← Chapters

ကွမ်းမင်ဂိုဏ်းက ပင်မတိုက်ရိုက်တပည့်ကိုလည်းသတ်မယ်

Vol. 41 Ch. 580

ကွမ်းမင်ဂိုဏ်းက ပင်မတိုက်ရိုက်တပည့်ကိုလည်းသတ်မယ်

Vol. 41 Ch. 580

အခန်း (၅၈၀) ကွမ်းမင်ဂိုဏ်းက ပင်မတိုက်ရိုက်တပည့်ကိုလည်းသတ်မယ်

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ညာဘက်လက်ဖြင့် လှံရှည်ကိုဆုပ်ကိုင်ထားရင်း အောက်ဘက်သို့ ထိုးစိုက်ကချလိုက်သည်။ ကြောက်မက်ဖွယ်ရာ လှံရှည်ထိပ်ဖျားက ကျင်းကျယ်၏ ရင်ဝကို ထိုးဖောက်သွားပြီး ပြင်းထန်သောဖိအားကြောင့် ဝမ်းဗိုက်တစ်ခုလုံး ပွင့်ထွက်သွားသည်။

အနက်ရောင်နှင့် ရွှေရောင် အလင်းတန်းများဖြာလင်းသွားပြီး ကျင်းကျယ်၏ ကိုယ်တွင်းအင်္ဂါများ ၊ အရိုးများ ၊ သွေးကြောများအားလုံးကို ကွဲကြေသွားစေသည်။

မရေမတွက်နိုင်သော ကျောက်တုံးများ ကွဲကြေသွားသကဲ့သို့ ‘ခရက် ခရက်’ ဆိုသောအသံက မိုးမြေတစ်ခွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

သတ္တုများ ၊ ကျောက်တောင်များထက်ပင် မာကျောသော သိုင်းသူတော်စင်တစ်ယောက်၏ ဇာတိရုပ်ခန္ဓာသည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို မတွန်းလှန်နိုင်ဘဲ ပျက်ဆီးသွားခဲ့ပေပြီ။

ခန္ဓာကိုယ်မှ ပန်းထွက်လာသောသွေးများက ချောရည်များထက်ပင်ပိုမိုပူလောင်ပြီး အောက်ဘက်ရှိကမ္ဘာမြေပြင်ကို မီးတောက်မီးလျှံများ တောက်လောင်သွားစေ၏။

ရန်ကျောက်ကဲက မပြောင်းလဲသည့်မျက်နှာအမူအရာဖြင့် လက်တစ်ဖက်ဝှေ့ယမ်းပြီး ထိုမီးတောက်များကို ငြိမ်းသတ်ပေးလိုက်သည်။

ကျင်းကျယ်၏မျက်လုံးများက ပြူးကျယ်နေပြီး သူ့မျက်လုံးများထဲမှ ခံစားချက်များ တဖြည်းဖြည်းပျောက်ကွယ်သွားကာ အသက်ဓာတ်စွမ်းအား ချုပ်ငြိမ်းသွားသည်။

လေထဲတွင် မတ်တတ်ရပ်နေကြသော နေသူတော်စင်ဂိုဏ်းသားများသာမက မိုးထိတောင်ထိပ်တွင်ရှိနေသော ဝါဒတောင်သိုင်းသမားများပါ မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။

သူတို့ရှေ့မှ မြင်ကွင်း၏ရိုက်ခတ်မှုက ရန်ကျောက်ကဲ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဟွမ်ရှုကို သတ်ဖြတ်လိုက်ခြင်းထက်ပင် ထိတ်လန့်တုန်လှုပ်စရာကောင်းလှသည်။

ဟွမ်ရှုက နေသူတော်စင်ဂိုဏ်းချုပ်ဖြစ်သော်လည်း သူက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လူတစ်ယောက်ဖြစ်သည်။ ထို့ပြင် ဝါဒတောင်နှင့် ရန်သူများဖြစ်သဖြင့် တိုက်ပွဲများစွာဆင်နွှဲခဲ့လေရာ သူ၏သိုင်းပညာက ဝါဒတောင်နှင့် အလွန်တရာ ရင်းနှီးမှု ရှိနေသည်။

သူတို့နှစ်ဂိုဏ်းက  ပွင့်ပွင့်လင်းလင်းဖြစ်စေ လျှို့ဝှက်ပြီးဖြစ်စေ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြလေရာ ဟွမ်ရှု ရန်ကျောက်ကဲလက်ချက်ဖြင့် သေဆုံးသွားခြင်းက အံ့အားသင့်စရာဖြစ်သော်လည်း လက်ခံနိုင်စွမ်းရှိကြသည်။

သို့သော် ကျင်းကျယ်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှမဟုတ်ဘဲ ဒဏ္ဍာရီဆန်သော အထက်ဘုံကမ္ဘာမှ ဖြစ်၏။

အထက်ဘုံကမ္ဘာဆိုသည်က သာမန်လူသားများ မသိနိုင် ၊ မမြင်နိုင် ၊ စိတ်ကူးမယဉ်နိုင်သည့် နေရာဒေသတစ်ခု ဖြစ်သည်။

ကောင်းကင်ကိုးထပ်အထက်တွင်ရှိပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်နေထိုင်သူများနှင့် လုံးဝ အဆင့်အတန်းကွာခြားလေရာ ကောင်းကင်ဘုံအလား ၊ နတ်ဘုရားကမ္ဘာအလား ဖြစ်သည်။

ထို့ပြင် ကွမ်းမင်ဂိုဏ်းဆိုသည်မှာ အထက်ဘုံကမ္ဘာတွင် မည်မျှစွမ်းအားကြီးမားကြောင်း နေသူတော်စင်ဂိုဏ်းမှလူများ မသိရှိကြပေ။

သူတို့သိရှိသည်မှာ ကွမ်းမင်ဂိုဏ်းမှလူများက သတင်းရရှိသည်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ လူအင်အားအပြည့်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ကြားရသောသတင်းစကားအနည်းငယ်အရ ယန်ကျန်းဟွာ ၊ ကျင်းကျယ်တို့၏စိတ်ထဲတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာရသည်ကို ‘နိမ့်ကျသည်’ ဟု ထင်မြင်ကြသည်။ ကောင်းသည့်အချက်ဟု တွေးထင်ကြခြင်း မရှိပေ။

ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူတို့ကဲ့သို့ ထူးခြားဆန်းကျယ်သည့် ရတနာပစ္စည်းများကြောင့်သာ မဟုတ်လျှင် သူတို့ကဲ့သို့ ကြီးမြတ်သူများက ဆင်းသက်လာရန် ဆန္ဒရှိကြမည် မဟုတ်ပေ။

ထို့ပြင် ယခု ကွမ်းမင်ဂိုဏ်းမှ ဆင်းသက်လာကြသော တန်ခိုးစွမ်းအားမြင့်မားသည့် သိုင်းသူတော်စင်များသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။

ရန်တိက သိုင်းသူတော်စင်တတိယအဆင့်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

ထို့ကြောင့် ကွမ်းမင်ဂိုဏ်းမှလူများကို ရန်တိကို သုတ်သင်ရှင်းလင်းပစ်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ကြပြီး လူအင်အားဖြင့် ဝိုင်းဝန်းတိုက်ခိုက်ရန် ကြံစည်ထားကြသည်။

ကျင်းကျယ်က ကွမ်းမင်ဂိုဏ်းမှတပည့်တစ်ယောက် မဟုတ်ပေ။ သို့သော် သိုင်းသူတော်စင်တစ်ယောက်ဖြစ်လေရာ ကွမ်းမင်ဂိုဏ်းတွင် သူ၏ ရာထူးနေရာက တစ်စုံတစ်ခု ထူးခြားနိုင်ပေသည်။

ယခု ရန်ကျောက်ကဲက ကျင်းကျယ်ကို ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်လိုက်ခြင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေရုံသာမက ပျောက်ဆုံးဆွံ့အသွားစေသည်။

နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း သတိလက်လွတ်ဖြင့် ဆိုသည်။

“သူ ရူးသွားပြီလား...”

“ဒီလိုလုပ်လိုက်တာက သူ့အနေနဲ့ ကွမ်းမင်ဂိုဏ်းနဲ့ ညှိနှိုင်းလို့မရတော့ဘူးဆိုတာကို နားမလည်ဘူးလား”

“ကွမ်းမင်ဂိုဏ်းက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းလာသူတွေက ဒီ သိုင်းသူတော်စင် ဒုတိယအဆင့် နှစ်ယောက်တည်း မဟုတ်ဘူး ၊ သိုင်းသူတော်စင်တတိယအဆင့် နှစ်ယောက်နဲ့ သိုင်းသူတော်စင်စတုတ္ထအဆင့်တစ်ယောက် ပါသေးတယ်”

ကွမ်းမင်ဂိုဏ်းက ဝါဒတောင်ကို ဖျက်ဆီးပစ်လိမ့်မည်ဟု နေသူတော်စင်ဂိုဏ်းသားများ မျှော်လင့်ယုံကြည်ထားကြသည်။ သို့သော် ယခုတော့ ရန်ကျောက်ကဲက ကျင်းကျယ်ကို ရက်စက်စွာသတ်ဖြတ်လိုက်ကြောင်း တွေ့မြင်လိုက်ရပြီး သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ကွမ်းမင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဒေါသထွက်ပြီး ငါတို့အားလုံးကို သုတ်သင်ပစ်ရင်တော့ ဒုက္ခပဲ”

“မသိဘူးလေ ၊ ဒါပေမဲ့ ဒီကောင်လေးက ဒီလောက်ကြီးမားတဲ့ကပ်ဆိုးကြီးကို ဖန်တီးတာ သူ့ကိုစောင့်နေတဲ့အရာကလည်း သေခြင်းတရားပဲ ဖြစ်မှာပဲ”

ဝါဒတောင်မှ ကျန်းခွန်နှင့် အခြားသူများသည်လည်း မျက်နှာများ ဖြူဖျော့သွားကြသည်။

ရန်သူက သူတို့တောင်တံခါးအထိလာပြီး အနိုင်ကျင့်သည့်အတွက် သူတို့အားလုံး သေကြရတော့မည့် အချိန်တွင် နောက်ဆုံးထွက်သက်အထိ ရန်သူကို ခုခံကာကွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် ရန်ကျောက်ကဲ ရောက်ရှိလာပြီး သူတို့အားလုံး အန္တရယ်မှကင်းလွတ်သွားခဲ့သည်။ သို့သော် ရန်ကျောက်ကဲ ကျင်းကျယ်ကို သတ်ဖြတ်လိုက်ခြင်းက ကွမ်းမင်ဂိုဏ်းနှင့် ရန်ငြိုးရန်စ မျိုးစေ့ကို စတင်မီးမွှေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျန်းခွန် ၊ ဟယ်နင်နှင့် အခြားသူများ၏စိတ်ထဲတွင် မသက်မသာ ခံစားကြရသည်။

ကျန်းခွန် မတတ်နိုင်တော့ဘဲ ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်ပြီး အော်ပြောလိုက်၏။

“ကျောက်ကဲ... ကွမ်းမင်ဂိုဏ်းက သိုင်းသမားတွေက အထက်ဘုံကမ္ဘာကရောက်လာတာ ဒီနှစ်ယောက်တည်းမဟုတ်ဘူး ၊ သိုင်းသူတော်စင် စတုတ္ထအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်နဲ့ သိုင်းသူတော်စင် တတိယအဆင့် တန်ခိုးစွမ်းအားရှင် (၂)ယောက် ကျန်သေးတယ်”

ရန်ကျောက်ကဲက မိုးထိတောင်ထိပ်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး မထူးဆန်းဟန်ဖြင့် ခေါင်းညိတ်ပြသည်။

“အရေအတွက် အတိအကျ မသိပေမယ့် ရန်သူက အတော်လေး အင်အားကြီးမယ်ဆိုတာ ခန့်မှန်းမိပါတယ် ၊ နေသူတော်စင်ဂိုဏ်းကလူတွေက ကျွန်တော့်အဖေ ဘယ်လောက်အစွမ်းထက်တယ်ဆိုတဲ့အကြောင်း ကွမ်းမင်ဂိုဏ်းကလူတွေကို သတင်းပို့ထားပြီးသားလေ ၊ ဒါကြောင့် သူတို့က ကျွန်တော်တို့ကို ပြဿနာရှာပြီး အဖေ့ကိုပါ သတ်ပစ်ချက်တာ”

ရန်ကျောက်ကဲက ခေါင်းမော့ပြီး ခဏမျှ တွေးလိုက်သည်။

“သိုင်းသူတော်စင် စတုတ္ထအဆင့်ဆိုပေမယ့် ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ရောက်လာလို့ရှိရင် ... ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရမှာပဲ ၊ ဆိုတော့ သူတို့ဘက်က သိုင်းသူတော်စင် တတိယအဆင့် (၃)ယောက် ကျန်သေးတာပေါ့”

ကျန်းခွန်က...

“အမှန်ပဲ... ဂိုဏ်းချုပ် အရှေ့ပင်လယ် စည်းတံဆိပ်ထဲကထွက်လာဖို့ အချိန်နည်းနည်းတော့ ယူရဦးမယ် ၊ ဒါပေမဲ့ သူ ထွက်လာတယ်ဆိုရင်တောင်မှ အဲဒီ သိုင်းသူတော်စင် (၃)ယောက်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

စကားပြောနေစဉ်မှာပင် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး အစိမ်းရင့်ရောင်ဝါးကိုင်းကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ ပစ်ပေးလိုက်သည်။ ရန်ကျောက်ကဲပစ်ပေးလိုက်သော ဝါးကိုင်းကို ဖမ်းယူပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသင်္ချေနဂါးနန်းတော်အတွင်း ဝင်ရောက်သွားသည်။

ဒါကိုမြင်တော့ အားလုံး မှင်တက်သွားကြသည်။

ကျန်းခွန်က မျက်လုံးပြူးသွားပြီး...

“ကျောက်ကဲ... ကျင်းကျယ်က ကွမ်းမင်ဂိုဏ်းက တပည့်မဟုတ်ဘူး ၊ ဧည့်သည်အကြီးအကဲတစ်ယောက်အဆင့်ပဲ ရှိတယ် ၊ ဒါပေမဲ့ ယန်ကျန်းဟွာကတော့ ကွမ်းမင်ဂိုဏ်းရဲ့ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ပဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“သူက ကွမ်းမင်ဂိုဏ်းကပင်မတိုက်ရိုက်တပည့်ဆိုတာ ကျွန်တော် သိပါတယ်”

ကျန်းခွန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပြောစရာစကားများ ပျောက်ရှသွားသည်။

ဤနှစ်များအတွင်း ရန်ကျောက်ကဲက ကြီးမားခမ်းနားသောအောင်မြင်မှုများစွာ ရရှိခဲ့ပြီး အဆက်မပြတ် ကျော်ကြားလာခဲ့သည်။ သူက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လူငယ်များတွင် နံပါတ် (၁) ဖြစ်ပြီး ဝါဒတောင်အပါအဝင် ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ အကြီးအကဲများနှင့် တန်းတူ အဆင့်အတန်းရှိသည်။

ရန်ကျောက်ကဲ၏ အဆင့်အတန်းနှင့် စွမ်းအားက သာမန်လူငယ်များဖြင့် တိုင်းတာမရနိုင်ပေ။

ရန်‌ကျောက်ကဲက အပြင်ပန်းတွင် ရည်ရည်မွန်မွန်နှင့် ယဉ်ကျေးသူဖြစ်လေရာ ထိုလူငယ် မည်မျှမာနကြီးပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားကြောင်း ဝါဒတောင်မှလူများက တစ်ခါတစ်ရံ မေ့သွားတတ်ကြသည်။

မည်သို့ပင်ဖြစ်စေ ဤ လောကပထမ ၊ ကောင်းကင်ဘုံမှချီးမြှင့်သောသားတော်သည် ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုများစွာ ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများစွာ ဆွတ်ခြူနိုင်ခဲ့သလို ပြဿနာများစွာ ရှာခဲ့သဖြင့်လည်း ကျော်ကြားသူ ဖြစ်၏။

သို့ပေသိ ထိုလူငယ်နှင့် အခြားသူများ ကွာခြားသည့်အချက်မှာ ရန်ကျောက်ကဲက ကောင်းကင်ကို ရိုက်ချိုးပြီးလျှင် သူကိုယ်တိုင် ကောင်းကင်ပြိုမကျအောင် တားဆီးထားနိုင်ခြင်း ဖြစ်သည်။ သူရှာသည့်ပြဿနာကို အခြားသူများလိုက်ရှင်းပေးစရာမလိုဘဲ သူကိုယ်တိုင် တာဝန်ယူဖြေရှင်းတတ်ခြင်းက ကျော်ကြားရသည့်အကြောင်းရင်းတစ်ရပ် ဖြစ်၏။

အသင်္ချေနဂါးနန်းတော်သည် ထိုခဏတွင် မရပ်မနားတုန်ခါလာပြီး ယန်ကျန်းဟွာ အပြင်သို့ ထွက်လာတော့မည် ဖြစ်သည်။ သူက နဂါးနန်းတော်တံခါးကို ဖောက်ခွဲထွက်တော့မည့်အချိန်တွင် တံခါးက ရုတ်တရက် ပွင့်သွား၏။

ယန်ကျန်းဟွာက နန်းတော်အတွင်းမှ လျှင်မြန်စွာထွက်လာခါနီး မျက်စိတစ်မှိတ်အချိန်မှာပင် ချွန်မြထက်ရှသည့်လှံရှည်က သူ့ရှေ့သို့ ချက်ချင်းရောက်လာသည်။

အလွန်တရာ ရင်းနှီးနေသည့်ခံစားချက်...

ရန်ကျန်းဟွာ ဒေါသချောင်းချောင်းထွက်သွားသော်လည်း သူတတ်နိုင်တာ ဘာမှမရှိပေ။

စောစောကလိုပင် ရင်းနှီးသည့်နည်းလမ်း ၊ ရင်းနှီးသည့်ပုံစံဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်ခံရသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို လှံရှည်ဖြင့် ထိုးနှက်တိုက်ခိုက်ရင်း နဂါးနန်းတော်အတွင်းသို့ ပြန်ပို့လိုက်သည်။

ယခုတစ်ကြိမ်မှာတော့ နဂါးနန်းတော်တံခါး ပိတ်မသွားဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အတွင်းသို့ ဝင်ရောက်လာပြီး လှံရှည်ကိုဝှေ့ယမ်းကာ ယန်ကျန်းဟွာအား မုန်တိုင်းတစ်ခုပမာ တိုက်ခိုက်ခဲ့သည်။

ရေခဲချပ်ဝတ် ဆင်မြန်းထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုကြည့်ပြီး ယန်ကျန်းဟွာ အော်ဟစ်လိုက်သည်။

“ကောင်းပြီ... မင်း ဘယ်လောက်တတ်နိုင်သလဲ ကြည့်ရအောင်”

ယန်ကျန်းဟွာ၏ လက်ဖဝါးထက်မှ အဆုံးမဲ့သောအလင်းတန်းများ ထွက်ပေါ်လာပြီး အရုဏ်ဦးနေခြည်သရဖူမှ တန်ခိုးစွမ်းအားနှင့်‌ပေါင်းစပ်ကာ ဘယ်သောအခါမှ ညအမှောင်မရှိတော့ဘဲ ထာဝရ နေ့အလင်း အချိန်ကာလ ဖြစ်ပေါ်လာသည့်အလား ထင်မှတ်ရသည်။

ထိုသိုင်းပညာက ကွမ်းမင်ဂိုဏ်းမှ လက်ဆင့်ကမ်းဆင်းသက်လာသည့် “အဆုံးမဲ့လက်ဝါးသိုင်းပညာ” ဖြစ်သည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပေါ့ပေါ့ဆဆ မတိုက်ခိုက်ဘဲ လှံရှည်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ကာ ပြင်းထန်သောစွမ်းအားများက ပျော့ပြောင်းသိမ်မွေ့လျှက် ယန်ကျန်းဟွာ၏ လက်ဝါးသိုင်းစွမ်းကို ဖယ်ရှားပစ်လိုက်သည်။

ထို့နောက် အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ယန်ကျန်းဟွာ၏ အရုဏ်ဦးနေခြည်သရဖူကို ရိုက်ချလိုက်လေ၏။

စောစောက နဂါးအသင်္ချေနန်းတော်၏ ပိတ်ဆို့ထားခြင်းခံရပြီး ယခုလည်း ထူးဆန်းသည့် ဝါးကိုင်းကို ရင်ဆိုင်ရသဖြင့် ယန်ကျန်းဟွာ သတိထားလိုက်သည်။ ထိုဝါးကိုင်းက ချီစွမ်းအားအတက်အကျများ လုံးဝမရှိကြောင်းတွေ့ရသည့်အခါ ယန်ကျန်းဟွာ အတော်လေး တုန်လှုပ်သွားသည်။

အလွန်အမင်းဒေါသထွက်နေသည့်တိုင် သူက ပုံမှန်မဟုတ်သည့်အခြေအနေမှ အရင်ဆုံး ရှောင်ရှားရန် ရွေးချယ်လိုက်သည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်က သိမ်မွေ့စွာဖြင့် ယန်ကျန်းဟွာကို ရစ်ပတ်ထားပြီး လှုပ်ရှားမှုများကို နှေးကွေးစေလိုက်သည်။ ရုတ်တရက် ယန်ကျန်းဟွာ မလှုပ်ရှားနိုင်ဖြစ်သွားချိန် အစိမ်းရင့်ရောင်ဝါးကိုင်းက အရုဏ်ဦးနေခြည်သရဖူကို ထပ်မံရိုက်ချလိုက်သည်။

ရွှေရောင်အလင်းတန်းများဖြင့် အဆုံးမရှိတောက်ပနေသော သရဖူက ရုတ်တရက် တုန်လှုပ်သွားပြီး ချက်ချင်းပင် မှိန်ဖျော့သွားသည်။

“ဟင်...”

ယန်ကျန်းဟွာ နားလည်နိုင်ခြင်းများ ပျောက်ဆုံးသွားသည်။

မည်သည့်စွမ်းအားအတက်အကျမှမရှိ ၊ မည်သည့်ဝိညာဉ်စွမ်းအားမှ ထွက်ပေါ်နေခြင်းမရှိသော သာမန်ဝါးကိုင်းတစ်ခုက သူ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော အရုဏ်ဦးနေခြည်သရဖူကို ဤသို့နှယ် ဖျက်ဆီးနိုင်သည်လား...။

သူ့စိတ်ထဲ အံ့သြမှင်တက်သွားရလေ၏။

All Chapters