← Chapters

မိစ္ဆာချုပ်နှောင်ခြင်း၏ ကြီးမြတ်သောလမ်း၊ ကျမ်းစာကဲ့သို့သောအယူအဆ

Vol. 7 Ch. 90

မိစ္ဆာချုပ်နှောင်ခြင်း၏ ကြီးမြတ်သောလမ်း၊ ကျမ်းစာကဲ့သို့သောအယူအဆ

Vol. 7 Ch. 90

အဘိုးအိုက လှော်တက်ကို ချပြီး မန်ဟို့ကိုကြည့်သည်။ သူ ရယ်ရင်း လမ်းလျှောက်ကာ သူ့ဘာသာသူ အရက်အနည်းငယ် ထည့်ပြီး တစ်ခွက် သောက်လိုက်သည်။

“ဘယ်ရှုပ်ထွေးမှုတွေကို ရှင်းလင်းချင်တာလဲ

မန်ဟိုက အရက်ခွက်ကို ကိုင်ပြီးနောက် လေသံပြေပြေလေးဖြင့် ပြောသည်။  “ကျွန်တော် ဖတ်ခဲ့တဲ့ တစ်ခုနဲ့ ပက်သက်ပြီး မရှင်းတာလေးတွ ရှိနေလို့ပါ။ အဲ့ဒီမှာ ပြောထားတာက ရှေးဟောင်း လမ်းစဥ် ကောင်းကင်တံခါးကိုပိတ်ချင်သော ဇွဲဆန္ဒ” ရုတ်တရက် အဘိုးအို၏ မျက်နှာတွင် တုန်လှုပ်သွားသည့်ဟန်ပေါ်လာသည်။ ကလေးမလေး၏ မျက်နှာမှ သွေးဆုတ်သွားသည်။ လှိုင်းလုံးကြီးများ ရုတ်တရက် မြောက်ပင်လယ်တစ်လျှောက် ရိုက်ခတ်သွားရာ လှေလေးကို ရှေ့နောက်ယိမ်းထိုးသွားစေသည်။

“ရပ်လိုက်” အဘိုးအိုက အော်သည်။ သူ့လက်ထဲက အရက်ခွက်မှာ ရုတ်တရက် အနက်ရောင် အခိုးအငွေ့များအဖြစ်ပြောင်းသွားပြီး သူက မန်ဟိုကို ငေးကြည့်နေသည်။

မန်ဟို ပင့်သက်ရှိုက်သွား၏။

“ဒါကို နောက်တစ်ခါ ထပ်မပြောပါနဲ့။ အဘိုးလဲ မင်းကို ဒီစကားလုံးတွေ မရှင်းပြပေးနိုင်ဘူး။မိုးကောင်းကင် ဒါမှမဟုတ် ကမ္ဘာမြေကြီးက ဘယ်သူမှလဲ ဒီစကားတွေကို ရှင်းပြနိုင်မှာ မဟုတ်ဘူး။ သခင်လေး ဉာဏ်အလင်းကို တကယ်ရှာချင်ရင်တော့ ပင်လယ်ရဲ့ နှလုံးသာထဲ ဝင်ရောက်ပါ “ အဘိုးအိုက ပါးစပ်ပိတ်ပြီး ကလေးမလေးကို ကြည့်သည်။ အချိန်အနည်းငယ်ကြာသွားပြီးသည်တွင်တော့ သူမ၏မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူမက မဆိုစလောက် ခေါင်းညိတ်လိုက်သည်။

မန်ဟိုက တခဏတိတ်ဆိတ်သွားပြီးနောက် မေးသည်။ “ပင်လယ်ရဲ့နှလုံးသားဆိုတာ ဘာကို ဆိုလိုတာပါလဲ”

အဘိုးအိုက နက်နဲသိမ်မွေ့မှုတို့သယ်ဆောင်လာသော အသံဖြင့်ပြောသည်။ “ ပင်လယ်ကြမ်းပြင်မှာ နှစ်တစ်ထောင်ကြာ စုစည်းနေခဲ့တဲ့ အရာတွေရှိတယ်။ အဲဒါက ပင်လယ်ရဲ့ နှလုံးသားပဲ။ သခင်လေး မေးခွန်းရဲ့အဖြေကိုရှာချင်ရင် သခင်လေးရဲ့ နှလုံးသားကိုလည်း ဆန်းစစ်သင့်တယ်”

မန်ဟို အတွေးထဲ အချိန်အတော်ကြာ နစ်မြောသွားသည်။ သူ နောက်ဆုံး မော့ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ အဘိုးအိုနှင့် ကလေးမလေး၏ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။ ကန်တွင် သူတစ်ယောက်တည်းသာ။ လှေလေးသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

သူ့မှာ အတန်ကြာသည်အထိ ကြောင်တောင်တောင်ငေးကြည့်နေမိပြီးနောက် သူ၏အမြင်အာရုံသည် အဝေးက အစက်အပြက်လေးတစ်ခုအပေါ် ကျရောက်လာ၏။ ထိုနေရာ၊ ကန်စပ်၌ လူတစ်စုက လှေအသစ်ကို ရေချနေကြသည်။ ထိုလှေက ရေထဲသို့ တရွေ့ရွေ့ရောက်သွားပြီးနောက် ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ အောင်ပွဲခံ ကြွေးကြော်သံများက လှေကလေးနားတွင် လွင့်ပျံ့နေသည်။

လှေသည် ကန်အလယ်သို့ တဖြေးဖြေးချဥ်းကပ်သွားသည်။ လှော်ခတ်နေသည်က သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်တစ်ဦးက အဖော်ပါလာခဲ့သည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် သူသည် ကန်ကို အသွားအပြန် လှော်ခတ်နေသည်ကို မန်ဟို မြင်နေရသည်။ နှစ်ပေါင်းများစွာကြည်သည်တွင်တော့ ထိုလူမှာ အသက်အရွယ် အိုမင်းလာသည်။ ထိုလူ၏ သားသည် ကြီးပြင်းလာပြီး လှေကိုလက်လွှဲယူကာ လှော်ခတ်ခဲ့သည်။ နှစ်ပေါင်းအထပ်ထပ်။ မျိုးဆက်အဆက်ဆက်။

တစ်ခါက သစ်လွင်တောက်ပခဲ့သောလှေလေးသည် တဖြေးဖြေးအက်ကွဲလာပြီး ဟောင်းနွမ်းလာ၏။ ၄င်းမှာ သက်တမ်းကြာခဲ့ပြီမဟုတ်လော။

နောက်ဆုံး၌ ၄င်းသည် ပြန်လည်ပြင်ဆင်၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့သည်။ နောက်ဆုံးအချိန်ရောက်သွားခဲ့သည့် ဘဝကဲ့သို့ပင် ထိုလှေလေးကို အတင်းအကြပ် သွားခိုင်း၍ မရတော့ပေ။ လှေလေးမှာ ကန်ကြမ်းပြင်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့သည်။

၄င်းသည် ကန်ရေပြင်ထက်တွင် နေထိုင်ရှင်သန်ခဲ့ပြီး ကန်ကြမ်းပြင်တွင် သေဆုံးခဲ့သည်။ ၄င်း၏တည်ရှိမှုကား ၄င်းကိုဖန်တီးခဲ့သည့် လူသားမျိုးနွယ်များကို အဖော်ပြုပေးရင်း ကန်ရေပြင်ထက်တွင် ဖြစ်ခဲ့သည်။ ကန်သည်ကား ၄င်းတစ်ဘဝလုံးပင် ဖြစ်သည်။

၄င်းဘဝတွင် ကန်ကား သူ့အဖော်မွန်ဖြစ်သည်။ ဘယ်သူမှ ကန်၏ အသံကိုမကြားနိုင်သော်လည်း လှေလေးက ကြားနိုင်ခဲ့သည်။ ကန်အောက်ခြေသို့ နစ်မြုပ်သွားပြီး သေဆုံးသွားသည့်တိုင် နောက်တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့သည်။

ထိုအခိုက်အတန့် လှေကလေး နိုးထလာသည်။

လှေလေး နိုးလာသည် နှင့်တပြိုင်နက် ကန်ကြမ်းပြင်တွင် သူ့ကို ပြုံးပြရင်း ရပ်နေသော ကလေးမလေးတစ်ယောက်ကို မြင်လိုက်ရသည်။

“မင်းငါနဲ့..... ထာဝရအတူနေပေးမှာလား”

“ထာဝရဆိုတာ ဘယ်လောက်ကြာလဲ ကျွန်တော်မသိဘူး။ ကျွန်တော့်အရင်ဘဝတုန်းက ကျွန်တော် ခင်ဗျားရဲ့ အသံကိုကြားရတယ်။ အခု ကျွန်တော် သေဆုံးသွားပြီဆိုတော့..ကျွန်တော် ခင်ဗျားကို အဖော်ပြုပေးချင်တယ်။ ခင်ဗျားကို ကျွန်တော့်နောက်ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခု ဖြစ်စေချင်မိတယ် “ ဤအခိုက်အတန့်တွင် ၄င်းက လှေလေး၏ စိတ်ဝိညာဥ်ဖြစ်ကြောင်း..... သဘောပေါက်နားလည်လိုက်သည်။ ကန်၏ အသံကိုနှစ်ပေါင်းများစွာနားထောင်ခြင်းက လှေ၏စိတ်ဝိညာဥ်ကို ဖြစ်တည်လာစေခဲ့သည်။

မသေဆုံးမီက ၄င်း၏ဘဝက ကန်ရေပေါ်တွင် ဖြစ်ခဲ့သည်။ သေဆုံးပြီးနောက် ၄င်း၏ စိတ်ဝိညာဉ်က ကန်ကို ထာဝရ ကာကွယ်ပေးနေမည် ဖြစ်သည်။

ထို့နောက်တွင်တော့ ကန်ရေပြင်ထက်တွင် လှေလေးတစ်စင်း နောက်တစ်ဖန် ပေါ်လာခဲ့သည်။ လှေလေးထဲတွင် ကလေးမလေးက နွှေးထားသော အရက်အိုးကို ကိုင်ထားသည်။ သူတို့အတူတူ ကန်ကိုဖြတ်၍ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။

မန်ဟို သူ့ရှေ့က ဤပုံရိပ်အားလုံးကို မြင်ရသောအခါ စိတ်နှလုံးတုန်လှုပ်သွားသည်။ အရာအားလုံးက တခဏ ဝေဝါးသွားပြီးနောက်တစ်ဖန် ပြတ်သားလာသည်။ သူသည် လှေပေါ်ပြန်ရောက်နေပြီး သူ့ရှေ့တွင် အဘိုးအိုက အရက်ခွက်ကို ကိုင်ထားပြီး ပြုံးပြနေသည်။ မိန်းကလေးငယ်ကလည်း မေးထောက်လျက် မန်ဟိုကို ပြုံးပြနေသည်။

အဘိုးအိုက တစ်ခွက်သောက်ပြီးပြောသည်။ “ ဒါက အဘိုးရဲ့ နှလုံးသားပဲ။ နားလည်ရဲ့လား..မိစ္ဆာချုပ်နှောင်ဂိုဏ်းရဲ့ ဆက်ခံသူလေး “

မန်ဟို ခဏတာ ငြိမ်သက်သွားသည်။ မချင့်မရဲမှုများ သူ့မျက်လုံးတွင် ပေါ်လာခဲ့သည်။ သူ.......  နားမလည်ပေ။

“အဖြေကို သိဖို့ အရမ်းကြီး လျှောက်ရှာမနေနဲ့။ အဲ့လိုလုပ်ရင် အဖြေအမှားကြီးပဲတွေ့လိမ့်မယ်။ သခင်လေး ဘဝရဲ့တစ်နေရာကိုရောက်ရင်တော့ အဖြေတွေ့လောက်မှာပါ။ လက်မလျှော့နဲ့” အဘိုးအိုက မန်ဟို့ကို တည်ကြည်လေးနက်စွာကြည့်သည်။

“အစ်ကိုကြီး” ကလေးမလေးက ပြောသည်။ “ အစ်ကို့ခြေထောက်အောက်က ..... သူ့ရဲ့ချီ ။ အဲ့ဒါကို သွားရန်မစနဲ့နော်။ သတိရပါ....မိစ္ဆာချုပ်နှောင်ခြင်းရဲ့ ကြီးမြတ်သော လမ်းကို”  ကောင်းကင်ပင် ထိတောင့်မတတ် မြင့်မားသော လှိုင်းတံပိုးကြီးများက ကန်ရေပြင်အနှံ့ ရိုက်ခတ်သွားသည်။ ဂျိန်းခနဲ ထစ်ခြုန်းသွားပြီး အရာအားလုံး မှောင်အတိကျသွားသည်။ လှေလေးက ရေထဲသို့ ပြန်လည် နစ်မြုပ်သွားလေသည်။

မန်ဟို လှေထဲမှ ခုန်မထွက်ဘဲ သူ့မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူ ပြန်ဖွင့်လိုက်သည့်အခါ ကန်စပ်တွင် တင်ပျဥ်ခွေထိုင်လျက်သားရှိသည်ကို တွေ့လိုက်ရသည်။ ကန်ရေပြင်ကား တည်ငြိမ်နေသည်။ လှိုင်းမရှိ။ လှေမရှိ။ စောစောက အဖြစ်အပျက်က ပုံရိပ်ယောင်တစ်ခုအတိုင်းသာ။

ကလေးမလေးလည်း မရှိတော့သလို၊ အဘိုးအိုလည်း ရှိမနေပေ။ ဖြစ်ပျက်ခဲ့သမျှအားလုံးက အိပ်မက်အလားပင်။

“ငါ့ခြေထောက်အောက်က သူ့ရဲ့ချီ.. “ မန်ဟို၏မျက်လုံးများမှာ ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။ သူက ခြေထောက်ကို ငုံကြည့်လိုက်သည့်အခါ သူစီးထားသော ဖိနပ်ကိုသာ တွေ့ရသည်။

“မိစ္ဆာချုပ်နှောင်ခြင်းရဲ့ ကြီးမြတ်သောလမ်း၊ ကျမ်းစာကဲ့သို့သောအယူအဆ” မန်ဟိုမှာ စကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်သေးသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တဖြေးဖြေး ထရပ်ပြီးနောက် လက်ယှက်ကာ ကန်ကို တတိယအကြိမ်ဦးညွှတ်လိုက်သည်။

သူ ရေပြင်ကိုကြည့်သည်။ “ကျွန်တော် ဒီနေ့ နားမလည်သေးဘူး” သူအသံမှာ ခပ်တိုးတိုးသာ။  “ ဒါပေမဲ့ တစ်နေ့တော့ ကျွန်တော် နားလည်မှာပါ “

လှိုင်းလုံးများ ရုတ်တရက် ကန်ရေပြင်တွင် ရိုက်ခတ်သွားသည်မှာ မန်ဟို့ကို ထောက်ခံနေသဲ့သို့ပင် ဖြစ်သည်။ မန်ဟို ထွက်သွားတော့မည့်အချိန် ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ အဝေးမှ သူ့ဆီပျံသန်းလာနေသော အလင်းတန်းအမြောက်အမြားကို တွေ့လိုက်ရသည်။

“မန်ဟို”

“မင်းက ဒီမှာကိုး။ ငါတို့ဂိုဏ်းချုပ်က မင်းကိုရှာဖို့ လွှတ်လိုက်တာ “

“သူ့ကိုဖမ်းပြီး အရာအားလုံးရှင်းအောင် လုပ်ကြမယ်”

အလင်းတန်းသုံးတန်းဖြစ်၍ ကျင့်ကြံသူ သုံးယောက်ဖြစ်သည်။ ထိုထဲမှ တစ်ယောက်က စဦးချီဖွဲ့စည်းမှု အဆင့် (၉) ဖြစ်ပြီး အခြားသူများမှာ အဆင့် (၈) ဖြစ်သည်။ သူတို့သုံးယောက်လုံး ဧရာမပုလွေကြီးကို စီးနင်းလာနေကြသည်။ အဆင့် (၈) ကျင့်ကြံသူ နှစ်ယောက်ကို မန်ဟို သိသည်။ သူတို့နှစ်ယောက်ကား မန်ဟိုကို လိုက်သတ်ရန် ကြိုးစားခဲ့ကြသော ချွိရွှယ်ဂိုဏ်းမှ ကျိုးနှင့် လွီတို့ပင် ဖြစ်သည်။

စဦးချီဖွဲ့စည်းခြင်း အဆင့် (၉) ကျင့်ကြံသူမှာ အသက် (၃၀) ခန့်ရှိ လူငယ်တစ်ယောက်ဖြစ်သည်။ သူက မန်ဟို့ကို အေးစက်စက် အကြည့်ဖြင့် အဖက်မတန်သလို ကြည့်နေသည်။

သူတို့နောက်တွင် ခြေလျင်လိုက်လာသော လူ ၅ ယောက်လည်း ပါလာသည်။

မန်ဟို့ အမူအရာကား တည်ငြိမ်နေသည်။ သူက ထိုသူများကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုကာ မြောက်ပင်လယ်ကို ထပ်မံ၍ ဦးညွတ်လိုက်သည်။ သူထိုသို့ လုပ်လိုက်သည့်အခါ ကျိုးနှင့်လွီတို့ မျက်လုံးများ ဖြတ်ခနဲလက်သွားသည်။ သူတို့၏လက်များသည် ဂါထာမန္တယားဆိုင်ရာ မုဒြာဟန်များ လက်သွားပြီး မိုးထစ်ချုန်းသံနှင့်အတူ တိမ်မည်းများ ကောင်းကင်တွင် စတင်စုဝေးလာသည်။

အဆင့် (၉) ကျင့်ကြံသူ လူငယ်က သိုလှောင်အိတ်ပုတ်ပြီး ဧရာမ ဗုံကြီးတစ်လုံးထုတ်သည်။ သူက ထိုဗုံကြီးကို တစ်ချက် တီးလိုက်သည်။ မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် ဖုန်များအား လေပေါ်သို့ ဝဲပျံလာစေပြီး မန်ဟိုထံ ဦးတည်သွားစေသည်။

တစ်ချိန်တည်းမှာပင် လျှပ်စီးတန်းတစ်တန်းက မန်ဟိုထံ ပြေးဝင်လာသည်။ ၄င်း ချဥ်းကပ်လာစဥ် မန်ဟိုက တည်ငြိမ်အေးဆေးစွာ လက်သီးဆုပ်ပြီး လျှပ်စီးတန်းကို ထိုးချလိုက်သည်။

ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး လျှပ်စီးတန်းသည် ပြိုကွဲသွားကာ မီးပွားများအသွင်ပြောင်းရင်း လွင့်စင်ပျောက်ကွယ်သွားသည်။ မန်ဟို၏မျက်လုံးများက တဖျပ်ဖျပ်လက်နေလျက်ပင်။

“မင်းသေချင်နေတာလား “ သူ အော်သည်။ သူက အရှေ့သို့ခုန်လိုက်ပြီး သူ့ခြေထောက်အောက်တွင် တဝီဝီမြည်နေသော ဓါးပျံတစ်လက် ပေါ်လာသည်။ သူသည် ရောင်စုံအလင်းတန်းအသွင်ပြောင်းပြီး သူ့အထက်တွင် ပျံသန်းနေသော လူသုံးယောက်ထံ ပြေးဝင်သွားသည်။

ချီဖွဲ့စည်းမှု၏မဟာစက်ဝန်း၊ စဦးချီဖွဲ့စည်းခြင်းအဆင့် (၁၃)၏ စွမ်းအားက မန်ဟို့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာသည်။ ယခု သူသည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်မှ ဖြတ်တောက်ခြင်းခံလိုက်ရသည်။ သို့သော် သူ့အနီးသို့ရောက်ရှိလာသော ကျောက်တုံးကျောက်ခဲများနှင့် သဲမှုန်များမှာ သူ၏လက်သီးချက်ကြောင့် အစအနပင်မကျန် ပြိုကွဲသွားသည်။လေမုန်တိုင်းကြီးတစ်လုံး ဖြစ်တည်လာ၏။ သူ၏ရန်သူသုံးယောက်မှာ တောင်တစ်လုံးအားဖြင့် သူတို့ကို တွန်းထုတ်နေသည့်အလား ခံစားလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့မှာ သွေးအန်လိုက်ရသည်။ ကျိုးနှင့် လွီတို့က ပို၍ဆိုးသည်။ သူတို့၏ ကျောက်စိမ်းပုလွေများ ကွဲကြေသွားပြီး သူတို့က အံ့အားသင့်နေသောမျက်နှာများဖြင့် အနောက်သို့ ဆုတ်လိုက်ကြသည်။ သူတို့နောက်ဆုတ်လိုက်ချိန်မှာပင် ဓားနှစ်လက်၏ အရှိန်အဝါများက သူတို့ကို ကျော်ဖြတ်သွားသည်။ သူတို့ခေါင်းများ ကောင်းကင်သို့ပျံဝဲတက်သွားပြီး သွေးများ နေရာအနှံ့ကျလာသည်။ စဦးချီဖွဲ့စည်းမှုအဆင့် (၈) ကျင့်ကြံသူ နှစ်ယောက်မှာ တခဏလေးအတွင်း သေဆုံးခဲ့ကြလေပြီ။

မန်ဟိုက ချွိရွှယ်ဂိုဏ်းမှ စဦးချီဖွဲ့စည်းမှု အဆင့် (၉) ကျင့်ကြံသူကို လှည့်ကြည့်သည်။ ထိုလူ၏မျက်နှာဖြူဆုပ်နေပြီ  တစ်ကိုယ်လုံးတုန်ရီကာ နောက်ဆုတ်သွားသည်။ မြေပြင်ပေါ်ရှိလူများမှာလည်း ထိတ်လန့်အံ့ဩမှုအပြည့်ဖြင့် ရပ်သွားကြသည်။

“မင်း.....မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ” ချွိရွှယ်ဂိုဏ်းမှ စဦးချီဖွဲ့စည်းခြင်း အဆင့် (၉) ကျင့်ကြံသူက ရင်တဒိန်းဒိန်းခုန်နေရင်း မယုံကြည်နိုင်သည့်ဟန်ဖြင့် မေးသည်။ သူသိထားသည်အရ စဦးချီဖွဲ့စည်းမှု အဆင့် (၉) ကျင့်ကြံတစ်ယောက်က စဦးချီဖွဲ့စည်းမှု အဆင့် (၈) ကျင့်ကြံသူကို အလွယ်တကူမသတ်နိုင်ပေ။ သူက......ချီအခြေတည်အဆင့်ဖြစ်နေမည်လား။

သို့သော် မန်ဟိုက ပဟေဠိဆန်သော အငွေ့အသက်ကို ထုတ်လွှတ်နေသော်လည်း ယင်းက ချီအခြေတည်အဆင့်စွမ်းအားမဟုတ်ပေ။ ထို့ကြောင့် ချွိရွှယ်ဂိုဏ်းသားမှာ မယုံနိုင်လောက်အောင် အံ့သြမှင်သက်နေခြင်း ဖြစ်သည်။

ထိုလူ၏ပါးစပ်မှ စကားလုံးများ ထွက်လာချိန်မှာပင် မန်ဟိုက တည်ငြိမ်နေသော မျက်နှာဖြင့် ရှေ့တိုးလာသည်။ ဤအခြင်းအရာကိုမြင်သော် ချိရွှယ်ဂိုဏ်းသားမှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူက လှည့်ပြီးထွက်ပြေး၏။

ကံမကောင်းသည်မှာ သူက စဦးချီဖွဲ့စည်းမှုအဆင့် (၉) သာဖြစ်သည်။ သူ သည့်ထက်ပိုမြန်လျှင်တောင်မှ စဦးချီဖွဲ့စည်းမှုအဆင့်၏မဟာစက်ဝန်းတွင်ဖြစ်သော မန်ဟို့ကို ဘယ်တော့မှ ယှဥ်နိုင်မည်မဟုတ်ပေ။ သူထွက်ပြေးရုံရှိသေးသည်၊ မန်ဟိုက သူ့အနားရောက်လာ၏။ မန်ဟို၏လက်သီးချက်ကား ကျဆင်းလာသည်။

စဦးချီဖွဲ့စည်းမှု အဆင့် (၉) ကျင့်ကြံသူ၏ သူငယ်အိမ်မှာ ကျုံ့သွားပြီး သေရေးရှင်ရေးအန္တရာယ်အာရုံကြီးက သူ့ကိုလွှမ်းခြုံသွားသည်။ သူက အော်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ဓါးပျံအမြောက်အမြားနှင့်အတူ ဗုံတစ်လုံးနှင့် ထူးထူးဆန်းဆန်းရေးထွင်းထားသော ကျောက်စိမ်းပြားတစ်ခုလည်း ထွက်ပေါ်လာသည်။

မန်ဟို့အမူအရာမှာ နည်းနည်းလေးမျှပင် ပြောင်းလဲမသွားပေ။ သူ၏ လက်သီးသည် ဆက်လက်နိမ့်ဆင်းလာသည်။ ဓားပျံများ အစိတ်စိတ်အမြွှာမြွှာကျိုးကြေကုန်သည်။ ဗုံမှာလည်း အသံကျယ်ကြီး မြည်ဟည်းကာ ပေါက်ကွဲသွား၏။ ထို့နောက်တွင်တော့ကျောက်စိမ်းပြား။

ဤကျောက်စိမ်းပြားသည် စဦးချီဖွဲ့စည်းမှုအဆင့် (၉) ကျင့်ကြံသူ၏ တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်သည်။ သို့သော် မန်ဟိုက စဦးချီဖွဲ့စည်းမှု၏မဟာစက်ဝန်းတွင် ဖြစ်သည်။ ကျောက်စိမ်းပြားတွင် သူ့ကိုတားဆီးနိုင်စွမ်းမရှိပေ။ ၄င်းက အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားသည်။

ဤပစ္စည်းတစ်ခုမှ နည်းနည်းလေးပင် မခုခံနိုင်ခဲ့ပေ။ ချွိရွှယ်ဂိုဏ်းသားမှာ ယခု မည်သည့်ရတနာပစ္စည်းမှ မကျန်တော့ချေ။ မန်ဟို၏ လက်သီးကြီး နီးသထက်နီးလာသည်ကို သူ့မှာ မျက်လုံးပြူးလျက်သာ ကြည့်နေနိုင်သည်။ ၄င်းက နောက်ဆုံး သူ့ရင်ဘတ်ပေါ် ကျရောက်သွား၏။

ဘန်းခနဲ မြည်ဟည်းသွားသည်။ ဤချွိရွှယ်ဂိုဏ်းသားမှာ သူ၏ဂိုဏ်းတွင် ကျော်ကြားပြီး ကျိုးပြည်တွင်ပင် နာမည်ကြီးသည်။ သို့သော် အခုတော့ သူ၏ရင်ဘတ်ကြီးချိုင့်ဝင်နေကာ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားလေသည်။ သူသည် ကြိုးဖြတ်ခံလိုက်ရသော စွန်ပမာ မီတာ ၂၀၊ ၃၀ ခန့် လွင့်ထွက်သွားပြီး သေဆုံးသွားတော့သည်။

မန်ဟို့အတွက် လူသုံးယောက်သတ်ရန် အစမှအဆုံးအထိ အသက်ရှိုက်စာအနည်းငယ်သာ ကြာလိုက်သည်။

မြေပြင်ပေါ်ရှိ ကျန်ချွိရွှယ်ဂိုဏ်းသားများ၏ ဖြူဆုပ်နေသောမျက်နှာတွင် ထိတ်လန့်ကြောက်ရွံမှုများ ရေးထိုးထား၏။ သူတို့အားလုံး ချက်ချင်း ဝုန်းရုန်းသုန်းကား တောင်ပြေးမြောက်ပြေး ပြေးကုန်သောကြောင့် မည်သူက ပထမဆုံးလဲ ပြောရခက်သည်။ သူတို့ခေါင်းထဲတွင်ရှိသည်က ပြေးရန်သာ။

မန်ဟို၏ အမူအရာမှာ ခါတိုင်းသာဖြစ်သောမလည်း စိတ်ထဲတွင် သူက သက်ပြင်းချလိုက်သည်။ ယန်ဇီကောင်းနှင့် မတော်တဆမှုကြောင့် မည်သည့် မျက်မြင်သက်သေမှ ချန်ထား၍ မဖြစ်ကြောင်း မန်ဟို သင်ယူခဲ့ရလေသည်။ သူ မလုပ်ချင်လျှင်တောင်မှ တိုက်ခိုက်ခြင်းက.....  မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။

အရင်မန်ဟိုသာဆိုလျှင်တော့ ထွက်ပြေးသွားသော သူများကို လိုက်လံသတ်ဖြတ်နေမည် မဟုတ်ပေ။ သို့သော် သည်နေ့က မတူပေ။ သူ၏မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွားသည်။ စဦးချီဖွဲ့စည်းမှုမဟာစက်ဝန်း၏ စွမ်းအားများဖြင့် ပြည့်၀နေသော ဓားပျံ ဆယ်လက် ပျံထွက်သွားသည်။ ဓားများမှာ အရည်အသွေးညံ့ဖျင်းပြီး ထိုစွမ်းအားကို မခံနိုင်သဖြင့် ပေါက်ကွဲထွက်သွားကာ မရေမတွက်နိုင်သော အပိုင်းအစများအသွင်ပြောင်းရင်း ဆက်လက်ပျံထွက်သွားသည်။

သွေးပျက်ချောက်ချားဖွယ်အော်သံများ တရစပ်ဆိုသလို ထွက်ပေါ်လာသည်။ ထွက်ပြေးနေကြသော ချိရွှယ်ဂိုဏ်းသားများ တစ်ယောက်မှ သေဆုံးသွားကြလေပြီ။

***

All Chapters