ထျန်ကျီးအရှင်၏ ကိုယ်အစစ်
Vol. 7 Ch. 88
ဘန်း
သစ်သားဓားနှစ်လက် မန်ဟို၏ခန္ဓာကိုယ်ကို တစ်ဆက်တည်း ထိုးဖောက်သွားသဖြင့် သွေးများ ဖွားခနဲ ပန်းထွက်ကုန်သည်။ မန်ဟို၏ အသက်စွမ်းအားမီးတောက်မှာ တဖြေးဖြေး မှေးမှိန်လာ၏။ သို့သော် သူ့ကိုယ် အတွင်းရှိ ဆွဲအားသည် တစ်ခါမှမကြုံဖူးသောအတိုင်းအတာတစ်ခုအထိ ကြီးထွားလာသည်။ ထိုဆွဲအားမှာ အလွန်အားကောင်းလွန်းသည့်အတွက် သူ့ပတ်ပတ်လည်က အရာရာတိုင်းကို စုပ်ယူနိုင်မည့်အလား ထင်ရသည်။ မည်သည့်အခက်အခဲအတားအဆီးပင်ရှိစေ၊ မည်သည့်အန္တရာယ်တွင်းထဲ ကျရောက်ပါစေ၊ မည်သည့်အရာကမှ သူ့ကို အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်မလာအောင် ဟန့်တားနိုင်ခြင်း မရှိပေ။
ထိုဆွဲငင်အားသည် မန်ဟို၏ မိန်းမောတွေဝေနေခြင်းအပေါ် သက်ရောက်နေဟန်တူသည်။ သူ၏စိတ်ကား အကန့်အသတ်မရှိ ကျယ်ပြန့်လာ၏။
မှီခိုရာဂိုဏ်းချုပ်က သူ့ကြည့်ပြီး ခပ်တိုးတိုးရေရွတ်သည်။ “ဒါက.... မိုးကောင်းကင်က ကံကြမ္မာကို လုယူနေတာပဲ”
ယခုလောလောဆယ်တွင် မန်ဟို၏ အစွမ်းထက်လိုသော စိတ်ဆန္ဒ၊ စဦးချီဖွဲ့စည်းမှုအဆင့် (၁၃) နှင့်ပတ်သက်သော ခေါင်းမာမှုသည် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် တစ်သားတည်းဖြစ်သွား၏။သူက မိုးကောင်းကင်မှ လုယူမည်။ သူ၏ အသက်စွမ်းအားကို ပြောင်းလဲရန် မိုးကောင်းကင်ကို ဆန့်ကျင်မည်။
ဆီမီးအိမ် ခုနှစ်လုံးမှ စိတ်ဝိညာဉ်စွမ်းအင်အလုံးစုံ မန်ဟို့ကိုယ်တွင်း စီးဝင်သွားသည်နှင့် မိုးခြိမ်းတမျှကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ စိတ်ဝိညာဥ်စွမ်းအင် သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာစဥ် ၄င်းသည် သူ၏ အဆင့်ကွာဟမှုကို တိုက်ခိုက်ချိုးဖျက်မည့် ဓားသွားဖြစ်လာသည်။
၄င်းက အမြုတေ ဖြစ်တည်မှု အဆင့် ကျင့်ကြံသူ၆ယောက်နှင့် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ တစ်ယောက်တို့၏ ပေါင်းစည်းထားသော စွမ်းအားဖြစ်သည်။ သို့သော် ယင်းက အစိတ်အပိုင်းတစ်ခုသာရှိသေးသည်။ သူ၏တိုက်ခိုက်မှုအတွက်အရေးကြီးဆုံး၊ တကယ့်အစစ်အမှန်အပိုင်းမှာ သူ၏ အစွမ်းထက်လိုသည့် ခိုင်မာသောဆန္ဒဖြစ်သည်။ ဤဆန္ဒသည် မိုးကောင်းကင်မှ ငြင်းပယ်ခဲ့သော စဦးချီဖွဲ့စည်းမှုအဆင့် (၁၃) နှင့် ကိုက်ညီသည်။ ဤသည်ကာ သူ၏ စဦးချီဖွဲ့စည်းမှုအဆင့် (၁၃) ကို ဖြစ်တည်စေသော အရာပင်။
ထစ်ချုန်းနေသည့်အလယ် အဆင့်ကွာဟချက် ပျက်ပြယ်သွားသည်။ ၄င်း ပျက်ပြယ်သွားသည့်အခိုက်အတန့်၌ မန်ဟိုသည် အတော်မသတ်နိုင်သော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် သန့်စင်ခံရပြီး သူ၏ကျင့်ကြံခြင်းအခြေခံ အဆင့် (၁၂ )မှ အဆင့် ( ၁၃) သို့ တက်သွားကြောင်း ခံစားလိုက်ရသည်။ သူကား ယခုတွင် ချီဖွဲ့စည်းမှုအဆင့်၏ မဟာစက်ဝန်းကို ပြီးမြောက်သွားသော ပထမဆုံးကျင့်ကြံသူ ဖြစ်လာခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် မန်ဟို့ကို ကျင့်ကြံအားထုတ်စေနိုင်သည့် ပင်ကိုယ်စွမ်းရည်သည် ရုတ်တရက် ပြောင်းလဲသွား၏။ ၄င်းဖြစ်ပျက်သွားခဲ့သည့် အသံ သို့မဟုတ် အရိပ်အယောင်တစ်ခုတလေမှ မရှိခဲ့ပေ။ မန်ဟိုပင်လျှင် စမ်းတဝါးဝါးသာ သတိထားမိ၏။ သို့သော် အပြင်လူတစ်ယောက် သူ၏လက်ရှိပင်ကိုစွမ်းရည်ကို အကဲခတ်ကြည့်လျှင် ယခင်ကကဲ့သို့ သာမန်မဟုတ်တော့ကြောင်း မြင်တွေ့ရပေမည်။ ရွေးချယ်ခံအဖြစ် မသတ်မှတ်နိုင်သည့်တိုင် သူ၏ပင်ကိုယ်စွမ်းရည်မှာ ယခုတွင် အဆများစွာမြင့်မားနေပြီဖြစ်သည်။
ရှေးယခင်အချိန်ကတည်းက မိမိ၏ပင်ကိုယ်စွမ်းရည်ကို ပြောင်းလဲနိုင်သူဟူ၍ ဘယ်သူမှမရှိခဲ့ပေ။ မည်သည့်ကောင်းကင်ပစ္စည်း၊ မည်သည့် မြေဓာတ်ရတနာတွင်မှ မိုးကောင်းကင်မှ သတ်မှတ်ထားသောကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းမရှိပေ။ သို့စေကာမူ ဤကနေ့ မန်ဟိုက ထိုသို့ပြုလုပ်ခဲ့လေပြီ။
သူသည် ရှေးယခင်မှစ၍ ယနေ့ထိတိုင်အောင် စဦးချီဖွဲ့စည်းမှုမဟာစက်ဝန်းကို ပြီးမြောက်ခဲ့သော ပထမဆုံးသူဖြစ်သည့်အပြင် ပင်ကိုစွမ်းရည်ကို ပထမဆုံးပြောင်းလဲနိုင်ခဲ့သူလည်းဖြစ်သည်။ ဤသည်မှာ အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်ရန် လမ်းစတစ်ခုပင်။
သူ စဦးချီဖွဲ့စည်းမှုမဟာစက်ဝန်းအဆင့်ကို ပြီးမြောက်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာဒဏ်ချက်များအားလုံး ချက်ချင်းပင် ပျောက်ကင်းသွားသည်။ စိတ်ဝိညာဉ်စွမ်းအင်အပြည့်ဖြင့် သူ၏ကိုယ်ခန္ဓာသည် အသစ် တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့လေပြီ။
မန်ဟို သူ့ဘာသူ အသစ်ပြန်လည်မွေးဖွားလာသည်ဟုပင် ဆိုနိုင်သည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားသည်။ ဝန်းရံနေသော စိတ်ဝိညာဥ်စွမ်းအင်များသည် မြေကြီးထဲသို့ ပြန်လည်စိမ့်ဝင်သွားကြ၏။ ယခုအချိန်တွင် သူသည် ချီဖွဲ့စည်းမှုမဟာစက်ဝန်းကို အောင်မြင်ပြီးဖြစ်၍ သူ၏ကိုယ်တွင်းရှိ ဆွဲငင်အားမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။
မှီခိုရာဂိုဏ်းချုပ်မှာ မန်ဟို၏အသွင်ပြောင်းလဲခြင်းကို မျက်စိနှစ်လုံးဖြင့် တပ်အပ်မြင်တွေ့နေရသဖြင့် ဆွံ့နေချေသည်။
ပို၍ပင် အံသြဖွယ်ကောင်းသေးသည်က မန်ဟိုက မျက်လုံးများ ဖွင့်ပြီးနောက် မီးအိမ်ခုနှစ်လုံးထဲမှ တစ်လုံးကို ညာလက်ဖြင့်ကောက်ယူလိုက်သည်။ ဤသည်မှာ ထျန်ကျီးအရှင်၏ အနုသုခုမရုပ်ခန္ဓာ ပါဝင်သောမီးအိမ်ပင်။ ။၄င်းကို ကောက်ပြီးနောက် သူသည် ချာခနဲလှည့်ပြီး အလင်းတန်းအသွင်ပြောင်းကာ ဝဲဂယက်ထွက်ပေါက်ထံ တဟုန်ထိုးဦးတည်သွားသည်။
“မင်း၊ မင်း၊မင်း... လောင်ပြီး သေမှာ မကြောက်ဘူးလား” မှီခိုရာဂိုဏ်းချုပ်မှာ တခဏ တွေတွေကြီး ကြောင်ကြည့်နေပြီးနောက် မန်ဟို ဝဲထဲဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း နောက်တစ်ဖန်ဆဲပြန်တော့သည်။
“ခွေးကောင်လေး။ အရှက်မရှိလိုက်တာ။ မင်းတို့ မိစ္ဆာချုပ်နှောင်ဂိုဏ်းကလူတွေ အားလုံး ခွေးကောင်တွေ။ အဆုံးစွန်ထိ အရှက်မရှိလိုက်တာ” သူက ဟိန်းဟောက်ကြိမ်းမောင်းရင်း ဒေါသတကြီး ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်နေတော့သည်။
မန်ဟို ထွက်ပေါက် ဖြတ်သွားသည်နှင့်တစ်ပြိုင်နက် သူ၏အနောက်ရှိ ကျင့်ကြံခြင်းဂူမှာ စတင်ပိတ်လာသည်။ သေခြင်းတရား၏အနံဆိုးများ တလှိုင်လှိုင်ထွက်နေသည့် လျင်မြန်စွာ စေ့လာနေသာ အက်ကြောင်းတစ်ကြောင်းသာ ကျန်ရစ်ခဲ့သည်။
တောင်ပိုင်းဒေသအတွင်း၊ ကျိုးပြည်၏အပြင်တွင် နယ်နိမိတ်ချင်းထိစပ်နေသော ထျန်ကျီးပြည်နယ်ရှိသည်။ ဤပြည်နယ်မှာ ကျိုးပြည်နှင့် သိပ်မကွာသော်လည်း ထိုပြည်နယ်သားများကတော့ အတော်လေးထူးဆန်းသည်။
ကျိုးပြည်က အရှေ့ဘက်နယ်မြေများကို အလေးအမြတ်ထားသည့်တိုင် ထျန်ကျီးပြည်ကတော့ မထားပေ။ သူတို့သည် ကြီးမြတ်သောတန်နိုင်ငံကို ဦးမညွှတ်ဘဲ မိုးကောင်းကင်၏လျှို့ဝှက်ဆန်းကြည်မှုများကို ကိုးကွယ်သည်။ ထို့ကြောင့် ထျန်ကျီးပြည်အတွင်းရှိ ဂိုဏ်းအားလုံးက ထျန်ကျီးဂိုဏ်းခွဲများ ဖြစ်နေချေသည်။
ထျန်ကျီးပြည်၏ လျှို့ဝှက်ဆန်းကြယ်သော အရှေ့ပိုင်းဒေသတွင် တွန့်လိမ်နေသောနဂါးများအလား ရှေနောက်ဆင့်နေသော တောင်သုံးလုံးရှိသည်။ တောင်ထိပ်တစ်ခုမှာ နဂါးနှစ်ကောင် ခေါင်းချင်းဆိုင်တိုက်ခိုက်နေသော ပုံပန်းသွင်ပြင်ရှိသည်။ ဤသည်က ထျန်ကျီးပြည်၏ အထွတ်အမြတ်နေရာပင်။ မြူခိုးများက တောင်ပတ်လည်တောက်လျှောက် ရစ်သိုင်းနေပြီး ထိုတောင်ထိပ်တွင် ခေါင်းလောင်းတစ်လုံးရှိသည်။ တစ်နှစ်လျှင် တစ်ကြိမ် ခေါင်းလောင်းသံ မြည်တတ်ပြီး ပဲ့တင်ထပ်သံများက သုံးရက်တိုင်တိုင် ရိုက်ခတ်နေမည်ဖြစ်သည်။
ခေါင်းလောင်းအောက်တွင် ခမ်းနားကြီးကျယ်သောအဆောက်အဦးအစုအဝေးတစ်ခုရှိသည်။ ဤသည်ကား....နိုင်ငံတွင် အင်အားအကြီးဆုံးဂိုဏ်း၊ ထျန်ကျီးဂိုဏ်းမှ လွဲ၍တခြားမဟုတ်ပေ။
ထျန်ကျီးဂိုဏ်း၏ ပင်မဂိတ်ထိပ်တွင် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်ယောက်ရှိသည်။ သူသည် အလွန်အိုမင်းနေပြီး တန်ခိုးရှင်တစ်ပါး၏ အမူအကျင့်ရှိသည်။ ထျန်ကျီးဂိုဏ်းသားများ၏ မှတ်ဉာဏ်များအရ သူ ထိုနေရာတွင် မလှုပ်မယှက် တရားထိုင်နေခဲ့သည်မှာ အလွန့်အလွန်ကြာခဲ့လေပြီ။ လေနှင့်မိုးများ သူ့ကို မည်မျှ တွန်းထိုးတိုက်ခတ်သည်ဖြစ်စေ၊ နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ၊ သူသည် ကျောက်တုံးကဲ့သို့ တုတ်တုတ်မလှုပ်ဘဲ ထိုင်မြဲထိုင်နေသည်။
ဂိုဏ်းသားအတော်များများမှာ သူဘယ်သူလဲပင် မသိကြပေ။ သူ ထျန်ကျီးခေါင်းလောင်းအောက်တွင် တင်ပျဥ်ခွေ၍ တရားထိုင်နေသည်ကို ထည့်တွက်လျှင် ဂိုဏ်း၏အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း သိသာသည်။ သို့ရာတွင် ဂိုဏ်း၏ အစွမ်းထက် ပညာရှင်များ သူ့ကို ကြည့်သည့်အချိန်တိုင်း သူတို့၏မျက်လုံးများသည် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေတတ်သည်။
ယခုလောလောဆယ်တွင် ထျန်ကျီးဂိုဏ်းမှာ ဂိုဏ်းသားများ၏ မရပ်မနားကျမ်းစာရွတ်ဖတ်သံများဖြင့် ကျွတ်ကျွတ်ညံနေသည်။ အသံသည် စီးမျောနေသည့် မမြင်ရသောအားတစ်ခုအဖြစ်ပြောင်းပြီးနောက် တဖြေးဖြေး ဝဲဂယက်ကဲ့သို့အရာမျိုးရှိဟန်တူသော တောင်ထိပ်တွင် စုစည်းလာ၏။ ဝဲက ကျမ်းစာရွတ်သံများ၏စွမ်းအားကို တဖြေးဖြေးစုပ်ယူပေမည်။
ဤသည်မှာ ကျင့်ကြံသူများသာ မြင်နိုင်သောအရာဖြစ်သည်။ ထျန်ကျီးဂိုဏ်းသားများ၏ကျမ်းစာရွတ်သံများ မြင့်တက်လာပြီးနောက် ထျန်ကျီးခေါင်းလောင်းအတွင်း စုစည်းသွားကြသည်။ အမှန်စင်စစ်အားဖြင့် ခေါင်းလောင်းမှာ ကျင့်ကြံသူများ၏ညကျမ်းစာရွတ်ဖတ်သံများတင်မဟုတ်ဘဲ တစ်ပြည်လုံးရှိ လူတိုင်း၏ဆုတောင်းသံများကို စုပ်ယူနေပုံရသည်။
ဤအခိုက်အတန့်တွင် ထျန်ကျီးခေါင်းလောင်းအောက်၌ ထာဝရထိုင်နေတော့မည်ဟု ထင်ရသော အဘိုးကြီးမှာ တဆတ်ဆတ်တုန်လာပြီး သွေးတစ်ပွက်အန်လိုက်သည်။ ရုတ်တရက် ခေါင်းလောင်းသံသည် မိုးကောင်းကင်အထိ ပဲ့တင်ထပ်သွားပြီး ထျန်ကျီးတစ်ပြည်လုံး ရိုက်ခတ်မြည်ဟည်းသွားသည်။
ထျန်ကျီးဂိုဏ်းအတွင်းရှိ ဂိုဏ်းသားများ တုန်လှုပ်သွား၏။ ဂိုဏ်းအကြီးအကဲများနှင့် အစွမ်းထက်ပညာရှင်များ တရားထိုင်နေရာမှ ချက်ချင်း မျက်လုံးများဖွင့်လိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် အလင်းတန်းအသွင်ပြောင်းရင်း ထျန်ကျီးခေါင်းလောင်းထံ ဦးတည်လာကြ၏။
သူတို့ ရောက်ရှိလါသောအခါ မျက်လုံးများဝိုင်းစက်ပြူးကျယ်လျက် မလှုပ်မယှက်ထိုင်နေသော အနက်ရောင်ဝတ်ရုံနှင့်အဘိုးကြီးကို မြင်လိုက်ကြသည်။
“ဂါဝရပြုပါတယ် ဂိုဏ်းချုပ်”
“ဂိုဏ်းချုပ် နေထိုင်ကောင်းပါရဲ့လား” ကျင််ကြံသူအမြောက်အမြား သူ့ကိုလေးလေးစားစား လက်ယှက်အရိုအသေပေးရင်း ဝိုင်းအုံလာကြသည်။
အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီ၏မျက်လုံးများမှ လျှပ်စီးကဲ့သို့ ဖျတ်ခနဲလက်သွားသည်။ သူ၏ဘယ်ဘက်မျက်ဆံမှာ စူးရှသောအလင်းဖြင့် တောက်ပလာပြီး နေအသွင်ရှိသည်။ သူ၏ညာဘက်မျက်ဆံမှာ မှောင်မိုက်မှုကို ထုတ်လွှတ်နေပြီး လခြမ်းကွေးနှင့်တူသည်။ မျက်ဆံနှစ်ခုလုံး လုံးဝကွဲပြားနေ၏။ ဤလူကို တစ်ချက်ကြည့်လိုက်သည်နှင့် သင် သူ့ကို ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။
သူ့မျက်လုံးများ ဖွင့်လိုက်သောအခါ မျက်ခုံးနှစ်ဖက်အကြားရှိ နေရာမှာ ကွဲသွားပြီး နောက်ထပ်မျက််လုံးတစ်လုံး ထွက်ပေါ်လာသည််။ သို့သော် ထိုမျက်လုံးကို တခြားသူများ မမြင်နိုင်ပေ။ စောင့်ကြည့်နေသူတစ်ယောက် မြင်ရမည့်တစ်ခုတည်းသောအရာမှာ သွေးနီရောင်အလင်းစက်လုံးသာဖြစ်သည်။ သူ့အပေါ်တွင် မိုးကြိုးတိမ်တိုက်များ စတင်စုဝေးလာပြီး ခပ်ကြမ်းကြမ်းလေပြင်းတစ်ချက် တိုက်ခတ်လာသည်။
“မှီခိုရာဂိုဏ်းချုပ်။ မင်းငါ့ကိုယ်ပွားကို ဖျက်ဆီးပြီး ငါ့စေတနာကို ငြင်းဆန်ခဲ့တယ်။ မင်း...မင်းသေပြီသာမှတ်။ ငါတစ်ယောက်ထဲ လှည့်ကွက်တွေရှိတာမဟုတ်ဘူး။ မင်းမှာ ဘာနောက်ခံရှိလို့လဲ၊ မဖြစ်စလောက် စိတ်ဝိညာဥ်ခွဲထွက်ခြင်းလား။ မင်းတကယ်ပဲ အင်မိုတယ်လီရဲ့ဒေါသကို ဆွရဲတယ်ပေါ့လေ” အဘိုးကြီးမျက်နှာကား တင်းမာခက်ထန်နေ၏။ သူက မြေကြီးပေါ်သို့ လက်ဝါးဖြင့်ရိုက်ချလိုက်ရာ တောင်ထိပ်တစ်ခုလုံး တသိမ့်သိမ့်လှုပ်ခါသွားသည်။ လှိုင်းဂယက်များက မြေပြင်ကို လှုပ်ရမ်းပစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများမှာ အထိတ်တလန့်နောက်ဆုတ်သွားကြတော့သည်။
တောင်ကြီး စတင်တုန်ခါလာသည့်အချိန်မှာပင် ထျန်ကျီးခေါင်းလောင်းသံ ထွက်ပေါ်လာပြီး လေထဲလွင့်ပျံ့သွား၏။ ခေါင်းလောင်းပတ်လည်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ တဖျပ်ဖျပ်လင်းလက်ရင်း ပျံသန်းလွင့်မျောနေကြသည်။ အလင်းရောင်မှာ မျက်စိကန်းမတတ်ဖြစ်ပြီး ထျန်ကျီးတစ်ပြည်လုံး ပြန့်ကျက်လာသည်။
“မိစ္ဆာနတ်ဆိုးစွမ်းအားတွေ ဆင်းသက်လာနေပြီ။ ဒါက ငါတို့ဘိုးဘေးတွေ ကြိုတင်ဟောခဲ့တဲ့အတိုင်းပဲ။ ဒါက ကောင်းကင်နှင့် မြေကြီးအတွက် ကပ်ဆိုးဖြစ်ပေမယ့် ငါတို့ ထျန်ကျီး မြင့်မားတိုးတက်ဖို့အတွက်လဲ အခွင့်အရေးဖြစ်တယ်။ ငါ့ရဲ့ အနုသုခုမ ရုပ်ခန္ဓာကိုပြန်ယူပြီးတော့ မှီခိုရာဂိုဏ်းချုပ်က ထောင်လွှားနိုင်ဦးမလား ကြည့်ကြသေးတာပေါ့”
ဟုတ်ပါသည်။ ဤဝတ်ရုံနက်နှင့်လူမှာ ထျန်ကျီးအရှင်ကလွဲ၍ တခြားမဟုတ်ပေ။ သူ၏ကိုယ်ပွားမှာ မှီခိုရာဂိုဏ်းချုပ်၏ဝါးမြိုခြင်းခံခဲ့ရ၍ ဤသည်မှာတော့ သူ၏ကိုယ်အစစ်ဖြစ်သည်။ သူက စကားပြောနေရင်း ထရပ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ သူသည် ဧရာမထျန်ကျီးခေါင်းလောင်းကြီးကို ဆတ်ခနဲယူပြီးနောက် ရောင်စုံသက်တန့်တစ်ခုအသွင်ပြောင်းကာ အသတ်အဖြတ်စိတ်ဆန္ဒထုတ်လွှတ်ရင်း ကျိုးပြည်သို့ ထွက်သွားသည်။
ထိုအချိန်၊ ကျိုးပြည်ရှိ ဖုန်းဟန်ဂိုဏ်း ၏ဘိုးဘေးခန်းမဆောင်အတွင်း၌ တဝီဝီမြည်နေသောအသံတစ်သံ ကြားနိုင်သည်။ တာဝန်ကျဂိုဏ်းသားက ထူးဆန်းသောမျက်နှာအမူအရာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ သူ အထဲသို့ကြည့်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တုန်ယင်လာပြီး အံသြကြောက်လန့်နေသော အရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်၌ ပေါ်လာသည်။
ဘိုးဘေးခန်းမအတွင်း၌ ဂိုဏ်းကျင့်ကြံသူအသီးသီး၏ အသက်ကိုယ်စားပြုကျောက်စိမ်းပြားအား သပ်သပ်ရပ်စီရီထားသည်။ ရုတ်တရက် ဂိုဏ်း၏ အမြုတေဖြစ်တည်မှု အဆင့်ကျင့်ကြံသူဂိုဏ်းချုပ်နှင့်အတူ အကြီးအကဲထိုက်ရှန်၏ အသက်ကိုယ်စားပြုအပြားများ အက်ကွဲပြီး ကျိုးကြေသွားသည်။
ဤသည်ကား အမြုတေဖြစ်တည်မှုဂိုဏ်းချုပ်နှင့် အကြီးအကဲထိုက်ရှန် သေဆုံးခဲ့ပြီဟု ဆိုလိုလေသည်။
ထိုမျှသာမက ချီအခြေတည်အဆင့် ကျင့်ကြံသူအကြီးအကဲများ၏ အသက်ကိုယ်စားပြုအပြားများလည်း ကွဲကြေကုန်ကြသည်။ ဤသို့ဖြစ်ပျက်သွားသောအခါ တာဝန်ကျဂိုဏ်းသား တုန်လှုပ်သွား၏။ သူကား မယုံကြည်နိုင်ဖြစ်နေချေသည်။
အမြုတေဖြစ်တည်မှုအဆင့်ဂိုဏ်းချုပ် အခြားသူများနှင့် ထွက်ခွာသွားသောအခါ ဂိုဏ်းကိုစောင့်ရှောက်ရန် ချီအခြေတည်အဆင့်အကြီးအကဲတစ်ဦး ထားရစ်ခဲ့သည်။ ထိုလူ သတင်းကိုကြားသောအခါ မျက်နှာဖြူဆုပ်သွားပြီး မည်သူ့ကိုမှ မပြောရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ဂိုဏ်းတွင် ဤကဲ့သို့ဖြစ်လာလျှင်၊ အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်းအသတ်ခံရလျှင် ကပ်ဆိုးမိုးမှောင်ကျတော့မည်ကို သူသိသည်။ ၄င်းက တစ်ဂိုဏ်းလုံး၏ပျက်စီးမှုကို ဦးတည်လောက်သည်။ ချီအခြေတည်အဆင့်ကျင့်ကြံသူများအားလုံးနီးပါး သုတ်သင်ခံလိုက်ရခြင်းက ချက်ချင်း ပျက်သုဥ်းခြင်းကိုသာ ဆိုက်ရောက်သွားမည်ဖြစ်သည်။
“မှီခိုရာဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းနယ်မြေမှာ ဘာတွေဖြစ်ပျက်သွားတာလဲ ချီအခြေတည်အဆင့်အကြီးအကဲသည် ချက်ချင်းပင် စဦးချီဖွဲ့စည်းမှုဂိုဏ်းသားအဖွဲ့တစ်ဖွဲ့စုစည်းပြီး မှီခိုရာဂိုဏ်းသို့ လွှတ်လိုက်သည်။
ထို့နောက် သူ့မှာ စိတ်တည်ငြိမ်အောင်ကြိုးစားရင်း နှစ်ပေါင်းရာချီအသုံးမပြုခဲ့ရသော အထူးဦးချိုတစ်ခု ထုတ်လိုက်သည်။
ဤဦးချိုတွင် နာမည်ရှိသည်။ တာအိုဦးချို။
တာအိုဦးချိုမှ ထွက်ပေါ်လာသောအသံက ဂိုဏ်း၏တာအိုအစောင့်ကို နိုးထစေမည်။
မျိုးနွယ်စုနှင့် ဂိုဏ်းတိုင်းတွင် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းခဲ့သော တာအိုအစောင့်များရှိသည်။ ဂိုဏ်းကြီးသုံးဂိုဏ်းအတွက် သူတို့၏ တာအိုအစောင့်သည် အနုသုခုမရုပ်ခန္ဓာအဆင့်ရောက်ရန် ရှုံးနိမ့်ခဲ့သော်လည်း အနုသုခုမရုပ်ခန္ဓာ အတုအခြေအနေတွင် မြောနေခြင်းဖြင့် သေခြင်းကို ရွှေ့ဆိုင်းထားသည့် ဂိုဏ်းချုပ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမည်။ သူတို့သာလျှင် ဆိုက်ရောက်လာတော့မည့် ကပ်ဘေးကြောင့် ဖြစ်ပေါ်လာမည့် ထိတ်လန့်မှုများကို နှိမ်နင်းနိုင်မည်ဖြစ်သည်။
ဦးချိုမှအသံ ဖုန်းဟန်ဂိုဏ်းတွင် မြည်ဟည်းသွားသောအခါ ထိပ်တန်းလျှို့ဝှက်ကျင့်ကြံခြင်းဂူတစ်လုံးထဲတွင်ဘတင်ပျဥ်ခွေထိုင်နေသော ရွတ်တွခြောက်ကပ်နေသည့် အဘိုးကြီးတစ်ယောက်၏နားထဲ ရောက်သွားသည်။ သူ့မှာ လူသေနှင့်တူသည့်အပြင် သူ့ကိုယ်ခန္ဓာမှာလည်း အရိုးပေါ်အရေတင် ဖြစ်နေသည်။ သို့သော် ဦးချိုမှုတ်သံကိုကြားသောအခါ သူ၏ မျက်လုံးများပွင့်လာသည်။
သူ၏ စိတ်ဝိညာဉ်အာရုံမှာ ချက်ချင်းပင် ထွက်ပေါ်လာပြီး ဖုန်းဟန်ဂိုဏ်းတစ်ခုလုံးလွှမ်းခြုံသွားသည်။ ၄င်း ချီအခြေတည်အဆင့်ကျင့်ကြံသူကိုယ်ထဲ ဝင်ရောက်လာသောအခါ ထိုလူ၏တစ်ကိုယ်လုံး တုန်ရီလာပြီး နာကျင်နေသောအရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ သူ့မှာ သူ့ကိုဖျက်စီးပစ်တော့မည့်အလား ထင်ရသည့် ပြင်းထန်သော စွမ်းအားကြီးအား ခံစားနေရသည်။ ဤသည်မှ သူ၏မှတ်ဉာဏ်များကို မွှေနှောက်ရန် အသုံးပြုခြင်းခံနေရသည့် စိတ်ဝိညာဥ်အာရုံပင်။
အချိန်အနည်းငယ်ကြာသော် စိတ်ဝိညာဉ်အာရုံ ထွက်သွားပြီး ချီအခြေတည်အဆင့်ကျင့်ကြံသူမှာ မောဟိုက်ပင်ပန်းစွာအသက်ရှူရင်း မြေပေါ်ပုံရက်သား လဲကျသွားသည်။ သူ၏ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး သူ၏မျက်နှာလည်း ဖြူဆုတ်နေသည်။ သူသာ ချီအခြေတည်အဆင့် ကျင့်ကြံသူမဟုတ်ခဲ့လျှင် စောစောက မှတ်ဉာဏ်ရှာဖွေခြင်းမှာ သူ့ကို အသေသတ်သွားခဲ့မည်ဖြစ်ကြောင်း သူသိလေသည်။
နက်နဲသိမ်မွေ့သောအသံကြီးတစ်သံ ဖုန်းဟန်ဂိုဏ်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ “ငါ့ရဲ့ အေးခဲကျောက်စိမ်းကို ယူပြီး မှီခိုရာဂိုဏ်းတစ်ဝိုက်က တောင်တွေကို ချိတ်ပိတ်လိုက်။ ဘယ်သူမှ အဲ့ဒီ့နေရာကနေ ထွက်မသွားစေနဲ့။ ငါ နောက်နာရီအနည်းငယ်ကြာရင် နိုးလာလိမ့်မယ်။ အဲ့ဒီအချိန်အတောအတွင်း မင်း သဲလွန်စတွေကို ရှာထား” ချီအခြေတည်အဆင့် ကျင့်ကြံသူမှာ လူးလဲထရင်း လက်နှစ်ဖက်ကို ယှက်ကာ လေးလေးစားစား ဦးညွှတ်လိုက်သည်။
အပြာရောင်ရေခဲကျောက်စိမ်းတစ်ခု သူ့လက်ထဲသို့ ပျံဝဲရောက်ရှိလာသည်။
အလားတူအဖြစ်အပျက်မှာ ချွိရွှယ်ဂိုဏ်း နှင့်ဖန်းယဲ့ဂိုဏ်း တွင်လည်း ဖြစ်သွားခဲ့သည်။ သူတို့၏ ခေါင်းဆောင်များနှင့် အကြီးအကဲများ၏ အသက်ကျောက်စိမ်းပြားများကျိုးကြေကုန်သောအခါ သူတို့အားလုံး သူတို့ဂိုဏ်း၏ တာအို စောင့်ရှောက်သူများကို ဆင့်ခေါ်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် ကျိုးပြည်၏ ကျင့်ကြံခြင်းလောကတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားလေပြီ။
***