အထက်ဘုံကမ္ဘာကလူတွေကိုလည်း သတ်ပစ်မှာပဲ
Vol. 41 Ch. 579
နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု’ ဝါဒတောင်သခင်လေး’ရန်ကျောက်ကဲ’ လက်ဝါးရိုက်ချက်ထိမှန်ပြီး တစ်ချက်တည်းဖြင့် အသက်ပျောက်သွားလေပြီ။
ကျန်ရှိနေသော နေသူတော်စင်ဂိုဏ်းသားများ ကြက်သေသေလျှက်ရှိကြ၏။
ကျန်းခွန် ၊ ဟယ်နင်နှင့် ဝါဒတောင်မှ သိုင်းသမားများအားလုံးသည်လည်း စိတ်ထဲ ဗလာကျင်းလျှက် အံ့သြတကြီး ဖြစ်ကုန်ကြသည်။
ရန်ကျောက်ကဲပြန်ရောက်လာခြင်းက ဝါဒတောင်သိုင်းသမားများအားလုံးကို စိတ်ခံစားချက်များ ရောပြွမ်းရှုတ်ထွေးသွားစေသည်။
ယနေ့ကိစ္စတွင် ရန်ကျောက်ကဲက အဓိကဇာတ်လိုက် ဖြစ်၏။
ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်နှစ်ယောက် ဝါဒတောင်သို့ လာရောက်ရခြင်းအကြောင်းက ရန်ကျောက်ကဲကို ရှာဖွေရန် မဟုတ်ပါလား။
ယခု ရန်ကျောက်ကဲ ရောက်လာသည့်အခါ သူ၏ တာဝန်ယူမှု တာဝန်ခံမှုကို ခံစားနားလည်ရသည့်အပြင် အနှီလူငယ် အရှေ့ပင်လယ်စည်းတံဆိပ်ခတ်ခြင်းတွင် သေဆုံးမသွားဘဲ အသက်ရှင်သန်နေသဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းကိုလည်း ခံစားရသည်။ သို့သော် အင်အားကြီး ရန်သူများနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် ရန်ကျောက်ကဲအတွက် အလွန်တရာ စိုးရိမ်ပူပန်မိကြသည်။
သူတို့ရင်ဆိုင်နေရသည့်ရန်သူက အလွန်တရာ စွမ်းအားမြင့်မားပြီး ဝါဒတောင်မှလူများအားလုံး ပေါင်းလျှင်ပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဟယ်နင်က ဒဏ်ရာအပြင်းအထန်ရသွားသဖြင့် ရန်ကျောက်ကဲကို ကူညီတိုက်ခိုက်နိုင်ရန် ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ကျန်းခွန်ထံ လွှဲပေးလိုက်၏။
သို့သော် ရန်ကျောက်ကဲ၏ တိုက်ခိုက်စွမ်းရည်ကိုကြည့်ပြီး ဝါဒတောင်၏ ဝါရင့်အကြီးအကဲနှစ်ယောက်မှာ မှင်တက်အံ့သြလျှက် ရှိကြသည်။
ရန်ကျောက်ကဲက…
ယန်ကျန်းဟွာနှင့် ကျင်းကျယ်ကို ခုခံကာကွယ်ခဲ့ခြင်း ၊
အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဝါးကိုင်းလေးတစ်ကိုင်းဖြင့် ရိုက်နှက်ဖိနှိပ်ခဲ့ခြင်း ၊
လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဟွမ်ရှုကို သတ်ဖြတ်လိုက်ခြင်း ၊
ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းက ကမ္ဘာရန်များဖြစ်ကြသော်လည်း ရန်ကျောက်ကဲက နေသူတော်စင်ဂိုဏ်းချုပ် ဟွမ်ရှုကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ကြောင်း တွေ့ရသည့်အခါ ကျန်းခွန်နှင့် အခြားသူများအားလုံး တုန်တုန်ယင်ယင် ဖြစ်ကုန်ကြသည်။
ရန်တိ သို့မဟုတ် ယွမ်ကျန်းဖုန်းဆိုလျှင် အဆင်ပြေသော်လည်း ၊ ယခု ဟွမ်ရှုကို သတ်လိုက်သည်က ရန်ကျောက်ကဲ ဖြစ်နေလေရာ ပြောစရာစကားမရှိအောင် ဖြစ်ရ၏။ နေသူတော်စင်ဂိုဏ်းမှလူများသာမက ဝါဒတောင်မှ လူများသည်ပင် “တကယ်မှဟုတ်ပါရဲ့လား” ဟု ခံစားနေကြရသည်။
အထူးသဖြင့် ဟွမ်ရှုလက်ထဲတွင်ကိုင်ထားသော မိုးဖြိုပုဆိန်သည် ရန်ကျောက်ကဲရှေ့တွင် လုံးဝ အသုံးမဝင်ခဲ့ပေ။
ရန်ကျောက်ကဲက ဟွမ်ရှိုကို သတ်ဖြတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့်ပင် ဝါးချောင်းကိုအသာဝှေ့ယမ်းလျှက် ဟွမ်ရှု၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာသော မိုးဖြိုပုဆိန်ကို ယူငင်လိုက်သည်။
အနက်ရောင်အလင်းတန်းများထွက်ပေါ်နေသည့် မိုးဖြိုပုဆိန်က အနည်းငယ် ခုခံလိုဟန်ရှိသော်လည်း ချက်ချင်းပင် ရန်ကျောက်ကဲက ထိန်းချုပ်နိုင်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျင်းကျယ်၏ မျက်နှာက ချက်ချင်းပင် ပြာနှမ်းနှမ်းဖြစ်သွား၏။
ဟွမ်ရှုက နေသူတော်စင်ဂိုဏ်းချုပ်မက၍ ဘာကောင်ကြီးပင်ဖြစ်ပါစေ ထိုသူ သေခြင်းရှင်ခြင်းကို ကျင်းကျယ် အရေးမစိုက်ပေ။
သို့ရာတွင် ဟွမ်ရှုက သူတို့နှင့်အတူ ဝါဒတောင်ကို တိုက်ခိုက်ရန် ချီတက်လာခြင်းဖြစ်ရာ ယခုလို ဝါဒတောင်ဂိုဏ်းသားတစ်ယောက်လက်ချက်ဖြင့် သူတို့ရှေ့မှောက် အသက်ပျာက်သွားရခြင်းက ကျင်းကျယ်ကို အကြီးအကျယ် အရှက်ရစေသလို ဒေါသလည်းထွက်စေသည်။
သို့သော် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် ရေခဲချပ်ဝတ်ကို ဝတ်ဆင်ထားသော ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် နဂါးအကြေးခွံလှံရှည်ကို ကိုင်ဆောင်ထားသော ၊ သိုင်းသူတော်စင် ဒုတိယအဆင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို ဖိနှိပ်ထားသဖြင့် ကယ်တင်ရန် နည်းလမ်းမရှိခဲ့ပေ။ ရန်ကျောက်ကဲ ဟွမ်ရှုကို သတ်ဖြတ်ပြီး မိုးဖြိုပုဆိန်ရယူသွားခြင်းအား မည်သို့မှမတတ်နိုင်စွာ ဒီအတိုင်း ကြည့်နေခဲ့ရသည်။
ကျင်းကျယ်ကိုပိုပြီး အရှက်ရစေသည်မှာ သူကိုယ်တိုင်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဖိနှိပ်ခြင်းကို ခံနေရခြင်းပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှံရှည်ဖြင့် ပြင်းထန်စွာထိုးစိုက်လိုက်ရာ ကျင်းကျယ်၏ ဓားအလင်းတန်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။ ကျင်းကျယ် အလျှင်အမြန် နောက်ဆုတ်ရှောင်တိမ်းလိုက်သော်လည်း ဒဏ်ရာရသွားပြီး သွေးများက ကောင်းကင်ထက် ပျံ့ကျဲသွား၏။
ထိုအချိန် အသင်္ချေနဂါးနန်းတော်က အဆက်မပြတ် တုန်ခါလာပြီး နန်းတော်ထက်တွင် တောက်ပနေသော နဂါးအလင်းတန်းများသည်လည်း တဖြည်းဖြည်း အက်ကွဲပျောက်ကွယ်သွားသည်။
မကြာမီ လင်းလက်တောက်ပနေသည့် ပုံရိပ်တစ်ခုက နဂါးနန်းတော်၏ ထိန်းချုပ်ခံရမှုအောက်မှ ထွက်ပေါ်လာသည်။
ကျင်းကျယ် အပျော်လွန်သွားသည်။ နောက်ဆုံးတော့ ယန်ကျန်းဟွာ အကျပ်အတည်းမှ လွတ်မြောက်သွားပေပြီ။
ယန်ကျန်းဟွာလက်ထဲတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘အရုဏ်ဦးနေခြည်သရဖူ’ ရှိနေလေရာ ရေခဲချပ်ဝတ် ဝတ်ဆင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သေချာပေါက် ရင်ဆိုင်နိုင်မည် ဖြစ်၏။
သို့သော် ကြောက်စရာကောင်းသည့်အရာမှာ ရန်ကျောက်ကဲ၏ ထူးဆန်းသော အစိမ်းရင့်ရောင် ဝါးကိုင်းဖြစ်၏။
ကျင်းကျယ်က ထို ဝါးကိုင်းအကြောင်း ယန်ကျန်းဟွာအား သတိပေးတော့မည့်ဆဲဆဲတွင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။
သူက ကျင်းကျယ်ကို ကြောက်ရွံ့သဖြင့် နောက်ပြန်ဆုတ်သွားခြင်း မဟုတ်ဘဲ ရှေ့တိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်ဆိုသလို အရှိန်အဟုန်ဖြင့် ဥက္ကာပျံတစ်ခုပမာ ယန်ကျန်းဟွာနှင့် အသင်္ချေနဂါးနန်းတော်အနားသို့ ချက်ချင်းရောက်ရှိသွား၏။
ကျင်းကျယ်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက် နှေးကွေးသဖြင့် ထိုကိုယ်ပွားကို ဟန့်တားချင်သည့်တိုင် မဟန့်တားနိုင်ဘဲ အော်ဟစ်သတိပေးရုံသာ တတ်နိုင်ခဲ့သည်။
“ကျန်းဟွာ... သတိထား”
အသင်္ချေနဂါးနန်းတော်၏ ဖိနှိပ်မှုမှ လွတ်မြောက်လာသော ယန်ကျန်းဟွာမှာ သူခံစားနေရသည့် နဂါးချီစွမ်းအားအငွေ့အသက်များ မပျောက်ကွယ်မီပင် သူ့အရှေ့ဘက် ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးသွားသည်ကို ခံစားရသည်။
ထက်ရှသော လှံရှည်ထိပ်ချွန်က သူ့ထံသို့ တစ်ခဏအတွင်း ဝင်ရောက်လာသည်။
ရှောင်တိမ်းရန် အချိန်မရတော့သဖြင့် ယန်ကျန်းဟွာက ကွမ်းမင်အလင်းသိုင်းပညာကို အမြင့်ဆုံးအဆင့် ထုတ်ဖော်အသုံးပြုလိုက်သည်။ ထိုသိုင်းစွမ်းအားက အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘အရုဏ်ဦးနေခြည်သရဖူ’ နှင့် ပေါင်းစပ်သွားပြီး ကွမ်းမင်ဂိုဏ်း၏ ကိုယ်ပိုင်ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်သည့် အလင်းခန္ဓာသိုင်းပညာက စွမ်းအားကုန် ထွက်ပေါ်လာ၏။
အလင်းတန်းများက နေရာတိုင်းတွင် ထွန်းလင်းတောက်ပနေပြီး ထာဝရနတ်ဘုရားရောင်ခြည်များက ယန်ကျန်းဟွာနှင့် ပေါင်းစပ်သွားပြီး သူ့ခန္ဓာကိုယ်က အလင်းလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
ကြီးမားလှသော ခံစစ်စွမ်းအားက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပြီး လှံရှည်က အလင်းခန္ဓာကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။
သို့ပေသိ လှံရှည်၏ စွမ်းအားအဟုန်ကြောင့် ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ယန်ကျန်းဟွာ၏ ခန္ဓာကိုယ် နောက်သို့ လွင့်ထွက်သွားသည်။
တစ်ချိန်တည်းပင် သူ့အနောက်ဘက်မှ အသင်္ချေနဂါးနန်းတော်တံခါးက နဂါးတစ်ကောင်ပါးစပ်ဟလိုက်သည့်အလား ပွင့်ဟလာပြီး ယန်ကျန်းဟွာကို တစ်ချက်တည်းမျိုချလိုက်၏။
ထို့နောက် နဂါးတစ်ကောင်ပါးစပ်ပိတ်လိုက်သည့်အလား ‘ဝုန်း’ ကနဲအသံဖြင့် နန်းတော်တံခါး ပြန်ပိတ်သွားသည်။
စောစောကပင် အလွန်တရာတောက်ပသောရောင်ဝါများဖြင့် ထွက်ပေါ်လာသော ယန်ကျန်းဟွာမှာ တစ်ခဏအတွင်းပျောက်ကွယ်သွားပြီး နဂါးနန်းတော်ထဲ ပိတ်မိနေပေပြီ။
ဘဝဆိုသည်က အမြဲတမ်း အနိမ့်အမြင့် အတက်အကျ မြန်ဆန်လွန်းသည်။ စောစောကပင် ယန်ကျန်းဟွာ လွတ်မြောက်သွားသဖြင့် စိတ်သက်သာရာရသွားသောကျင်းကျယ်သည် ချက်ချင်းပင် စိတ်ထဲ တင်းကျပ်စွာခံစားလိုက်ရသည်။
ပိုဆိုးသည်မှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသင်္ချေနဂါးနန်းတော်အတွင်းသို့ လိုက်ပါသွားခြင်းမရှိဘဲ ပြန်လှည့်လာပြီး ကျင်းကျယ်ကို လှံရှည်ဖြင့် ထိုးချိန်လျှက် လျှပ်စီးမိုးကြိုးအလင်းရောင်များကြားတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေသည်။
ဓားပျက်ဆီးသွားပြီဖြစ်သဖြင့် ကျင်းကျယ်တွင် လက်နက်မရှိတော့ပေ။ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြင့်သာ ကြံ့ကြံ့ခံ ရင်ဆိုင်ရတော့မည် ဖြစ်၏။
“အကြီးအကဲ’လု’ နဲ့ တခြားသူတွေ အရှေ့ပင်လယ်ကိုမသွားသေးဘဲ မြေကမ္ဘာနယ်မြေမှာပဲ ရှိနေသေးဖို့ မျှော်လင့်ပါတယ် ၊ ဒါဆိုရင် သူတို့ အလျှင်အမြန် ဒီနေရာကို ရောက်လာနိုင်မယ်”
သူက ညည်းညူရေရွတ်လိုက်ရင်း အင်္ကျီလက်ထဲမှ ကျောက်စိမ်းဆွဲပြားလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ချက်ချင်းပင် ချေမွှပစ်လိုက်သည်။
ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှေ့တိုးလာပြီး ကျင်းကျယ်ကို လှံရှည်ဖြင့် ထိုးစိုက်ချလိုက်သည်။
ကျင်းကျယ်က ရှောင်တိမ်းရန်ကြိုးစားလိုက်သော်လည်း သူတို့နှစ်ယောက်အကွာအဝေးက အလွန်နီးကပ်နေသလို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏အရှိန်အဟုန်က လျှပ်စီးပမာ လျှင်မြန်လွန်းလေရာ လှံရှည်က ကျင်းကျယ်၏ရင်ဝဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ကျင်းကျယ် သွေးတစ်ပွက် အန်ထုတ်လိုက်ချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ညာဘက်ဖြင့် လှံရှည်ကို ဆုပ်ကိုင်လျှက် ဘယ်ဘက်လက်က လျှပ်ပြက်သလို ဆန့်ထွက်လာပြီး ရှည်လျားသော ဂဠုန်လက်သည်းများဖြင့် ကျယ်းကျယ်၏ ပခုံးကို ဆုပ်ကိုင်ထားလိုက်သည်။
ကျင်းကျယ် မလှုပ်ရှားနိုင်တော့သည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်က ကျင်းကျယ်၏ ရင်ဝကို ထပ်မံထိုးဖောက်ပစ်လိုက်သည်။
ကျင်းကျယ်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မကြည့်ဘဲ ခပ်ဝေးဝေးတွင်ရှိနေသည့် ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“ကောင်လေး... မင်းက အတော်လေး အကြင်နာတရားကင်းမဲ့တာပဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင်...
“အခုတော့ ဒီလိုစကားမျိုး ပြောပြီပေါ့”
ကျင်းကျယ်၏ နှုတ်ခမ်းထောင့်မှ သွေးများအဆက်မပြတ်စီးကျနေရင်း...
“အစတုန်းက ငရဲကိုးထပ်ကိုဖိနှိပ်ထားတဲ့ ရတနာပစ္စည်း ဘယ်မှာရှိသလဲဆိုတာမေးမြန်းဖို့ မင်းဆီရောက်လာခဲ့တာပါ ၊ ဒါပေမဲ့ အခုတော့ မင်းက ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ ၊ မင်းကြောင့် မင်းကိုယ်တိုင်ရော မင်းရဲ့သိုင်းဂိုဏ်းရော ပျက်ဆီးရလိမ့်မယ်”
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“အင်း... မင်းတို့ ရှာနေတဲ့ပစ္စည်း ငါ့မှာရှိသားပဲ ၊ ဒါပေမဲ့ မင်းတို့ကိုပေးဖို့ စိတ်ကူးမရှိဘူး”
ကျင်းကျယ်က မျက်လုံးပြူးရင်း...
“မင်း လုပ်ရဲသလား”
ရန်ကျောက်ကဲက အမူအရာမပြောင်းလဲဘဲ...
“ညီမျှတဲ့တန်ဖိုးတစ်ခုနဲ့ လဲလှယ်မယ်ဆိုရင်တော့ စဉ်းစားသင့်ရင်စဉ်းစားရမှာပေါ့ ၊ ဒါပေမဲ့ မင်းတို့ကိုကြည့်ရတာ ငါတို့ကမ္ဘာကလူတွေကို တန်းတူရည်တူမသတ်မှတ်ဘူး ၊ နောက်တစ်ခုက မင်းတို့ကိုယ်တိုင်က ညီမျှတဲ့တန်ဖိုးပေးဖို့ စိတ်ကူးမရှိဘူး ၊ ပြီးတော့... အလဲအလှယ်လုပ်မယ်ဆိုရင်တောင်မှ မင်းတို့မှာ အဲဒီပစ္စည်းနဲ့ညီမျှတဲ့ တန်ဖိုးကြီးတဲ့အရာတစ်ခု မရှိနိုင်ဘူးလို့ ငါထင်တယ်”
ကျင်းကျယ်က ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း...
“ကောင်လေး... မင်းက မာနကြီးလွန်းတယ် ၊ ကောင်းကင်ဘယ်လောက်မြင့်တယ် မြေကြီးဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို နားမလည်ဘူး ၊ တစ်ချို့ရတနာပစ္စည်းတွေက မင်းဆုပ်ကိုင်ထားလို့ မရဘူး ၊ ပြီးတော့ အဲဒီရတနာပစ္စည်းရဲ့စွမ်းအားကို မင်းတို့နေထိုင်တဲ့ကမ္ဘာကတောင် ခံနိုင်ရည်မရှိဘူး ၊ မင်းယူထားမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပဲရှိတယ်”
“မင်းသာ အဲဒီပစ္စည်းကို ကွမ်းမင်ဂိုဏ်းကို နှင်းအပ်လိုက်မယ်ဆိုရင် မင်းအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ပါဘူး ၊ ဒါက မင်းအတွက် တစ်ခုတည်းသောလွတ်လမ်း ဖြစ်လာနိုင်တယ်”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဒါဆိုရင်တော့ ငါ့ဘက်က အဆုံးထိတိုက်ရမှာပဲ ၊ ငါက အဲဒီပစ္စည်းကို သိမ်းထားမလို့ ၊ မင်းတို့ကိုပေးဖို့ တစ်ချက်လေးတောင် စိတ်မကူးဘူး ၊ ဒီတော့ ငါက မပေးချင်ဘူး ၊ မင်းတို့က လိုချင်တယ် ၊ တိုက်ခိုက်ဖို့ပဲရှိတာပေါ့”
ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့စွာဖြင့်...
“ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာက ဆရာကြီး... ဟက်... မင်းတို့လို အထက်ဘုံကမ္ဘာကလူတွေကိုလည်း ငါကညှာမယ်ထင်နေသလား ၊ သတ်ပစ်မှာပဲ”
သူ့စကားဆံးသွားသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြင်းထန်သောစွမ်းအားများ ထုတ်လွှတ်လိုက်သည်။
ကျင်းကျယ်က မျက်လုံးများပြူးကျယ်လျှက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“မင်း...”
သို့သော် သူ့စကားမဆုံးခင်မှာပင် ကြီးမားသော ဂဠုန်ငှက်ကြီး၏လက်သည်းရှည်များက သူ၏ဝမ်းဗိုက်ကို ထိုးခွင်းဖွင့်ထုတ်ပစ်လိုက်လေတော့သည်။