← Chapters

တာအိုကို ဖြတ်တောက်ပြီး ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲမယ့် မိစ္ဆာစိတ်ဆန္ဒ

Vol. 7 Ch. 93

တာအိုကို ဖြတ်တောက်ပြီး ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲမယ့် မိစ္ဆာစိတ်ဆန္ဒ

Vol. 7 Ch. 93

ထျန်ကျီးအရှင်ကို မြင်လိုက်သည့်အခိုက်အတန့်၌ မန်ဟို့တစ်ကိုယ်လုံး တောင့်သွားသည်။ သူ့လက်ထဲတွင် ထျန်းကျီးအရှင်၏ အနုသုခုမရုပ်ခန္ဓာသည် မိစ္ဆာမီးအိမ်အတွင်း လောင်ကျွမ်းလျက်ရှိသည်။

ထျန်ကျီးအရှင်၏ ဟစ်ကြွေးသံက ကမ္ဘာမြေကြီးအား အဘက်ဘက်သို့ ကီလိုမီတာသန်းပေါင်းများစွာ လှုပ်ခတ်သွားစေသည်။ တောင်တန်းများ တသိမ့်သိမ့်တုန်သွားပြီး ကောင်းကင်တစ်ခုလုံး‌ တလိပ်လိပ်ထနေသော တိမ်မည်းများဖြင့် ပြည့်နှက်လာသည်။

မန်ဟို၏ နှလုံးမှာ တုန်ရီသွားပြီး သူ့ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ ခန္ဓာကိုယ််မှာ နောက်သို့ အဆက်မပြတ် တွန်းထုတ်ခံလိုက်ရသည်။ သူက ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။

အနုသုခုမရုပ်ခန္ဓာ အတုအဆင့် ကျင့်ကြံသူခေါင်းဆောင်ကြီးနှင့် ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည်အဆင့်ကျင့်ကြံသူအပါအဝင် မှီခိုရာဂိုဏ်းပိုင်နက်အတွင်းရှိ လူတိုင်း ဆောင်းရာသီကို ကြောက်သည့် ပုစဉ်းရင်ကွဲများနှယ် တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့မှာ အသံနည်းနည်းလေးပင် မထွက်ရဲကြပေ။ သူတို့သည် အကြောက်တရားများ စိုးမိုးနေသောမျက်လုံးများဖြင့် ကောင်းကင်ကို တအံ့တသြမော့ကြည့်လိုက်ကြ၏။

သို့ထိတိုင် မြေငလျင်လှုပ်ခတ်နေသော်လည်း မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းနယ်မြေပတ်ဝန်းကျင်မှာတော့ တိတ်ဆိတ်လျက်ပင် ရှိနေသည်။ မှီခိုရာဂိုဏ်းချုပ်ထံမှ အသံတစ်သံပင် မကြားရပေ။

ထျန်ကျီးအရှင်သခင်သည် သူ၏ခေါင်းလောင်းကြီးဘေးနားတွင် ပျံဝဲနေသည်။ သူ့မျက်လုံးများက နေနှင့်လအလင်းရောင်များဖြင့် စူးရှတောက်ပနေသည်။ အလင်းနှင့် အမှောင်ကား တစ်ခုနှင့်တစ်ခု ရောစပ်ပြီးနောက် သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ပြတ်ရှရာမှ ထုတ်လွှတ်နေသော ကြက်သွေးရောင်အလင်းဖြင့် ပေါင်းစည်းသွားဟန်တူသည်။ သူက ညာလက်ကို မြှောက်ပြီးနောက် အောက်သို့ ဝှေ့ယမ်းလိုက်သည်။

သူ ထိုသို့လုပ်လိုက်သဖြင့် အမှောင်ထု၊ တောက်ပနေသောအလင်းနှင့် သွေးအဆီအနှစ်သည် လက်ကြီးတစ်ဖက်၏ပုံရိပ်အသွင် ပေါင်းစည်းသွား၏။ ၄င်းက မြေပြင်ထံသို့ နိမ့်ဆင်းလာသည်။

ယင်းကို ဖော်ပြရန် အချိန်အနည်းငယ်ကြာသော်လည်း တခဏအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ မှီခိုရာဂိုဏ်း၏ အရှေ့ဘက်တောင်တန်းဆီသို့ လက်ကြီး ကျရောက်သွားသဖြင့် ထစ်ချုန်းသံကြီး ဟိန်းထွက်လာသည်။ လက်ကြီး အရှေ့ဘက်တောင်တန်းအပေါ် ကျရောက်သွားစဥ် ၄င်းသည် တစ်လွှာပြီးတစ်လွှာ ဖုန်းများအသွင် ပြိုကွဲ ပျောက်ကွယ်လာသည်။ လက်ကြီး ရပ်သွားချိန်တွင် အရှေ့ဘက်တောင်ကား.....မရှိတော့ပေ။

ငလျင်လှုပ်ခတ်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားလည်။ လက်ကြီးက အရှေ့ဘက်တောင်ကို ဖျက်စီးပြီးနောက် ရပ်မသွားပေ။ ထျန်ကျီးအရှင်က မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းနယ်မြေကို သိနေသည့်အလား ၄င်းသည် မြေအောက်ထဲသို့ ဆက်လက် ထိုးဖောက်သွားသည်။

ဝုန်းခနဲ မြည်ဟည်းသံကြီးက ကျိုးပြည်တစ်ဝက်နီးပါးပြည့်နှက်ကာ ပဲ့တင်ထပ်သွားသည်။ မြေကြီးသည် အဘက်ဘက်သို့ တွ့န့်ခေါက် ထွက်သွား၏။ လက်ကြီးက မြေအောက်ထိ ထိုးဖောက်ဝင်ရောက်ခဲ့ကာ မှီခိုရာဂိုဏ်းချုပ်၏ တံခါးပိတ်ကျင့်ကြံရာနယ်မြေကို အမှန်တကယ် ဖျက်ဆီးပစ်လိုက်ပြီ ထင်ရသည်။

လက်ကြီး နောက်ဆုံး ပျောက်ကွယ်သွားသည့်နောက်တွင် ကြည့်ရှုနေသူများသည် ဧရာမကြီးတွင်းကြီးတစ်တွင်း မြင်လိုက်ရသည်။ ၄င်းအတွင်းတွင် မပြည့်စုံသေးသည့် တားမြစ်မန္တန်များ မရေမတွက်နိုင်အောင် ရှိသည်။ ထိုနေရာကား..... အမှန်တကယ် မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းနယ်မြေပင်။ ကျောက်တိုင်များနှင့် ပလ္လင်များမှာ အပျက်အစီးများကြားတွင် တည်ရှိနေသည်။ မှီခိုရာဂိုဏ်းချုပ် မျက်နှာ၏ ကြီးမားလှသောပုံရိပ်ကြီးမှာ အစိတ်စိတ်အမြွှာမြွာ ကြေမွနေပြီး တံခါးပိတ်ကျင့်ရာအခန်းမှာ ပွင့်ထွက်သွားခဲ့လေပြီ။

သို့သော်..... မှီခိုရာဂိုဏ်းချုပ်အား အရိပ်အယောင်ပင် မမြင်ရပေ။

"မှီခိုရာဂိုဏ်းချုပ်၊ ဒီကို ထွက်လာခဲ့စမ်း” ထျန်ကျီးအရှင်က မှီခိုရာဂိုဏ်းချုပ် ကျင့်ကြံရာအခန်းတွင် မရှိသည်ကို မြင်သောအခါ ကောင်းကင်ထံ ခေါင်းမော့ပြီး ဟိန်းဟောက်ကြုံးဝါးလိုက်သည်။

ဟိန်းဟောက်သံကြီးက မိုးကောင်းကင်ကိုပင် တုန်ခါသွားစေကာ ကျိုးပြည်တစ်ခွင်လုံး ပြည့်နှက်သွားသည့်တိုင်အောင် ပျံ့နှံ့သွားသည်။

"မင်း ဒီိကို ထွက်လာခဲ့စမ်း”

"ဒီကို ထွက်လာခဲ့စမ်း”

"ဒီကို ထွက်……”

"ဒီကို ……” မရေမတွက်နိုင်သော ပဲ့တင်သံများကား နားမလည်နိုင်သောအင်အားကြီး၏ စွမ်းအားကြီးမားသော အသံကြီးအဖြစ် အတူတကွ ပေါင်းစည်းသွားကြသည်။

ထိုမြင်ကွင်းကို ကြည့်နေရင်း မန်ဟို့ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီနေသည်။ သူ တစ်ချိန်က ရပ်ခဲ့ဖူးသော အရှေ့တောင်နေရာတွင် ဧရာမတွင်းကြီးရှိနေချေသည်။ မှီီခိုရာဂိုဏ်းချုပ်မှာ စောစောက နာရီပိုင်းလေးက ထိုနေရာတွင် ရှိခဲ့သော်လည်း ယခုတော့ ပျောက်မချင်းမလှ ပျောက်နေလေပြီ။

“သူဘယ်ရောက်သွားတာလဲ.....” မန်ဟိုက မျက်နှာဖြူဆုပ်နေလျက် တွေးလိုက်သည်။ ယခုလောလောဆယ်တွင် သူ လုံးဝ မလှုပ်ရှားနိုင်ပေ။ ထျန်ကျီးအရှင်၏ အသံစွမ်းအားကြီးက အရာရာတိုင်းကို ဖိနှိပ်ထားသည်။ ထျန်ကျီးအရှင်၏ ကျင့်ကြံခြင်းအခြေခံထက် နိမ့်ကျသော မည်သူမဆို ထိုဖိအားကို ဆန့်ကျင်ပြီး အားတင်း ရပ်နေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။

ထိုစွမ်းအားမှာ မိုးကောင်းကင်၏ အခြေခံသဘောတရားများ ပါဝင်နေသည်ဟု ထင်ရပြီး ထျန်ကျီးအရှင်၏ စိတ်ဆန္ဒက အရာအားလုံးကို ထိန်းချုပ်နေသည့်အလားပင်။

"ဒါက အနုသုခုမရုပ်ခန္ဓာအဆင့်မဟုတ်ဘူး၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပဲ"

" ဒါက သေချာပေါက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပဲ။ မဟုတ်ရင် ဒီလို စိတ်ဆန္ဒမျိုး မတည်ရှိနိုင်ဘူး” ဂိုဏ်းကြီးသုံးဂိုဏ်း၏ အနုသုခုမရုပ်ခန္ဓာ အတုအဆင့် ခေါင်းဆောင်ကြီးမှာ ပို၍ပင်တုန်လှုပ်နေကြဟန်တူသည်။

"မှီခိုရာဂိုဏ်းချုပ် ၊ မင်းမထွက်လာဘူးလား။ ငါမင်းရဲ့ တစ်ယောက်တည်းသော အတွင်းစည်းဂိုဏ်းသားကို သတ်ပြီး မင်းတို့ဂိုဏ်းရဲ့သွေးဆက်က ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ပစ်လိုက်မယ်။ မင်းထွက်မလာမချင်း ငါဒီတောင်တန်းတွေကို စိစိညက်ခြေပြီး ကျိုးပြည်တစ်ခုလုံးကို အရည်ဖျော်ပစ်မယ်" သူသည် ကျိိုးပြည်ကို သူ၏စိတ်ဝိညာဥ်အာရုံဖြင့် မွှေနှောက်ရှာဖွေခဲ့ပြီးဖြစ်သည့်တိုင် သူမည်မျှရှာရှာ၊ မှီခိုရာဂိုဏ်းချုပ်ကို ရှာမတွေ့ပေ။

သို့သော် သူသည် လာရာလမ်းတွင် မှီခိုရာဂိုဏ်းချုပ် ကျိုးပြည်အတွင်းတွင် ရှိနေသေးသည်ကို..... ရှင်းရှင်းလင်းလင်း စိတ်အာရုံခံခဲ့ပြီးဖြစ်သည်။

အေးစက်စက် အကြည့်တစ်ချက် ထျန်ကျီးအရှင်၏ မျက်လုံးများထဲတွင် တောက်ပသွား၏။ ဤသည်မှာ မှီခိုရာဂိုဏ်းချုပ်နှင့် တိုက်ခိုက်ရန် ရောက်ရှိလာသော သူ၏ကိုယ်အစစ်ဖြစ်သည်။ သို့ထိတိုင် မှီခိုရာဂိုဏ်းချုပ်က ပုန်းအောင်းနေသေးသည်။ ထျန်ကျီးအရှင်ထံမှ အစွမ်းထက် အသတ်အဖြတ်အရှိန်အဝါတစ်ခု တဟုန်းဟုန်းတောက်လောင်လျက်ရှိသည်။ မှီခိုရာဂိုဏ်းချုပ် ထွက်လာအောင် ဖိအားပေးရန် သူ၏ အတွင်းစည်းဂိုဏ်းသားကို သတ်ခြင်းနှင့် တောင်တန်းများဖြိုပစ်ခြင်း အစရှိသဖြင့် နည်းလမ်းများစွာ ရှိသည်။ ကျိုးပြည်ကို မြေပုံမှ ဖျောက်ပစ်ခြင်းက သူ့ကို ဆွဲမထုတ်နိုင်လျှင် သူတစ်နိုင်ငံလုံးကို အရည်ဖျော်ပစ်နိုင်သည်။

ထျန်ကျီးအရှင်သည် မန်ဟို့လက်ထဲက ဆီးမီးအိမ်ကို အချိန်အတော်ကြာကတည်းက သတိထားမိခဲ့ပြီး ဖြစ်သည်။ သူက ငုံကြည့်လိုက်ရာ သူ့အကြည့်များသည် မြေပြင်ကို နောက်တစ်ဖန် လွှမ်းမိုးသွား၏။ သူက လက်ကို မြှောက်ပြီး ဒုတိယအကြိမ် အောက်သို့ ဝှေ့ယမ်းလိုက်သည်။

ဤတစ်ကြိမ်တွင် အလင်းသည် သူ့မျက်လုံးများမှ စီးထွက်လာပြီး သူ့နဖူးပေါ်ရှိ ပြတ်ရှရာသည် လက်ချောင်းတစ်ချောင်းစာ ပွင့်သွားသည်။ သွေးရောင်အလင်း ထွက်ပေါ်လာပြီး သူ၏လက် အောက်သို့ကျဆင်းလာသည့်အခါ မိုင်ထောင်ပေါင်းများစွာဝေးကွာသော အရပ်လေးမျက်နှာမှ တောင်တန်းများ စတင်ယိမ်းထိုးလာသည်။ တသိမ့်သိမ့်တုန်လှုပ်နေသော တောင်တန်းများအပေါ်တွင် ........ဧရာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာသည်။

အစပိုင်းတွင် ၄င်းက သိပ်ကြီးမားပုံမရသော်လည်း မိုးထစ်ချုန်းသံများကြားတွင် ၄င်းသည် ကီလိုမီတာတစ်သောင်းကွာဝေးသော တောင်တန်းများကို ဖုံးလွှမ်းတော့မည့်ပုံ ပေါ်သည့်တိုင်အောင် ကြီးသထက် ကြီးလာသည်။ မြေကြီးသည် တုန်ခါလာပြီး အနုသုခုမရုပ်ခန္ဓာ အတုအဆင့် ခေါင်းဆောင်ကြီးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့သည် သူတို့ထုတ်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးသွားကြသည်။

ဖုန်းဟန်ဂိုဏ်းမှ ချီအခြေတည်အဆင့်ကျင့်ကြံသူမှာ သွေးဆုတ်ဖြူဖျော့နေသည်။ သူက လျှာကို ကိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံအနည်းငယ်ကို စတေးရင်း အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ ထွက်ပြေးတော့ သည်။

မန်ဟိုမှာတော့ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အားလုံးထဲတွင် အနိမ့်ဆုံးဖြစ်၍ လှုပ်ပင် မလှုပ်နိုင်ပေ။ ဆီမီးအိမ်က သူ့လက်ထဲမှ ပျံထွက်ကာ ဧရာမလက်ကြီးထံသို့ ပြေးဝင်သွားသည်။ အတွင်းရှိ တင်ပျဥ်ခွေထိုင်နေသော အနုသုခုမရုပ်ခန္ဓာက မျက်လုံးဖွင့်ပြီးနောက် ထျန်ကျီးအရှင်ကဲ့သို့ အလင်းရောင်ကို ထုတ်လွှတ်လာသည်။

မန်ဟိုမှာ ကောင်းကင်ရှိ ဧရာမလက်ကြီး ကြီးသထက် ကြီးလာသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။ ၄င်းက အရာအားလုံးကို ဖုံးလွှမ်းသွားပြီးနောက်ဆုံး ကောင်းကင်တစ်ပြင်လုံးတွင် ၄င်းတစ်ခုတည်းကိုသာ မြင်နိုင်တော့သည်။

ကီလိုမီတာတစ်သောင်းအတွင်းရှိ အရာရာတိုင်း အမှောင်ဖုံးသွားသည်။ လက်ကြီးက အကုန်လုံးကို အုပ်မိုးထား၏။ ထို့နောက် ၄င်းသည် အောက်သို့ နိမ့်ဆင်းလာသည်။ မြေကြီးသည် စတင်တုန်ခါလာသည်။ တောင်တန်းများ ကြေမွပြိုကျကုန်သည်။ ဧရာမလက်ကြီးက သူ့ဆီ နိမ့်ဆင်းလာနေသည့်အတွက် မန်ဟိုမှာ အဆုံးသတ်မည့်နေ့ ရောက်ရှိခဲဲ့ပြီဟု ခံစားလိုက်ရသည်။

သူသည် ခါးသီးနေသောမျက်နှာဖြင့် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့ခြင်းသော်လည်းကောင်း၊ ထိတ်လန့်ခြင်းသော်လည်းကောင်း တစ်စက်မှ ရှိမနေချေ။ သူက သက်ပြင်း ဖွဖွချလိုက်သည်။

"အရာအားလုံးက အဆုံးသတ်သွားတော့မှာလား။ ငါဒီအတိုင်း…...လက်မခံနိုင်ဘူး” ခေါင်းမာမှုက သူ့မျက်လုံးတွင် ပြည့်နက်သွားပြီး တဟုန်းဟုန်းတောက်နေသော မီးတောက်အသွင် ပြောင်းလဲသွားသည်။

“ကျင့်ကြံခြင်းကမ္ဘာမှာ အားနည်းသူက အားကြီးသူရဲ့ သားကောင်ပဲ။ ကျင့်ကြံခြင်းအခြေခံက အရာအားလုံးပဲ။ အစွမ်းထက်လာမှပဲ အသက်ရှင်နေနိုင်မယ်။ မင်းရဲ့ ခွန်အားကို မြှင့်တင်နိုင်မှသာ အခြားသူတွေခြေထောက်နဲ့ နင်းခြေခံရတာကနေ မင်းကိုယ်မင်း ကာကွယ်နိုင်မယ်။ အဲ့ဒီအချိန်ကျမှသာ မင်း ကောင်းကင်အမြင့်မှာ ရပ်နိုင်မယ်" မန်ဟိုက ရုတ်တရက် ပြုံးလိုက်သည်။ သူ့အပြုံးကား လေးလေးနက်နက် နားလည်ခြင်းများနှင့် ပြည့်နေသည်။ သူ၏ အစွမ်းထက်လိုသောဆန္ဒမှာ ပြင်းထန်လာသည်။ ယခု ဤကဲ့သို့သော အန္တရာယ်ကြီးနှင့်ရင်ဆိုင်ရသောအခါ သူ သူ့ကိုယ်သူ အမှန်တကယ်နားလည်လိုက်လေပြီ။

“ ပညာရှိတွေကတော့ သင်ယူခြင်းက ဘဝမှာ အရေးအကြီးဆုံး အရာလို့ ပြောကြတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းကမ္ဘာမှာတော့ အားကြီးသူကသာ ကျန်ရှိနိုင်လိမ့်မယ်" မန်ဟို နိမ့်ဆင်းလာနေသော ဧရာမလက်ကြီးကို စိုက်ကြည့်လိုက်သည်။ ထိုလက်ကြီး သူ့ခန္ဓာကိုယ်ကို စိစိညက်ညက်ခြေပစ်မည်ကို သူစောင့်ကြည့်မည်။ သူ မျက်လုံးမှိတ်ထားမည် မဟုတ်ပေ။ သူ အရာအားလုံးကို မမှိတ်မသုန်ကြည့်မည်။ သူ၏စိတ်ဝိညာဥ်အပေါ်တွင် ဤမြင်ကွင်းကို ခတ်နှိပ်ထားမည်။ သူ နောက်တစ်ဖန် ပြန်လည်မွေးဖွားလာသည့်အခါ ဤအဖြစ်ကို မှတ်မိနေမည်။ နောက်ဘဝသာ တကယ် ရှိခဲ့လျှင်……သူ အစွမ်းထက်ပြီး ထိပ်ဆုံးသို့ရောက်နေရမည်။

လက်ကြီး အောက်သို့ ဆက်လက်ကျဆင်းလာစဥ် သူ့ပတ်လည်ရှိ တောင်များ ပြိုကျလာသည်။ အရာအားလုံး စတင် မှုန်ဝါးလာပြီး မန်ဟို့မျက်လုံးတွင် အမှောင်ထုများသာ ကြီးစိုးလာသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးက သူ့ကို ပိုးကောင်လေးတစ်ကောင်အဖြစ်သာ မြင်သည့်အလားပင်။ သူကား နောက်ဆုံးအချိန်တွင်ပင် နည်းနည်းလေးမှ ရုန်းကန်ခြင်းမရှိ။

“နောင်ဘဝသာ ရှိခဲ့ရင် အခုလိုအဖြစ်မျိုး ဘယ်တော့မှ အဖြစ်မခံဘူး”

နားကွဲမတတ် ထစ်ခြုန်းသံကြီးအကြားတွင် မန်ဟိုက တုန်ရီရင်း ရပ်နေသည်။ သူ့ဒွါရပေါက်များမှ သွေးများ စီးကျလာပြီး သူ့အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ တခဏလေးအတွင်း သူသည် သွေးအိုင်တစ်အိုင် ဖြစ်သွားပေတော့မည်။

ဤအခိုက်အတန့်၌ ရုတ်တရက် သွေးနီရောင် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ၄င်းက အလင်းရောင်များ ဖြာထွက်ရင်း မန်ဟို့အမြင်နှင့် အလွန်ဝေး ကွာသော အရပ်မှ အမြင်ဆုံးအရှိန်ဖြင့် တဟုန်ထိုးလာနေရင်း လက်ကြီးထံ ပြေးဝင်သွားသည်။

သွေးနီရောင်အလင်းတန်းမှာ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် သန့်စင်ထားသော သွေးအဆီအနှစ်များမှ ဖြစ်ပေါ်လာပုံရသည်။ အစွမ်းထက် မိစ္ဆာချီတစ်ခုသည် ကောင်းကင်ကို စိုးမိုးရင်း ထွက်ပေါ်လာ၏။

မိစ္ဆာချီမှာ အလွန်သိပ်သည်းသဖြင့် ကောင်းကင်နှင့်မြေကြီး၏အရောင်ကို ပြောင်းလဲနိုင်ပုံရသည်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံးကား သွေးရောင်သမ်းသွားတော့သည်။

သွေးနီရောင်အလင်းသည် ထျန်ကျီးအရှင်ဆင့်ခေါ်ထားသော ဧရာမလက်ကြီးဆီသို့ တဟုန်ထိုး ဦးတည်သွားသည်။ ထို့နောက် ၄င်းက လက်ကြီးကို ဖြတ်တောက်သွား၏။

ဖြတ်တောက်ခြင်းက သွေးရောင်အလင်းကို မိုးကောင်းကင်ထိတိုင် မြင့်တက်သွားစေသည်။

ဤ ဖြတ်တောက်ခြင်းက သက်ရှိအားလုံးကို ဆုတ်ဖြဲပစ်နိုင်သည်အထိ အစွမ်းထက်သည်။

ဤဖြတ်တောက်ခြင်းက ကောင်းကင်နှင့် မြေကြီး နှစ်ခြမ်းကွဲစေနိုင်သည်အထိ စွမ်းအားကြီးမားသည်။ ထို့ပြင် ၄င်းက အမှန်တကယ် ထိုမျှ အစွမ်းမထက်လျှင်တောင်မှ ကြိုးစားနိုင်သည့် စိတ်ဆန္ဒရှိသည်။

တာအိုကို ဖြတ်တောက်ပြီး ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲမည့် မိစ္ဆာစိတ်ဆန္ဒ။

ဤပုဂ္ဂိုလ်က...... မှီခိုရာဂိုဏ်းချုပ် မဟုတ်ပေ။

***

All Chapters