ ထိုနေရာသည် အလွန်တိတ်ဆိတ်နေ၏။ သူတို့ကို မည်သူမှ မနှောင့်ယှက်ခဲ့ချေ။ နောက်တွင် သခင်ချန်၊ ချန်ယိနှင့် အခြားသူများသည် သူတို့နောက်၌ ရပ်ကာ အခြားသူများ သူတို့ကို နှောင့်ယှက်မည်ကို ကာကွယ်ပေးဖြစ်သွား၏။

သူတို့၏ကျင့်ကြံခြင်းသည် ရီဖူရှင်းထင်ထားသလောက် မချောမွေ့ပေ။ သူသည် မကြာခဏ ကျင့်ကြံခြင်းကို ရပ်တန့်၍ သူရှာဖွေတွေ့ရှိသည့်အရာများကို ရီဝူချင်းတို့သုံးဦးကို ပြန်မျှဝေပေးခဲ့၏။ သို့ပင်လျှင် ရီဝူချင်းသည် လပေါင်းများစွာကြာမှ ဓားနှင့်ဆက်နွယ်မိသွား၏။

ထို့နောက်တွင် ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့၏အကူအညီဖြင့် ရာရာနှင့် ဓားသခင်လီဟန်တို့သည်လည်း သူတို့၏ဓားများနှင့် ဆက်နွယ်မိလာကာ ဓားလောကအတွင်းသို့ ဝင်သွားကြလေသည်။

သို့သော် ဓားသုံးချောင်းသည် သူတို့ကို အသိအမှတ်မပြုသေးသဖြင့် သူတို့သည် မဟာအင်ပါယာများ၏ သင်ကြားမှုများကို မရရှိသေးပေ။

ထိုစဉ်တွင် တလက်လက်တောက်ပသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ ဓားအလင်းသည် ဓားသုံးချောင်းကို လှည့်ပတ်သွားပြီး ဓားဝိညာဉ်စွမ်းအားများသည် ဓားများမှ စီးကျလာသည်။ ၎င်းတို့သည် ရီဝူချင်း၊ ရာရာနှင့် ဓားသခင်လီဟန်တို့အပေါ်သို့ ကျဆင်းသွားသည်။ ထို့ကြောင့် သူတို့၏ခန္ဓာကိုယ်များသည် တောက်ပစွာ လင်းလက်လာသည်။ သူတို့ပတ်ပတ်လည်တွင် ဓားဝိညာဉ်စွမ်းအား စီးဆင်းနေပြီ. သူတို့သည် ဓားများနှင့် တစ်သားတည်းဖြစ်သွားသည်ဟု ထင်ရ၏။

သူတို့သုံးဦးလုံးကို ဗုဒ္ဓအလင်းက လွှမ်းခြုံထား၏။ သူတို့သည် မျက်လုံးများကို တင်းတင်းမှိတ်ထားဆဲဖြစ်ပြီး အာရုံစိုက်ကာ လေ့လာဆင်ခြင်နေကြသည်။ သူတို့သည် ပို၍ အဆင့်တက်လိုပေသည်။

သို့သော် သူတို့သည် ထိုကဲ့သို့ပင် အချိန်အတော်ကြာ ရှိနေခဲ့၏။ သူတို့ခန္ဓာကိုယ်များပေါ်မှ ဓားဝိညာဉ်စွမ်းအားသည် ပို၍စွမ်းအားကြီးလာသော်လည်း သူတို့သည် အောင်မြင်ရန် တစ်ဆင့်လိုသေးကြောင်း ခံစားနေရသည်။

ထိုစဉ်တွင် ရီဖူရှင်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အရှေ့ရှိ ဓားသုံးချောင်းကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများ တောက်ပသွားပြီး ပြောသည်။

“ငါ အခု သဘောပေါက်သွားပြီ”

“ဓားသုံးချောင်းက ဓားဝိညာဉ်စွမ်းအားသုံးခုပဲ။ အဲဒါတွေကို မဟာအင်ပါယာသုံးပါးက ချန်ထားခဲ့တာ။ ဒါပေမဲ့ အဲဒီမဟာအင်ပါယာသုံးပါးက ဆက်နွယ်နေပြီး ဓားသုံးချောင်းကို ပြီးပြည့်စုံတဲ့ ဓားဝင်္ကပါတစ်ခုအဖြစ် ပေါင်းစည်းခဲ့တဲ့ပုံပဲ”

ရီဖူရှင်းက ပြောသည်။

“မင်းတို့ရဲ့ အတွေးတွေကို ဆက်နွယ်လိုက်ပြီး မင်းတို့ရဲ့ ဓားအတတ်ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကြည့်လိုက်”

သူတို့သုံးဦးသည် မည်သို့မှ ပြန်မပြောဘဲ ရီဖူရှင်းပြောသည့်အတိုင်း လုပ်လိုက်သည်။

ဓားဝိညာဉ်စွမ်းအားသုံးခုသည် ရောယှက်သွားသည်။ သူတို့ပတ်ပတ်လည်တွင် ဓားအလင်း လှည့်ပတ်လာပြီး သူတို့သည် တစ်ဦးကိုတစ်ဦး အရာအားလုံး အလျှော့ပေးလိုက်လေသည်။

ရီဖူရှင်းသည် ဆက်၍ မလေ့လာတော့ဘဲ ကျင့်ကြံမှုကို ရပ်လိုက်ကာ သူတို့ကို ဘေးမှ ကြည့်နေလိုက်သည်။ ထိုလုပ်ငန်းစဉ်သည် အချိန်အတော်ကြာခဲ့ပြီး နောက်ဆုံးတွင် ဓားဝိညာဉ်စွမ်းအားသုံးခုသည် အတူတကွပေါင်းစည်းသွားကာ ခွဲခြား၍မရနိုင် ဖြစ်သွားသည်။ သူတို့သုံးဦးကို ဓားနယ်မြေများက လွှမ်းခြုံထားပြီး ဓားသုံးချောင်းသည် ရုတ်ခြည်းပင် နတ်ရောင်ဝါများကို ထုတ်လွှတ်လိုက်၏။ ၎င်းနတ်ရောင်ဝါများသည် တစ်ခုနှင့်တစ်ခု ရောယှက်သွားသည်။

ထိုအခိုက်တွင် ထိုကျင့်ကြံသူသုံးဦး၏စိတ်ထဲတွင် လွန်စွာတောက်ပသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ သူတို့သည် ရှေးဟောင်းမဟာအင်ပါယာသုံးပါး၏ ပုံရိပ်များ သူတို့၏အတွေးထဲ၌ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပုံပင်။ ထို့နောက်တွင် ဓားသုံးချောင်း၏ ဓားဝိညာဉ်စွမ်းအားများသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ ဓားများသည်ပင် ပုံရိပ်များဖြစ်လာပြီး တဖြည်းဖြည်း သူတို့နှင့် ပေါင်းစည်းသွားသည်။

ဓားအလင်းသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ အလုံးစုံ ဝင်သွား၏။ သူတို့သုံးဦးသည် ထိုနေရာတွင်ပင် ထိုင်နေသေးသည်။ သူတို့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဓားဝိညာဉ်စွမ်းအားများ လှည့်ပတ်နေသည်။ သူတို့ရှေ့ရှိ ဓားသုံးချောင်းသည် ပျောက်ကွယ်သွားပေပြီ။

သူတို့အောင်မြင်ခဲ့ပြီဟု အခြားသူများ တွေးလိုက်သည်။

လူအုပ်သည် ရင်ခုန်နေကြသည်။ ဟွာချင်းချင်းသည်လည်း သူမ၏ ဗုဒ္ဓအလင်းကို ပြန်ရုတ်သိမ်းလိုက်သည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ထိုသုံးဦးကိုကြည့်လိုက်ပြီး သူတို့ကို အနည်းငယ် အားကျနေကြလေသည်။

သူတို့ မည်သည့်အရာ ရရှိခဲ့သနည်း။

သူတို့သုံးဦးသည် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းများအတွင်း၌ နစ်မြောနေဆဲဖြစ်သည်။ ထိုအရာအားလုံးကို လျင်မြန်စွာ သိမြင်နားလည်ရန် မဖြစ်နိုင်ကြောင်း ထင်ရှားပေသည်။

ရီဖူရှင်းနှင့် အခြားသူများသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာသည် ထိုသုံးဦးကို အားကျနေကြသည်။ သူတို့သုံးဦးသည် မဟာအင်ပါယာများ၏ သင်ကြားမှုများကို အတူတကွ ရရှိခဲ့ပေပြီ။

အချိန်ကုန်ဆုံးသွားပြီး တဖြည်းဖြည်းဖြင့် အခြားမဟာအင်ပါယာများ၏ အမွေအနှစ်များနှင့် သင်ကြားမှုများကို အခြားအင်အားစုများက ရရှိသွားကြလေသည်။ ယခုတွင် အခွင့်အရေး အနည်းငယ်သာ ကျန်တော့ပေသည်။ ကျင့်ကြံသူများသည် သူတို့အနေဖြင့် တစ်စုံတစ်ခုကို ရရှိနိုင်မည့် အခွင့်အရေးရပါမည်လောဟု တွေးတောလာကြသည်။

သူတို့အုပ်စုသည် ရက်အနည်းငယ် ထပ်စောင့်ခဲ့သည်။ တစ်ရက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ကောင်းကင်တွင် လွှမ်းခြုံသွားသည်။ ၎င်းသည် ကောင်းကင်ကပ်ဘေးတစ်ခုပင်။

ထိုကပ်ဘေးသည် မည်သူ့၏ ကပ်ဘေးပင်နည်းဟု လူအားလုံး အံ့ဩတကြီးတွေးလိုက်ကြသည်။ ထိုမတိုင်ခင်က ရီဝူချင်းသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးတစ်ခုကို ဖြတ်ကျော်ခဲ့သည်။ သို့ဆိုလျှင် ဤကပ်ဘေးကို မည်သူဖြတ်ကျော်ရမည်နည်း။ ရာရာလော သို့မဟုတ် ဓားသခင်လီဟန်လော။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာသည် ရီဝူချင်းတို့သုံးဦးထက် ဝါကြီးပေသည်။ သို့သော် သူတို့သည် ပို၍ ကံကောင်းသဖြင့် ကပ်ဘေးနှင့် အရင် ရင်ဆိုင်ရသည်။

ရီဝူချင်း၊ ရာရာနှင့် ဓားသခင်လီဟန်တို့သည် တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး နေရာတစ်နေရာစီ ယူလိုက်သည်။ ကောင်းကင်ထဲတွင် ကြောက်မက်ဖွယ် ဓားနယ်မြေတစ်ခု ထွက်ပေါ်လာ၏။

သူတို့သုံးဦးသည် တစ်ဦးတည်းဖြစ်လာသကဲ့သို့ ထင်ရ၏။

လူအုပ်သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ရာရာ၏ပတ်ပတ်လည်တွင် အံ့အားသင့်ဖွယ် ဓားဝင်္ကပါပုံစံတစ်ခု ထွက်ပေါ်လာပြီး ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားသည်။ ရီဝူချင်းနှင့် ဓားသခင်လီဟန်တို့သည် ဓားဝင်္ကပါ အစွန်းတစ်ဖက်စီတွင် ရပ်နေကြပြီး ဓားတစ်ချောင်းစီ ကိုင်ထားကြသည်။

“ဒါက လူနှစ်ယောက်အတွက် ဒွိကောင်းကင်ကပ်ဘေးပဲ”

တစ်စုံတစ်ယောက်က ပြောသည်။

ကောင်းကင်အထက်တွင် ကပ်ဘေးတိမ်တိုက်များ လည်ပတ်လာ၏။ ထိုမြင်ကွင်းသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်း၏။ ၎င်းသည် အမှန်ပင် ဒွိကပ်ဘေးတစ်ခု ဖြစ်သည်။ ရာရာနှင့် ဓားသခင်လီဟန်တို့သည် ဤနေရာ၊ ဤအချိန်တွင် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို အတူတကွ ရင်ဆိုင်ကြရမည်ဖြစ်သည်။

ကပ်ဘေးအလင်းကျဆင်းလာပြီး ဓားနယ်မြေကို ရိုက်ခတ်သွား၏။ သို့သော် ၎င်းသည် ချက်ချင်းပင် ပြန်တွန်းကန်ခံလိုက်ရသည်။

သူတို့သုံးဦးသည် မဟာအင်ပါယာသုံးပါး၏ ဓားဝိညာဉ်စွမ်းအားကို ဆက်ခံရရှိခဲ့ပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ကပ်ဘေးကို မကြောက်တော့ပေ။

ရီဖူရှင်း မျှော်လင့်ထားသကဲ့သို့ပင် ကပ်ဘေးအလင်းသည် အဆက်မပြတ်ကျဆင်းလာလေသည်။ သို့သော် သူတို့သုံးဦးသည် အေးအေးလူလူပင် ရှိနေသည်။ ရာရာနှင့် ဓားသခင်လီဟန်တို့သည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို အလွယ်တကူ ‌ကျော်ဖြတ်နိုင်ခဲ့ပေပြီ။

ယခုတွင် ရာရာနှင့် ဓားသခင်လီဟန်တို့သည် ကပ်ဘေးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

သူတို့သုံးဦးသည် ပြန်၍ ဆင်းသက်လာကြသည်။ သူတို့သည် အံ့အားသင့်သောဟန်ဖြင့် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

“အဲဒါက မဟာအင်ပါယာသုံးပါး ဖန်တီးထားတဲ့ ဓားဝင်္ကပါတစ်ခုပဲ”

ရာရာသည် ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ဓားသခင်လီဟန်က ထပ်ပြောလိုက်၏။

“အဲဒီမဟာအင်ပါယာသုံးပါးက ဓားအင်ပါယာတွေပဲ။ သူတို့က ဂိုဏ်းတစ်ခုထဲကပဲ... ပြီးတော့ တစ်စိတ်တစ်ဝမ်းတည်းပဲ။ သူတို့ကို ဓားအင်ပါယာသုံးပါးလို့ ခေါ်တယ်။ သူတို့က ရှေးဟောင်းမဟာဓားဝင်္ကပါဖြစ်တဲ့ အတွေးသုံးပါးဓားဝင်္ကပါကို ဖန်တီးခဲ့တဲ့သူတွေပဲ”

ထိုဓားဝင်္ကပါ၏အမည်သည် အတွေးသုံးပါးဓားဝင်္ကပါဖြစ်သည်။

“ဓားသုံးချောင်းမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်နာမည်တွေရှိတယ်။ ငါက လိပ်ပြာဇီဝိန်ခြွေဓားကို အမွေဆက်ခံခဲ့ရတယ်”

ရီဝူချင်းက ပြောသည်။

“ကျုပ်ကတော့ လိပ်ပြာခွဲဓားကို ရခဲ့တယ်”

ဓားသခင်လီဟန်က ပြောသည်။

“ငါကတော့ လိပ်ပြာဖြတ်တောက်ဓားကို ရခဲ့တယ်”

ရာရာက ပြောလိုက်၏။

ဓားအင်ပါယာသုံးပါးသည် လိပ်ပြာဇီဝိန်ခြွေဓား၊ လိပ်ပြာခွဲဓားနှင့် လိပ်ပြာဖြတ်တောက်ဓားဟူသော ဓားအတတ်တစ်ခုစီကို လက်ဆင့်ကမ်းခဲ့ပေသည်။ ဓားအတတ်သုံးခု တစ်ခုတည်းဖြစ်သွားသောအခါ အတွေးသုံးပါးဓားဝင်္ကပါဖြစ်ပေါ်လာမည်ဖြစ်သည်။

ရီဖူရှင်းသည် ထိုစကားများကို ကြားလိုက်သောအခါ ဝမ်းမြောက်ဟန် ပြလိုက်သည်။ သူတို့သည် တစ်ချိန်တည်းမှာပင် မဟာအင်ပါယာသုံးပါး၏ သင်ကြားမှုများကို ရရှိခဲ့ပြီး သူတို့၏ ဓားအတတ်များကို ပေါင်းစည်း၍ မဟာဓားဝင်္ကပါတစ်ခုကို ဖန်တီးနိုင်ပေသည်။ ထို့ကြောင့် သူသည် ဝမ်းမြောက်နေလေသည်။ ဓားအင်ပါယာသုံးပါး ဖန်တီးထားသော အတွေးသုံးပါးဓားဝင်္ကပါသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်နိုင်၏။ သူတို့သည် မဟာအင်ပါယာများအကြားတွင် ထိပ်တန်းအဆင့်ရှိသူများ ဖြစ်နိုင်ပေသည်။

မဟုတ်လျှင် သူတို့သည် ဓားဝင်္ကပါကို ထိုကဲ့သို့ အထက်စီးဆန်သည့်အမည်မျိုး ပေးဝံ့မည်မဟုတ်ပေ။

All Chapters