လောဘသားများ စောင့်ကြည့်နေခြင်း
Vol. 187 Ch. 2677
ရီဖူရှင်းနှင့် သိမ်းငှက်လေးသည် သူတို့၏ ပေါင်းစည်းဝိညာဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်လုံးများ ဖွင့်လိုက်ကြသည်။ ရီဖူရှင်းလည်း ဒီမွန်းဓားမှ ထွက်လိုက်သည်။
သူတို့နောက်တွင် အခြားကျင့်ကြံသူများ ရောက်ရှိလာပြီး ဓားသခင်ကို ကြည့်နေကြသည်။ သူတို့သည် ဓားသခင်က မျက်လုံးတင်းတင်းမှိတ်၍ လက်ထဲတွင် ဒီမွန်းဓားကို ကိုင်ထားသည်ကို တွေ့လိုက်ကြ၏။ ဒီမွန်းအလင်းသည် သူ၏ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်ကို သန့်စင်နေပြီး ကြောက်မက်ဖွယ် ဒီမွန်းဝိညာဉ်စွမ်းအားသည် ဒီမွန်းဓားထဲသို့ ဝင်သွား၏။ သို့သော် ဓားသခင်သည် နတ်ဆိုးအင်ပါယာ၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိခဲ့ပြီဖြစ်၍ သူ၏ဝိညာဉ်စွမ်းအားသည် မတုန်လှုပ်တော့ပေ။ သူ၏ဝိညာဉ်စွမ်းအားသည် ဒီမွန်းဓားအား ဝင်ရောက်လာသော ဒီမွန်းဝိညာဉ်စွမ်းအားကို စားသုံးစေလိုက်သည်။
ထိုနေရာတွင် ကြောက်မက်ဖွယ် ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာပြီး ဝေဝါးဝါး ဒီမွန်းအရိပ်များသည် ၎င်းဝဲကတော့အတွင်းသို့ ဆွဲသွင်းခံနေရသည်။ ထိုအခိုက်တွင် ပရမ်းပတာဝိညာဉ်စွမ်းအားများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အရာအားလုံးကို ဝါးမျိုသွားသည်။
ရွှီး...
ဒီမွန်းဓားပေါ်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော သွေးရောင်ဒီမွန်းအလင်းတစ်ခု တောက်ပလာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ ထိုကြောက်မက်ဖွယ်အလင်းသည် ကောင်းကင်ကို ဖောက်ထွင်းသွားသည်။ ထိုမြင်ကွင်းသည် ကြောက်ရွံ့တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုပင်။
ရီဖူရှင်းနှင့်အခြားသူများ မော့ကြည့်လိုက်ကြသည်။ ဤလောကအထက်ရှိ ကောင်းကင်သည် အရောင်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ ဒီမွန်းအရှိန်အဝါသည် လှည့်ပတ်မြည်ဟီးနေသည်။
အဝေးမှ အခြားကျင့်ကြံသူများသည်လည်း ဤဘက်သို့ အာရုံစိုက်လိုက်ကြပြီး အံ့အားသင့်နေကြသည်။
ခေါင်းပြတ်ဒီမွန်းအလောင်းကောင်ရှိရာဘက်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်းဟု သူတို့တွေးလိုက်ကြသည်။ ယခင်က မည်သူမှ ဒီမွန်းဓားကို မယူနိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူတို့သည် ထိုနေရာတွင် ပြောင်းလဲမှုများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်သည် ဒီမွန်းဓားကို ယူနိုင်ခဲ့ခြင်းလော။
အဝေးမှ ကျင့်ကြံသူများစွာသည် ကောင်းကင်ထက်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဤနေရာသို့ အပြေးအလွှား လာခဲ့ကြသည်။
ဓားသခင်သည် သူ့ကို ပေးခဲ့သောအရာအားလုံးကို လျင်မြန်စွာ မစုပ်ယူနိုင်သဖြင့် စုပ်ယူခြင်းအဆင့်တွင်သာ နစ်မြောနေသေးလေသည်။ သူ၏ကျင့်ကြံခြင်းအစွမ်းသည် အနည်းငယ် လိုအပ်ချက်ရှိသည် မဟုတ်ပါလော။ နတ်ဆိုးအင်ပါယာသည် သူနှင့် ပေါင်းစည်းခဲ့သော်လည်း သူ့အတွက် ထိုစွမ်းအားကို စုပ်ယူနိုင်ရန် အချိန်လိုအပ်ပေသည်။
“မဟာအင်ပါယာအလောင်းကောင်”
ရီဖူရှင်းသည် ကာရူရာ၏ ဧရာမခန္ဓာကိုယ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်း၏ ပရမ်းပတာဝိညာဉ်စွမ်းအားကို ရှင်းလင်းရန် လျှောက်သွားလိုက်၏။ သူသည် မဟာအင်ပါယာအလောင်းကောင်ကို သိမ်းဆည်းလိုက်သည်။ ၎င်းသည် အချိန်တစ်ခုအထိ အသုံးမဝင်နိုင်သေးသော်လည်း တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်ပေသည်။
ကာရူရာဒီမွန်းအရှင်၏ အလောင်းကောင်ကဲ့သို့ မဟာအင်ပါယာအလောင်းကောင်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အသွေးအသားရှိပေသည်။ ၎င်းသည် မဟာအင်ပါယာတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်သဖြင့် တစ်ကိုယ်လုံးသည် ရတနာများဖြင့် ပြည့်နှက်နေသည်။ သို့သော် ၎င်းတို့ကို လောလောဆယ်တွင် အသုံးပြုရန် မဖြစ်နိုင်သေးပေ။ သူတို့သည် ၎င်းကို နတ်လက်နက်များအဖြစ် ပြုလုပ်ရန် အကြံရှိလျှင်လည်း လောလောလတ်လတ်တွင် ထိုသို့ မလုပ်နိုင်သေးပေ။ ထို့ကြောင့် အရာအားလုံးကို နောက်မှသာ လုပ်ရပေမည်။
သူသည် နတ်ဆိုးအင်ပါယာ၏အလောင်းကောင်ကိုလည်း ထပ်မံကြည့်လိုက်သည်။ ထိုအခိုက်တွင် ဒီမွန်းအလောင်းကောင်သည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေပြီး မည်သည့်အသက်လက္ခဏာမှ မပြပေ။ ရီဖူရှင်းသည် သူ့ထံသို့ လျှောက်သွားပြီး ပြောသည်။
“ဂုဏ်သရေရှိအကြီးအကဲခင်ဗျား... ကျုပ်မှာ အခွင့်အရေးရခဲ့ရင် အကြီးအကဲ ကောင်းကောင်းလဲလျောင်းအနားယူနိုင်ဖို့ ကျုပ် အကြီးအကဲကို နတ်ဆိုးလောကကို ပြန်ပို့ပေးပါမယ်”
သူသည် ထိုသို့ပြောလိုက်ပြီးနောက် ၎င်းဒီမွန်းအလောင်းကောင်ကိုလည်း သိမ်းဆည်းလိုက်သည်။ နောက်ဆုံးအချိန်တွင် နတ်ဆိုးအင်ပါယာ၏ ဝိညာဉ်စွမ်းအားသည် သူ့ကို ကူညီရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ရီဖူရှင်းသည် လွန်စွာကျေးဇူးတင်နေသည်။ ထို့အပြင် နတ်ဆိုးအင်ပါယာသည် သူ၏ဝိညာဉ်စွမ်အားကို ရီဖူရှင်း၏ အစ်ကိုကြီးကို လွှဲပြောင်းပေးခဲ့၏။ ထို့ကြောင့် ရီဖူရှင်းသည် သူ့ကို ဤနေရာတွင် မမြှုပ်မနှံဘဲနှင့် မထားခဲ့နိုင်ပေ။
သို့သော် ကာရူရာဒီမွန်းအရှင်မှာမူ သူ၏အရှိန်အဝါကို အံ့အားသင့်နေခဲ့သော်လည်း သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ ထိုအပြုအမူက သူသည် ခန့်မှန်း၍မရနိုင်သော သတ္တဝါဖြစ်သည်ဟု သက်သေပြခဲ့သည်။ ထို့ကြောင့် ရီဖူရှင်းသည် ထိုကဲ့သို့သောအရာအတွက် မည်သည့် စေတနာမှ မရှိတော့ပေ။
“နှမြောစရာပဲ... မဟာအင်ပါယာတစ်ပါးရဲ့ အခွင့်အရေးကို လွဲချော်သွားတာပဲ”
သိမ်းငှက်လေးသည် ပြန်တွေးကာ ပြောသည်။ သူသည် ရီဖူရှင်းနောက်သို့လိုက်ကာ ကျင့်ကြံနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ကျင့်ကြံခြင်းတွင် ရီဖူရှင်းကဲ့သို့ပင် သိမြင်နားလည်မှု ရှိပေသည်။ သို့သော် ကပ်ဘေးကိုကျော်ဖြတ်နိုင်ရန်မှာမူ လုံးဝကွဲပြားသောအရာဖြစ်သည်။ သူသည် သူ၏မွေးရာပါ ပါရမီ၏အကန့်အသတ်ကြောင့် လက်ရှိအဆင့်တွင်တစ်နေခဲ့သည်မှာ ထာဝရကြာခဲ့ပြီဟုပင် ထင်ရပေသည်။ သူသည် သာမန်ဒီမွန်းသားရဲတစ်ကောင်သာဖြစ်သဖြင့် ဤကျင့်ကြံခြင်းအဆင့်အထိ ရောက်လာခြင်းမှာပင် ဆန်းကြယ်မှုတစ်ခုဖြစ်နေပြီဖြစ်သည်။ အတိတ်မှ သာမန်ဒီမွန်းများစွာသည် ယခုတွင် သူ့ကိုတွေ့သောအခါ ဦးညွှတ်ကြရသည်။
သူသည် ဤမဟာအင်ပါယာ၏အခွင့်အရေးနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိခဲ့သော်လည်း ထိုအခွင့်အရေးကို အသုံးချ၍ သူ့ကို ဝါးမျိုလိုခဲ့သည့် စက်ဆုပ်စရာကောင်းသောသတ္တဝါကြောင့် လွဲချော်ခဲ့ရပေသည်။ သိမ်းငှက်လေးသည် ထိုအဖြစ်အပျက်ကြောင့် ဝမ်းနည်းနေလေသည်။
“မဟုတ်သေးပါဘူး... ငါနဲ့အတူ အဲဒီအခွင့်အရေးကို မယူခဲ့တာ အဲဒီငတုံးကောင်ရဲ့ ဆုံးရှုံးမှုပဲ”
သိမ်းငှက်လေးသည် သူ၏အတွေးက သူ့ကို စိတ်ဆင်းရဲစေသဖြင့် ထိုကိစ္စမှာ သူ့အတွက် ဆုံးရှုံမှုမဟုတ်ဟု တစ်ဘက်ကလှည့်တွေးလိုက်သည်။
ကိုယ့်အတွက် ကောင်းသည်၊ ဆိုးသည်ကို မသိခဲ့သူမှာ ကာရူရာဒီမွန်းအရှင်ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့ရသူမှာ ကာရူရာဒီမွန်းအရှင်သာဖြစ်သည်။
“မပူပါနဲ့... အခု လောကကြီးက ပြောင်းလဲနေပါပြီ။ ပြီးတော့ နတ်ဘုရားအမွေအနှစ်တွေ အမျိုးမျိုးလဲ ထွက်ပေါ်လာပါပြီ။ အနာဂတ်မှာ တခြားအခွင့်အရေးတွေအများကြီးရှိမယ်လို့ ငါသေချာပြောရဲပါတယ်”
ရီဖူရှင်းက ပြောလိုက်၏။
“ကျုပ် အလျင်မလိုပါဘူး”
သိမ်းငှက်လေးသည် လုံးဝဂရုမစိုက်သည့်ဟန် ဟိတ်ဟန်ထုတ်ထားလေသည်။
သူတို့အနောက်မှ ကျင့်ကြံသူများသည် ရီဖူရှင်း၏စကားကို ကြားလိုက်သောအခါ လွန်စွာမျှော်လင့်ချက်ကြီးသွားကြသည်။ လောကကြီးသည် သိသာသော ပြောင်းလဲမှုများနှင့် ကြုံနေရပြီး နတ်ဘုရားများ၏ အမွေအနှစ်များလည်း ထွက်ပေါ်လာပြီဖြစ်သည်။ သူတို့သည်လည်း သူတို့၏ကိုယ်ပိုင်အခွင့်အရေးရမည်လောဟု သူတို့တွေးနေကြသည်။
ပထမဆုံး ရီဝူချင်း၊ ဂူတုံးလျှို၊ ဓားသခင်လီဟန်နှင့် ရာရာတို့ အခွင့်အရေးရခဲ့ပြီး ယခုတွင် ဓားသခင်၏ အလှည့်ရောက်ခဲ့၏။ လူများစွာသည် သူတို့၏ကိုယ်ပိုင်အခွင့်အရေးများကို ရခဲ့ပြီဖြစ်၍ ကျန်သူများမှာလည်း သူတို့၏အလှည့်ကို စောင့်မျှော်နေကြလေသည်။
သို့သော် ထိုအခိုက်တွင် သူတို့အားလုံးသည် အခြားကျင့်ကြံသူများ ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။ သူတို့သည် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့၏ နတ်အာရုံများကို ဖြန့်ကျက်လိုက်သည်။
ဓားသခင်က နတ်ဆိုးအင်ပါယာ၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံလိုက်ပြီးနောက်တွင် ဤဒီမွန်းလိုဏ်ဂူအတွင်းရှိ အန္တရာယ်သည် ပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာမှာ အခြားကျင့်ကြံသူများကို ရှင်းရှင်းလင်းလင်း မြင်လာရပေသည်။ နတ်အာရုံများသည် ထိုနေရာကို လွှမ်းခြုံသွားပြီး ဓားသခင်၏တည်နေရာကိုပင် စုံစမ်းနေကြသည်။
ထိုနေရာတွင် မဟာအင်ပါယာအဆင့်လက်နက် ရှိနေသည် မဟုတ်ပါလား။
ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ မဟာလမ်းစဉ် နတ်အလင်းသည် ဓားသခင်ရှိနေသောနေရာကို လွှမ်းခြုံသွားပြီး သူ့ကို အခြားသူများ နှောင့်ယှက်မည့်ရန်မှ ကာကွယ်ပေးထားလေသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း သူ၏ ဘေးဘယ်ညာကို စောင့်ကြပ်ရန် ရှေ့သို့ထွက်လာကြပြီး ဓားသခင် ဒီမွန်းဓားကို အမွေဆက်ခံနေစဉ်တွင် အခြားသူများ၏ နှောင့်ယှက်မှုမခံရစေရန် ကာကွယ်ပေးလိုက်ကြသည်။
မဟာအင်ပါယာအဆင့်လက်နက်တစ်ခုသည် စီဝေ့အင်ပါယာနန်းတော်အတွက် အတော်လေး အရေးပါပေသည်။ ယင်းလက်နက်သည် စီဝေ့အင်ပါယာနန်းတော်၏ တိုက်ခိုက်စွမ်းရည်ကို တိုက်ရိုက်ပြောင်းလဲနိုင်ပေလိမ့်မည်။
“စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံဖို့အတွက် ဒီနေရာကို လောလောဆယ် သိမ်းပိုက်ထားပါတယ်။ ခင်ဗျားတို့ အားလုံး တခြားနေရာတွေကိုပဲ သွားကြပါ...”
ရီဖူရှင်း ကျယ်လောင်စွာ ကြေညာလိုက်ပြီး သူတို့ မည်သူများဖြစ်ကြောင်း အားလုံးကို သိစေလိုက်သည်။ သူသည် သတိပေးသည့်အနေဖြင့် ထိုသို့ကြေညာလိုက်ခြင်းပင်။ ထိုသူများထဲမှ အချို့သည် သူတို့ဘာသာထွက်သွားပြီး ထိပ်တိုက်တွေ့မှုကို ရှောင်ရှားသွားပါစေဟု မျှော်လင့်ရပေသည်။
သို့သော် စီဝေ့အင်ပါယာနန်းတော်၏အမည်သည် အမြဲတစေ ရည်ရွယ်သကဲ့သို့ သက်ရောက်မှုရှိသည်မဟုတ်ပေ။ အနည်းဆုံးတော့ ဤနေရာတွင် သက်ရောက်မှု မရှိခဲ့ချေ။
ဤနေရာအထိ ရောက်လာနိုင်ကြသူများမှာ သာမန်လူများမဟုတ်ကြပေ။ သူတို့အားလုံးသည် ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများဖြစ်ကြ၏။ ထိုအချိန်တွင် ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများနှင့် အခြားလောကများမှ ထိပ်သီးများကို တွေ့လိုက်ရသည်။
“မင်းရဲ့အုပ်စုထဲမှာ ဒီမွန်းကျင့်ကြံသူ ရှိမယ်လို့ ငါမထင်ထားဘူး။ မင်းက တကယ်ပဲ နတ်ဆိုးလောကနဲ့ ပူးပေါင်းပြီးတော့ ဒီမွန်းလမ်းစဉ်ထဲ ရောက်သွားပြီထင်တယ်”
ဗုဒ္ဓကုန်းမြေရှင်သခင်သည် ဟိတ်ဟန်ကောင်းကောင်းဖြင့် ပြောသည်။ သူ့ကို နတ်အလင်းက ဝန်းရံထားပြီး သူ၏ပုံပန်းသွင်ပြင်သည် တည်ငြိမ်ကာ ဂုဏ်သရေရှိနေလေသည်။ ထိုတောက်ပသောရွှေရောင်အလင်းသည် အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွားပြီး ဤနေရာတစ်ခွင်လုံးကို ရွှေရောင်အရောင်အဝါတစ်ခု ဖြန့်ကျက်နေသည်။
“ဒီမွန်းကျင့်ကြံသူတွေက ဘာဖြစ်လို့လဲ”
အသံတစ်သံက ရုတ်ခြည်း စိန်ခေါ်လိုက်သည်။ ထိုနေရာတွင် ဒီမွန်းတစ်ကောင်သည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုဖြင့် ရပ်နေလေသည်။ သူ၏ဒီမွန်းအရှိန်အဝါသည် သူ့အနီးရှိလူများကို အံ့အားသင့်နေစေသည်။ သို့သော် ရီဖူရှင်းသည် ထိုသူကို ယခင်က မမြင်ခဲ့ဖူးပေ။ သူသည် ထိုသူကို နတ်ဆိုးအင်ပါယာနန်းတော်တွင်လည်း မမြင်ခဲ့ဖူးသလို၊ မြောက်ဘက်ကမ်းပါးဒေသရှိ စစ်မြေပြင်တွင်လည်း မမြင်ခဲ့ဖူးပေ။ သူသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ နတ်ဆိုးလောကမှ ထိပ်သီးတစ်ဦး ဖြစ်နိုင်ပေသည်။
ဘုံတစ်ခုစီတွင် ထူးကဲသောသူအနည်းငယ် ရှိသော်လည်း သူတို့အားလုံးသည် ဘုံတစ်ခုစီမှ အင်ပါယာနန်းတော်များနှင့် ပူးပေါင်းခဲ့ခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် ကောင်းကင်ဒေသရှိ ရှေးဟောင်းနတ်ဘုရားကလန်များ၏စာရင်းတွင် မဟာဓားသခင်ကဲ့သို့ စွမ်းအားကြီးကျင့်ကြံသူများရှိသော်လည်း သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ အမိန့်အောက်တွင် မဟုတ်ကြပေ။
“ပေ့ကုန်းနတ်ဆိုးအို...”
ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ပြောလိုက်သူကို ကြည့်လိုက်သောအခါ ထိုသူကို မှတ်မိသွား၏။ မေ့ကုန်းနတ်ဆိုးအိုသည် နတ်ဆိုးလောကတွင် လွန်စွာထင်ရှားကျော်ကြားသူဖြစ်သည်။ ပရမ်းပတာ အဖြစ်ခဲ့ဆုံး နှစ်များအတွင်းတွင် သူ့လက်ချက်ကြောင့် လူပေါင်းမရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။
နတ်ဆိုးလောကတွင် ပေ့ကုန်းနတ်ဆိုးအိုသည် ထိပ်သီးအနည်းငယ်အတွင်းမှ တစ်ဦးဖြစ်ပြီး နတ်ဘုရားတစ်ဝက်စာရင်းတွင် ပါဝင်သူဖြစ်သည်။
လောကကြီး အခြေကျသွားပြီးနောက်တွင် မဟာအင်ပါယာများ အုပ်စိုးသော ဘုံခုနစ်ခုအဖြစ် ကွဲထွက်သွားသည်။
မဟာအင်ပါယာများပြီးလျှင် မဟာအင်ပါယာဖြစ်လုနီးသည့် ပမ်းရှန်းများ ရှိလေသည်။ တစ်ခါက တစ်စုံတစ်ယောက်သည် ထိုကဲ့သို့ စွမ်းအားကြီးသူများ၏အရေအတွက်ကို ရေတွက်ခဲ့ကြည့်ရာ လောကတစ်ခုစီတွင် ထိုကဲ့သို့သောသူ အနည်းငယ်သာ ရှိကြောင်း သိခဲ့ရသည်။
နောက်တွင် အချို့လူများသည် ထိုကဲ့သို့သောသူများကို နတ်ဘုရားတစ်ဝက်စာရင်းတွင် သွင်းခဲ့ပေသည်။ ထိုသူများသည် မဟာအင်ပါယာများထက် တစ်ဆင့်သာနိမ့်သော စွမ်းအားရှိသူများဖြစ်သည်ဟူသော အဓိပ္ပာယ်ပင်။
ထိုအဆင့်ရှိသူများကို ကျင့်ကြံခြင်းလောကတွင် မြင်ရခဲလေသည်။ ထိုသို့မြင်ရခဲသည့် ပထမအကြောင်းတစ်ခုမှာ သူတို့၏အရေအတွက်သည် လွန်စွာနည်း၍ဖြစ်ပြီး လောကတစ်ခုစီတွင် အရေအတွက် အနည်းငယ်သာ ရှိပေသည်။ ဒုတိယအကြောင်းမှာကား သူတို့အားလုံးသည် သူတို့၏ကျင့်ကြံခြင်းနှင့် အလုပ်များနေကြသဖြင့် အပြင်လောကသည် သူ့တို့ကို တွေ့ရန် အခွင့်အရေးမရခဲ့ခြင်းဖြစ်သည်။
ပို၍အရေးကြီးသည်မှာ နတ်ဘုရားတစ်ဝက်စာရင်းမှ ကျင့်ကြံသူများစွာသည် အင်ပါယာနန်းတော်များမှ စွမ်းအားကြီးကျင့်ကြံသူများဖြစ်ကြပြီး သူတို့၏အဆင့်အတန်းသည် မြင့်မားကြသည်။ သာမန်အားဖြင့် သူတို့သည် အပြင်သို့ ထွက်လေ့ထွက်ထမရှိကြဘဲ ပြင်ပမှကိစ္စများတွင်လည်း ဝင်မပါကြပေ။
ပေ့ကုန်းနတ်ဆိုးအိုသည် နတ်ဘုရားတစ်ဝက်စာရင်းတွင်ပါဝင်သော စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ထိုအခိုက်တွင် ရီဖူရှင်း၏လက်ထဲ၌ မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူ ထွက်ပေါ်လာပြီဖြစ်သည်။ ထိုသူသည် ဒီမွန်းကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ရီဖူရှင်းကို ညှာလိမ့်မည်ဟု တရားသေမပြောနိုင်ပေ။ ရီဖူရှင်းသည် ယူချင်းနှင့်ဆက်ဆံရေးမှလွဲ၍ နတ်ဆိုးလောကနှင့် များစွာပတ်သတ်မှုမရှိသည် မဟုတ်ပါလား။
ထို့အပြင် ထိုပေ့ကုန်းနတ်ဆိုးအိုသည် နတ်ဆိုးအင်ပါယာနန်းတော်နှင့် မသက်ဆိုင်ပေ။ သူ့ရှေ့တွင် မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ရှိနေရာ သူသည် မည်သည့် အလိုဆန္ဒကို တွန်းလှန်နိုင်မည်နည်း။
ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့် ပေ့ကုန်းနတ်ဆိုးအိုတို့အပြင် အခြားနေရာများတွင်လည်း လွန်စွာစွမ်းအားကြီးသူများ ရှိနေသည်။ သူတို့ကြားတွင် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တစ်နေရာတွင် တိတ်တဆိတ်ရပ်နေပြီး ရီဖူရှင်း သတိထားမိလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
သူသည် ထိုနေရာတွင် မည်သည့်စကားမှ မဆိုဘဲ တိတ်တဆိတ်ရပ်နေခဲ့ပြီး သူ့အရှေ့ရှိ ဒီမွန်းဓားကိုသာ စိုက်ကြည့်နေခဲ့၏။
ထိုနေရာရှိ လူအားလုံးသည် ရီဖူရှင်း၏အမည်နှင့် ဂုဏ်သတင်းကို သိကြသည်။ ထို့ကြောင့် ယခုအထိ လုယက်မှုတိုက်ပွဲများ ဖြစ်ပေါ်မလာသေးခြင်းဖြစ်သည်။
“ခင်ဗျားတို့က ဒီကို အရင်ကတည်းက ရောက်နေတာဖြစ်ရမယ်။ ဒါပေမဲ့ ခင်ဗျားတို့ အဲဒီလက်နက်ကို မရခဲ့ဘူးဆိုတော့ အဲဒါက ခင်ဗျားတို့နဲ့ ရေစက်မပါတဲ့ အဓိပ္ပာယ်ပဲ။ အခု ဒီမွန်းဓားက ကျုပ်တို့ကို ရွေးချယ်သွားပြီဆိုတော့ အဲဒါက စီဝေ့အင်ပါယာနန်းတော်အပိုင် ဖြစ်သွားပါပြီ”
ရီဖူရှင်းသည် ထိုနေရာရှိ အားလုံးကိုကြည့်၍ ရဲဝံ့စွာ ပြောသည်။
“ခင်ဗျားတို့ထဲက ဘယ်သူမဆို အဲဒီလက်နက်ကို ကျုပ်တို့ဆီက အတင်းလုယူချင်တယ်ဆိုရင် ကျုပ်တို့လည်း ရွေးချယ်စရာမရှိတော့ဘဲ ကိုယ့်ကိုယ်ကို ကာကွယ်ရတော့မှာပဲ။ ခင်ဗျားတို့ မလှုပ်ရှားခင် ဂရုတစိုက်တွေးကြပါ။ ခင်ဗျားတို့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ခင်ဗျားတို့ ကျုပ်တို့ကို တိုက်ခိုက်လိုက်တာနဲ့ ခင်ဗျားတို့က ကျုပ်တို့ရဲ့ ရန်ဘက်တွေဖြစ်လာမှာပဲ။ ပြီးတော့ နောက်ကျရင် ခင်ဗျားတို့ အမြဲ နောက်ကျောမလုံဖြစ်နေရလိမ့်မယ်”
သူသည် သူ၏စကားလုံးများထဲတွင် ခြိမ်းခြောက်မှုကို မဖုံးကွယ်ထားခဲ့ပေ။ သူ့လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက် ရှိနေလျှင် သူ၏တိုက်ခိုက်စွမ်းရည်သည် ထိပ်တန်းတွင် ဖြစ်သည်။ ယခင်က သူ့ကို တိုက်ခိုက်လိုခဲ့သူများသည် လူပေါင်းများစွာ မြင်တွေ့ခဲ့ရသော ထျန်းယန်မြို့၏ ပျက်သုဉ်းမှုကိသာ ပြန်အမှတ်ရရန် လိုခဲ့ပေသည်။
ထိုစဉ်က ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်သည် ရီဖူရှင်း ယှဉ်နိုင်ရန် မျှော်လင့်နိုင်သည့် အင်အားစုတစ်စုမဟုတ်ပေ။ သို့သော် နောက်ဆုံးတွင် မြို့သခင်ရုံးတော်သည် သူ၏ဖျက်ဆီးမှုကို ခံခဲ့ရသည်။
အကယ်၍ ယခုတွင် သူတို့သာ ရီဖူရှင်းကို အပြစ်ပြုခဲ့ပါက စွန့်စားရကြပေလိမ့်မည်။
သူသည် သူ၏အင်အားကို သက်သေပြခဲ့ပြီးပြီ မဟုတ်ပါလား။
“မင်းကို သတ်လိုက်ရင် အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမှာလဲလေ...”
ဗုဒ္ဓကုန်းမြေသခင်က ကျယ်လောင်စွာ ပြောသည်။ သူ့ထံမှနေ၍ လွန်စွာလွှမ်းမိုးအားကြီးသော မဟာအင်ပါယာအရှိန်အဝါ ခပ်ရေးရေးထွက်နေသည်။ သူတို့အရှေ့တွင် ရွှေရောင်နတ်အလင်းနှင့်အတူ ဗုဒ္ဓနယ်မြေထွက်ပေါ်လာပြီး ဤကျယ်ပြောသောနေရာကို တိုက်ရိုက်ချိပ်ပိတ်လိုက်လေသည်။