← Chapters

အော်ရစ်ပင်လယ်အောက်တွင်

Vol. 28 Ch. 380

အော်ရစ်ပင်လယ်အောက်တွင်

Vol. 28 Ch. 380

ဟူး... ဟူး...

ဝေ့ဝူယင်မှာ အောက်သို့ ဂရုတစိုက်ပင် ဆင်းသက်လာနေခဲ့၏။ နဂါးသွေးမျိုးဆက် အပေါ် သက်ရောက်သည့် ဖိအားကို ခုခံနိုင်သည့်တိုင် အချိန်သခင်များပင် ကြောက်ရွံ့ရသည့် အော်ရစ်ပင်လယ်၏ ဆွဲအားကိုတော့ ဝေ့ဝူယင် ခက်ခက်ခဲခဲပင် ခုခံနေရသည်။

ပေတစ်သောင်းမျဥ်းကြောင်း၏အောက် ပေနှစ်ရာခန့်ကို ဆင်းသက်လာပြီးနောက် ဝေ့ဝူယင်၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ အော်ရစ်ပင်လယ်၏ ဆွဲအားက အရပ်မျက်နှာ တစ်ခုတည်းကို ဦးတည်နေခြင်း မဟုတ်ချေ။ လေပွေတစ်ခုလိုမျိုး ဘက်ပေါင်းစုံမှ နေ၍ ဝိုင်းဆွဲကာ အမဲဖျက်နေခြင်း ဖြစ်သည်။  ထိုအင်အားက သူ့ကို အပိုင်းပိုင်း အစစ ဖြစ်သည် အထိ တစ်စစီ ဆွဲဖြတ်ကာ အောက်သို့ ဆွဲချလိုနေဟန် ရသည်။

အလွန် သန်မာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် ဝေ့ဝူယင် ကြောက်မက်ဖွယ် ဖိအားကို အရိုးများထဲမှ ခံစားနေရ၏။ အောက်သို့ ပို၍ ဆင်းသက်လေလေ ဖိအားမှာ ပိုမို၍ တိုးမြင့်လေလေ ဖြစ်သည်။

ပေငါးရာ အထိ ရောက်ရှိပြီးနောက်တွင်တော့ ဝေ့ဝူယင် အောက်ကို ဆက်လက် မဆင်းနိုင်တော့။ ဤသည်က မိုင်ကုန် ဖြစ်သည်။ ကြယ်တာရာ ဝိညာဥ်လေးခု၏ စွမ်းအင်ကို အကုန်အစင် ထုတ်သုံးကာ ခုခံနေသည့်တိုင် သူ့ အရိုးများက အက်ကွဲသံများပင် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဧဒင်၏ အချိန်မီ ပြန်လည် ကုစားနိုင်စွမ်းကိုသာ ပိုင်ဆိုင်မထားပါက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တမြေ့မြေ့နှင့် ယိုယွင်း၍ပင် သွားလောက်ပြီ ဖြစ်သည်။

“ဘာထူးခြားလဲ...”

ဝေ့ဝူယင် အော်ရစ်ပင်လယ်ကို ကြည့်ရင်း မေးလိုက်၏။

“ ... “

ခရာတိုမှာ ဘာမှ ပြန်မပြောပဲ အချိန်အကြာကြီး တိတ်ဆိတ်နေသည်။ အတန်ကြာပြီးနောက်တွင်မှ သူ၏ အသံက ခံစားချက်များ ပြည့်နှက် လှိုက်ဖိုစွာ ထွက်ပေါ်လာသည်။

“သူတို့... အသက်ရှင်နေသေးတယ်”

"..."

ဝေ့ဝူယင်၏ မျက်ခုံးအစုံမှာ ထိုစကားလုံးများကြောင့် တွ့န်ကွေးသွား၏။ သူက ကောင်းကင်ဘုံ နတ်မျက်လုံးကို အစွမ်းကုန် သုံးကာ အော်ရစ် ပင်လယ်ကို ကြည့်ရှုရန် ကြိုးစားလိုက်၏။ သို့သော်လည်း ဘာဆို ဘာကိုမှ မမြင်ရချေ။

“ ... “

ဧဒင်၊ အိုရီနှင့် ဘုရင်တို့မှာလည်း တိတ်ဆိတ်နေကြ၏။ ထိုအခိုက်၌ ဝေ့ဝူယင် အပါအဝင် အားလုံးမှာ ခရာတို၏ ခံစားချက်ကို ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။

ပူဆွေး ဝမ်းနည်းမှု၊ စကားလုံးများဖြင့် ဖော်ပြ၍ မရသည့် ပူဆွေး ဝမ်းနည်းမှု....

ထိုကဲ့သို့ ခံစားချက်မျိုးကို မိသားစုဝင်များ အားလုံး သေဆုံးသွားခဲ့သည့် အချိန်၌ ဝေ့ဝူယင် ကိုယ်တိုင်လည်း ခံစားခဲ့ဖူးပေသည်။ သူ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်မိ၏။ ထိုအခိုက်၌ ဝမ်းနည်းမှုက အလိုအလျောက် ကူးစက်လာသည့် အလား မျက်ရည်ပေါက် တစ်ပေါက်မှာ သူ့ မျက်ဝန်းများမှ စီးကျလာ၏။

ဝှစ်...

အော်ရစ် ပင်လယ်၏ ဆွဲအားက ထိုမျက်ရည်ပေါက်ကို လမ်းခုလတ်တွင်ပင် အမဲဖျက်ကာ အမှုန့်ဖြစ်သည် အထိ ကြိတ်ချေ ပစ်လိုက်သည်။

“မင်း သူတို့ကို ခံစားလို့ ရလို့လား”

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ရင်း မေးလိုက်၏။

“ကျွန်တော် သူတို့ကို ကြားရတယ်...”

ခရာတိုက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း သူ့အာရုံ ခံစားမှုကို အလုံးစုံ ဖွင့်လှစ်ကာ ဝေ့ဝူယင်နှင့် အပြည့်အဝ ချိတ်ဆက်လိုက်သည်။

ထိုအခိုက်တွင်ပင် တစ်သက် မမေ့နိုင်လောက်သော အသံများကို ဝေ့ဝူယင် ကြားလိုက်ရလေ၏။

ဂါး... ဂါး...

ဝူး... ဝူး...

ဟီး... ဟီး...

အော်ဟစ်သံများ၊ ရပ်တန့်သွားခြင်း မရှိပဲ အဆက်မပြတ် ထွက်ပေါ်နေသည့် အော်ဟစ်သံများ... ၎င်းတို့က အစဥ်အမြဲ တည်ရှိနေသလို ထာဝရ ဝေးကွာနေပုံလည်း ပေါ်၏။

အသံများကို နားထောင်ရုံဖြင့်ပင် ခရာတို အဘယ်ကြောင့် ငိုနေရသည်ကို ဝေ့ဝူယင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က ဟိန်းဟောက်သံများ မဟုတ်ချေ။

အပြင်းပြဆုံးသော ငိုကြွေးမြည်တမ်းသံများပင် ဖြစ်ပေတော့သည်။

...

ပေတစ်သောင်း နယ်နိမိတ် အထက်၌... အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ ရပ်တန့်ရင်း ဝေ့ဝူယင် ဆင်းသက်သွားရာ အရပ်ကို ငေးမောနေခဲ့ကြ၏။

အော်ရစ်ပင်လယ်၏ မြေဆွဲအားကတော့ ထူးဆန်းသော နည်းလမ်းများဖြင့် လှည့်ပတ်နေဆဲ ဖြစ်သည်။ ၎င်းက တစ်ခါတစ်ရံ၌ အလွန်အမင်း နီးကပ်နေပုံ ပေါ်ကာ တစ်ခါတစ်ရံ၌လည်း အလွန် ဝေးကွာနေပုံ ရသည်။ တစ်ခါတစ်ရံ၌လည်း သူ မရှိသလို လုံးဝ ပျောက်ကွယ်သွား၏။ ၎င်းက အလွန်ကြောက်စရာ ကောင်းလှကာ ဘက်ပေါင်းစုံမှ အလစ်အငိုက် ဝိုင်း၍ တိုက်ခိုက်နေသလိုပင်။

စိုးရိမ်စိတ်များမှာ ထို့ပိဟန်နှင့် အခြားလူများ၏ စိတ်ထဲတွင် ရစ်သိုင်းနေ၏။ ဝေ့ဝူယင်မှာ ခေတ်တစ်ခေတ်ကို အဓိပ္ပာယ် ဖွင့်မည့် ပုဂ္ဂိုလ် ဖြစ်သည်။ သူ တစ်ခုခု ဖြစ်သွား၍ မရချေ။

အခြားတစ်ဖက်၌ ချင်းရိုင်၏ စိတ်များမှာ ရှုပ်ထွေး ပွေလီနေ၏။ လွန်ခဲ့သည့် မိနစ်ပိုင်း၌ အဆုံးစွန်သော အားထုတ်မှုများကို ထုတ်သုံးခဲ့သည့်တိုင် လုံချန်နှင့် လျဲ့ယုတို့ကို ကယ်တင်ရန် သူမ ကျရှုံးခဲ့သည်။ သို့သော်လည်း ထို့ပိဟန်တို့၏ စကားများ အရဆိုလျှင် ဝေ့ဝူယင်မှာ ထိုပြဿနာကို အလွယ်ကလေးပင် ဖြေရှင်းသွားခဲ့သည်။ မည်ကဲ့သို့နည်း။ သူက အဂ္ဂိရတ် ထုတ်ကုန်တစ်ခုခုကို သုံးလိုက်ခြင်းလော။ သို့မဟုတ်... သူ လက်ရှိ ပိုင်ဆိုင်ထားသည့် ခွန်အားက သူမလို မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ထက်ပင် အဆများစွာ ကျော်လွန်နေသည်လော။

“ ... “

တစ်ချိန်တည်း၌ အခြား အင်အားစု သုံးခုမှာလည်း အမျိုးမျိုးသော အတွေးများဖြင့် ဝေ့ဝူယင် အပေါ်သို့ ပြန်လည် ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ အဝေးတစ်နေရာရှိ စန်းအင်ပါယာ ပင်လျှင် စိတ်ဝင်စားသော မျက်ဝန်းများဖြင့် အောက်သို့ ငေးကြည့်နေခဲ့သည်။

အချိန်သခင်များပင် တော်ရုံ မဆင်းရဲသည့် ပေတစ်သောင်း နယ်နိမိတ်မျဥ်းအောက်ကို ထိုလူငယ်လေးက အဘယ်ကြောင့် ဆင်းသက်သွားရသနည်း။ ဘာထူးခြားချက်များ ရှိနေ၍နည်း။

သူတို့ ကြာကြာ မစောင့်လိုက်ရပါချေ။ ပေငါးရာလောက် အကွာရှိ ဝေ့ဝူယင်၏ ပုံရိပ်မှာ တရွေ့ရွေ့နှင့် အပေါ်သို့ ပြန်လည် မြင့်တက်လာခဲ့၏။ မကြာခင်မှာပင် သူ၏ ပုံရိပ်မှာ အားလုံး မြင်သာသည် အထိ ထင်ရှား လာခဲ့သည်။

“သူ ပြန်လာပြီ...”

ခရမ်းရောင် မီးတောက်များက ယောင်ကျန်း၏ မျက်ဝန်းများထဲ၌ ပိုမို ပြင်းထန်စွာ လောင်ကြွမ်းလာ၏။ လျဲ့ယု၏ နီလာမျက်ဝန်းများကတော့ မှုန်ရီကာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်မှာ သူမ အသက်ကိုသာ မက လုံချန်၏ အသက်ကိုပါ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်က မဟာ ရန်သူတော် တစ်ယောက် အပေါ် လုံချန် ဘယ်တော့မှ မလုပ်မည့် လုပ်ရပ်မျိုး ဖြစ်သည်။

ဝေ့ဝူယင်က အမှန်တကယ် စိတ်ထား ကောင်းမွန်သူ တစ်ယောက်လော... သို့မဟုတ် ချင်ချူးမူ အမြင်ကောင်း ရစေရန် သူရဲကောင်း ဝင်လုပ်ပြခြင်းလော။

မသေချာ မရေရာမှု မျိုးစေ့တစ်ခုမှာ သူမ၏ နှလုံးသားတွင် စတင် ကြီးထွားလာခဲ့လေ၏။

အခြားတစ်ဖက်၌ ချင်ချူးမူကတော့ ရင်တမမ ဖြစ်နေခဲ့၏။ သူမ၏ ရင်ထဲရှိ စိုးရိမ်စိတ်မှာ တခြားသူများထက် အဆပေါင်းများစွာ ပိုကြီးမားနေခဲ့သည်။  ဝေ့ဝူယင်ကို မှားယွင်းကာ သံသယဝင်မိပြီးနောက် သူမ အလွန်အမင်း အပြစ်ရှိသလို ခံစားနေခဲ့ရသည်။

ထိုလူငယ် အကြောင်းကို အနန္တ ဧကရာဇ် ကုန်းမြေတိုက်ကြီးတွင် ရှိစဥ်ကတည်းက သူမ ကောင်းကောင်းသိသည်။ သူက ဘယ်တော့မှာ အကြောင်းပြချက် မရှိပဲ လုပ်တတ်သူမျိုး မဟုတ်ချေ။ အထင်အမြင် လွဲမှားခဲ့ခြင်း အတွက် သူမ ဝေ့ဝူယင်ကို တောင်းပန်လိုသည်။ သို့သော် တောင်းပန်ရန် မလိုအပ် ဟုလည်း သူမ ခံစားရသည်။ ဘာပဲဖြစ်ဖြစ်... ဝေ့ဝူယင် ဘေးကင်းကင်းနှင့် သူမ အနားကို အရင်ဆုံး ပြန်ရောက်လာရပေလိမ့်မည်။

ဟူး... ဟူး...

ပေနှစ်ရာကျော်ခန့် အလိုသို့ အရောက်၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ပို၍ ပေါ့ပါးသွားဟန်၏။ သူက ပိုမို မြန်ဆန်စွာ ရွေ့လျားလာကာ ပေတစ်သောင်း နယ်နိမိတ်မျဥ်း အထိ ပြန်လည် ရောက်ရှိလာသည်။ ထိုအခိုက်၌ သူ၏ ငွေရောင် မျက်ဝန်းများမှာ ဆင်းသွားတုန်းကလိုပင် တည်ငြိမ်နေ၏။ မျက်ရည်စ တစ်ခုတစ်လေပင် မရှိတော့။ ထို့နည်းတူစွာပင် သူ၏ စိတ်ခံစားချက်မှာလည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနေခဲ့ချေပြီ ဖြစ်သည်။

“ကျုပ် ပြန်လာပြီ...”

ဝေ့ဝူယင်က ထို့ပိဟန်ကို ကြည့်ရင်း ပြောလိုက်၏။ သူ၏ အသံက ငြိမ်သက်နေသည့်တိုင် ထိုအထဲတွင် သံမဏိကဲ့သို့ ခိုင်မာသော ဆန္ဒများ ပါဝင်ဟန် ရသည်။၊

ထို့ပိဟန်က ခေါင်းညိတ်လိုက်၏။

အဘယ်ကြောင့်နည်း...

ဘာကြောင့်နည်း....

အောက်ခြေတွင် မည်သည့် အရာများကို တွေ့မြင်ခဲ့သနည်း...

မေးခွန်းပေါင်း မရေမတွက်နိုင်အောင် ရှိသည့်တိုင် မည်သည့် မေးခွန်းကိုမှ သူ မမေးချေ။ ထို့အစား အဝေး တစ်နေရာတွင် ရပ်နေသည့် အင်အားစု သုံးခုကိုသာ လှမ်းကြည့်လိုက်၏။

မြူနှင်းများအား ဝန်းရံရင်း ရပ်နေသည့် ပုဂ္ဂိုလ် သုံးယောက်ကို တွေ့မြင်သော အခိုက်၌ သူ့ မျက်လုံးများက ထက်ရှသွားသည်။

“ငါတို့ သွားကြမယ်... အားလုံး အဆင်သင့်ပြင်...”

သူက အမိန့်ပေးလိုက်ရာ အကြီးအကဲနှင့် တပည့်များ အားလုံးမှာ ရွေ့လျားရင်း အနန္တ ဝင်္ကပါပုံကို ယူဆောင် လိုက်ကြ၏။ ထို့နောက် သူတို့ အားလုံးက ထို့ပိဟန်၏ ဦးဆောင်မှု နောက်မှ လိုက်ကာ အုပ်စု သုံးခုထံ ဦးတည်လိုက်လေတော့သည်။

ဝှစ်...

ဝေ့ဝူယင်မှာ ချင်ချူးမူ၏ နံဘေးသို့ ပြန်လည် ရောက်ရှိလာ၏။ စိုးရိမ်ပူပန်နေဟန် ရသော မြစိမ်းရောင် မျက်ဝန်းများကို မြင်တွေ့လိုက်ရသော အခိုက်၌ သူ ကျေနပ်စွာပင် ပြုံးလိုက်သည်။

“ဘာလဲ... နင်က ငါ့အတွက် စိတ်ပူနေတာလား...”

***

All Chapters