← Chapters

နတ်ဆိုးအရိပ်

Vol. 187 Ch. 2673

နတ်ဆိုးအရိပ်

Vol. 187 Ch. 2673

ချန်ယိက ရှေ့မှ ဦးဆောင်လိုက်သည်။ တောက်ပသောအလင်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး သူတို့ထံသို့ ဆင်းသက်လာသည့် ရွှေရောင်နတ်ငှက်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ ရုတ်ခြည်းပင် နတ်ငှက်၏ခန္ဓာကိုယ်သည် အပိုင်းပိုင်းပြတ်သွားပြီး များစွာသော အလင်းအစက်အပျောက်လေးများ အဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေတော့သည်။

သူ၏လှုပ်ရှားမှုများသည် ယခင်ကကဲ့သို့ပင် လျင်မြန်ပေသေးသည်။ အလင်းအလျင်သည် ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလေသည်။

“ဒီငှက်က စွမ်းအားသိပ်မကြီးတာလား... ဒါမှမဟုတ် ဉာဏ်နည်းတာပဲလား”

ချန်ယိက သူ့နေရာသို့ ပြန်သွား၍ မှတ်ချက်ပြုလိုက်သည်။

“သူ့ရဲ့မျက်လုံးတွေက မူမမှန်ဘူး... သူက စိတ်ဓာတ်ပျက်ပြားနေတဲ့ပုံပဲ။ ဒီအမွေအနှစ်ထဲက မကောင်းဆိုးဝါးက ပရမ်းပတာဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဒီနေရာက နတ်ဆိုးသားရဲတွေကို ပြန်အသက်မသွင်းခင် အသိစိတ်မရှိအောင် လုပ်ထားသလိုပဲ”

ဟွာချင်းချင်း ပြောသည်။ အားလုံးက ခေါင်းညိတ်လိုက်ပြီး သူမပြောသည်မှာ ဖြစ်နိုင်ကြောင်း တွေးလိုက်လေသည်။

ဤတိုက်ပွဲပြင်သည် အမှန်ပင် ပြင်းထန်သော တိုက်ပွဲများဖြစ်ခဲ့သော တိုက်ပွဲပြင်ဖြစ်နိုင်ပေသည်။ ဤနေရာတွင် အင်ပါယာအဆင့် ကျင့်ကြံသူများ အသက်ဆုံးရှုံးခဲ့နိုင်သည်။ သူတို့သည် သေဆုံးသွားပြီး သူတို့၏ဝိညာဉ်စွမ်းအားများမှာ ပျက်စီးသွားခဲ့ပြီဖြစ်သော်လည်း ဝိညာဉ်စွမ်းအား အားလုံး မပျက်စီးသေးသည်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ပရမ်းပတာဝိညာဉ်စွမ်းအားတစ်ခု မွေးဖွားလာခြင်းပင်။

သူတို့အုပ်စုက ရှေ့သို့ ဆက်သွားနေကြသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ထိုကဲ့သို့ တူညီသောအခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ရပြီး အမွေအနှစ်အတွင်းသို့ ဝင်သွားခဲ့ပြီး ဤနေရာတွင် အသတ်ခံလိုက်ရသည့် ကျင့်ကြံသူများ၏ အလောင်းများစွာကို တွေ့ခဲ့ရသည်။ သူတို့သည် ထိုရွှေ‌ရောင်နတ်ငှက်များ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်နိုင်ပေသည်။

သို့သော် ကာရူရာအိမ်တော်၏ ပျံ့နှံ့နေသော ဝိညာဉ်များသည် သူတို့၏လမ်းကို မပိတ်ဆို့နိုင်ချေ။ သူတို့သည် အံ့အားသင့်ဖွယ်အရှိန်ဖြင့် ဤနယ်မြေကို ဖြတ်သန်းနေသည်။ ဤအမွေအနှစ်နယ်မြေသည် မည်မျှ ကြီးမားကြောင်း မသိရပေ။ ထို့အပြင် သူတို့ရှေ့မှ ဝင်သွားသော လူများစွာလည်း ရှိပေသည်။ သူတို့သည် မည်သည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမှ မသိပေ။

“ကိုယ့်ကိုယ်ကို ဂရုစိုက်ကြ...”

ရီဖူရှင်းက ပြောသည်။ သူ့အရှေ့တွင် လွန်စွာ အန္တရာယ်များသော အရှိန်အဝါတစ်ခုရှိကြောင်း သူသတိပြုမိခဲ့သည်။

“အားကောင်းတဲ့ နတ်ဆိုးအရှိန်အဝါနဲ့ သေခြင်းတရားအငွေ့အသက်ပဲ”

တစ်စုံတစ်ယောက်ကလည်း ထိုအရှိန်အဝါကို ခံစားလိုက်ရပေသည်။

သူတို့ရှေ့သို့ ဆက်သွားလိုက်သောအခါ သူတို့သည် အရှေ့ရှိ ကြီးမားသော တောင်တန်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုတောင်တန်းတစ်ဝိုက်တွင် နတ်ဆိုးသားရဲများစွာကို မြင်ရပြီး ၎င်းတို့အကြားတွင် စွမ်းအားကြီးမိစ္ဆာများစွာလည်း ရှိပေသည်။ ၎င်းတို့သည် နတ်ငှက်များက အုပ်စိုးသော နတ်ဆိုးသားရဲအုပ်စုဖြစ်နိုင်၏။ ထို့အပြင် ကောင်းကင်ထက်တွင်လည်း စွမ်းအားကြီးနတ်ငှက်အချို့သည် ပျံဝဲနေကြသည်။

ရီဖူရှင်းသည် သူ၏ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ထိုကျယ်ပြောသော တောင်တန်းနေရာသည် ကျယ်ပြန့်ရုံသာမက မြင့်မားကြောင်းကိုလည်း သိလိုက်၏။ သူတို့‌ ရှေ့သို့ဆက်သွားလိုလျှင် ၎င်းတောင်တန်းကိုဖြတ်ကျော်၍ သွားမှာသာ ရပေမည်။ ကွေ့ပတ်သွားရန် လမ်းမရှိပေ။

“သွားကြစို့...”

ရီဖူရှင်းက တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်ပြီး ရှေ့ရှိ တောင်တန်းဆီသို့ ဦးတည်သွားလိုက်လေသည်။ ဤကျယ်ပြန့်သော အဆုံးမဲ့ တောင်တန်းနေရာတွင် သူတို့အုပ်စုသည် လွန်စွာသေးငယ်ကာ မထင်မရှားဖြစ်နေပုံပေါ်၏။

ညှိုးငယ်ခြောက်ကပ်သော အရှိန်အဝါနှင့် သေခြင်းတရားအငွေ့အသက်တို့သည် အရာအားလုံးကို ထွင်းဖောက်နေပြီး နတ်ဆိုးသားရဲများစွာသည် သူတို့ကို ကြည့်နေကြလေသည်။

၎င်းတို့၏ မျက်လုံးများအတွင်း၌ သွေးဆာနေသော အရိပ်အယောင်များရှိနေပြီး ၎င်းတို့သည် လိပ်ပြာဝိညာဉ်မရှိသကဲ့သို့ ဖြစ်နေသည်။ သို့သော် ၎င်းတို့ကို ၎င်းတို့၏သွေးဆာမှုက လမ်းညွှန်နေသည်။

“ကျုပ်တို့ ဒါကို အသုံးချပြီး စမ်းကြည့်နိုင်တယ်”

တစ်စုံတစ်ယောက်က ပြောလိုက်၏။ လူတစ်စုသည် ရှေ့သို့ထွက်လာကာ တိုက်ပွဲထဲတွင် ပါဝင်လိုက်သည်။

ချန်ယိ၏အမြန်နှုန်းမှာ အလျင်မြန်ဆုံးဖြစ်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရှေ့သို့ လျင်မြန်စွာ ပျံထွက်သွား၏။ သူဖြတ်သန်းသွားရာတစ်လျှောက်တွင် အလင်းတောက်ပသွားပြီး နတ်ဆိုးသားရဲများသည် အဆက်မပြတ် အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။

နောက်ထပ် တိုက်ခိုက်လိုက်သူများမှာ ရီဝူချင်း၊ ရာရာနှင့် ဓားသခင်လီဟန်တို့ဖြစ်သည်။ သူတို့သည် မကြာသေးခင်ကပင် ဓားအင်ပါယာသုံးပါး၏ ဓားဝိညာဉ်စွမ်းအားများကို အမွေဆက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူတို့သည် သူတို့၏စွမ်းအားအစစ်များကို စမ်းသပ်လိုနေသည်။ ယခုတွင် သူတို့အတွက် သတ်စရာ သားရဲတစ်စုရှိနေပေရာ သူတို့သည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မည်သို့လက်လွတ်ခံနိုင်မည်နည်း။

ရီဝူချင်း၏ဓားသည် လျင်မြန်ကာ လွှမ်းမိုးအားကြီးပြီး လွန်စွာခက်ထန်ပေသည်။ သူ၏ဓားဖြတ်သန်းသွားသောနေရာတိုင်းတွင် ထိုနတ်ဆိုးသားရဲများ၏ ခန္ဓာကိုယ်များ အပိုင်းပိုင်းပြတ်သွား၏။ ရာရာသည် သူမနှင့်အတူ ဓားဝင်္ကပါကို သယ်ဆောင်သွားပြီး ဓားဝင်္ကပါမှနေ၍ မရေမတွက်နိုင်အောင်များပြားသော နတ်အလင်းများ ဖြာကျလာကာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ဓားသခင်လီဟန်၏ဓားမှာမူ လိပ်ပြာခွဲဓားဖြစ်သည်။ သူ၏ဓားကျဆင်းလာသောအခါ ထိုသားရဲများသည် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွား၏။ ၎င်းတို့၏ ကျန်ရှိနေသော ဝိညာဉ်စွမ်းအားများလည်း ချက်ချင်း ပျက်စီးပျောက်ကွယ်သွားသည်။

ကျင့်ကြံသူအားလုံးတိုက်ခိုက်နေစဉ်တွင် ရီဖူရှင်းသည် သူတို့၏နောက်၌ပင် နေခဲ့၏။ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထား၏။ သူပြောသည်။

“အားလုံး ‌ရှေ့ဆက်သွားကြပါ... ကျုပ် နောက်ကနေပြီး ကာကွယ်ပေးထားပါမယ်”

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့အနောက်တွင် ရီဖူရှင်း ကာကွယ်ပေးနေလျှင် သူတို့သည် အရှေ့မှ တိုက်ခိုက်မှုများအပေါ် ယုံကြည်မှုရှိရှိ အာရုံစိုက်နိုင်ပေလိမ့်မည်။

သူတို့အားလုံးသည် တောင်တန်း အတွင်းပိုင်းသို့ ဆက်ဝင်သွားကြသည်။ သူတို့ထံသို့ ရောက်လာကြသော သားရဲများ၏ အင်အားသည် ကွဲပြားပေသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ပြိုင်ဘက်ကို သူတို့နှင့်ကိုက်ညီအောင် ရွေးချယ်နေရသည်။

သခင်ချန်နှင့် ဟွာဂျီယူတို့သည် သူတို့၏ ဘေးနှစ်ဖက်ကို ကာကွယ်ပေးထားပြီး ဂူတုံးလျှိုနှင့် ချန်ယိတို့သည် ရှေ့ဘက်မှ ကာကွယ်ပေးထားသည်။

ဟွာချင်းချင်း၏ အရှိန်အဝါသည်လည်း အံ့အားသင့်ဖွယ်ကောင်း၏။ သူမကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းတောက်ပနေပြီး နတ်ဆိုးသားရဲများသည် သူမကို တိုက်ခိုက်လိုနေကြသည်။ သို့သော် ၎င်းတို့သာ ဗုဒ္ဓအလင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ ၎င်းတို့၏ ရန်လိုမှုများ လွင့်ပါးသွားပြီး ၎င်းတို့သည် မြေပေါ်တွင် တိတ်တဆိတ် လဲကျသွားကြကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြလေသည်။ သူမသည် ထိုစွမ်းရည်ကြောင့် ကျင့်ကြံသူအားလုံးအကြားတွင် သက်သက်သာသာ ဖြစ်နေသည်။

သခင်ချန်၊ ကျွင်း၊ သိမ်းငှက်လေးနှင့် စီဖုန်းတို့သည် စိတ်အထိခိုက်နေဆုံး သူများဖြစ်သည်။ သူတို့သည်လည်း နတ်ဆိုးသားရဲများပင် မဟုတ်ပါလား။ ဤနေရာတွင် စွမ်းအားကြီးသားရဲများစွာရှိပြီး ၎င်းတို့ထဲမှ အများအပြားသည် နတ်သားရဲအဆင့်ရှိပေသည်။ ၎င်းတို့သည် အသက်ရှိနေခဲ့စဉ်ကထက် များစွာပို၍သန်မာနေလေသည်။

ထိုခေတ်တွင် ကာရူရာအိမ်တော်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းခဲ့မည်ကို တွေးကြည့်၍ပင် မရပေ။

သူတို့အုပ်စုသည် တောင်တန်းကို ဖြတ်သန်းနေကာ တောင်တန်း၏အခြားတစ်ဘက်သို့ သွားနေလေသည်။ ထိုအချိန်တွင် လျင်မြန်သော ရွှေရောင်နတ်ငှက်တစ်ကောင်သည် ချင်ချင်း၏အရှေ့သို့ ဆင်းသက်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်း၏ထက်ရှသော ခြေသည်းများသည် သူမ၏ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲရန် ဟန်ပြင်လိုက်၏။ ချင်ချင်း၏ မျက်နှာထားသည် ရုတ်ခြည်းပင် တုန်လှုပ်သောမျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ထိုအခိုက်တွင် အရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ၏လက်ချောင်းဖြင့် ညွှန်ပြလိုက်သည်။ ရုတ်ခြည်းပင် နတ်ငှက်၏ခန္ဓာကိုယ်သည် ပျက်စီးသွားကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ ထွက်ပေါ်လာသူမှာ ရီဖူရှင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ် သခင်ရီ...”

ချင်ချင်းက ရီဖူရှင်းကို ခေါင်းညိတ်ပြကာ ပြောသည်။

ရီဖူရှင်းသည် အနည်းငယ် ခေါင်းဆတ်ပြ၍ သူမ၏ကျေးဇူးတင်စကားကို အသိအမှတ်ပြုလိုက်ပြီး သူ၏မူလနေရာသို့ ပြန်သွားလိုက်လေသည်။ သူသည် အနောက်မှနေ၍ အားလုံးကို ဆက်၍ ကာကွယ်ပေးနေလိုက်သည်။ တစ်စုံတစ်ယောက် ဒုက္ခရောက်နေလျှင် သူသည် ချက်ချင်းရောက်သွား၍ ကယ်ပေးလိုက်မည်ဖြစ်သည်။

သူတို့သည် တောင်အတွင်းပိုင်းသို့ ရောက်လာသောအခါ အခြားကျင့်ကြံသူများနှင့်လည်း ကြုံခဲ့သည်။ သို့သော် သူတို့၏ နေရာအတိအကျကို သိရသည်မဟုတ်ပေ။ သူတို့သည် အခြားသူများ ရှိနေကြောင်းကို အာရုံခံမိခြင်းဖြစ်သာဖြစ်သည်။ သူတို့အားလုံးသည် တောင်၏အခြားတစ်ဘက်သို့ သွားနေကြခြင်းပင်။

သို့သော် ထိုနေရာတွင် အလောင်များ မရှိပေ။ အလောင်းများရှိခဲ့လျှင်လည်း ၎င်းတို့သည် မကြာမီတွင် သားရဲအုပ်စု၏ အစာဖြစ်သွားမည်ဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ထွက်ပေါ်လာလေသည်။ တောင်တန်းတစ်နေရာရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ချပ်ဝတ်တစ်စုံဝတ်ဆင်ထားသော အရိုးစုတစ်စု ရှိနေ၏။ ထိုအရိုးစုသည် လူသားကျင့်ကြံသူတစ်ဦး၏ အရိုးစုဟု ထင်ရ၏။

ရီဖူရှင်းသည် ၎င်းထံသို့ စွမ်းအားပို့လွှတ်လိုက်သောအခါ ဖုန်မှုန့်များသည် ရုတ်ခြည်း လွင့်သွားသည်။ ချပ်ဝတ်မှနေ၍ နတ်ဆိုးဖိအားတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် နတ်ဆိုးချပ်ဝတ်တစ်ခုဖြစ်ကြောင်း ဖော်ပြနေသည်။

“ဒါက နတ်ဆိုးတစ်ကောင်ရဲ့ အရိုးစုပဲ”

ရီဖူရှင်းအနောက်မှနေ၍ မျက်မမြင်ထျယ်ရောက်ရှိလာကာ နတ်ဆိုးချပ်ဝတ်ကို အာရုံခံမိသွားပြီး ပြောသည်။

“ဒီချပ်ဝတ်က နတ်ဘုရားတစ်ဝက်ချပ်ဝတ်ပဲ... တော်တော်လေး အဆင့်မြင့်တယ်။ ဒီချပ်ဝတ်ရဲ့ ပိုင်ရှင်က ထူးကဲတဲ့ ကျင့်ကြံခြင်းအစွမ်းရှိခဲ့လောက်တယ်”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“ဒါက ကျုပ် ကြုံရတဲ့ ပထမဆုံး နတ်ဆိုးပစ္စည်းပဲ။ ဒါပေမဲ့ ဒီမှာ တခြားနတ်ဆိုးအလောင်းတွေလည်း ရှိသေးတယ်။ နတ်ဆိုးကလန်က တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်။ နတ်ဆိုးကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်အများစုက အစားခံလိုက်ရပြီထင်တယ်”

“ဒီနေရာက ကာရူရာအိမ်‌တော်ရဲ့ ဗဟိုမဟုတ်သေးတာလည်း ဖြစ်နိုင်တာပဲ”

မျက်မမြင်ထျယ်က ပြောသည်။ ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲလက်သွားပြီး သူ၏မူလနေရာသို့ ပြန်ရောက်သွားသည်။ သူတို့သည် ရှေ့သို့ ဆက်သွားလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် အခြားနတ်ဆိုးပစ္စည်းများစွာနှင့် တွေ့ကြုံခဲ့ရသည်။ ထိုပစ္စည်းများသည် နတ်ဆိုးကျင့်ကြံသူများ ချန်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

တောင်တန်းသည် မြင့်မားသဖြင့် သူတို့သည် တစ်ဘက်သို့ ရောက်ရန် ရက်ပေါင်းများစွာ ကြာခဲ့၏။ သူတို့သည် ရှေ့သို့ ဆက်သွားနေပြီး ရီဖူရှင်းသည် အရှေ့သို့ကြည့်လိုက်၏။ သူတို့သည် မြင့်မားသော မြေနေရာသို့ ရောက်နေပုံပေါ်ပြီး အဝေးမှ အဆောက်အဦးပုံရိပ်များကို ခပ်ရေး‌ရေး လှမ်းမြင်နေရသည်။

ဤနတ်ဘုရားသင်္ချိုင်းတွင် အဆောက်အဦးအနည်းငယ်ကိုသာ မြင်နိုင်ပေသည်။

နောက်ဆုံးတွင် သူတို့သည် ထိုနေရာအဆုံးသို့ ရောက်သွား၏။ ထိုအချိန်၌ သူတို့သည် မြင့်မားသောမြေပြင်တွင် ရပ်နေပြီး အောက်ဘက်သို့ ငုံ့ကြည့်နေကြသည်။ အောက်ဘက်ရှိနေရာသည် ရှေးဟောင်းကာရူရာတော်ဝင်မြို့တော် ဖြစ်နိုင်ပေသည်။ ယခုတွင်မူ ၎င်းသည် ယိုယွင်းပျက်စီးနေပေပြီ။ ထိုမြို့သည် ကမ္ဘာဦးခေတ်မှ စွန့်ပစ်မြို့ဟောင်းကြီးတစ်ခုပင်။

“ဒါက ကာရူရာအိမ်တော်က အုပ်ချုပ်တဲ့ လောကအသေးရဲ့ ဗဟိုလား”

တစ်စုံတစ်ယောက် တီးတိုးရေရွတ်လိုက်သည်။

“အဝေးက အဲဒီအဆောက်အဦးက ဘာအဆောက်အဦးလဲ။ ကာရူရာရဲ့ နတ်အဆောက်အဦးလား”

“ကျင့်ကြံသူအများကြီး ရောက်နေကြပြီ...”

ရီဖူရှင်းသည် သူတို့အရှေ့ရှိ အကန့်အသတ်မဲ့ နယ်မြေကိုကြည့်ရှုလေ့လာ၍ ပြောသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူသည် ထိုမြို့ပျက်ကြီးအတွင်း၌ ကျင့်ကြံသူများစွာကို မြင်ရပေသည်။ တစ်ချိန်တည်းမှာပင် သူသည် ထူးကဲသော အရှိန်အဝါတန်းများကိုလည်း ခံစားနေရသည်။

“အရင်တုန်းက ဒီမြို့ထဲမှာ အင်ပါယာအဆင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ပုံပဲ။ မဟာအင်ပါယာတွေချန်ခဲ့တဲ့ ခြေရာလက်ရာတွေ အများကြီး ရှိနေသေးတယ်”

ရီဖူရှင်း ထပ်ပြောသည်။

“သတိထားကြပါ... အဲဒီမြို့ထဲက လူတွေက တော်တော် သတိကြီးကြီး ထားနေတဲ့ပုံပဲ”

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ မြင့်မားသော ကောင်းကင်ထက်တွင် တစ်ဦးမှ ရှိမနေပေ။ လေကြောင်းမှ သွားလာနေသူ တစ်ဦးတစ်ယောက်ကိုပင် မမြင်တွေ့ရချေ။

“အဲဒီမှာ အားကောင်းတဲ့ နတ်ဆိုးဝိညာဉ်စွမ်းအားရှိ‌နေတယ်”

ဟွာချင်းချင်းက လေသံတိုးတိုးဖြင့်ပြောသည်။ သူမ၏လှပသော မျက်လုံးလေးများသည် အရှေ့သို့ အာရုံစိုက်ကာကြည့်နေသည်။

“ငါလည်း ခံစားမိတယ်...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ဤမြို့သည် လွန်စွာစွမ်းအားကြီးသော နတ်ဆိုးဝိညာဉ်စွမ်းအားနှင့် စွန်းထင်းနေသည်။ တစ်ချိန်တုန်းက ဖြစ်ပွားခဲ့သော စစ်ပွဲသည် တွေးကြည့်၍မရနိုင်လောက်အောင်ပင် ပြင်းထန်ခဲ့လောက်ပေသည်။

“ဆင်းမယ်...”

ရီဖူရှင်းက ပြောသည်။ သူသည် ရှေ့သို့ ခုန်သွားပြီး အောက်သို့ ဆင်းသွားကာ ရှေးဟောင်းကာရူရာမြို့အတွင်းသို့ ဦးတည်သွားလိုက်လေသည်။ သူသည် လေပေါ်မှ မပျံသွားသော်လည်း သူ၏အမြန်နှုန်းသည် အံ့အားသင့်ဖွယ် ကောင်းနေဆဲဖြစ်သည်။ အားလုံးသည် သူ့နောက်မှ ကပ်လိုက်လာကြပြီး အရှေ့သို့ သွားလိုက်ကြသည်။

သူတို့သည် ထိုနေရာအတွင်းပိုင်းသို့ ရောက်လာသောအခါ ရုတ်တရက် အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်ကြ၏။ သူတို့ရှေ့တွင် လွန်စွာကြီးမားသော ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းသည် ကာရူရာနတ်ငှက်ဖြစ်သည်။ ထိုဧရာမငှက်ကြီးသည် ကောင်းကင်နှင့်နေမင်းကို ကာရံသွားပြီး ကြောက်မက်ဖွယ် အရှိန်ဖြင့် ဆင်းသက်လာလေသည်။

ရီဖူရှင်းသည် ထိုအန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် လျှပ်စီးလက်သကဲ့သို့ လင်းလက်သွားသည်။ သူသည် တုံ့ဆိုင်းမှုမရှိဘဲ ကောင်းကင်တုန်ဟည်းနတ်တူကို ထုတ်လိုက်ပြီး ရှေ့သို့ ထုချလိုက်ရာ ထိုဧရာမခန္ဓာကိုယ်ကြီးနှင့် ရိုက်ခတ်သွား၏။

ကျယ်လောင်သော ထိခတ်သံတစ်သံကို ကြားလိုက်ရပြီး ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ရီဖူရှင်းကို အနောက်သို့ လွင့်သွားစေလေသည်။ ကာရူရာသည်လည်း ကောင်းကင်ထက်သို့ လွင့်သွားသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်မသွားပေ။ ၎င်း၏အသွေးအသားသည် နာကျင်မှု၏အဓိပ္ပာယ်ကို မသိချေ။ ထို့အပြင် ၎င်း၏အေးစက်စက်မျက်လုံးများသည် အောက်ဘက်ရှိ ရီဖူရှ်းကို ငုံ့ကြည့်နေသည်။

“အဲဒါက ဘယ်လို ခန္ဓာကိုယ်မျိုးလဲ”

ရီဖူရှင်း ရင်တုန်သွား၏။ ၎င်းသည် ထိုမျှပင် ကြောက်မက်ဖွယ် ကောင်းလေသလော။

ထိုကာရူရာသည် မသေဆုံးခင်က မည်သည့်အဆင့်တွင် ရှိခဲ့သနည်း။

ထိုသွေးဆာနေသောမျက်လုံးများသည် အောက်ဘက်ကို ဝေ့ဝဲကြည့်လိုက်သည်။ ရီဖူရှင်းသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်၍ ရှေ့သို့ လျှောက်သွားလိုက်၏။ သူတို့သည် ဝင်လာရုံသာရှိသေးသော်လည်း ထိုကဲ့သို့ ခက်ထန်သည့် သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ဤမြို့သည် မမြင်နိုင်သော စိန်ခေါ်မှုများနှင့် ပြည့်နှက်နေပုံပင်။

ရွှီး...

ကြောက်မက်ဖွယ် သွေးဆာသောအရှိန်အဝါတစ်ခု ကျဆင်းလာပြီး ထိုဧရာမခန္ဓာကိုယ်ကြီးသည် ရီဖူရှင်းနှင့် အခြားသူများကို သတ်ရန် ထပ်မံဆင်းသက်လာလေသည်။

ဖြန်း...

ထိုအခိုက်တွင် ယင်းဧရာမငှက်ကြီး၏ ခန္ဓာကိုယ်သည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။ ကြောက်မက်ဖွယ်အကောင်းဆုံး အားတစ်ခုသည် ၎င်းကို ချုပ်နှောင်လိုက်ပုံပေါ်ပြီး ထိုကြောက်မက်ဖွယ်အရှိန်ကို ရပ်တန့်သွားစေလေသည်။

ရီဖူရှင်းသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူ၏ အပြင်းအထန် ရင်ခုန်နေသည်။ သူ၏ မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူပင် မဖျက်ဆီးနိုင်ခဲ့သော ထိုခန္ဓာကိုယ်ကြီးတွင် ယခုအခါ ဧရာမ နတ်ဆိုးဓားကြီးတစ်ချောင်း စိုက်ဝင်နေလေသည်။  ထိုခန္ဓာကိုယ်အတွင်းသို့ နတ်ဆိုးဓား၏တစ်စိတ်တစ်ပိုင်းသာ စိုက်ဝင်နေခြင်းဖြစ်ပြီး ဓားသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီဖြစ်သည်။ သို့သော် ဓား၏တစ်စိတ်တစ်ပိုင်းသည် ကာရူရာ၏ ဧရာမခန္ဓာကိုယ်ကြီးကို တိုက်ရိုက်ဖောက်ထွင်းသွားပေသည်။

“ဒါက...”

ရီဖူရှင်းနှင့် ကျင့်ကြံသူအားလုံး၏မျက်လုံးများ စူးရှသွားကြသည်။ ထိုကဲ့သို့ တိုက်ခိုက်ခဲ့သူမှာ မည်သူနည်း။

ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ကာရူရာ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျလာသည်။ သို့သော် ၎င်းသည် မသေသေးပေ။

သို့မဟုတ် ၎င်းသည် သေဆုံးခဲ့ပြီးဖြစ်၍ ထပ်၍သေဆုံးခြင်းကဲ့သို့သော ကိစ္စမျိုး မရှိနိုင်တော့ခြင်းလည်း ဖြစ်နိုင်သည်။

အရိပ်တစ်ခု တိတ်တဆိတ်ထွက်ပေါ်လာပြီး ဧရာမလက်ကြီးတစ်ဖက်သည် ကာရူရာ၏ဦးခေါင်း‌ပေါ်သို့ တိုက်ရိုက်ကျဆင်းလာကာ ၎င်း၏ဦးခေါင်းကို အားသုံး၍ ဖိခြေပစ်လိုက်သည်။ ထိုမြင်ကွင်းသည် လွန်စွာရက်စက်သော မြင်ကွင်းဖြစ်ပေရာ ရီဖူရှင်းနှင့် အခြားသူများသည် ကြည့်ရင်းဖြင့် ကြောက်ရွံ့တုန်လှုပ်နေလေသည်။

သူတို့အ‌ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရိပ်တစ်ခု ရပ်နေ၏။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုနတ်ဆိုးအရိပ်တွင် ခေါင်းမရှိခြင်းပင်ဖြစ်သည်။

All Chapters