ပေါင်းစည်းခြင်းနှင့် ဖျက်ဆီးခြင်း
Vol. 187 Ch. 2676
ရီဖူရှင်းကိုယ်တွင်းရှိ မဟာလမ်းစဉ်အရှိန်အဝါသည် ဒီမွန်းဓားအတွင်းသို့ အဆက်မပြတ် ဝင်ရောက်နေပြီး သူ၏ဝိညာဉ်စွမ်းအားသည်လည်း ထိုကဲ့သို့ပင် ဝင်ရောက်နေလေသည်။
တဖြည်းဖြည်းဖြင့် ဒီမွန်းဝိညာဉ်စွမ်းအားများ ပြန်ဆုတ်ခွာသွားသည်။ သူ၏စွမ်းအားသည် ကန့်သတ်ပုံရိပ်နယ်မြေအတွင်းသို့ ဆက်၍ဖောက်ဝင်နေပြီး ဒီမွန်းများစွာသည် နောက်သို့ပြန်ဆုတ်သွားသူကသွား၊ တွန်းထုတ်ခံရသူကခံရနှင့် ဖြစ်နေသည်ကို သူတွေ့လိုက်သည်။ နောက်ဆုံးတွင် ထိုနေရာ၌ ရှင်းလင်းပြတ်သားသော မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် ထွက်ပေါ်လာလေသည်။
အခြားတစ်ဘက်တွင် နောက်ထပ် ပုံရိပ်တစ်ခုလည်း ထွက်ပေါ်လာ၏။ ပရမ်းပတာဝိညာဉ်စွမ်းအားသည် ပျောက်ကွယ်သွားပြီး အသိစိတ်ရှိသော ဝိညာဉ်စွမ်းအားနှစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။ သို့သော် ၎င်းတို့သည် ပို၍အားနည်းကြောင်း ထင်ရှားပေသည်။
“ဒါက...”
ရီဖူရှင်း အလွန်အမင်း တုန်လှုပ်သွားသည်။ ထိုဝိညာဉ်စွမ်းအားများသည် နတ်ဆိုးအင်ပါယာနှင့် ကာရူရာဒီမွန်းအရှင်တို့၏ ဝိညာဉ်စွမ်းအားများပေလော။
သူဝင်ရောက်နှောင့်ယှက်မှုကြောင့် သူတို့၏ အကြွင်းအကျန်ဝိညာဉ်စွမ်းအားသည် ပျောက်ကွယ်သွားခြင်းပေလော။
“မင်းက ဘယ်သူလဲ”
ရီဖူရှင်း၏ခေါင်းထဲတွင် အသံနှစ်သံသည် တစ်ချိန်တည်း ထွက်ပေါ်လာ၏။
“ကျုပ်က နောက်ကျမှရောက်လာတဲ့ ရီဖူရှင်းပါ”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
နတ်ဆိုးအင်ပါယာ၏ ဝိညာဉ်ပုံရိပ်သည် ရီဖူရှင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
“အခု ဘယ်ခုနှစ်ရောက်နေပြီလဲ”
“ကောင်းကင်ပြက္ခဒိန်အရ နှစ်တစ်သောင်းကျော်ပါပြီ။ အကြီးအကဲက နတ်ဘုရားတွေရဲ့ ကမ္ဘာဦးခေတ်က ကျင့်ကြံသူတစ်ယောက်ပါ”
ရီဖူရှင်း ပြန်ပြောလိုက်၏။
“ဒါပေမဲ့ အကြီးအကဲရဲ့ခေတ်က လွန်ခဲ့တဲ့နှစ်ပေါင်းဘယ်လောက်က ခေတ်လဲဆိုတာ အတည်ပြုဖို့ ကျုပ်တို့မှာ နည်းလမ်းမရှိပါဘူး”
“နတ်ဘုရားတွေရဲ့ခေတ်...”
နတ်ဆိုးအင်ပါယာသည် သူ့ဘာသာ ရေရွတ်လိုက်သည်။
“အဲဒီခေတ်က ဘာဖြစ်သွားခဲ့တာလဲ”
“နတ်ဘုရားတွေအားလုံး သေဆုံးသွားပြီး ကောင်းကင်လမ်းစဉ် ပျက်စီးသွားခဲ့တာပါ”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။ သူတို့သည် ထိုစဉ်ကတည်းက သေဆုံးခဲ့ပြီးဖြစ်၍ နောက်ပိုင်းတွင် မည်သည့်ကိစ္စများ ဆက်ဖြစ်သည်ကို မသိလောက်ပေ။
“လက်ရှိလောကထဲမှာတော့ မဟာအင်ပါယာခြောက်ပါးက ဘုံခြောက်ခုကို အုပ်စိုးပါတယ်”
ရီဖူရှင်း ဆက်ပြောသည်။
ဒီမွန်းဝိညာဉ်သည် နှုတ်ဆိတ်နေသည်။ ယခုတွင် မဟာအင်ပါယာခြောက်ပါးသာ ရှိတော့သည်လော။
သူတို့နေထိုင်ခဲ့သော ခေတ်ကို နတ်ဘုရားများ၏ခေတ်ဟု ခေါ်ပေသည်။ သို့သော် နတ်ဘုရားများ သေဆုံးသွားခဲ့ပြီး ကောင်းကင်လမ်းစဉ် ပြိုလဲပျက်စီးသွားခဲ့သည်။
ကောင်းကင်လမ်းစဉ် ပျက်စီးသွားခဲ့သဖြင့် သူတို့ အနိုင်ရရှိခဲ့ပုံပင်။ သို့သော် ရလဒ်သည် မည်သို့ရှိသနည်း။
“ကောင်းကင်လမ်းစဉ် ပျက်စီးသွားပြီးတဲ့နောက် လောကကြီးက ဘယ်လိုဖြစ်သွားခဲ့လဲ။ ဒီမွန်းကလန် ရှိနေတုန်းပဲလား”
နတ်ဆိုးအင်ပါယာက မေးလိုက်သည်။
“ကောင်းကင်လမ်းစဉ် ပျက်စီးသွားပြီးတဲ့နောက်မှာ မူလဘုံက ပြန့်ကားသွားခဲ့ပါတယ်။ လောကကြီးက ကမ္ဘာဖျက်ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ လောကအသစ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေက ကျုပ်တို့ ရှေးဟောင်းသမိုင်းမှတ်တမ်းတွေနဲ့ ဒဏ္ဍာရီတွေက သိခဲ့ရတာတွေပါပဲ။ အဲဒီသမိုင်းတွေက ဘယ်လောက်မှန်လဲဆိုတာ အတည်ပြုဖို့ ကျုပ်တို့မှာ နည်းလမ်းမရှိပါဘူး။ ကျုပ်တို့သိတာက လောကကြီးက ပြောင်းလဲသွားပြီး ကောင်းကင်လမ်းစဉ် မရှိတော့ဘူးဆိုတာပါပဲ။ ကျင့်ကြံခြင်းလမ်းစဉ် မပြီးပြည့်စုံတော့ပါဘူး။ ပြီးတော့ မဟာအင်ပါယာတွေကလည်း ရှားပါးတဲ့ဖြစ်တည်မှုတွေ ဖြစ်လာပါတယ်”
ရီဖူရှင်း ထပ်ပြောသည်။
“ဒီမွန်းကလန်ကတော့ ဒီနေ့ခေတ်အထိ နတ်ဆိုးလောကမှာ ရှိနေသေးပြီး နတ်ဆိုးချောက်နက်ကို စောင့်ကြပ်နေပါတယ်”
“ကောင်းကင်လမ်းစဉ်က ပျက်စီးသွားပေမယ့် ဒီမွန်းကလန်အတွက် အကျဉ်းထောင်ကတော့ ရှိနေပါသေးတယ်”
သူ သက်ပြင်းချလိုက်ပြီး ဆက်ပြောရန် စကားမရှာနိုင်တော့ပေ။ အဘယ်ကြောင့် သူတို့သည် ယခင်က သူတို့လုပ်ခဲ့သည့်အရာအားလုံးကို လုပ်ခဲ့ရသနည်း။
မည်သူက မှန်၍ မည်သူက မှားသနည်း။
ကောင်းကင်လမ်းစဉ် ပျက်စီးသွားခဲ့သော်လည်း လောကကြီးလည်း ပျက်စီးသွားခဲ့သည်။ သူတို့သည် ကယ်တင်ရှင်များလော သို့မဟုတ် အပြစ်သားများလော။
နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းကို ကြည့်လိုက်သည်။ သူသည် ရီဖူရှင်းအကြောင်းကို စိတ်ဝင်စားနေသည့်ပုံပင်။ သူ၏ပြန်လည်ရရှိလာသောအသိစိတ်သည် ဒီမွန်းအရှင်၏အသိစိတ်ထက် အနည်းငယ်သာသည့်ပုံပင်။
“မင်းရဲ့ကိုယ်ပေါ်မှာ ဒီမွန်းကလန်ရဲ့ အရှိန်အဝါရှိနေတယ်”
နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ပြောသည်။
“ကျုပ်က နတ်ဆိုးလောကကို ရောက်ခဲ့ဖူးပါတယ်... ပြီးတော့ ကျုပ်ရဲ့ခန္ဓာကိုယ်က နတ်ဆိုးချောက်နက်ရဲ့ ကပ်ဘေးတွေကို ခံခံဖူးပါတယ်”
ရီဖူရှင်း ပြန်ပြောလိုက်သည်
“ဒီတော့ မင်းက နတ်ဆိုးလောကနှင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ပေါ့လေ”
နတ်ဆိုးအင်ပါယာက မေးလိုက်သည်။
“နတ်ဆိုးလောကရဲ့ ဆက်ခံသူက ကျုပ်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။ ကျုပ်တို့က အတူတူ ကြီးပြင်းခဲ့ကြတာပါ”
ရီဖူရှင်း ပြန်ပြောသည်။ သူသည် သူတို့ အသိစိတ်ပြန်ရလာအောင် မည်သို့ လုပ်မိခဲ့သည်ကို မသိသော်လည်း နတ်ဆိုးအင်ပါယာကဲ့သို့သော သူမျိုး၏အရှေ့တွင် ရိုရိုကျိုးကျိုးနေရမည်ကိုမူ သူသိပေသည်။
“သူက အခုဘယ်မှာလဲ”
နတ်ဆိုးအင်ပါယာက မေးလိုက်သည်။
“သူက အပြင်လောကမှာပါ။ တခြားနေရာမှာ အခွင့်အရေးတွေ လိုက်ရှာချင် ရှာနေလောက်မှာပေါ့။ တကယ်လို့ နတ်ဆိုးအင်ပါယာသာ သူ့ကို တွေ့ချင်ရင် ကျုပ် သူ့ကိုသွားရှာပေးလို့ရပါတယ်”
ရီဖူရှင်းက ပြောသည်။
“အချိန်မရှိဘူး...”
နတ်ဆိုးအင်ပါယာက ပြန်ပြောသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါသေဆုံးသွားခဲ့တယ်... အဲဒီကတည်းက ငါ့ရဲ့အကြွင်းအကျန် ဝိညာဉ်စွမ်းအားက ပျောက်ကွယ်သွားရမှာ။ ဒါပေမဲ့ ဒီဓားကြောင့် ငါက ငါ့ရဲ့ဝိညာဉ်စွမ်းအား နည်းနည်းလောက်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အဲဒီဝိညာဉ်စွမ်းအားက ဒီမွန်းဓားရဲ့ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစည်းသွားခဲ့ပြီးတော့ ပရမ်းပတာ ဖြစ်လာခဲ့တယ်။ အခု မင်း ငါ့ကို နှိုးလိုက်တော့ ငါ့ရဲ့အချိန်ကလည်း ဒီမှာပဲ ကုန်ဆုံးသွားတော့မယ်”
“ကျုပ်ရဲ့ အစ်ကိုကြီးက ဒီမွန်းလမ်းစဉ်ကို ကျင့်ကြံပါတယ်”
ရီဖူရှင်းက ပြောသည်။
“သူ့ကို လာခိုင်းလိုက်ပါ”
နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ပြောလိုက်၏။
ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး သိမ်းငှက်လေးကို လှမ်းဆက်သွယ်လိုက်သည်။ မကြာခင်မှာပင် သိမ်းငှက်လေးသည် သူ၏အစ်ကိုကြီး ဓားသခင်ကို ဤနေရာသို့ ခေါ်လာခဲ့၏။
သိမ်းငှက်လေးနှင့် ရီဖူရှင်းတို့၏အတွေးသည် ဆက်စပ်နေသဖြင့် သိမ်းငှက်လေးသည် ထိုတောင်းဆိုချက်ကို သိခဲ့ခြင်းဖြစ်သည်။ သူနှင့် ဓားသခင်တို့သည် ဒီမွန်းဓားအရှေ့သို့ လျှောက်လာကြပြီး သူတို့၏ဝိညာဉ်စွမ်းအားများကို ဓားအတွင်းသို့ ပို့လွှတ်လိုက်လေသည်။
“မဟာအကြီးအကဲတွေ...”
ဓားသခင် ရောက်ရှိလာသောအခါ သူသည်လည်း ရုတ်ခြည်း အံ့အားသင့်သွားသည်။ ဤအထဲတွင် ရီဖူရှင်းအပြင် ဒီမွန်းအရှင်များထံမှ ဝိညာဉ်စွမ်းအားနှစ်ခုလည်း ရှိနေပေသေးသည်။ သူတို့နှစ်ဦးစလုံး နိုးထလာပြီဖြစ်သည်။
ဝုန်း...
ကြောက်မက်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားတစ်ခုသည် ဓားသခင်၏ ဝိညာဉ်စွမ်းအားအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ့တစ်ကိုယ်လုံးသည် ရုတ်ခြည်းပင် ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်သို့ ရောက်သွား၏။ သူ၏ဝိညာဉ်စွမ်းအားကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်သော်လည်း ထိုဒီမွန်းဝိညာဉ်စွမ်းအားသည် အတင်းဝင်ရောက်လာပြီး သူ့ကို အလုံးစုံ ဝါးမျိုလိုနေသည်။
သူသည် ဤကဲ့သို့သော ခံစားချက်မျိုးကို ယခင်က တစ်ခေါက်ခံစားခဲ့ဖူးသည်။ ရီဖူရှင်းကို စောင့်ကြပ်နေသော ဆန်းကြယ်သည့်ကျင့်ကြံသူက သူ့ကို ဒီမွန်းဓားပေးခဲ့သောအခါက ဤကဲ့သို့ ခံစားချက်မျိုးကို သူခံစားခဲ့ရဖူးပေသည်။
“အဲဒါက နည်းနည်းအားနည်းနေတာ နှမြောစရာပဲ... ဒါပေမဲ့ ဝိညာဉ်စွမ်းအားကတော့ လုံလောက်အောင်သန်မာပါတယ်”
အသံတစ်သံက မှတ်ချက်ပြုလိုက်သည်။ ထို့နောက်တွင် ကြောက်မက်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားသည် ဓားသခင်၏ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းသွား၏။ ထိုအခိုက်တွင် ဓားသခင်သည် ဆိုးဝါးသေဖိအားအောက်တွင် ရှိနေပြီး သူ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါသွား၏။
ဒီမွန်းဓားအထက်တွင် ဒီမွန်းအလင်းများ ထွက်ပေါ်လာပြီး သူ့ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ အံ့အားသင့်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားသည် သူ့ကိုယ်ပေါ်တွင် စီးဆင်းသွားသည်။
“အကြီးအကဲရဲ့ ဝိညာဉ်စွမ်းအားက ကျုပ်ရဲ့ ဒီမွန်းသားရဲနဲ့ အတော်လေးကိုက်ညီပါတယ်... သူ့ကိုပါ ကူညီပေးရင်ရော ဘယ်လိုလဲ”
ရီဖူရှင်းသည် ကာရူရာဒီမွန်းအရှင်ကို ကြည့်ကာ ပြောသည်။
“ကောင်းပြီ...”
ကာရူရာဒီမွန်းအရှင်သည် ရီဖူရှင်းသည်ကိုကြည့်ကာ ချက်ချင်းခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူ၏ဝိညာဉ်စွမ်းအားသည် သိမ်းငှက်လေး၏ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းသွားသည်။
ရီဖူရှင်းသည် ထိုအခြင်းအရာအားလုံးကို တိတ်တဆိတ်ကြည့်ရှုနေပြီး အရာအားလုံးသည် အနည်းငယ် ချောမွေ့လွန်းနေသည်ဟု ခံစားနေရသည်။ ဒီမွန်းအရှင်က ကူညီပေးခဲ့ခြင်းကို သူအံ့အားသင့်နေသည်။
သို့သော် သူ့စိတ်ထဲတွင် ထိုအတွေးပေါ်လာချင်းချင်းပင် မချိမဆန့်အော်သံတစ်သံ ထွက်ပေါ်လာလေသည်။ ရီဖူရှင်းသည် သိမ်းငှက်လေး၏ ဝိညာဉ်စွမ်းအားက ကျူးကျော်တိုက်ခိုက်ခံနေရသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်နေသည်။ ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားသည် သိမ်းငှက်လေး၏ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းနေခြင်းမဟုတ်ဘဲ သိမ်းငှက်လေး၏ဝိညာဉ်စွမ်းအားကို ဝါးမျိုကာ အစားထိုးနေရာဝင်ယူရန် လုပ်နေခြင်းပင်။
“ကျေးဇူးကန်းတဲ့သားရဲပဲ”
ရီဖူရှင်း ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ ထိုဒီမွန်းသားရဲ၏ဝိညာဉ်စွမ်းအားသည် အစောကပင် သူ့ကို အံ့အားသင့်နေခဲ့သော်လည်း ယခုတွင် သူသည် သိမ်းငှက်လေးကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ သူ့၏စိတ်သဘောကို ခန့်မှန်း၍ မရနိုင်သဖြင့် အန္တရာယ်များ၏။
ရုတ်ခြည်းပင် ရီဖူရှင်း၏ ဝိညာဉ်စွမ်းအား ထွက်လာ၏။ သူနှင့် သိမ်းငှက်လေးသည် စိတ်ခြင်းဆက်နွယ်နေပြီး ပေါင်းစည်းထားသော ဝိညာဉ်စွမ်းအားတစ်ခုကို မျှဝေထားပေသည်။ ယခုတွင် သူ၏ဝိညာဉ်စွမ်းအားသည် နတ်သစ်ပင်တစ်ပင်ကဲ့သို့ ပြောင်းလဲသွားပြီး ပြိုင်ဘက်၏ ဝိညာဉ်စွမ်းအားပုံရိပ်ကို လွှမ်းခြုံသွားသည်။ ဤဝိညာဉ်စွမ်းအားသည် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိပေသည်။
ဝုန်း...
အရိပ်နှင့် နေမင်း မဟာလမ်းစဉ်များသည် အဆက်မပြတ် ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာပင် ဒီမွန်းဓားအတွင်းမှ စွမ်းအားကြီးဒီမွန်းဝိညာဉ်စွမ်းအားသည်လည်း ရှေ့သို့ထွက်လာလေသည်။ ဓားသခင်သည် ဝိညာဉ်စွမ်းအားနှင့် အပြည့်အဝ ပေါင်းစည်းပြီးသွားသဖြင့် ရီဖူရှင်းကို လာရောက်ကူညီခြင်းပင်။ ဒီမွန်းအရှင်၏ဝိညာဉ်ပုံရိပ်သည် အားသုံးခု၏ လှည့်ပတ်ဖိနှိပ်ခြင်းကို ခံထားရသဖြင့် လွန်စွာနာကျင်နေပုံပေါ်ပြီး ပို၍ပို၍ ဝေဝါးလာလေသည်။
“ခင်ဗျားက ပျောက်ကွယ်ရတော့မယ့် ဝိညာဉ်စွမ်းအားလေးတစ်ခုပဲ... ဒါပေမဲ့ ခင်ဗျား ဒီလောကထဲမှာ ဆက်နေနိုင်မယ့် ကျုပ်ပေးတဲ့အခွင့်အရေးကို ခင်ဗျားက အလေးမထားခဲ့ဘူး။ ခင်ဗျားက ကျုပ်တို့ကို သစ္စာဖောက်ဖို့ ကြိုးစားခဲ့တယ်... ခင်ဗျားက ကျေးဇူးကန်းတဲ့တိရိစ္ဆာန်ပဲ”
ရီဖူရှင်း၏အသံသည် လွန်စွာအေးစက်နေပြီး သူသည် ဒီမွန်းအရှင်၏ နောက်ဆုံးအကြွင်းအကျန်ဝိညာဉ်စွမ်းအားကို ဆက်၍ဖိနှပ်ဖျက်ဆီးနေလေသည်။
ထိုအကြွင်းအကျန်ဝိညာဉ်စွမ်းအားသည် အသည်းအသန် ပြန်လည်တိုက်ခိုက်နေသော်လည်း ဓားသခင်သည် ဒီမွန်းဓား၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ သူတို့၏ပြိုင်ဘက်သည် ဤထဲတွင် ချိပ်ပိတ်ခံထားရပြီး ပြန်တိုက်ခိုက်ရန် အခက်ကြုံနေလေသည်။
“ငါ အရှုံးပေးပါပြီ”
ဒီမွန်းအရှင်က ပြောသည်။
“အရမ်းနောက်ကျသွားပြီ”
ရီဖူရှင်း၏အသံသည် ရေခဲတမျှအေးစက်နေသည်။
“ခင်ဗျားအနေနဲ့ ကျုပ်ရဲ့ စီးတော်သားရဲနဲ့ ပေါင်းစည်းခွင့်ရတာ ဂုဏ်ရှိတာပဲ... ဒါပေမဲ့ ခင်ဗျားဘက်က အရင်ဆုံး မရိုးသားလုပ်ခဲ့ပြီး ဒီအခွင့်အရေးကို လက်လွှတ်ခဲ့တော့ ထာဝရပျောက်ကွယ်သွားဖို့သာ ပြင်ထားပေတော့”
ထိုဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားကို ခန့်မှန်း၍မရနိုင်ပေ။ အကယ်၍ သူသာ သိမ်းငှက်လေး၏ဝိညာဉ်စွမ်းအားနှင့် အမှန်တကယ် ပေါင်းစည်းသွားခဲ့လျှင် မည်သည့် ပုန်းကွယ်နေသော အန္တရာယ်ရှိလာမည်ကို မည်သူသိနိုင်မည်နည်း။ ယခုတွင်ပင် သူ့ကို ရှင်းပစ်လိုက်ခြင်းက ပို၍ကောင်း၏။
ရီဖူရှင်း၏အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် စွမ်းအားအများအပြားသည် တစ်ချိန်တည်းမှာပင် ပြင်းထန်စွာ ရှေ့သို့ထွက်သွားပြီး ပြိုင်ဘက်ကို ဖျက်ဆီးပစ်လိုက်လေသည်။ ဝိညာဉ်ပုံရိပ်သည် ကွဲအက်ကာ အစိတ်စိတ်အမွှာမွှာပျက်စီးသွား၏။ သူတို့သည် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။