← Chapters

ကာရူရာအိမ်တော်

Vol. 187 Ch. 2672

ကာရူရာအိမ်တော်

Vol. 187 Ch. 2672

“ဓားအင်ပါယာသုံးပါး... ကမ္ဘာဦးခေတ်တုန်းက အင်အားပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့ မဟာအင်ပါယာသုံးပါးပဲ... သူတို့က ဒီမှာ သေဆုံးသွားပေမယ့် ဒီနေရာမှာ ဓားဝိညာဉ်စွမ်းအား ချန်ထားခဲ့တယ်။ အခု မင်းတို့က အဲဒါကို အမွေဆက်ခံခဲ့ပြီဆိုတော့ နောက်ကျရင် မင်းတို့ အတွေးသုံးပါးဓားဝင်္ကပါကို ပြန်အသက်သွင်းပြီး အဲဒါကို လောကကြီးထဲ ထပ်ပြီး ပြသပေးရမယ်”

ရီဖူရှင်းသည် သူတို့သုံးဦးအပေါ် မျှော်လင့်ချက်ကြီးစွာနှင့် ပြောသည်။

ယခုအထိ ဝူချင်း၊ ရာရာနှင့် ဓားသခင်လီဟန်တို့အတွက် သူတို့၏ ကျင့်ကြံခြင်းလမ်းခရီးသည် မလွယ်ကူခဲ့ပေ။ သူတို့၏ မွေးရာပါရမီက ကန့်သတ်ချက်ရှိသဖြင့် သူတို့နှင့်အတူ မွေးဖွားလာသည့်အရာကို ပြောင်းလဲရန် ပို၍ပင် ခက်ခဲခဲ့၏။ သူတို့သည် ပထမဆုံးအကြိမ် နတ်ဘုရားအမွေအနှစ်အတွင်းသို့ ဝင်ခဲ့စဉ်က အခွင့်အရေးတစ်ခုကို ရရှိခဲ့ပြီး ယခုတွင် သူတို့သည် နတ်ဘုရားသင်္ချိုင်း၌ ထိုကဲ့သို့ ကောင်းမွန်သောအခွင့်အရေးတစ်ခုကို ထပ်မံ ရရှိခဲ့ကာ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့၏။

ရီဖူရှင်းအနေဖြင့် သူ၏မိတ်ဆွေဟောင်းများ၏ကျင့်ကြံခြင်းသည် ထိုကဲ့သို့သောအဆင့်အထိ တိုးတက်လာသည်ကို မည်သို့ မဝမ်းမြောက်ဘဲ နေမည်နည်း။

သူနှင့် အခြားသူအားလုံးသည် နတ်ဘုရားသင်္ချိုင်း ပြန်လည်ထွက်ပေါ်လာမှုနှင့် ကောင်းကင်နှင့် မြေကြီးအကြားရှိ ပြောင်းလဲမှုများသည် မူလဘုံတွင် အစပြုလိမ့်မည်ဟူသော ‌ရှေ့ဖြစ်ဟောကိန်းတို့အရ ခမ်းနားသော ခေတ်သစ်တစ်ခေတ် စတင်တော့မည်ကို ခံစားနေရပေသည်။ နတ်ဘုရားသင်္ချိုင်း၏ လောကကြီးအပေါ် သက်ရောက်မှုသည် ရိုးရှင်းမည်မဟုတ်ဘဲ မဟာအင်ပါယာများ၏ အမွေအနှစ်များနှင့်ပင် ပြီးဆုံးသွားမည်မဟုတ်ပေ။

အနာဂတ်တွင် အခြား မဟာအင်ပါယာများ ထွက်ပေါ်လာနိုင်ပြီး ထိုသူများသည် သူနှင့် ရင်းနှီးသူများသာ ဖြစ်ပါစေဟု ရီဖူရှင်း မျှော်လင့်နေမိပေသည်။

“ကျုပ်တို့က မဟာအင်ပါယာတွေရဲ့ အမွေအနှစ်နဲ့ ထိုက်တန်မှုရှိအောင် အကောင်းဆုံး ကြိုးစားလို့ပဲ ရပါတယ်”

ဓားသခင်လီဟန်က ပြန်ပြောသည်။ သူသည် သူ ယနေ့ရရှိခဲ့သော အရာနှင့်ပတ်သတ်၍ ခံစားချက်များ ရှုပ်ထွေးနေသည်။ ထိုအရာများသည် ရီဖူရှင်း မရှိလျှင် ဖြစ်မလာနိုင်ပေ။ ရီဖူရှင်း၏အကူအညီကြောင့်သာ မဟုတ်လျှင် သူတို့၏မွေးရာပါ ပါရမီကို ပြောင်းလဲနိုင်ရန် မဖြစ်နိုင်လုနီးပါးဖြစ်သည်။

သူတို့၏အခြေခံကို ပြန်လည်ပုံသွင်းပေးနိုင်သော ဆေးလုံး၏ အာနိသင်သည်ပင် အံ့အားသင့်စရာ‌ကောင်းသော အရာတစ်ခုဖြစ်သည်။ ပြင်ပ‌လောကရှိ ရန်ဟောင်ကျင့်ကြံသူမည်မျှသည် ထိုကဲ့သို့သော နတ်ဆေးလုံးများကို ရရှိနိုင်ရန် ကံကောင်းပေသနည်း။

ရီဖူရှင်း၏မိတ်ဆွေဟောင်း အချို့သာ ထိုသို့ကံကောင်းနိုင်ပေသည်။

“ဂုဏ်ပြုပါတယ်...”

သခင်ချန်သည် ရှေ့သို့လျှောက်လာ၍ ပြုံးကာ ပြောလိုက်၏။

“ဒါက မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးပဲ ဆိုပေမယ့် နတ်ဘုရားသင်္ချိုင်းက အမွေဆက်ခံရခဲ့တဲ့ မဟာအင်ပါယာရဲ့ ဝိညာဉ်စွမ်းအားက ထူးကဲတဲ့အရာပဲ။ နတ်ဓားသုံးချောင်းက မဟာအင်ပါယာတွေရဲ့ ဝိညာဉ်စွမ်းအားက ဖြစ်ပေါ်လာတာပဲ။ မဟာအင်ပါယာတွေရဲ့ ဝိညာဉ်စွမ်းအားကို အမွေမရထားတဲ့ သူတွေက ဒီအဆင့်မှာ မင်းတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး”

သူတို့အများစုသည် အားကျနေကြသဖြင့် သူတို့ အားမကျပါဟု ဆိုရန် မဖြစ်နိုင်ချေ။ ရေခဲနန်းတော်မှ ဓားနတ်မိမယ်နှင့် သူမ၏တပည့်များအပြင် ထိုက်ဟွာနတ်မိမယ်တို့သည် လက်ရှိတွင် စီဝေ့အင်ပါယာနန်း‌တော်၌ ကပ်ဘေးအဆင့်ရှိသော ကျင့်ကြံသူများစွာရှိနေပြီး မဟာအင်ပါယာများ၏ဝိညာဉ်စွမ်းအားကို ဆက်ခံရရှိခဲ့သူများလည်း ရှိနေကြောင်းကို သူမတို့ကိုယ်တိုင် မြင်ခဲ့ရသည်။ ထိုကဲ့သို့သောအခိုက်အတန့်တွင် သူမတို့ မည်သို့ခံစားနေရမည်ကို တွေးကြည့်ရန် မခက်ပေ။

သူမတို့အားလုံးသည် ရီဖူရှင်းကို ယခင်ကတည်းက သိရှိခဲ့ကြ၏။ တုန်းဟွာကုန်းမြေတွင် သူသည် တုန်းဟွာကုန်းမြေ၏ ကုန်းမြေသခင်နင်ယွမ်၏ အထင်သေးစွာဆက်ဆံမှုကို ခံခဲ့ရသည်။ ထိုစဉ်က တုန်းဟွာကုန်းမြေတွင် နင်ဟွာသည် နံပါတ်တစ်ပါရမီရှင်ဖြစ်သည်။ သူသည် ပြိုင်ဘက်မရှိဖြစ်ခဲ့ပြီး ရီဖူရှင်းကို သေစေလိုခဲ့၏။

ယခုတွင် နင်ဟွာမဆိုထားနှင့် နင်ယွမ်သည်ပင် သူတို့နှင့် ယှဉ်နိုင်ပါဦးမည်လော။

နင်ယွမ်သေဆုံးသွားသောအခါ သူတို့သည် များစွာမခံစားခဲ့ရချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အဆင့်မတူတော့သောကြောင့်ပင်။

စီဝေ့အင်ပါနန်းတော်တစ်ခုတည်းမှာပင် ကပ်ဘေးအဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်ရှိပေသည်။

ထိုအခြင်းအရာက သူတို့သည် အင်ပါယာအဆင့်အင်အားစုတစ်စု ဖြစ်လာမည့် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း ဖော်ပြနေသည်။

“နောက်ကျရင် မဟာအကြီးအကဲလည်း အခွင့်အရေးတစ်ခု ရလာမှာပါ”

ရီဖူရှင်းက ပြောသည်။

“ဒီနတ်ဘုရားသင်္ချိုင်းထဲမှာ အခွင့်အရေးတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် ကျုပ်တို့ အရမ်း ကျေနပ်ရောင့်ရဲနေလို့ မရဘူး။ ကျုပ်တို့တောင် မဟာအင်ပါယာဝိညာဉ်စွမ်းအားကို အမွေဆက်ခံနိုင်ရင် တခြားထိပ်သီးတွေလည်း ဆက်ခံနိုင်မှာပဲ။ ကျုပ်တို့ ကျင့်ကြံနေခဲ့တဲ့ ဒီရက်တွေအတွင်းမှာ တခြားကျင့်ကြံသူဘယ်‌လောက်များများက အခွင့်အရေးတွေရသွားပြီး မဟာအင်ပါယာဘယ်နှစ်ပါးရဲ့ ဝိညာဉ်စွမ်းအားတွေကို ရသွားပြီလဲဆိုတာ ဘယ်သူသိနိုင်မလဲ”

အားလုံး ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံခြင်းလောက၏ အင်အားသည် ပြောင်းလဲလာတော့ပေမည်။

“ကျုပ်တို့ ဒီက ထွက်သွားကြတာပေါ့။ ကျုပ်တို့ ဒီမှာ ကျင့်ကြံနေခဲ့တာ ကြာပြီဆိုတော့ နတ်ဘုရားသင်္ချိုင်းထဲမှာ တခြားကိစ္စတွေအများကြီး ဖြစ်နေလောက်ပြီ”

ရီဖူရှင်းက ပြောသည်။ ပြီးခဲ့သော လအနည်းငယ်အတွင်းတွင် သူတို့သည် ကိစ္စအများအပြားကို လွဲချော်ခဲ့ကြောင်း သေချာပေသည်။ သို့သော် ရီဖူရှင်းသည် ထိုကိစ္စအတွက် စိတ်ပြင်ဆင်ပြီးထားပြီဖြစ်သည်။ သူတို့အနေဖြင့် အခွင့်အရေးအားလုံးကို သူတို့တစ်ဖွဲ့တည်း မောင်ပိုင်စီးရန် မဖြစ်နိုင်ပေ။

သူသည် သူ့ဘေးမှ လူများ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်အောင် မဟာအင်ပါယာအဆင့် အခွင့်အရေးများကို ရရှိနိုင်သ၍ ကြိုးစားကြည့်ရန် ထိုက်တန်ပေသည်။

*****

ဤကျယ်ပြောသော ရှေးဟောင်းကုန်းမြေပေါ်တွင် ထူးဆန်း၊ အံ့ဩဖွယ်ကောင်းသော နေရာများစွာ ရှိ၏။

နေရာတစ်နေရာတွင် ရှေးဟောင်းအငွေ့အသက်တစ်ခုနှင့် ပြည့်နှက်နေလေသည်။ ထိုနေရာ အဝန်းအဝိုင်းတွင် တံခါးတစ်ချပ်ရှိပေသည်။ ထိုတံခါးသည် ရုပ်တုတစ်ခုပုံစံဖြင့် ရှိနေ၏။ ထိုရုပ်တုသည် ဧရာမနတ်ဆိုးနတ်ဘုရားတစ်ပါး၏ ရုပ်တုဖြစ်ပြီး သန့်စင်သောရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

ထိုရုပ်တုမှာ ရွှေတောင်ပံနတ်ငှက်ရုပ်တုဖြစ်သည်။ ဧရာမနတ်ငှက်ကြီးသည် ရှေးဟောင်းဂိတ်တံခါးတစ်ခုအဖြစ် ပြောင်းလဲနေခြင်းပင်။ သို့သော် ပတ်ဝန်းကျင်တွင် မည်သည့်အရာမှ မရှိချေ။ ၎င်းသည် တစ်ချိန်က ကိုယ်ပိုင်လောကတစ်ခု ဖြစ်ခဲ့သည့်ပုံပင်။ သို့သော် ယခုတွင် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် မျက်စိတစ်ဆုံး ခြောက်ကပ်နေလေသည်။

အဝါရောင်မြေပြင်တွင် ကျင့်ကြံသူများစွာ၏ ခြေရာများရှိနေ၏။ အဝေးတွင် ကမ္ဘာဦးခေတ်၏ ရှေးဟောင်းတောင်တန်းများကို မြင်နိုင်ပေသည်။

သို့သော် လူများစွာသည် ရုပ်တုအပြင်ဘက်တွင် ရပ်ကာ တုံ့ဆိုင်းနေကြပြီး ဆက်၍မသွားဝံ့ဖြစ်နေကြသည်။

သူတို့သည် အဝေးရှိ ရှေးဟောင်းမြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို တွေ့နေရ၏။ အမှန်တွင် ၎င်းတို့သည် အလောင်းများဟူ၍ပင် မသတ်မှတ်နိုင်တော့ပေ။ ၎င်းတို့သည် သက်ရှိများကို သတိပေးနေသော သွေးသံရဲရဲအသားစများဖြစ်သည်။

အတွင်းရှိ နေရာမှာ အန္တရာယ်နှင့် ပြည့်နှက်နေသည်။ ထိုနေရာအစွန်းပိုင်းတွင် ရပ်နေသည်ပင် အတွင်းမှ ထွက်ပေါ်လာသည့် အန္တရာယ်အရှိန်အဝါကို ခံစားနေနိုင်လေသည်။

အတွင်း၌ အသားစား ဧရာမမိစ္ဆာကြီးများ၊ ကြောက်မက်ဖွယ်သားရဲများနှင့် နေထိုင်သည်ဟု ဆိုကြလေသည်။ ၎င်းတို့ထဲမှ အချို့သည် ရွှေတောင်ပံနတ်ငှက်များဖြစ်သည်။

အတွင်းသို့ ခြေချဝံ့သူများထဲတွင် တော်တော်များများ သေဆုံးသွားခဲ့၏။ ပြီးခဲ့သော လအနည်းငယ်အတွင်း၌ ထိုနေရာသည် လွန်စွာအန္တရာယ်ကြီးသော ကန့်သတ်နယ်မြေတစ်ခုဖြစ်ခဲ့သည်။

သို့ဆိုလျှင်ပင် စွန့်စားလိုသူများ ရှိနေပေသေးသည်။

ထိုအချိန်တွင် လူအချို့သည် ဆက်၍ စိတ်မထိန်းနိုင်တော့ဘဲ အတွင်းသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့အားလုံးသည် လေပေါ်မှ ပျံ၍မဝင်ဘဲ မြေပေါ်မှသာ လမ်းလျှောက်၍ ဝင်သွားကြသည်။ လေကြောင်းလမ်းသည် ပို၍ထင်းထင်းလင်းလင်း ဖြစ်စေသဖြင့် ပို၍အန္တရာယ်များ၏။ သူတို့ကို ပျံသန်းနေသော နတ်ငှက်များက အလွယ်တကူ တွေ့ရှိသွားနိုင်လေသည်။

“အရင်က ဝင်သွားတဲ့ ထိပ်သီးတွေ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူသိလဲ”

တစ်နေရာရှိ တစ်စုံတစ်ယောက်က ပြောသည်။

သူတို့သည် အတွင်းသို့ ဝင်ရန် တုံ့ဆိုင်းနေသော်လည်း သူတို့မတိုင်ခင်က အတွင်းသို့ ဝင်သွားသော လွန်စွာစွမ်းအားကြီးသူများ ရှိကြောင်း သိကြပေသည်။ ယခုတွင် သူတို့၏ အရိပ်အယောင်ကို မမြင်ရတော့ချေ။ သူတို့သည် အမွေအနှစ်၏ နက်ရှိုင်းသောအပိုင်းသို့ ‌ရောက်ရှိသွားပြီဖြစ်ရပေမည်။

“သွားကြစို့...”

လူတစ်ယောက်သည် စိတ်မရှည်ဖြစ်လာပြီး အတွင်းသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားလိုက်၏။

ထိုမြင်ကွင်းသည် ပြီးခဲ့သော လအနည်းငယ်အတွင်း၌ ထပ်ခါထပ်ခါ မြင်နေရသော မြင်ကွင်းပင်။ လူများသည် ထိုသို့ လုပ်နေကြခြင်းမှာ ၎င်း၏ ပင်ကိုအန္တရာယ်ကြောင့်မဟုတ်ပေ။ ကောလာဟလများက ဤနေရာသည် ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ပိုင်ဆိုင်ခဲ့သော နယ်မြေတစ်ခုဖြစ်နိုင်သည်ဟု ဆိုကြသည်။

တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ကာရူရာအိမ်တော်သည် ရွှေတောင်ပံနတ်ငှက်၏ တော်ဝင်ကလန်ဖြစ်ပြီး ထိုအိမ်‌တော်မှ သူများ၏ သွေးကြောထဲတွင် ရွှေတောင်ပံနတ်ငှက်၏ သွေးများ စီဆင်းနေကြသည်ဟု ဆိုကြသည်။

ဒဏ္ဍာရီများအရ ကမ္ဘာဦးခေတ်တွင် ကာရူရာအိမ်တော်သည် အာဟာရအတွက် နတ်ဆိုးများကို အမဲလိုက်ခဲ့သည်။ ထို့ကြောင့် သူတို့သည် နတ်ဆိုးများ၏ သဘာဝရန်သူများဖြစ်သည်။

“ကာရူရာ...”

ထိုအချိန်တွင် ရုပ်တုအပြင်မှနေ၍ ကြောက်မက်ဖွယ် နတ်အလင်းများ တောက်ပနေသော မျက်လုံးများဖြင့် တစ်စုံတစ်ယောက်က ပြင်းပြသောဆန္ဒများဖြင့် အတွင်းသို့ ငေးကြည့်နေလေသည်။

သူ့အနောက်တွင် သူ့နောက်သို့ လိုက်လာသော ကျင့်ကြံသူတစ်စုရှိလေသည်။ ထိုလူများသည် ဗုဒ္ဓကုန်းမြေရှိ စွမ်အားအကြီးဆုံး ရှေးဟောင်းနတ်ဘုရားကလန်မှ လူများဖြစ်သည်။ သူတို့သည်  ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများဖြစ်သည်။

ဦးဆောင်လာသော ကျင့်ကြံသူ၏ မျက်လုံးများသည် နတ်အရောင်အဝါတစ်ခုဖြင့် တောက်ပနေ၏။ ၎င်းနတ်အရောင်အဝါသည် သူ၏ကိုယ်ပိုင်ဟု မထင်‌ရပေ။ သူ၏ စိတ်အားထက်သန်သော မျက်ဝန်းများသည် အတွင်းသို့ စိုက်ကြည့်နေ၏။ သူသည် နောက်ဆုံးတွင် ထူးကဲသော အမွေအနှစ်များရှိသည့် နေရာတစ်နေရာကို ရှာတွေ့ခဲ့ပေပြီ။ ဤနေရာသည် ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့ထဲက တစ်ဖွဲ့၏ ကာရူရာအိမ်တော်ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားများခေတ်တွင် ကာရူရာအိမ်တော်သည် စွမ်းအားကြီးကာ ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ သူတို့သည် နတ်ဆိုးများကို စားသုံးပြီး နတ်ဆိုးကလန်ကို ထိန်းချုပ်ထားရန် ကောင်းကင်လမ်းစဉ်၏ တာဝန်ပေးခြင်းကို ခံရသည်။ သူတို့သည် နတ်ဆိုးကလန်ကို နတ်ဆိုးချောက်ကမ်းပါးတွင် အကျည်းချခဲ့ပြီး သူတို့၏ ‌ထောင်မှူးများအဖြစ် ဆောင်ရွက်ခဲ့သည်။

နတ်ဆိုးကလန်မှ ကျင့်ကြံသူများသည် ကာရူရာအိမ်တော်ကို စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် မုန်းတီးပေသည်။ ထိုနှစ်ဘက်သည် ကမ္ဘာ့ရန်များ ဖြစ်လေသည်။

နတ်ဘုရားအဆုံးသတ် တိုက်ပွဲတွင် နတ်ဆိုးလောကသည် နတ်ဆိုးချောက်ကမ်းပါးမှ ဖောက်ထွက်ခဲ့ပြီး ထူးချွန်သူတစ်ဦးသည် နတ်ဆိုးအင်ပါယာအဖြစ် ထွက်ပေါ်လာခဲ့သည်။ သူသည် နတ်ဆိုးကလန်ကို ဦးဆောင်ခဲ့ပြီး ကာရူရာအိမ်တော်ကို ဖျက်ဆီးပစ်ကာ ကောင်းကင်လမ်းစဉ်ကို စစ်ကြေညာခဲ့သည်။

ထိုတိုက်ပွဲ မည်မျှ ကြောက်မက်ဖွယ်ကောင်းခဲ့သည်ကို ယနေ့အထိ မသိရှိနိုင်သေးပေ။

ယခုတွင် သူသည် မူလတိုက်ပွဲပြင်ကို တွေ့ခဲ့ပေပြီ။

“အထဲကို ဝင်မယ်...”

ကျင့်ကြံသူတစ်စုသည် အတွင်းသို့ ဝင်သွားကြကာ ဤရှေးဟောင်းနယ်မြေ၏ နက်ရှိုင်းသောနေရာသို့ စွန့်စားသွားလိုက်ကြလေသည်။

ဤနေရာတွင် မဟာအင်ပါယာတစ်ပါးထက်မက သေဆုံးခဲ့နိုင်ပေသည်။

ကောင်းကင်လမ်းစဉ်၏ စွမ်းအားကြီးတပ်ဖွဲ့ရှစ်ဖွဲ့အောက်မှ အိမ်တော်တစ်ခုစီတိုင်းတွင် မဟာအင်ပါယာတစ်ပါးတည်းသာ ရှိမည်မဟုတ်ချေ။

တစ်ချိန်တုန်းက အရှင်စီဝေ့၏ လက်အောက်တွင် မဟာအင်ပါယာများစွာ ရှိခဲ့ပေသည်။

ဤနေရာသည် လွန်စွာ အန္တရာယ်များသော်လည်း လူများသည် ဤနေရာသို့ လာနေကြဆဲဖြစ်သည်။ အန္တရာယ်များသောနေရာသည် သူတို့အတွက် ရှင်းပြ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေသကဲ့သို့ အတွင်းသို့ ဝင်သွားနေသော ကျင့်ကြံသူတန်းသည် ပြတ်သည်ဟူ၍ မရှိချေ။

ပို၍ အန္တရာယ်များလေလေ၊ ပို၍ ဆွဲဆောင်မှု ရှိလေလေဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် ရီဖူရှင်းတို့အုပ်စုလည်း ရောက်ရှိလာသည်။ ပြီးခဲ့သော ရက်အနည်းငယ် အတွင်းတွင် သူတို့သည် ကိစ္စများကို ကြုံတွေခဲ့ရပြီး၊ ကိစ္စများစွာကို ကြားခဲ့ရသည်။

တစ်စုံတစ်ယောက်သည် တပ်ဖွဲ့ရှစ်ဖွဲ့၏ အပျက်အစီးများကို တွေ့ရှိခဲ့ပြီဟု ကောလာဟလများက ဆိုကြသည်။ ဤနေရာသည် ထိုထဲမှ တစ်ခုဖြစ်နိုင်ပြီး တစ်ချိန်က ကာရူရာအိမ်တော် အုပ်စိုးခဲ့သည့် လောကအသေးတစ်ခုပင်ဖြစ်သည်။

ရီဖူရှင်းသည် အပြင်ဘက်တွင်ရပ်ကာ ရုပ်တုကို ကြည့်နေသည်။ နှစ်ပေါင်း မရေမတွက်နိုင်အောင် အိုဟောင်းနေသော ရုပ်တုမှ လွှမ်းမိုးအားကြီးသည့် ဝိညာဉ်စွမ်းအားကို ရီဖူရှင်း ခံစားရနေလေသည်။ ကောင်းကင်လမ်းစဉ်‌အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ကာရူရာအိမ်တော်သည် အတိတ်တွင် မည်မျှ စွမ်းအားကြီးခဲ့သနည်း။

ထိုအရာသည် ယနေ့ခေတ်တွင် မည်သူမှ မသိရှိနိုင်သော အရာတစ်ခု ဖြစ်နိုင်ပေသည်။

“သတိထား... အထဲက အရှိန်အဝါက အရမ်းအန္တရာယ်များတယ်”

ရီဖူရှင်းက အားလုံးကို သတိပေးလိုက်သည်။ သူသည် အဆင့်တစ်ခုအထိ ကျင့်ကြံပြီးပြီဖြစ်သဖြင့် သူ၏အာရုံခံနိုင်စွမ်းသည် အနည်းပို၍စူးရှပေသည်။ သူက အခြားသူများ အာရုံမခံနိုင်ခင်မှာပင် အန္တရာယ်အငွေ့အသက်ကို အာရုံခံနိုင်ပေသည်။

အားလုံးက ခေါင်းညိတ်ပြလိုက်ပြီး အထဲသို့ ဝင်သွားကြသည်။ သူတို့သည် အဝါရောင်သဲများပေါ်တွင် ရှေ့သို့ လျှောက်သွားနေကြပြီး မြေပေါ်တွင် အလောင်းတစ်ခုကို တွေ့လိုက်လေသည်။ အလောင်းသည် နတ်ဆိုးသားရဲအချို့၏ စားသောက်ခြင်းကို ခံထားရသကဲ့သို့ အပိုင်းပိုင်းဖြစ်နေကာ မြင်မကောင်း၊ ရှုမကောင်း ဖြစ်နေသည်။

သို့သော် ထိုအရာသည် သူတို့ကို ရှေ့သို့ ဆက်မသွားအောင် မတားနိုင်ပေ။ သူတို့အုပ်စုသည် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဆက်ဝင်သွားကြသည်။

ထိုနေရာသည် ဟင်းလင်းပြင်ဖြစ်ကာ ကျယ်ပြောပြီး ရှေးခေတ်က လောကတစ်ခု ဖြစ်နိုင်ပေသည်။ ဤနေရာသည် တပ်ဖွဲ့ရှစ်ဖွဲ့မှ တစ်ဖွဲ့၏နေရာဖြစ်ပြီး ထိုတပ်ဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်နိုင်လေသည်။

ထိုအခိုက်တွင် အထက်မှနေ၍ စူးရှသောအော်သံတစ်သံ ထွက်ပေါ်လာ၏။ ရီဖူရှင်းတို့အုပ်စုက မော့ကြည့်လိုက်ရာ အထက်တွင် ပျံဝဲနေသော ရွှေရောင်နတ်ငှက်တစ်ကောင်ကို တွေ့လိုက်ကြသည်။ သို့သော် ၎င်းကိုယ်ပေါ်ရှိ ရွှေရောင်နတ်အလင်းသည် အနည်းငယ် မှေးမှိန်နေပြီး ၎င်း၏မျက်လုံးများထဲမှ အကြည့်သည် အနည်းငယ် မူမမှန်သည့်ပုံပေါ်နေလေသည်။ ၎င်း၏အငွေ့အသက်သည် သူတို့ အမွေအနှစ်အတွင်းသို့ ပထမဆုံးဝင်ခဲ့စဉ်က ကြုံခဲ့ရသည့် နတ်သိမ်းငှက်နှင့် ဆင်တူပြီး ယနေ့ခေတ်အထိ ရှင်သန်နေခဲ့သော ရှေးဟောင်းသားရဲ အစစ်အမှန်တစ်ကောင်ကား မဟုတ်ပေ။

၎င်းသည်လည်း ယခင်က နတ်သိမ်းငှက်ကဲ့သို့ သက်ရှည်အင်ပါယာ သေဆုံးသွားပြီးနောက် ပြောင်းလဲသွားခဲ့သော မြက်စိမ်းဓားက ကာကွယ်ပေးထားခြင်းကဲ့သို့ အထူးအခြေအနေများကြောင့် ရှင်သန်ခဲ့ခြင်းဖြစ်သည်။

“သတိထား...”

ရီဖူရှင်းက ပြောသည်။

ထို့နောက်တွင် ရုတ်ခြည်းပင် ‌ရွှေတောင်ပံနတ်ငှက်သည် လူသားများကို သူ၏သားကောင်အဖြစ် ပစ်မှတ်ထားနေသကဲ့သို့ အောက်သို့ ပျံဆင်းလာ၏။ ၎င်းသည် တုံ့ဆိုင်းမှုတစ်ခုမှ မပြဘဲ ရီဖူရှင်းတို့အုပ်စုထံသို့ တန်းတန်းမတ်မတ် ပျံဆင်းလာပေသည်။

All Chapters