ဒီမွန်းလိုဏ်ဂူ
Vol. 187 Ch. 2674
ရီဖူရှင်းနှင့် အခြားသူများသည် ဒီမွန်းအရိပ်အောက်တွင် ရှိနေကြသည်။ သူတို့သည် အသက်ပင် ပြင်းပြင်းမရှူဝံ့ပေ။
ထိုဒီမွန်းအရိပ်သည် နတ်ဆိုးအင်ပါယာတစ်ပါး ဖြစ်ရပေမည်။
သို့သော် သူ့တွင် ခေါင်းမပါပေ။ သူ၏ဦးခေါင်းသည် အဖြတ်ခံထားရသကဲ့သို့ပင်။
သို့ပေသည့် သူ့တွင် ခေါင်းမရှိသည်ပင် သူ၏ကိုယ်ပိုင်အသိစိတ်ရှိသေးပုံပေါ်ပြီး ကာရူရာကို တစ်ချက်တည်းဖြင့်ပင် ဖိခြေပစ်နိုင်လေသည်။ သူသည် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် သူ၏ ကမ္ဘာ့ရန်ဘက်ကို မှတ်မိသေးသည့်ပုံပင်။
ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် ထိုနေရာကို လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်သည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ထိုဒီမွန်းအရိပ်ထံမှ လက်တစ်ဘက်သည် သူ့တို့အားလုံးကို အလွယ်တကူ ရှင်းပစ်နိုင်စွမ်းရှိပေသည်။
ထိုအချိန်တွင် ဒီမွန်းအရိပ်သည် လှုပ်ရှားလာပြီး သူတို့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာ၏။ သူ့တွင် ခေါင်းမရှိသည်ပင် သူက သူတို့ကို စိုက်ကြည့်နေသည်ဟု သူတို့ခံစားနေရသည်။ ရုတ်ခြည်းပင် အားလုံး မွန်းကြပ်မှုကို ခံစားလိုက်ရသည်။ သူတို့၏ အသက်ရှူမှုသည် ရပ်တန့်သွားတော့မလိုပင် ထင်ရပြီး သူတို့သည် တစ်လက်မမျှပင် မလှုပ်ဝံ့ကြပေ။
ကြောက်မက်ဖွယ် ဒီမွန်းအရှိန်အဝါ အငွေ့အသက်များ ပျံ့လွင့်နေပြီး သူတို့အပေါ်မှ ဖြတ်ကျော်သွားကြသည်။ ရီဖူရှင်းသည် အလွန်အမင်း ရင်ခုန်နေ၏။ သူတို့သည် အလွန်ကံမဆိုးပါစေနှင့်ဟု သူမျှော်လင့်နေသည်။
ထိုအခိုက်တွင် ဒီမွန်းအရိပ်သည် နောက်ပြန်လှည့်သွားပြီး ထိုနေရာမှ ထွက်ခွာသွား၏။ ရီဖူရှင်းတို့အုပ်စုသည် မလှုပ်ကြသေးပေ။ ဒီမွန်းအရိပ် သူတို့နှင့် အတော်လှမ်းလှမ်းသို့ ရောက်သွားသောအခါမှ သူတို့သည် စိတ်အေးသွားဟန် သက်ပြင်းတစ်ချက် ချလိုက်ကြသည်။
“အဲဒါက လှုပ်ရှားနိုင်တဲ့ မဟာအင်ပါယာအလောင်းကောင်တစ်ကောင်ပဲ...”
သခင်ချန်က တီးတိုးပြောသည်။ ထိုဒီမွန်းအရိပ်သာ သူတို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့လျှင် သူတို့တစ်ယောက်မှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။
“ကျုပ်တို့ ပိုပြီး သတိထားမှရမယ်။ ကာရူရာအိမ်တော်ရဲ့ ဗဟိုက ပိုပြီး အန္တရာယ်များလောက်တယ်”
ရီဖူရှင်း သတိပေးလိုက်၏။ အားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် အပြင်လောကမှ ကျင့်ကြံသူများကို ယှဉ်တိုက်ခိုက်နိုင်သော်လည်း ထိုကဲ့သို့သော ရှေးဟောင်းဒီမွန်းနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရလျှင် သူတို့မည်သို့သေသွားသည်ကိုပင် သူတို့သိလိုက်မည်မဟုတ်ပေ။
သူသည် ယခင်က ချောက်ကမ်းပါးမှနေ၍ ထွက်ပေါ်လာသော ဧရာမလက်ကြီးအကြောင်းကို ပြန်တွေးလိုက်သည်။ သူတို့အောက်တွင်လည်း မဟာအင်ပါယာတစ်ပါး လဲလျောင်းနေသလောဟု သူတွေးလိုက်မိသည်။
ရီဖူရှင်းသည် ဤမြို့ပျက်ကြီးကို အံ့ဩလေးစားစွာ ကြည့်ရှုလိုက်၏။
“သူက ငါတို့ကို ရှောင်သွားပြီး ငါတို့နဲ့ မတိုက်ခိုက်ခဲ့ဘူး... ဒါပေမဲ့ သူက ကာရူရာကိုတော့ သေလောက်တဲ့ တိုက်ခိုက်မှုနဲ့ တိုက်ခိုက်ခဲ့တယ်”
ချန်ယိ ဆက်ပြောသည်။
“အဲဒါက အသိစိတ်နဲ့ လုပ်တာလား... ဒါမှမဟုတ် အလိုလို လုပ်မိရုံပဲလား...”
အားလုံးသည်လည်း ထိုမေးခွန်းကို အတွေးနက်နေကြသည်။ မဟာအင်ပါယာသည် အမှီအခိုကင်းသော သူ၏ကိုယ်ပိုင်အသိစိတ်ရှိခြင်းလော သို့မဟုတ် သူ၏ ကမ္ဘာ့ရန်ဘက် ကာရူရာကို အလိုလိုတုံ့ပြန်သတ်ဖြတ်လိုက်ခြင်းလော။
“သူ့မှာ အသိစိတ်တစ်မျိုးမျိုး ရှိနေမယ်ဆိုရင်တောင် ခပ်ရေးရေးလောက်ပဲ ရှိမှာပါ... ပြီးတော့ အဲဒီအသိစိတ်ကလည်း မူမှန်မှာ မဟုတ်လောက်ဘူး။ သူက ငါတို့ ဒီလောကထဲမှာတွေ့ခဲ့တဲ့ ဒီမွန်းသားရဲတွေနဲ့ အတူတူပဲဖြစ်မှာပါ။ သူတို့က သူတို့ဘယ်သူဖြစ်ခဲ့တယ်ဆိုတာ မေ့သွားလောက်ပြီ... သူတို့ရဲ့ ကမ္ဘာ့ရန်ဘက်က ကာရူရာဆိုတာကိုပဲ မှတ်မိလောက်တော့တယ်”
ရီဖူရှင်း ဆက်ပြောသည်။
“သူ့မှာသာ သိမြင်နိုင်တဲ့ အသိစိတ်ရှိနေသေးရင် သူ့ရဲ့ မဟာအင်ပါယာအစွမ်းနဲ့ သူ့ရဲ့ အပြည့်အဝပုံစံကို ပြန်ရအောင် လုပ်မှာပေါ့... ဒီလိုမျိုး ခေါင်းမပါတဲ့ အလောင်းကောင်ပုံစံနဲ့ နေ,နေမှာမဟုတ်လောက်ဘူး”
အားလုံးခေါင်းညိတ်လိုက်ကြပြီး ရီဖူရှင်း၏ ယူဆချက်ကို ထောက်ခံလိုက်သည်။ မဟာအင်ပါယာများသည် မသေမျိုးများဖြစ်ကြ၏။ သူတို့၏သက်တမ်းသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ထာဝရဖြစ်သည်။ သူ၏ခေါင်း အဖြတ်ခံလိုက်ရလျှင်ပင် သူသည် ခေါင်းပြန်ထွက်လာအောင် လုပ်နိုင်သေးပြီး ပြန်ကောင်းလာနိုင်ပေသည်။ သို့သော် ထိုနတ်ဆိုးအင်ပါယာသည် ဦးခေါင်းမရှိပေ။ သူသည် ဦးခေါင်းမဲ့ အလောင်းကောင်းတစ်ကောင်သာ ဖြစ်သည်။
“အဲဒါကသာ အလိုလိုတုံ့ပြန်မှုဆိုရင် သူ့ရဲ့ အလိုလိုတုံ့ပြန်မှုက ကာရူရာကို သတ်ဖို့ပဲ။ သူက ခုနက ကျုပ်တို့နဲ့ တိုက်ခိုက်ဖို့ မကြိုးစားခဲ့ဘူးဆိုတော့ အခုလည်း မတိုက်ခိုက်လောက်ပါဘူး”
သခင်ချန် သုံးသပ်လိုက်သည်။
“သူ အခု ဘယ်ကို ထွက်သွားတာလဲ”
ရီဖူရှင်းသည် သခင်ချန်ကိုကြည့်လိုက်သည်။ သူသည် သခင်ချန် ဆိုလိုသည်ကို နားလည်ပေသည်။ သခင်ချန်သည် နတ်ဆိုးအင်ပါယာအနောက်သို့ လိုက်သွားပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို လိုက်ကြည့်လိုခြင်းဖြစ်သည်။
“အားလုံးပဲ ကျုပ်နောက်က လိုက်ခဲ့ပါ... ပြီးတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”
ရီဖူရှင်းက ပြောသည်။ ထို့နောက် သူသည် သူ့လူများကို ရှေ့သို့ ဦးဆောင်ခေါ်သွား၏။ သူတို့ ဤနေရာသို့ ပထမဆုံး ရောက်ရှိလာခဲ့စဉ်ကနှင့်ယှဉ်လျှင် သူတို့သည် ယခုတွင် ပို၍ သတိထားနေကြပြီဖြစ်သည်။ အစောက ဖြစ်ပျက်သွားခဲ့သောကိစ္စသည် သူ့တို့အပေါ် သိသိသာသာ ရိုက်ခတ်သွားပေသည်။
သူတို့သည် ကာရူရာအိမ်တော်၏ ခြောက်ကပ်နေသော ဤရှေးဟောင်းတော်ဝင်မြို့ကြီးထဲတွင် လျှောက်နေကြရင်း သူတို့၏လမ်းတစ်လျှောက်တွင် ကျင့်ကြံခြင်းစွမ်းအားကြီးသော အခြားကျင့်ကြံသူများကို မြင်လိုက်ရသည်။ သူနေရာအထိ အသက်နှင့်ကိုယ်မြဲကာ ရောက်လာနိုင်သူများသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများ သို့မဟုတ် ကလန်(သို့)ဂိုဏ်းများနှင့် အတူလာခဲ့ကြသူများသာဖြစ်သည်။
“အရှေ့က အငွေ့အသက်တွေက ပိုပြီးတော့တောင် ကြောက်စရာကောင်းနေတယ်”
ရီဖူရှင်း တီးတိုးပြောသည်။ အားလုံးခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ထိုအငွေ့အသက်များကို ခံစားရသည်။
အရှေ့ရှိ မြေပြင်သည် သွေးနီရောင်ဖြစ်သည်။ ထိုမြေပြင်သည် လတ်ဆတ်သောသွေးများဖြင့် ရွှဲရွှဲစိုခဲ့ဖူးပုံပင်။ ထိုနေရာတွင် ကြောက်မက်ဖွယ် ဖိအားအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ခေါင်းမပါသော ဒီမွန်းအလောင်းကောင်လည်း ပြန်ရောက်လာလေသည်။
မြေပြင်ပေါ်တွင် အလောင်းများနှင့် အရိုးစုများ များစွာရှိနေ၏။ ထိုအထဲတွင် ကျင့်ကြံသူများနှင့် ဧရာမမိစ္ဆာကြီးများ၏ အလောင်းများလည်း ပါပေသည်။ ထို့အပြင် ကာရူရာများ၏ ဧရာမအရိုးကြီးများလည်း ရှိနေလေသည်။
“ဒါက ပင်မစစ်မြေပြင်ပဲ”
သူတို့အားလုံးသည် သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ကြသောအခါ တိတ်တခိုး အံ့အားသင့်နေကြသည်။ နေရာအနှံ့တွင် ခက်ထန်သောအငွေ့အသက်တစ်ခုရှိနေပြီး ထိုခက်ထန်သောအငွေ့အသက်သည် သူတို့ဘက်သို့ပါ ရောက်လာပြီး သွေးရောင်အလင်းတန်းများအဖြစ် ပြောင်းသွားပြီး သူတို့၏အသိစိတ်အတွင်းသို့ ဖောက်ဝင်လိုနေကြသည်။
“သတိထား...”
ရီဖူရှင်းက သူတို့ကို ပြောသည်။
“အစောက အဲဒီဒီမွန်းသားရဲတွေက ဒီက ပရမ်းပတာဝိညာဉ်စွမ်းအားကြောင့် အသိစိတ်လွတ်သွားကြတဲ့ပုံပဲ။ အဲဒီစွမ်းအားရဲ့ ရိုက်ခတ်မှုကို မခံရစေနဲ့”
သူသည် ထိုအရှိန်အဝါတန်း အနည်းငယ်ကို သူ၏ကိုယ်ပိုင်အသိစိတ်အတွင်းသို့ တမင်အဝင်ခံလိုက်သည်။ ထိုကျူးကျော်ဝင်ရောက်လာသော ဝိညာဉ်စွမ်းအားသည် ခက်ထန်မှုများ၊ သွေးဆာမှုများနှင့် ပြည့်နှက်နေပြီး သူ့ကိုလွှမ်းမိုးကာ သူ၏အသိစိတ်ကို လွှမ်းမိုးလိုနေသည်။ ကျင့်ကြံခြင်းအစွမ်း နိမ့်သူများနှင့် စိတ်ဓာတ်ပျော့သူများသည် ဂရုမစိုက်လျှင် ထိုစွမ်းအား၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံလိုက်ရမည်ဖြစ်သည်။
ထို့အပြင် ထိုကျူးကျော်ဝင်ရောက်လာသော ဝိညာဉ်စွမ်းအားကို မမြင်နိုင်ပေ။ သူတို့၏စိတ်လိပ်ပြာများကို သတိကြီးကြီး ကာကွယ်ထားရုံမှလွဲ၍ ၎င်းကို ရှောင်ရှားနိုင်သည့်နည်းလမ်းမရှိပေ။
ဗုဒ္ဓအလင်း တောက်ပလာပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် ဗုဒ္ဓတရားသံ ပျံ့လွင့်လာကာ အားလုံး၏ နားအတွင်းသို့ ဖောက်ဝင်နေလေသည်။ ဗုဒ္ဓအလင်းသည် ဟွာချင်းချင်းအပေါ်တွင် တောက်ပနေပြီး လွန်စွာမြင့်မြတ်မှုတစ်ခုကို ထုတ်လွှတ်နေသည်။ ဗုဒ္ဓမီးအိမ်တစ်ခုသည် ဤနေရာကို အလင်းပေးနေကာ ၎င်း၏အဝန်းအဝိုင်းအတွင်းရှိ လူအားလုံးကို ကာကွယ်ပေးနေသကဲ့သို့ပင်။ ကျူးကျော်ဝင်ရောက်လာသော ဝိညာဉ်စွမ်းအားသည် ဤအလင်းစက်ကွင်းအတွင်းသို့ ဝင်လာသည်နှင့် ဗုဒ္ဓအလင်း၏ ဖြည်းဖြည်းချင်း တိုက်စားမှုကို ခံလိုက်ရကာ တဖြည်းဖြည်းလွင့်ပြယ်သွားပြီး ပျောက်ကွယ်သွား၏။
ဗုဒ္ဓအတတ်များသည် ဒီမွန်းများနှင့် မိစ္ဆာဝိညာဉ်များ၏ စွမ်းအားကို ထိန်းချုပ်နိုင်ပေသည်။ ထို့ကြောင့် ဤနေရာတွင် ဗုဒ္ဓအတတ်သည် ပို၍အသုံးဝင်ပေလိမ့်မည်။
“ဒီနေရာက ဘာနေရာလဲ”
ရီဖူရှင်းသည် တစ်ဘက်သို့ကြည့်လိုက်ပြီး ထိုနေရာသည် ဒီမွန်းလမ်းစဉ်အရှိန်အဝါကြောင့် အလုံးစုံပျက်ဆီးနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာရှိ မြေပြင်သည် သွေးရောင်ဖြစ်ပြီး တစ်နေရာလုံး အလွန်တိတ်ဆိတ်နေသည်။ ထိုနေရာအတွင်း၌ ကြောက်မက်ဖွယ် အရှိန်အဝါများစွာ ရှိ၏။ ဒီမွန်းကျင့်ကြံသူများ၏ ဝိညာဉ်များသည် ထိုနေရာတွင် လှည့်လည်ပျံဝဲနေသကဲ့သို့ ထင်ရပေသည်။
ကြောက်မက်ဖွယ် မွန်းကြပ်မှုတစ်ခုသည် တစ်နေရာလုံးကို လွှမ်းခြုံထားသည်။ ထိုနေရာသို့ ရောက်လာသော ကျင့်ကြံသူများစွာသည် ကွေ့ပတ်သွားလိုက်ပြီး ထိုနေရာအနီးသို့ ကပ်မလာဝံ့ကြပေ။
“သူက အထဲမှာပဲ”
သခင်ချန်သည် ထိုနေရာအတွင်းရှိ ပုံရိပ်တစ်ခုကို လှမ်းတွေ့လိုက်သည်။ ၎င်းသည် ခေါင်းမပါသော နတ်ဆိုးအင်ပါယာပင်။ သူသည် ထိုနေရာအတွင်း၌ ရှိနေ၏။ သူသည် ဤဒီမွန်းနယ်မြေထဲတွင် ပိတ်မိနေသည့်ပုံပင်။ သို့သော် အစောကပင် သူသည် အပြင်သို့ ထွက်လာနိုင်သည် မဟုတ်လော။
“အထဲမှာ ရတနာတွေရှိတယ်”
ရီဖူရှင်းသည် အထဲသို့ ငေးကြည့်ကာ မှတ်ချက်ပြုလိုက်သည်။
သူ၏ အာရုံခံနိုင်စွမ်းသည် စွမ်းအားကြီးပေသည်။ ထို့ကြောင့် သူသည် ထိုနယ်မြေထဲ၌ မဟာအင်ပါယာအဆင့် ရတနာများရှိနေကြောင်း အာရုံခံမိနေလေသည်။ ထိုနယ်မြေတစ်ခုလုံးသည် မဟာအင်ပါယာအချို့၏ ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော ဒီမွန်းနယ်မြေတစ်ခုဖြစ်နိုင်ပေသည်။
“အဲဒါက အန္တရာယ်များလွန်းတယ်”
သခင်ချန် ပြောသည်။
“ထားလိုက်ပါတော့... ကျုပ်တို့လည်း ဒီအခွင့်အရေးကို အသည်းအသန်လိုအပ်နေတာမှ မဟုတ်တာ”
ရီဖူရှင်းသည် အဝေးသို့ လှမ်းကြည့်လိုက်၏။ သူ မလိုအပ်သည်မှာ အမှန်ပင် ဖြစ်သော်လည်း တစ်စုံတစ်ယောက်က လိုအပ်ပေသည်။
ဤနေရာသည် ဒီမွန်းကလန်က ကာရူရာနှင့် တိုက်ခိုက်ခဲ့သော နေရာဖြစ်သဖြင့် ဒီမွန်းလောကမှ ထိပ်သီးအများအပြားလည်း ဤနေရာသို့ ရောက်လာနိုင်ပေသည်။ သို့သော် သူတို့သည် ရီဖူရှင်းတို့ရှိနေသော နေရာတွင် မဟုတ်ပေ။
ဒီမွန်းကလန်သည် အကျိုးအမြတ်များစွာ ရရှိလောက်ပေသည်။
သို့သော် သူ့အစ်ကိုကြီး၏ ကျင့်ကြံခြင်းသည် တစ်နေခဲ့၏။
ရီဖူရှင်း၏ မွေးစားအဖေသည် သူ့အစ်ကိုကြီးကို ဒီမွန်းဓားသိုင်း သင်ပေးခဲ့ပြီး ဒီမွန်းအတတ်များ ကျင့်ကြံရန် ပြောခဲ့သည်။ ထိုကျင့်စဉ်သည် နှစ်ပေါင်းများစွာ ကျင့်ကြံရသော ကျင့်စဉ်ဖြစ်သည်။ မကြာသေးခင်ကမှပင် သူ၏အစ်ကိုသည် ထိုဒီမွန်းကျင့်စဉ်ကို တိုးတက်စေရန် ဒုက္ခများစွာ ခံခဲ့ရကြောင်း သူသိခဲ့ရသည်။ သူ၏အစ်ကိုကြီးသည် အမှန်ပင် ထိုကျင့်စဉ်အတွက် တန်ကြေးများစွာ ပေးခဲ့ရပေသည်။
သို့သော် သူ၏အစ်ကိုကြီးသည် ကျင့်ကြံခြင်းတွင် အတားအဆီးနှင့် ကြုံခဲ့ရသည်။ သူသည် ဆေးလုံးများ၏ အကူအညီဖြင့်ပင် ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ချေ။
ယခုတွင် သူ၏အစ်ကိုသုံး ဂူတုံးလျှိုသည် ကျင့်ကြံခြင်းတွင် သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အစ်ကိုကြီးသည် နောက်တွင် များစွာပြတ်ကျန်ခဲ့၍ မဖြစ်ပေ။ သူသည် အမီလိုက်ရန် လိုအပ်ပေသည်။
ထို့ကြောင့် ရီဖူရှင်းသည် ဤနတ်ဆိုးအင်ပါယာနယ်မြေကို မြင်လိုက်သောအခါ သူ့အစ်ကိုကြီးကို ဤအခွင့်အရေးရနိုင်ရန် ကူညီပေးရန် တွေးခဲ့မိလေသည်။
“ဒီ ခေါင်းမပါတဲ့ နတ်ဆိုးအင်ပါယာက ရန်လိုတဲ့ပုံတော့ မပေါ်ပါဘူး။ မဟုတ်ရင် ကျုပ်တို့ အခုအထိ အသက်ရှင်နေမှာ မဟုတ်ဘူး။ ကျုပ် အထဲဝင်သွားပြီး တစ်ချက်လောက်ကြည့်လိုက်မယ်... အားလုံး ကျုပ်ကို ဒီမှာပဲ စောင့်နေကြပါ”
ရီဖူရှင်းက လူအားလုံးကို ပြောသည်။ သူသည် ထပ်မံ၍ စွန့်စားလိုနေသည့်ပုံပင်။
ဟွာဂျီယူသည် သူ့လက်ကို ထိ၍ ပြောသည်။
“ညီမလည်း အစ်ကိုနဲ့အတူသွားမယ်”
ရီဖူရှင်း ခေါင်းခါလိုက်သည်။
“စိတ်မပူပါနဲ့... အထဲမှာ အန္တရာယ်ရှိရင် အစ်ကို ဗုဒ္ဓရောင်ဝါခြေလှမ်းကို သုံးပြီး ချက်ချင်း ထွက်လာခဲ့မှာပါ”
သူသည် ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆပြီးပေပြီ။ သူ့အတွက် လုံခြုံပေလိမ့်မည်ဟု သူတွေးခဲ့သည်။ သူ့အနေဖြင့် ခေါင်းမပါသော မဟာအင်ပါယာအလောင်းကောင်ကိုသာ ဂရုစိုက်ရပေမည်။ သို့သော် ခေါင်းမပါသော မဟာအင်ပါယာအလောင်းကောင်တွင် အကြံဆိုးများ ရှိလျှင်လည်း သ ဗုဒ္ဓရောင်ဝါခြေလှမ်းကို သုံးလိုက်လျှင် ထွက်ပြေးနိုင်လောက်ပေသည်။ အလောင်းကောင်သည် မဟာအင်ပါယာအစစ်တစ်ပါး မဟုတ်ဘဲ နတ်ခန္ဓာတစ်ခုသာ မဟုတ်ပါလား။
“အင်း...”
ဟွာဂျီယူသည် ခေါင်းညိတ်၍သာ သဘောတူလိုက်ရသည်။
“အစ်ကို အရင်ဝင်သွားတော့မယ်”
ရီဖူရှင်းသည် ထိုသို့ပြော၍ နယ်မြေအတွင်းသို့ ဝင်သွား၏။ ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားများသည် သူ့ကို ဝန်းရံသွားသည်။ သူသည် သူ့ကိုယ်သူ အပြင်လောကနှင့် ခွဲခြားထားသော ဒီမွန်းနတ်ဘုရားများ၏ နယ်မြေလောကထဲတွင် အလုံးစုံ နှစ်မြှုပ်လိုက်သကဲ့သို့ပင်။
ဤနေရာသည် ဒီမွန်းများ၏ လောကအစစ်အမှန် ဒီမွန်းလိုဏ်ဂူဖြစ်သည်။
ပတ်ဝန်းကျင်တွင် ဒီမွန်းအရိပ်များ ထွက်ပေါ်လာပြီး သူတို့၏မျက်လုံးများသည် ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ သူတို့၏မျက်လုံးများသည် အေးစက်နေပြီး သွေးဆာနေပုံပေါ်လေသည်။ ထိုဒီမွန်းအရိပ်များသည် ဒြပ်ထည်ရှိသောအရာများမဟုတ်ဘဲ ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသောအရာများဖြစ်သည်။
ရီဖူရှင်း၏ကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းသည် တောက်ပစွာ လင်းလက်လာသည်။ ရုတ်တရက် ဗုဒ္ဓအလင်းအောက်တွင် ဒီမွန်းအရိပ်များ ပြန်ဆုတ်ခွာသွားကြသည်။ သူတို့သည် ဗုဒ္ဓစွမ်းအားကို ကြောက်ရွံ့ပုံပင်။