← Chapters

တောင်ကြားထဲက မိစ္ဆာကျောက်စိမ်း

Vol. 7 Ch. 96

တောင်ကြားထဲက မိစ္ဆာကျောက်စိမ်း

Vol. 7 Ch. 96

ကျင့်ကြံသူများအတွက် ချီအခြေတည်ခြင်းက မည်သည့်အဓိပ္ပါယ်ရှိသည်ကို ရှင်းပြရန် မလိုပေ။ ၄င်းက သက်တမ်းကို ရှည်စေနိုင်ပြီး တစ်ကမ္ဘာလုံး တုန်လှုပ်စေနိုင်သော အသွင်ပြောင်းခြင်းတစ်ခုဖြစ်သည်။ ဟုတ်ပါသည်။ သက်တမ်းက ဘဝဟု ဆိုလိုပြီး ချီအခြေတည်အဆင့်ကျင့်ကြံသူများ၏ ဘဝမှာ စဦးချီဖွဲ့စည်းမှုအဆင့်ထက် သာ၍ စိတ်ကျေနပ်ဖွယ် ကောင်းလေသည်။

အချို့ဒဏ်ရာများသည် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများကို သေစေနိုင်သော်လည်း အစွမ်းထက် ချီအခြေတည်အဆင့်ပညာရှင်များကို ထိခိုက်စေရုံသာ တတ်နိုင်သည်။

မန်ဟိုသည် သူ၏အိမ် ဖြစ်ခဲ့ဖူးသော မြေပြင်ကို စွန့်ခွာရင်း တစ်ခါက ကျိုးပြည်ဖြစ်ခဲ့သောနေရာ၏ နယ်စပ်အပြင်ဘက်ရှိ စိမ်းလန်းသောတောင်တန်းများတစ်လျှောက် ဖြတ်လျှောက်လာသည်။ သူက တောင်ပိုင်းဒေသသို့ ဦးတည်နေလေသည်။

ကျိုးပြည်မှာ ဖွဲ့စည်းတည်ဆောက်ပုံအရ တောင်ပိုင်းဒေသ၏ အစိတ်အပိုင်းဖြစ်သော်လည်း တောင်ပိုင်းဒေသ၏ ဗဟိုအချက်အချာဒေသမှ အလွန့်အလွန်ဝေးကွာလေသည်။ သူ၏ လက်ရှိ ကျင့်ကြံခြင်းခြေခံအရ၊ သူ ခြေလျင်လျှောက်သွားပါက ထိုသို့ရောက်ရန် နှစ်ချီသွားနိုင်သည်။

သို့သော် မန်ဟိုက အလျင်မလိုပေ။ တောင်ပိုင်းဒေသသို့ ဦးတည်နေသော်လည်း လောလောဆယ် သူ အစိုးရိမ်ဆုံးအရာမှာ ချီအခြေတည်အဆင့်ကို ဖောက်ထွက်၍ အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်လာအောင် မည်ကဲ့သို့ လုပ်ရမည်ကိုပင်။

ယခင်က ကျိုးပြည်တစ်ခုလုံးတွင် ချီအခြေတည်အဆင့်ကျင့်ကြံသူ ဒါဇင်အနည်းငယ်ခန့်သာရှိသည်ကို ပြန်တွေးရင်း မန်ဟိုမှာ မျှော်လင့်ချက်များဖြင့် စိတ်အားထက်သန်လာတော့သည်။ သူ ချီအခြေတည်အဆင့်တက်ပြီးနောက် ကောင်းကင်တစ်လွှား ပျံသန်းနိုင်ချင်သည်။

"တောင်ပိုင်းဒေသမှာ ငါဘယ်လို အန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာ ဘယ်သူသိမလဲ။ ဒါအပြင် ဒီအဆိပ်ကို ဖယ်ရှားဖို့ကလဲ ရှိသေးတယ်။ ငါ့မှာသာ ဒီထက်ပိုအစွမ်းထက်တဲ့ ကျင့်ကြံခြင်းအခြေသာရှိရင် ငါလုပ်နိုင်တယ်....." မန်ဟို၏ မျက်လုံးများက တလက်လက်တောက်ပနေသည်။ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ စဦးချီဖွဲ့စည်းမှု ကျင့်စဥ်ဖြင့် အနာအဆာမဲ့အခြေကို ဖန်တီးနိုင်ကြောင်း သူသိသည်။ ဤသည်မှာ ဖြစ်နိုင်ခဲသောကိစ္စဖြစ်သော်လည်း မန်ဟိုက ပြီးပြည့်စုံသောအခြေတည်ဆေးလုံးဖန်တီးရန် ရှန့်ကွမ်းရှိုး၏ လျှို့ဝှက်ချက် ဖော်စပ်နည်းကိုလည်း သိထားသေးသည်။

သူ့တွင် ပါ၀င်ပစ္စည်းအများစု ရှိပြီးသားဖြစ်သည်။ မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူမှ ရရှိခဲ့သော ပစ္စည်းများအပြင် ကြေးမုံလည်းရှိသေးသည်ဖြစ်ရာ ဆေးလုံးဖော်ရန် လိုအပ်သောပစ္စည်းအားလုံး စုဆောင်းနိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။ သူအောင်မြင်ခဲ့လျှင် ကျင့်ကြံခြင်းကမ္ဘာ၌ ဒဏ္ဍာရီအဖြစ်သာ တည်ရှိနေသေးသော ပြီးပြည့်စုံသောအခြေကို ပိုင်ဆိုင်ရမည်ဖြစ်သည်။

"ပြီးပြည့်စုံတဲ့အခြေက..... ဘယ်လောက်ဘယ်လောက်အစွမ်းထက်လောက်မလဲ" သူသည် မျက်လုံးများး လင်းလက်တောက်ပနေလျက် တဟုန်ထိုးထွက်သွားသည်။

သုံးလကြာသော် မန်ဟိုမှာ တစ်ခါက ရှိခဲ့ဖူးသော ကျိုးပြည်မှ အဝေးကြီးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် နောက်ထပ် သေမျိုးတို့တိုင်းပြည်ကို ကျော်ဖြတ်ခဲ့ပြီး ယခုတွင် တောနက်ကြီးထဲသို့ ရောက်ရှိနေသည်။ အချိန်အတော်ကြာသည့်တိုင် မည်သည့်သက်ရှိကိုမှ သူ မတွေ့ရသေးပေ။

အဖော်မဲ့တောင်တန်းများ မျက်စိတစ်ဆုံး သွယ်တန်းလျက်ရှိသည်။ နေ့ဘက်တွင် တောရိုင်းတိရစ္ဆာန်များ၏ အသံမျိုးစုံ ကြားရပြီး ပြာလွင့်နေသော ကောင်းကင်းကြီးသည် အကန့်အသတ်မရှိ ကျယ်ပြန့်နေသည်။ ညအခါတွင် ကောင်းကင်မှာ ကြယ်စင်များနှင့် လမင်း၏ မှိန်ဖျော့ဖျော့ အလင်းရောင်တို့ဖြင့် ပြည့်နှက်နေရာ စိတ်နှလုံးကို ညှို့ယူဖမ်းစားသောမြင်ကွင်းအား ဖန်တီးနေတော့သည်။

မန်ဟိုက တောင်ထိပ်တွင် ရပ်ရင်း လောကကြီးအား ကြည့်ရှုခံစားနေသည်။ ၄င်း၏ အလှတရားက သူ၏စိတ်နှလုံးကို အေးချမ်းစေသည်။ သူက တောင်အောက်သို့ လမ်းလျှောက်ဆင်းလာသည်။

"စာအုပ်တစ်သောင်း ဖတ်၊ ခရီး တစ်သောင်းသွား။ ငါ ကီလိုမီတာထောင်ပေါင်း ဘယ်လောက်ခရီးနှင်ခဲ့လဲ ပြောဖို့ခက်တယ်။ မိုးကုပ်စက်ဝိုင်းက တောင်းတန်းတွေနဲ့ ပြည့်နေပြီး ငါ မြင်သမျှ ကြားသမျှ အားလုံးက အစဥ်အမြဲကြီးမားလာနေတဲ့ ပင်လယ်တစ်စင်းလို ငါ့နှလုံးသားမှာ ပြည့်နှက်နေတယ် " သူ၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။

"ချီအခြေတည်အဆင့်အတွက် နေရာရွေးချယ်ရာမှာ အကောင်းဆုံးက စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါများတဲ့နေရာပဲ။ အဲဒါက ငါ့ရဲ့ အောင်မြင်နိုင်ခြေကို တိုးစေလိမ့်မယ် အဲ့လိုဆိုရင်က ငါအောင်မြင်နိုင်ချေများလိမ့်မယ်" သူ၏အခြေကို တည်ဆောက်ခြင်းက ခက်ခဲမည်ဖြစ်ကြောင်း မန်ဟိုသိသည်။ လောလောဆယ်တော့ သူသည် သင့်တော်သောနေရာတစ်နေရာ ရှာဖွေရန် ကြိုးစားရင်း တရိပ်ရိပ် သွားနေသည်။ နောက်ထပ်သုံးလကြာသွားလေပြီ။

မန်ဟိုမှာ ခြောက်လကြာသည်အထိ လျှောက်ရှာနေခဲ့သည်။ ထိုကာလအတောအတွင်း သူ ကျင့်ကြံအားမထုတ်ခဲ့ပေ။ စဦးချီဖွဲ့စည်းမှု၏ မဟာစက်ဝန်းကို အောင်မြင်ခဲ့ပြီး ဖြစ်သည့်အတွက် ထိုသို့လုပ်ရန် မလိုအပ်ပေ။ သူ၏စိတ်နှလုံးသည် တည်ငြိမ်အေးချမ်းလျက်ပြီး ဆန္ဒရှိလျှင် အချိန်မရွေး သူ၏အခြေကို စတင်တည်ဆောက်နိုင်ကြောင်း သူ အလေးအနက်သိသည်။

"ငါ့ရဲ့ အခြေတည်ဆောက်ရာမှာ အောင်မြင်နိုင်ခြေ အများဆုံးဖြစ်ဖို့အတွက် သိပ်သည်းထူထပ်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေရှိတဲ့ နေရာ ရွေးရမယ်" မန်ဟိုက ခပ်တိုးတိုးရေရွတ်သည်။ "ဒါက အမှားနည်းလိမ့်မယ်" သူ ခရီးနှင်နေစဉ် မည်သည့်သားရဲကြီးများကိုမဆို ရှောင်တိမ်းခဲ့ပြီး သွေးထွက်သံယို သတ်ဖြတ်ခြင်းများ မပြုလုပ်ပေ။ ပြီးခဲ့သော နှစ်ဝက်အတွင်း သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ် နှစ်ကြိမ်ထခဲ့သည်။ ထိုသို့ဖြစ်သည့်အခါတိုင်း သူ၏ခန္ဓာကိုယ်မှာ ပုရွက်ဆိတ်ပေါင်းများစွာ သူ၏ကလီများအား တဖြေးဖြေးကိုက်ဝါးနေသကဲ့သို့ ပြင်းထန်သောနာကျင်မှုဖြင့် ဖိစီးနှိပ်စက်ခံခဲ့ရသည်။ ပထမဆုံးအကြိမ်မှာတုန်းက သူခန္ဓာကိုယ်မှ သုံးရောင်ခြယ်အငွေ့များထွက်ရင်း ကောင်းကင်မှ ပြုတ်ကျခဲ့ရသည်။ သူ့မှာ နာကျင်မှုများ မသက်သာသရွေ့ သုံးရက်တိုင်တိုင် အံကြိတ်ပြီး ထိုင်နေခဲ့ရသည်။ အဆိပ်တက်သည့် နှစ်ကြိမ်လုံး အနံအသက်မကောင်းသော အနက်ရောင်အရည်အမြောက်အမြား သူ့ခန္ဓာကိုယ်မှ စီးကျလာသည်။ ၄င်း ထိလိုက်သည့် မည်သည်အပင်မဆို ချက်ချင်း ပုပ်သိုးဆွေးမြည့်သွား၏။

နောက်ထပ်လေ့လာတွေ့ရှိချက်များအရ ထိုသို့အဆိပ်တက်တိုင်း အဆိပ်အများစုမှာ သူ့ကိုယ်ထဲမှ အမှန်တကယ် ထုတ်ပစ်ခြင်းခံခဲ့ရကြောင်း သူ သတိထားမိလိုက်သည်။ သုံးရောင်ခြယ် အဆိပ်ဆေးလုံးမှ အဆိပ်သာ ကျန်တော့၏။

နှစ်ဝက်အတွင်း မန်ဟိုသည် မှီခိုရာဂိုဏ်းချုပ်ထံမှ ရရှိခဲ့သော၊ ဥပမာ လျှပ်စီးအလံ အစရှိသည့် ရတနာများအား အချိန်ပေးလေ့ကျင့်ခဲ့သည်။ ယခုတွင် လျှပ်စီးအလံအား အချင်းအားဖြင့် မီတာသုံးဆယ်ရှိသောတိမ်တိုက်တစ်ခု ဖန်တီးရန် အသုံးပြုနိုင်လေပြီ။ သတ္တဝါတစ်ကောင်ကောင် အနားချဥ်းကပ်လာပါက ၄င်းက လျှပ်စီးတန်းများဖြင့် ပစ်ခတ်တတ်သည်။ ၄င်း၏စွမ်းအားက ချီအခြေတည်အဆင့်ထက် သာလွန်လေသည်။ သူသည် သူအနားယူတိုင်း သူ့ကိုယ်သူ ကာကွယ်ရန်၄င်းအား အသုံးပြုတတ််သည့် အကျင့်ရှိလာခဲ့သည်။

ကံကောင်းခြင်းအဆောင်မှာမူ မန်ဟို ၄င်း၏အသုံးဝင်မှုတစ်စုံတရာကိုမှ ရှာမတွေ့ပေ။

နောက်ထပ်တစ်လကုန်သွား၏။ မန်ဟို့အရှေ့တွင် တောင်တန်းများစွာ သွယ်တန်းနေသော တောင်ကြားဒေသများ ပေါ်လာသည်။ ၄င်းတို့မှာ ကြိုးတံတားများဖြင့် ပြည့်နှက်နေ၏။ ဖျင်ကြမ်းများ ဝတ်ဆင်ပြီး ခေါင်းပေါင်းများ ပေါင်းထားသည့် လူများသည် ကျောတွင် ကြိမ်ခြင်းကြီးများကို လွယ်ရင်း တံတားများအပေါ်တွင် ဟိုဟိုသည်သည် သွားလာနေကြသည်။

ဤအခြင်းအရာကို မြင်သော် မန်ဟို၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤနေရာသည် လူနေအိမ်အရိပ်ယောင်တစ်စုံတရာမှ မတွေရသော မြေရိုင်းဒေသ ဖြစ်သည်။ သို့ထိတိုင် ရုတ်တရက် သေမျိုးလူသားတချို့ ပေါက်လာခဲ့ကြလေသည်။

သူတို့၏ အ၀တ်အစားများက ကျိုးပြည်၏ ၀တ်စားဆင်ယင်ပုံနှင့် ကွဲပြားသည်။ မန်ဟိုက တစ်ယောက်တည်း တီးတိုးရေရွတ်သံရင်း သူတို့ကို လှမ်းကြည့်ကာ ထွက်သွားတော့မည့်အချိန် ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွား၏။ သူက တောင်ကြားခုနစ်ခုထဲက တစ်ခုထံ လှည့်ကြည့်လိုက်သည်။

တခဏကြာသော် သူ စီးနေသော ဓားပျံသည် သူ့ကို တောင်ကြားထံသို့ သယ်ဆောင်ရင်း ရိပ်ခနဲ လှုပ်ရှားသွားသည်။ သူ အနားရောက်သွားသည်နှင့် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းကြီးတစ်လှိုင်း သူ့မျက်နှာကို ရိုက်ခတ်သွားသည်။ သူ၏မျက်လုံးများ လင်းလက်လာ၏။ ဤသည်မှာ ပြီးခဲ့သော ခြောက်လတာအတွင်း မြင်ခဲ့ရသည့် စိတ်ဝိညာဥ်စွမ်းအင်များအနက် အသိပ်သည်းဆုံးဖြစ်သည်။

တောင်ကြားသည် အလွန်တရာ နက်ရှိုင်းရှည်လျားသည်။ မန်ဟို လေလယ်မှ ငုံကြည့်ရာတွင် ၄င်း၏အောက်ခြေကိုပင် မမြင်ရချေ။ သူမြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ တောင်ကြားအနက်ထဲမှ တလိပ်လိပ်ထွက်လာနေသော စိတ်ဝိညာဉ်စွမ်းအင်ထုကြီးသာ။ စိတ်ဝိညာဉ်စွမ်းအင်သည် အနီးအနားရှိ သက်ရှိသတ္တဝါအားလုံးကို ထွာကြိုင်းသန်မာစေပြီး ဝိညာဥ်လောကဆန်အသွင် ထင်ဟပ်နေသည်။

"မှီခိုရာဂိုဏ်းရဲ့ အရှေ့ဘက်တောင်ပေါ်ကထက်တောင် စိတ်ဝိညာဉ်စွမ်းအင်တွေ များသေးတယ်" မန်ဟိုမှာ မြူဆိုင်းနေသော တောင်ကြားကို တအံ့တသြငုံကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် တောင်ကြားရှိ မြူများ တလိပ်လိပ်ထလာသည်။ မန်ဟို၏ သိုလှောင်အိတ်အတွင်းရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်း တုန်ခါသွားသည်။ သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။

သူဆွဲထုတ်လိုက်သည်နှင့်တပြိုင်နက် ထစ်ချုန်းသံကြီး သူ့ဦးခေါင်းထဲတွင် ပြည့်နှက်သွားပြီး စာတစ်ပိုဒ် သူ့စိတ်ထဲ၌ ပေါ်လာသည်။

" မိစ္ဆာချုပ်နှောင်သူရဲ့ လက်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးကာလက အသိအမြင်၊ မိစ္ဆာတစ်ကောင်ဖြစ်ပေါ်ခြင်း။ နှမြောစရာကောင်းတယ်။ အပေါ်မှာ နောက်လာ နောက်သားတွေ ဦးဝပ်တွားနေတဲ့ အမွှေးတိုင်ပြာတစ်လက်မ"

စာပိုဒ်က ရုတ်တရက်ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ အရာအားလုံးပုံမှန်ပြန်ဖြစ်သွားသော်လည်း မန်ဟို၏ မျက်လုံးများက စူးရှတောက်ပနေသည်။ သူသည် တောင်ကြားအတွင်းရှိ မြူထုကို ငုံ့ကြည့်ပြီးနောက် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းအား ပြန်ကြည့်လိုက်သည်။

"မိစ္ဆာချုပ်နှောင်သူရဲ့ လက်ချက်ကြောင့် ပျက်စီးခဲ့ရတယ်..... မိစ္ဆာချုပ်နှောင်ဂိုဏ်း။ ရှေးဟောင်း ကျောက်စိမ်း။ မိစ္ဆာ..... ဒီမိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေလဲ" မန်ဟို ခေါင်းမော့ပြီး ပတ်၀န်းကျင်အား ဝေ့ကြည့်လိုက်သည်။ ကြိုးတံတားပေါ်ရှိ လူအများအပြား သူ့ကို မြင်သွားကြပုံရသည်။ ထိတ်လန့်ကြောက်ရွံ့နေဟန်များ သူတို့မျက်နှာပေါ်တွင် ပေါ်လာ၏။ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ပြီး သူ့ကို ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

ရုတ်တရက် အခြားတောင်ကြားတစ်ခုမှ တရွှီးရွှီး လေတိုးသံထွက်ပေါ်လာသည်။ ရောင်စုံ အလင်းတန်းနှစ်တန်း ပေါ်လာ၏။ ဧရာမသိမ်းငှက်ကြီးနှစ်ကောင် ပျံထွက်လာပြီး တစ်ကောင်စီ၏ကျောထက် လူတစ်ယောက်စီထိုင်နေသည်။

ထိုနှစ်ယောက်မှာ အသက်၄၀ ခန့်ရှိပုံရသည်။ သူတို့က အပြာရောင်နှင့် အစိမ်းရောင် ရောယှက်နေသော ဝတ်ရုံများ၀တ်ဆင်ထားကြသည်။ သူတို့၏မျက်နှာများမှာ အတော်လေးမည်းပြီး သူတို့မှာ ပိန်ကပ်နေသည်။ သူတို့ထဲကတစ်ယောက်၏ လက်မောင်း စိမ်းပြာရောင်မြွေတစ်ကောင် ရစ်ပတ်လျက်ရှိသည်။ မြွေလေး၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းပြီး ၄င်း လျှာနှစ်ခွအား ထုတ်လိုက်သောအခါ သူ၏ပါးစပ်မှ ခပ်ပါးပါးမြူထုတစ်ခု ထွက်လာသည်။

နောက်တစ်ဦး၏ ပခုံးပေါ်တွင် ရှေ့နောက်ခါရမ်းနေသော ကင်းခြေများတစ်ကောင်ရှိသည်။ ၄င်းမှာ တစ်ပေခန့်ရှည်ပြီး ရောင်စုံတောက်ပနေ၍ အဆိပ်ပြင်းကြောင်း သိသာလေသည်။

ထိုလူနှစ်ယောက်အနက် တစ်ယောက်သည် စဦးချီဖွဲ့စည်းမှု အဆင့် ( ၉ )တွင် ရှိပြီး အခြားတစ်ယောက်မှာ အဆင့် (၈) ၏ အထွတ်အထိပ်တွင် ဖြစ်သည်။ သူတို့က ရင်းနှီးဖော်ရွေပုံမရပေ။ သူတို့သည် မန်ဟို့၏ ကိုးမီတာအကွာလောက်တွင် ရပ်ပြီး မန်ဟို့ကို အေးစက်စက် လှမ်းကြည့်သည်။

မန်ဟို၏ အမူအရာမှာ ခါတိုင်းကဲ့သို့ တည်ငြိမ်လျက်သာ။ သူက မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို သိမ်းပြီး သူတို့ကိုကြည့်လိုက်သည်။ သူသည် ကျိုးပြည်တွင် ဤလူများနှင့် ကျင့်ကြံခြင်းအခြေခံ ဆင်တူသော ကျင့်ကြံသူများအား တစ်ယောက်မက တွေ့ဖူးခဲ့ပြီးဖြစ်သည်။

သူတို့ သူ့ကို ကြည့်နေစဉ်မှာပင် နောက်ထပ် ရွှီးခနဲ မြည်သံတစ်သံ ထွက်လာသည်။ အခြားတောင်ကြားမှ တောင်ပံနှစ်ဖက်ပေါက်နေသော ခရမ်းရောင်ဖားပြုပ်ကြီးတစ်ကောင် ပျံထွက်လာသည်။ ၄င်းက ပျံသန်းစဉ် တွင် ၄င်းနှင့်အတူ မြူတိမ်တစ်ခုကိုပါ သယ်ဆောင်လာ၏။ ကြည့်ရသရွေ့ ဤဖားပြုပ်ကြီးတွင် စဦးချီဖွဲ့စည်းမှုအဆင့် ကျင့်ကြံခြင်းအခြေခံရှိဟန်တူသည်။ ၄င်းကျောထက်တွင် အဘိုးအိုတစ််ယောက် တင်ပျဥ်ခွေထိုင်နေသည်။

အဘိုးအိုသည် အနီရောင်နှင့်အဝါရောင် ရောစပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာတွင် အရုပ်သဏ္ဍာန်အမြောက်အမြား ဆေးခြယ်ထားရာ မျက်နှာဖုံးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက အခြားနှစ်ယောက်ထံ ပျံတက်ပြီး ရက်စက်ကြမ်းကြုတ်သောအသွင်ဖြင့် မန်ဟို့ကို အကဲခတ်နေသည်။

အဘိုးအို၏ ကျင့်ကြံခြင်းအခြေခံသည် သာမန်ထက်ထူးခြားသည်။ သူက စဦးချီဖွဲ့စည်းမှု အဆင့် (၉) ၏ အထွတ်အထိပ်တွင် ရှိသည်။ သူ့ကို မြင်လိုက်သည်နှင့် အခြားနှစ်ယောက်၏မျက်နှာထားများ ပြောင်းသွားသည်။

အဘိုးအိုသည် မန်ဟို၏ ကျင့်ကြံခြင်းအခြေခံကို သိရှိရန် ကြိုးစားရင်း စိုက်ကြည့်နေသည်။ " ငါက ဝိညာဥ်ဖားပြုတ်ရွာရဲ့ ခေါင်းဆောင်ပဲ" သူက ပြောသည်။ " ဖြတ်သွားရုံပဲဆိုရင် တာအိုရောင်ရင်း ၊ ကျေးဇူးပြုပြီး ရှေ့ဆက်သွားပါ။ ဒီနေရာမှာ အပြင်က ကျင့်ကြံသူတွေကို မကြိုဆိုဘူး"

မန်ဟို၏ အမူအရာမှာ အေးဆေးတည်ငြိမ်လျက်ပင်။ သူ့မှာ ဤနေရာကဲ့သို့ သိပ်သည်းထူထပ်သော စိတ်ဝိညာဥ်စွမ်းအင်ရှိသည့်နေရာကို ပြီးခဲ့သောနှစ်ဝက်လုံးလုံး ရှာဖွေနေခဲ့ရသည်။ သူ ထွက်သွားလျှင် တူညီသောနေရာမျိုးရှာတွေ့ရန် မည်မျှကြာမည်လဲ မပြောနိုင်ပေ။

ပုံမှန်အားဖြင့် သူသည် မေ့ပစ်လိုက်ပြီး ဆက်သွားတတ်သော်လည်း မိစ္ဆာချုပ်နှောင်ကျောက်စိမ်း၏ ထူးဆန်းသော တုန့်ပြန်မှုက သူ၏စိတ်၀င်စားမှုကို လှုံ့ဆော်ပေးနေသည်။ သူ့တွင် ထွက်သွားလိုစိတ်မရှိပေ။

သူက ဘာမှမပြော။ သူ၏ ညာလက်သည် ဂါယာမန္တယားဆိုင်ရာ မုဒြာဟန်လက်သွားပြီး ဓားပျံတစ်လက်ပြီးတစ်လက် ပျံထွက်လာကာ ချက်ချင်းပင် ဓားပျံရာကျော်ဖြင့် ဓားမိုးကြီးအသွင်ပြောင်းသွားသည်။ ၄င်းတို့က စက်ဝိုင်းသဏ္ဍာန်လည်ပတ်ပြီး ဝဲဝယက်ကြီးတစ်ခု ဖန်တီးရင်း အဘက်ဘက်သို့ ပြန့်ကားလာသည်။

ဖားပြုပ်ကြီးပေါ်ရှိ အဘိုးအိုနှင့်အတူ အခြားသူများ ချက်ချင်း မျက်နှာအမူအရာပြောင်းလဲသွားသည်။ မန်ဟိုက တောင်ကြားတစ်ခုကို လက်ညှိုးထိုးလိုက်ရာ ဓားပျံများ ပျံထွက်သွားသည်။ ၄င်းတို့က ကျောက်သားနံရံကို ဘန်းခနဲ ဝင်တိုက်ပြီး သာမန်ကျင့်ကြံခြင်းဂူတစ်လုံး ထွင်းလိုက်သည်။

"ကျုပ်ကို ဒီနေရာမှာ လအနည်းငယ်လောက် နေခွင့်ပြုပါ" မန်ဟိုက အေးစက်စွာ ပြောသည်။ သူက သူတို့ကို နောက်တစ်ချက်မကြည့်တော့ဘဲ ကျင့်ကြံခြင်းဂူထံ ပျံသန်းသွားသည်။

ဓားပျံတစ်ရာကျော်၏ ကြောက်မက်ဖွယ်ပုံရိပ်ကြီးက ဖားပြုပ်နှင့် သက်ကျားအိုကို မျက်မှောင်ကြုတ်သွားစေသည်။ တခြား ကျင့်ကြံသူနှစ်ယောက်လည်း မဝံမရဲဖြစ်နေဟန်တူသည်။

လက်မောင်းတွင် မြွေရစ်ပတ်လျက်ရှိသည့် လူက မန်ဟို ကျင့်ကြံခြင်းဂူအထဲ ဝင်ရောက်သွားသည်ကို စိန်းစိန်းဝါးဝါး ကြည့်နေသည်။ သူက ညလက်မောင်းကို မြောက်လိုက်ရာ ဝိညာဥ်မြွေသည် ဝိုးတိုးဝါးတား အနက်ရောင်သဏ္ဍာန်ပြောင်းကာ မန်ဟို့ထံ ပျံသန်းသွားသည်။

၎င်း ချဉ်းကပ်လာစဥ် မန်ဟို၏ မျက်လုံးများထဲ၌ အေးစက်သောအရိပ်အယောင် ပေါ်ပေါက်လာတော့သည်။

***

All Chapters