ငါ့ကို တကယ်ထွက်လာစေချင်တာလား
Vol. 7 Ch. 94
သွေးနီရောင်အလင်းက ဖြတ်လိုက်သည့်အတွက် မယုံနိုင်လောက်အောင်ကျယ်လောင်သော ထစ်ချုန်းသံကြီး ထွက်ပေါ်လာသည်။ လက်ခလယ်နှင့် လက်သူကြွယ်ကြား နေရာမှစ၍ ဧရာမ ပြတ်ရှရာကြီးပေါ်လာပြီး လက်ကြီးကား နှစ်ပိုင်းကွဲထွက်သွားတော့သည်။
တစ်ချက်တည်းဖြင့် လက်ကြီး ပြတ်တောက်သွားလေပြီ။
"မင်း" ထျန်းကျီးအရှင်က ဟိန်းဟောက်သည်။ သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်းခေါင်းမော့လိုက်သည်။
မိုးခြိမ်းသံတမျှကျယ်လောင်သော ပေါက်ကွဲသံကြီး မြေပြင်တစ်လျှောက် ရိုက်ညောင်းသွားသည်။ စောစောက ကီလိုမီတာ တစ်သောင်းအကျယ် ဧရာမလက်ကြီးသည် မြေပြင်တစ်ခုလုံးအား အုပ်မိုးရင်း မန်ဟို့မြင်ကွင်းကို ပိတ်ကွယ်လာသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ဟရာတစ်ခု ပေါ်လာပြီး ရုတ်တရက် မန်ဟို ကောင်းကင်ကို မြင်လိုက်ရသည်။
လက်ကြီးက နှစ်ခြမ်းကွဲသွားခဲ့ပြီး မန်ဟို၏ တစ်ဖက်တစ်ချက်ရှိ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားသည်။
မြေကြီးမှာ တုန်ခါသွားပြီး ကျွံကျလာသည်။ တောင်များသည် စိစိညက်ညက်ကြေသွား၏။ ပတ်ဝန်းကျင်ရှိ တောရိုင်းသတ္တဝါများအားလုံး ထွက်မပြေးနိုင်ဘဲ ချက်ချင်း ပြာများအဖြစ်သို့ ပြောင်းသွားသည်။
ဖုန်းဟန်ဂိုဏ်း ချီအခြေတည်ကျင့်ကြံသူမှာ အားကုန်ထုတ်၍ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်တိုအတွင်း မည်သို့မျှ မလွတ်မြောက်နိုင်ပေ။ သူ့မှာ မြေကြီးနှင့် မိတ်ဆက်ကာ သေဆုံးသွားတော့သည်။
အနုသုခုမရုပ်ခန္ဓာအတုအဆင့် ကျင့်ကြံသူ ခေါင်းဆောင်ကြီးများ၏ ကျင့်ကြံခြင်းအခြေခံများမှာ သာမန်မဟုတ်ပေ။ ထို့အပြင် ထျန်ကျီးအရှင်၏တိုက်ကွက်ကလည်း သူတို့ကို ပစ်မှတ်ထားနေခြင်းမဟုတ်။ သူတို့လည်း ထွက်ပြေးရန် သူတို့၏ကျင့်ကြံခြင်းအခြေခံဓာတ်များကို စတေးလိုက်ကြသည်။ သူတို့ တစ်ယောက်ချင်းစီ သွေးခုနစ်ပွက်၊ ရှစ်ပွက် အန်ပြီးနောက်မှ ဧရာမလက်ကြီး၏အစပ်နားထံ ရောက်သည်ဆိုရုံသာ ရောက်သွားကြ၏။ သူတို့အနောက်က ကမ္ဘာမြေကြီးမှာ လှိုင်းထန်နေသော ပင်လယ်တစ်စင်းသဖွယ် ပြောင်းသွားပုံရသည်။ လက်ကြီး ပျောက်ကွယ်သွားစဥ် သူတို့မှာ မြင်ကွင်းကြီးအား ဆွံ့အစွာ ပြန်လှည့််ကြည့်လိုက်ကြသည်။
ယခင်က မှီခိုရာဂိုဏ်းကို အဆုံးမရှိသော တောင်စဥ်တောင်တန်းများဖြင့် ဝိုင်းရံထားခဲ့သည်။ ယခုတော့ မြေကြီးတွင် ဧရာမချိုင့်ခွက်ကြီး တစ်ခုသာ ကျန်ခဲ့တော့သည်။ ၄င်း၏ပုံသဏ္ဍာန်မှာ ဧရာမလက်ရာကြီးပင်။
သို့သော် လက်ရာကား မပြည့်စုံပေ။ ၄င်၏အလယ်မှ တစ်လျှောက် ဟက်တက်ခွဲနေသည်က မိုးထိအောင် ထိုးထွက်နေသည့် တောင်ကြီးသဖွယ် မညီမညာဖြစ်နေသော မြေလွှာကြီးဖြစ်သည်။
ထိုတောင်ထိပ်တွင် မန်ဟို ရပ်နေသည်။ သူ့အောက်တွင် မီတာသုံးရာခန့်ကျယ်သော မြေကြောင်းကြီးတစ်ကြောင်းရှိသည်။ ၎င်းက တစ်ဖက်တစ််ချက်စီတွင် မြေကြီးအတွင်း ဟိုးအနက်ဆုံးထိ ကျွံကျနေသော ဧရာမအပေါက်ကြီးတစ်ပေါက်စီဖြင့် မညီညာသောလမ်းတစ်လမ်းကို ဖန်တီးထားသည်။
အစက ဤတောင် ဤနေရာတွင် မရှိခဲ့သော်လည်း ယခုတွင်တော့...... ၄င်း တစ်ခုတည်းသာ ကျန်ခဲ့သည်။
မန်ဟို ကောင်းကင်ကို မော့ကြည့်လိုက်စဥ် ထူးဆန်းသောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများထဲ၌ ပေါ်ပေါက်လာသည်။ သူ့ကို မည်သူကယ်တင်ခဲ့သည်လဲ မသိသည့်တိုင် ၄င်းကို ရပ်စဥ်းစားမနေပေ။ ချက်ချင်းပင် ဓားပျံတစ်လက် သူ၏ခြေထောက်အောက်၌ ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ရောင်စုံအလင်းတန်းအသွင်ပြောင်းကာ ဧရာမလက်ရာကြီး၏အစွန်းသို့ တဟုန်ထိုးထွက်သွားတော့သည်။
"တောင်ပိုင်းဒေသရဲ့ အထင်ကရ မိစ္ဆာသခင်က သေးငယ်တဲ့ ကျိုးပြည်မှာ ပေါ်လာလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မတွေးခဲ့ဖူးဘူး" ထျန်ကျီးအရှင်သည် မည်းမှောင်နေသော မျက်နှာကြီးဖြင့် အင်္ကျီလက်အား ခါလိုက်သည်။ သူ့အသံသည် အရပ်မျက်နှာတစ်ခွင်သို့ မိုးထစ်ချုန်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။ "ဒါပေမယ့် ခင်ဗျားက ကိုယ်ပွားလေးတစ်ခုပဲ။ ခင်ဗျားရဲ့ ကိုယ်အစစ်က ဖိနှိပ်ခံထားရတဲ့အတွက် ကျုပ် မှီခိုရာဂိုဏ်းချုပ်ကို သတ်လို့မရအောင် လာမတားနိုင်ဘူး"
တုံ့ပြန်မှုတစ်စုံတရာ မရှိ။ သွေးနီရောင်ဖြတ်တောက်ခြင်းအလင်းမှာ ပေါ်မလာခဲ့သည့်အတိုင်းပင်။
"မှီခိုရာဂိုဏ်းချုပ် ဒီကိုထွက်လာခဲ့စမ်း"
"ဒီကိုထွက်လာခဲ့စမ်း"
"ဒီကိုထွက်လာခဲ့စမ်း" အသံကျယ်ကြီး ဟိန်းထွက်နေစဥ် ထျန်ကျီးအရှင်က ညာဘက်လက်ကို မြှောက်ပြီး ထျန်ကျီးခေါင်းလောင်းအား ရိုက်ချလိုက်သည်။ ၄င်း၏အသံသည် ထျန်ကျီးအရှင်၏အသံကိုပါ တစ်ပါတည်း သယ်ဆောင်သွားရင်း မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွား၏။
နက်နဲလှသော ရှေးဆန်မှုဖြင့် ပြည့်နှက်နေသည့် အသံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသဖြင့် ကျိုးပြည်တစ်ဝှမ်းရှိ မရေမတွက်နိုင်သောတောင်တန်းများ စတင်ပြိုကျလာသည်။ မည်သည့်နေရာမှ အသံထွက်လာကြောင်း ပြောရန် မဖြစ်နိုင်သော်လည်း ၄င်းက တစ်နိုင်ငံလုံး ပြည့်နှက်သွားသည်။
"မင်း.....ကျုပ်ကို တကယ်ထွက်လာစေချင်တာလား" ထိုအသံကို ကြားလျှင်ချင်း မန်ဟို၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ၄င်းက မှီခိုရာဂိုဏ်းချုပ်၏ အသံပင်။ သို့သော် ၄င်းမှာ ကွဲပြားနေသယောင် ရှိသည်။ ၄င်းက ယုတ်မာမှုနည်းပါးပြီး ပို၍ သိက္ခါရှိသံပေါက်သည်။ ပို၍ရှေးကျသည်။
"နောက်ဆုံးတော့ မင်းစကားပြောလာပြီပဲ" ထျန်ကျီးအရှင်၏ မျက်လုံးများ တဖျပ်ဖျပ်လက်လာသည်။ " မှီခိုရာဂိုဏ်းချုပ် ၊ ပုန်းမနေနဲ့တော့။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ငါတို့ စာရင်းရှင်းစရာတွေ ရှိသေးတယ်။ မင်းက မင်းရဲ့စိတ်ဝိညာဥ်ခွဲထွက်ခြင်းကို အောင်မြင်ခဲ့တယ်ဆိုရင်တောင်မှ ကျုပ် ကိုယ်ပွားရဲ့ အနုသုခုမရုပ်ခန္ဓာ မယူသင့်ဘူး။ ဒီနေ့ ကျုပ်တို့ တိုက်ခိုက်ပြီး နောက်ဆုံး အနိုင်ရရှိသူက ကျုပ်ပဲ ဖြစ်လိမ့်မယ်" သူသည် ထျန်းကျီခေါင်းလောင်းအား ခါလိုက်ရာ ၄င်းအသံမြည်ဟည်းသွားပြီး စူးရှသောအလင်းရောင်တစ်ခု စတင်ထုတ်လွှတ်လာသည်။ အလင်းက ထျန်ကျီးအရှင်ကို လွှမ်းခြုံလာသဖြင့် သူသည် လင်းလက်တောက်ပလာတော့သည်။
ဒီတိုက်ပွဲမှာ နိုင်ကိုနိုင်ရမည်။ သူသည် မှီခိုရာဂိုဏ်းချုပ်၏အဆင့်အစစ်အမှန်အား ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ထျန်ကျီးအရှင်မှာ စိတ်ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ၂ အောင်မြင်ခဲ့ပြီးဖြစ်ရာ ထိုစွမ်းအားဖြင့် မှီခိုရာဂိုဏ်းချုပ်ကို သူ သုတ်သင်နိုင်သည်။
ဒီတိုက်ပွဲအတွက် သူ ယုံကြည်ချက် အပြည့်အဝရှိသည်။ ထို့ကြောင့် ထွေထွေထူးထူး စဥ်းစားမနေတော့ဘဲ သူ၏ ကိုယ်အစစ်ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာသခင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီး အံသြဖွယ်ထူးကဲသော မှော်ပညာရပ်တစ်ခုအသုံးပြုခဲသော်လည်း ယင်းက သူ့ကို နည်းနည်းလေးပင် ချောက်ခြားမသွားစေပေ။
ဤတိုက်ပွဲတွင် သူ့အတွက် ရှုံးနိုင်ခြေ အနည်းငယ်မျှပင် မရှိချေ။ ထျန်ကျီးပြည်မှ ဆုတောင်းသူများ၊ ယဇ်ပူဇော်သူများအား စုပ်ယူခဲ့သည့် ထျန်ကျီးခေါင်းလောင်းကိုလည်း သူ ယူလာခဲ့သည်။ ၎င်းမှာ အသိရှိနေဖြစ်သည့်အပြင် သူ တန်ဖိုးအထားဆုံးရတနာလည်း ဖြစ်သည်။ ဤခေါင်းလောင်းဖြင့်ဆိုလျှင် တတိယမြောက်ခွဲထွက်ခြင်းအဆင့်ဖြင့် လူတစ်ယောက်ကို ရင်ဆိုင်ရရင်တောင်မှ သူအောင်မြင်နိုင်သည်။ ထို့အပြင် အင်မိုတယ်လီ(အရုဏ်ဦးအင်မိုတယ်) က သူ၏စိတ်ဝိညာဉ်အာရုံ အပိုင်းအစလေးတစ်ခုကို သူ့အား လက်ဆောင်ပေးထားသေးသည်။
အရာအားလုံး အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေသည်။ ထို့နောက် မှီခိုရာဂိုဏ်းချုပ်၏အသံကြီးသည် နက်နဲသောရှေးဆန်မှုဖြင့် ပြည့်နှက်လျက် နောက်တစ်ဖန် ထွက်ပေါ်လာသည်။
"အဲဒီအချိန်တုန်းက..... ငါ နဂါးငွေ့တန်းပင်လယ်တစ်ခုထဲ ဂရုစိုက်ခဲ့တာ" အသံကြီးကား ထူးဆန်းနေသည်။ ၄င်းသည် ခေတ်အဆက်ဆက် တည်တန့်နေမည့် စွမ်းရည်ဖြင့် ပြည့်နှက်လျက် ပဲ့တင်ထပ်လာသည်။ ၄င်းက ကျိုးပြည်တစ်ဝှမ်းလုံးဖြတ်၍ ပဲ့တင်ထပ်သွားပြီး မြေပြင်မှာ စတင်တုန်ခါလာသည်။
ငလျင်က ကျိုးပြည်တစ်ခုလုံး ပြည့်နှက်သွား၏။ လူသားများပင်လျှင် ခံစားနိုင်သည်။ မန်ဟိုက ခေါင်းငုံ့ပြီး ပို၍ပင် မြန်မြန် ဆက်သွားနေသည်။
"နှစ်ပေါင်းဘယ်လောက်ကုန်သွားပြီလဲ။ ငါ ဘယ်နှကြိမ်လောက် အိပ်လိုက်နိုးလိုက်ဖြစ်နေခဲ့လဲ မသိတော့ဘူး။ နောက်ဆုံးတော့ ကျုပ်နိုးလာတဲ့နေ့မှာ အကြိမ်တစ်ထောင်။ မဟုတ်ဘူး အကြိမ်တစ်သောင်းလောက် သေသင့်တဲ့ ခွေးကောင်နဲ့ တွေ့လိုက်ရတယ်" သူ၏အသံအနေအထားအရ ကြေကွဲနေပုံရသည်။ နောက်ဆုံးစကားလုံးအနည်းငယ်မှာ အံကြိတ်၍ပြောလိုက်သည့်အလားပင်။
သူ စကားပြောလိုက်သည်နှင့် ကျိုးပြည်နယ်တစ်လျှောက် တုန်ခါနေခြင်းက ပိုမိုပြင်းထန်လာသည်။ တောင်တန်းများ၊ ကျောက်ဆောင်များ တုန်ရီနေကာ အဆောက်အဦးအမြင့်များ ရှေ့နောက် ယိမ်းထိုးနေသည်။ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းအတွင်း ကျန်ရှိသူများမှာ အလန့်အတကြား လှည့်ပတ်ကြည့်လိုက်ကြသည်။
အခြေအနေမှာ ထျန်းဟယ်ဖန်းမြို့တုန်းက ကဲ့သို့ပင်ဖြစ်သည်။
(ထျန်းဟယ်ဖန်းမြို့= နဂါးငွေ့တန်းမြို့)
မန်ဟိုမှာ အတွေးများဖြင့် ချာချာလည်နေသည်။ မည်သည့်ခွေးကောင်ကို မှီခိုရာဂိုဏ်းချုပ် ပြောနေသည်လဲ သူသိချင်နေမိ၏။
"အဲ့ဒီ သေချင်းဆိုး ခွေးကောင်က ငါ့ကို ဘယ်နိုင်မလဲ။ ဒီတော့ သူက သူနှင့်အတူ အခြားခွေးကောင်တွေကိုပါ ခေါ်လာပြီး ငါတို့ နှစ်နဲ့ချီအောင် တိုက်ခိုက်ခဲ့ကြတယ်။ အဆုံးသတ်ကျ အဲ့ကောင်တွေ ငါ့ကို လှည့်စားခဲ့တယ်။ သူတို့က ငါ့ကို ကတိတွေအများကြီးပေးပြီး နဂါးငွေ့တန်းပင်လယ်ကနေ ထွက်ခွာပြီး တောင်ပိုင်းဒေသကို လာဖို့ စည်းရုံးခဲ့တယ်" မှီခိုရာဂိုဏ်းချုပ်မှာ ဒေါသထွက်သထက် ထွက်လာပုံရသည်။ သူ စကားပြောနေစဥ် ကျိုးပြည်မှာ ပို၍ပင် တုန်ခါသွား၏။ နိုင်ငံ၏ မြောက်ပိုင်းတွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားသည်။ မိုင်ပေါင်းများစွာ ရှည်လျားပြီး ပို၍ရှည်လျားလာနေသည့် အက်ကြောင်းကြီးတစ်ခု မြေကြီးထဲတွင် ပေါ်ပေါက်လာ၏။
အကယ်၍ သင်သာ ကောင်းကင်မှနေ၍ ငုံကြည့်လျှင် အက်ကြောင်းကြီးက ဖြောင့်တန်းမနေဘဲ စက်ဝိုင်းပုံစံကဲ့သို့ကွေးနေကြောင်း သင်မြင်ရမည် ဖြစ်သည်။
"ငါ တောင်ပိုင်းဒေသကို ရောက်တော့ သောက်ခွေးကောင်တွေက လှည့်စားခဲ့ကြတယ်လေ။ သူတို့က ငါ့ကို ကြုံရာတွေ လျှောက်ကျွေးပြီး မမြင်နိုင်တဲ့ ချုပ်နှောင်တံဆိပ်အောက်မှာ ထားခဲ့ကြတယ်။ နှစ်နည်းနည်းကြာရင် ထူးခြားတဲ့ကံကောင်းမှုလက်ဆောင်ပေးမယ်လို့ ငါ့ကို ကတိပေးခဲ့တယ်။ ဒါပေမယ့် နောက်တော့ ခွေးကောင်တွေ သေတဲ့သူကသေ ၊ ပျောက်တဲ့သူက ပျောက်နဲ့။ နောက်ဆုံး တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူက ငါ အိပ်နေတုန်း သူက တခြားဂြိုဟ်တစ်ခုဆီ ခိုးထွက်သွားတယ်လေ။ သူက ငါ့ကို ဆက်ခံသူကို ပေးရမယ့် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းနဲ့အတူ ထားပစ်ခဲ့တယ်။ တကယ်တော့ အဲ့ဒီ ခွေးကောင်တွေက မိုးကောင်းကင်အပြစ်ဒဏ်ကို ကြောက်လို့ ငါ့ကို သုံးပြီး ပြစ်ဒဏ်မိုးကြိုးကို တိုက်ခိုက်ချင်ကြတာ" မှီခိုရာဂိုဏ်းချုပ်မှာ အံတကြိတ်ကြိတ်ဖြစ်နေပုံရသည်။ အသံသည် မြေပြင်တစ်လျှောက် ပဲ့တင်ထပ်နေ၏။ ကြီးမားသောအက်ကြောင်းတစ်ခုသည် မိုးခြိမ်းသံတမျှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ ကျိုးပြည်၏ အရှေ့ပိုင်းဒေသတွင် ပေါ်လာသည်။ အက်ကြောင်း၏ အသွင်သဏ္ဍာန်သည် စက်ဝိုင်းခြမ်းကြီးကဲ့သို့ပင်။
အဖြစ်အပျက်အားလုံးကိုကြည့်ပြီး ထျန်ကျီးအရှင်၏မျက်နှာ ပြောင်းလဲသွားသည်။ သူ့မှာ အနည်းငယ် စိုးရိမ်လာဟန်တူသည်။
မန်ဟိုက သူ့တွင်ရှိနေသော မိစ္ဆာချုပ်နှောင်ခြင်းကျောက်စိမ်းအကြောင်းတွေးရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"ခွေးကောင်တွေ ကတိမတည်ဘူး။ ငါ့ကို လှည့်စားခဲ့တယ်။ ကျုပ် ဒေါသထွက်ခဲ့ပြီး အိပ်ပျော်နေတာတောင်မှ ငါ့ရဲ့စိတ်ဝိညာဉ်ဆန္ဒအနည်းငယ် ညစ်ထုတ်နိုင်ခဲ့တယ်။ အဲဒါက အားနည်းပြီး မိုးကောင်းကင်ရဲ့ တာအိုဥပဒေအရ တားမြစ်ခံခဲ့ရတဲ့အတွက် သေမျိုးလူသားတစ်ယောက်အဖြစ် ပြန်ဝင်စားခဲ့တယ်။ အစကနေ စပြီး ကျင့်ကြံခဲ့ရတယ်။ သူတို့ ငါ့ကို လှည့်စားခဲ့တာကြောင့် သူတို့ရဲ့ အမွေအနှစ်ကို ငါ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါ မိစ္ဆာချုပ်နှောင်ဂိုဏ်းကို မှီခိုရာဂိုဏ်းလို့ နာမည်ပြောင်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ငါ့ရဲ့ စိတ်ဝိညာဉ်ဆန္ဒက သူ့ကိုယ်သူ မှီခိုရာဂိုဏ်းချုပ်လို့ ခေါ်ခဲ့တယ်" သူ့အသံကြီး ဟိန်းထွက်လာနေစဥ် မန်ဟို၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ သူက အနောက်တွင်ရှိသော ကျိုးပြည်ကို ပြန်ကြည့်လိုက်သည်။ မှီခိုရာဂိုဏ်းချုပ်၏ ပဲ့တင်ထပ်နေသော စကားသံများအောက်တွင် ကျိုးပြည်မှာ သမုဒ္ဒရာကဲ့သို့ ရိုက်ခတ်လှုပ်ရှားလျက်ရှိသည်။
ထျန်ကျီးအရှင် ထိုစကားလုံးများအား ကြားသောအခါ သူ၏အမူအရာမှာ တုန်လှုပ်ချောက်ချားသည့်အသွင် ထင်ဟပ်သွားသည်။ သူက တွေးပင် မတွေးမနေတော့ဘဲ နောက်ဆုတ်လာသည်။ ကျိုးပြည်တွင် နောက်ထပ်ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး ဧရာမအက်ကြောင်းကြီးတစ်ခု တောင်ပိုင်းတွင် ပေါ်ပေါက်လာသည်။ တစ်ချိန်တည်းမှာပင် အရှေ့အရပ်၌ မိုးထစ်ချုန်းသံနှင့်အတူ လေးခုမြောက် အက်ကြောင်းကွေးကြီး ဖြစ်ပေါ်လာသည်။ အက်ကြောင်းလေးခုသည် ပြန့်ကားလာပြီး တစ်ခုနှင့်တစ်ခု တွေ့ဆုံကာ ကျိုးပြည်အား ဧရာမစက်ဝိုင်းကြီးအဖြင့် ၀န်းရံလိုက်လေပြီ။
ဤဧရာမစက်ဝိုင်းကြီးအတွင်း ရောက်ရှိနေသော ကျိုးပြည်တစ်ခုလုံး ရုတ်တရက် ..... လေထဲသို့ မြောက်တက်လာသည်။ အနက်ရောင်မြေသားများ ပေါ်ပေါက်လာပြီး လေပြင်းတစ်ချက်က အဘက်ဘက်သို့ တိုက်ခတ်သွားသည်။ မြေသားများ အစွမ်းများမှ ပြိုကျလာ၏။
၄င်း မြင့်တက်လာသဖြင့် မြေကြီးသည် တုန်ခါလာပြီး တိမ်တိုက်များ ကောင်းကင်တွင် တလိပ်လိပ်ထလာသည်။ ထျန်ကျီးမှာ မျက်လုံးများ ပြူးထွက်လျက် မျက်နှာဖြူဆုတ်နေတော့သည်။
မြေကြီးသည် လေထဲသို့ မြင့်သထက် မြင့်တက်လာသည်။ မီတာ ၃၀၀၀၊ ၁၅၀၀၀၊ ၃၀၀၀၀။ ၄င်းမှာ အလွန်တရာမြင့်တက် လာသည့်အတွက် ဖော်ပြ၍ပင် မတတ်နိုင်တော့ပေ။
မြေထုကြီး မြင့်တက်လာစဥ် မန်ဟိုမှာ ၄င်းအပေါ်တွင် ရှိနေသေးသည်။ သူ့မှာ မိုးကောင်းကင်နှင့် နီးကပ်လာနေသကဲ့သို့ ခံစားရသည်။
မြေထုပေါ်တွင် သေမျိုးလူသားများ၏ မြို့များ၊ ဂိုဏ်ကြီးသုံးဂိုဏ်း၊ ထျန်းဟယ်ဖန်းမြို့ နှင့်မရေမတွက် နိုင်သော သက်ရှိများ ပါ၀င်လေသည်။
ကျိုးပြည်တစ်ခုလုံးမှာ ကမ္ဘာမြေထံမှ ဝေးရာ၊ တောင်ပိုင်းဒေသမှ ဝေးရာသို့ ပင့်မခံလိုက်ရသည်။ ၎င်းအောက်တွင် ဧရာမတွင်းပေါက်ကြီး ကျန်ခဲ့သည်။
တွင်းးပေါက်ကြီးက ဟုတ်ပါသည်။ ကျိုးပြည်တစ်ခုလုံးနှင့် အရွယ်အစား အတူတူပင်။
တွင်းကြီးဧအပေါ်တွင် ရပ်နေသည်ကား ကျိုးပြည်ကဲ့သို့ ကြီးမားလှသော လိပ်ကြီးတစ်ကောင်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အနက်ရောင် အချွန်အတက်များဖြင့် ဖုံးလွှမ်းနေသည်။ ၄င်းကား ဒဏ္ဍာရီလာ အနက်ရောင် ရွှမ်းဝူလိပ်ကြီးအတိုင်းပင်။
မြေထုကြီးမှာ လိပ်ကြီး၏ အခွံကို ဖုံးလွှမ်းထားပြီး အခွံမှာ မြေထုဖြင့် ချုပ်နှောင်ခံထားရဟန်တူသည်။ မြေထုကား....... ကျိုးပြည်က လွဲ၍ တခြားမဟုတ်ပေ။
လိပ်ကြီး၏ အခွံဆီမှ ကြီးမားသော ခေါင်းကြီး ဖြည်းဖြည်းချင်း ထွက်လာသည်။ ခေါင်းကြီးသည် ကျိုးပြည်တစ်ခုလုံး၏ ဆယ်ပုံတစ်ပုံခန့်ရှိသည်။ ၎င်း၏အရေပြားသည် အနက်ရောင်ဖြစ်ပြီး အတွန့်အခေါက်များဖြင့် ဖုံးလွမ်းနေသည်။ ခေါင်းကြီး ထောင်လာသဖြင့် မြေကြီးတို့ ပြိုကျလာသည်။ ၄င်း၏ မျက်လုံးကြီးများ ပွင့်လာပြီး သေးငယ်သောပိုးမွှားလေးသဖွယ် ဖျော့တော့သောမျက်နှာဖြင့် အသက်မရှုနိုင်ဘဲ ရပ်နေသော ထျန်ကျီးအရှင်အား ငုံ့ကြည့်လိုက်သည်။
“မင်း ငါ ကိုခေါ်လိုက်တာပဲ။ ကဲ တိုက်ခိုက်ကြတော့မလား”
***