← Chapters

တောင်ကြားတစ်ခုတွင် အဆင့်တက်ခြင်း

Vol. 7 Ch. 97

တောင်ကြားတစ်ခုတွင် အဆင့်တက်ခြင်း

Vol. 7 Ch. 97

မန်ဟို လှုပ်ရှားမှုပင် မပြုနိုင်ခင် စိမ်းပြာရောင် ဝိညာဥ်မြွေသည် သူ့ထံမှ မီတာ ၃၀ အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ ရုတ်တရက် ၄င်းသည် မန်ဟို၏ကိုယ်ပေါ်၌ ကြောက်မက်ဖွယ်အရာတစ်ခုကို အာရုံရလိုက်သည့်အလား လေလယ်တွင် ရပ်ပြီး စူးစူးဝါးဝါးတွန်လိုက်သည်။ ၄င်းမှာ တဆတ်ဆတ် တုန်လာပြီး နည်းနည်းလေးပင် တိုးကပ်မသွားရဲသဖြင့် နောက်ပြန်ပြေးတော့သည်။

ရုတ်တရက် မန်ဟို၏ ခေါင်းထိပ်မှ သုံးရောင်ခြယ်အခိုးအငွေ့တစ်ခု ထွက်ပေါ်လာသည်။ ၄င်းက ငိုလိုက်ရယ်လိုက်ဖြစ်နေသည့် နားလည်ရခက်သော အမူအရာတစ်ခုနှင့် မိစ္ဆာမျက်နှာအသွင် ပြောင်းသွားသည်။ ၄င်းသည် မန်ဟို့ခေါင်းတစ်ဝိုက်တွင် လှည့်ပတ်နေပြီးနောက် ဝိညာဥ်မြွေထံ အော်လိုက်သည်။

အော်သံ ၄င်းကို ဝင်ဆောင့်သောအခါ ဝိညာဥ်မြွေက မချိတင်ကဲ မြည်တမ်းလိုက်သည်။ ၄င်း၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပုပ်ပွလာပြီး သွေးခဲကြီးတစ်ခဲအသွင်ပြောင်းကာ မြေကြီးပေါ် ကျသွားတော့သည်။ ထိုအခြင်းအရာမြင်သည်နှင့် အဘိုးအို၏မျက်နှာထား ပြောင်းလဲသွားသည်။ အခြားကျင့်ကြံသူနှစ်ယောက်မှာ မျက်နှာပေါ်တွင် အံအားသင့်နေသော အရိပ်အယောင်များဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။

မန်ဟိုလည်း ရင်တဒိန်းဒိန်းခုန်ရင်း အံသြမှင်သက်ကာ ငေးကြည့်နေသည်။

ထိုသုံးအရောင်ခြယ်အခိုးအငွေ့မှာ သူ၏ခန္ဓာကိုယ်ထဲရှိ အဆိပ်ဖြစ်သည်။ လွန်ခဲ့သောနှစ်ဝက်အတွင်း အဆိပ် နှစ်ကြိမ်ထခဲ့ဖူးသော်လည်း ဤသည်မှာ ပထမဆုံးအကြိမ် မှော်အသွင်သဏ္ဍာန်ပြောင်းပြီး ၄င်းသဘောဆန္ဒအလျောက် သူ့ခန္ဓာကိုယ်မှ ထွက်လာခြင်းဖြစ်သည်။ ဤအဆိပ်ကား လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ ၄င်းသည် ဤပိုင်ရှင်က သူ့တစ်ယောက်တည်းအတွက်သာ ဖြစ်သည့်အလား အခြားအဆိပ်များကို အနားကပ်ခွင့်ပေးမည်မဟုတ်ပေ။

ပြီးခဲ့သောလများက အဆိပ်တက်သည့်အတောအတွင်း ဂိုဏ်းကြီးသုံးဂိုဏ်းမှ အခြားအဆိပ်များ လုံးဝဖယ်ရှားခံခဲ့ရပြီးဖြစ်ကြောင်း မန်ဟို လက်ခံယုံကြည်လာခဲ့သည်။

ထိုအဆိပ်များမှာ သုံးရောင်ခြယ်အဆိပ်ကဲ့သို့ အစွမ်းမထက်သောကြောင့် သူ့ကိုယ်ခန္ဓာမှ ထုတ်ပစ်ခံလိုက်ရခြင်း ဖြစ်တန်ရာသည်။ ဝိညာဉ်မြွေ သေသွားခြင်းက မန်ဟို့ကို ထျန်ကျီးအရှင်၏ သုံးရောင်ခြယ်အဆိပ် အမှန်တကယ် မည်မျှအစွမ်းထက်ကြောင်း သဘောပေါက်သွားစေသည်။

သူနှင့် ရင်ဆိုင်နေရသည့် လူသုံးယောက်မှာတော့ ထိုအကြောင်းကို မသိဘဲ ကြောက်လန့်တကြား မန်ဟို့ကို ငုံ့ကြည့်နေကြသည်။ ယခုလေးတင် ဝိညာဉ်မြွေကို ဆုံးရှုံးလိုက်ရသည့် ကျင့်ကြံသူက ပါးစပ်မှ သွေးများ စီးကျလာရင်း အမြင်ဆုံးအရှိန်ဖြင့် နောက်ဆုတ်သွားသည်။ သူက မန်ဟို့ကို အံ့သြတုန်လှုပ်ခြင်းများဖြင့် ကြည့်လိုက်သည်။

"တာအိုရောင်းရင်းက အဆိပ်ကျင့်ကြံသူပေါ့......" ဖားပြုတ်ပေါ်ရှိ စဦးချီဖွဲ့စည်းခြင်းအဆင့် (၉)ဖြစ်သော အဘိုးအိုက မတ်တပ်ရပ်ပြီး လေးလေးစားစား ဦးညွှတ်လိုက်သည်။ "ဒီလိုဆိုရင်တော့ လွတ်လွတ်လပ်လပ်သာနေပါ။ ဒါပေမယ့် ဒီတောင်ကြားနဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုရှိတယ်။ ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်တွေပေါများပြီး လပြည့်နေ့တိုင်း မြူငွေ့တွေ တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားတတ်တယ်" သူစကားပြောနေစဥ် မျက်လုံးများ တောက်ပလာသည်။

"သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်" မန်ဟိုက ခံစားချက်မဲ့သော မျက်နှာထားဖြင့် ပြောသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် ရိပ်ခနဲ ရွေ့လျားပြီး ကျင့်ကြံခြင်းဂူထဲ ဝင်သွားသည်။ ဂူပေါက်ကိုပိတ်ရန် သူ ထွင်းထားသော ကျောက်တုံးကြီးသည် တဖြည်းဖြည်းကျလာကာ ဂူကိုပိတ်လိုက်တော့သည်။

အပြင်ဘက်တွင် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။ ဖားပြုပ်နှင့် အဘိုးကြီး အခြားနှစ်ယောက်ကို ကြည့်လိုက်စဥ် မျက်လုံးများ လင်းလက်သွားသည်။ သူတို့အားလုံး တခဏ နှုတ်ဆိတ်နေကြသည်။ ထို့နောက် သူတို့က သူတို့၏ ဝိညာဥ်သားရဲအသီးသီးကို ပွတ်သပ်ပြီးနောက် နောက်တောင်ကြားတစ်ခုထံ ပျံသွားကြသည်။ ထိုနေရာတွင် နောက်ထပ် ကျင့်ကြံသူလေးယောက် စုရုံးရောက်ရှိနေကြသည်။

သူတို့အားလုံးက စဦးချီဖွဲ့စည်းမှုအဆင့် (၈) တွင်ရှိပြီး အစိမ်းနှင့်အပြာရောယှက်ထားသော ဝတ်ရုံရှည်များကို ဝတ်ဆင်ထား ကြသည်။ သူတို့သည် မှိန်ဖျော့ဖျော့အလင်းရောင်ဖြင့် တဖျပ်ဖျပ်လက်နေသော ဧရာမကျောက်ဆောင်ကြီးပေါ်တွင် ထိုင်နေကြသည်။ အလင်းရောင် ထွက်ပေါ်လာသောအခါ ကျောက်ဆောင်ကြီးမှာ အတော်လေး ကြည်လဲ့လာပြီး ထိုးဖောက်၍မြင်နိုင်ပုံရသည်။ အတွင်းတွင် ခေါင်းနှစ်လုံးငှက်တစ်ကောင်၏ အရိုးစုကို တွေ့နိုင်သည်။

ဖားပြုပ်နှင့် အဘိုးကြီး နှင့် အခြားသူများ ရောက်လာသည့်အခါ ထိုလူလေးယောက်က မျက်လုံးများ ဖွင့်လိုက်ကြသည်။

"အဲ့ဒီ့ အပြင်လူက အဆိပ်ကျင့်ကြံသူတစ်ယောက်ပဲ" ဝိညာဉ်မြွေကိုဆုံးရှုံးခဲ့ရသော လူက အမုန်းတို့ပြည့်နေသော အသံဖြင့် ပြောသည်။ သူ၏မျက်လုံးများမှ ပြင်းထန်သောအမျက်ဒေါသအား ထုတ်လွှတ်နေသည်။ " သူဘယ်လောက် မြင်လိုက်လဲ မသိပေမယ့် ထွက်သွားဖို့ ငြင်းဆန်နေတယ်"

"ရှုပ်််လိုက်တာ" တင်ပျဥ်ခွေထိုင်နေသော လူလေးယောက်အနက် တစ်ယောက်က မျက်မှောင်ကြုတ်ရင်း ပြောသည်။ သူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။ "သူ့ ကျင့်ကြံခြင်းအခြေခံက ဘယ်အဆင့်မှာလဲ"

"စဦးချီဖွဲ့စည်းမှု အဆင့်(၉) ရဲ့ အထွတ်အထိပ်" ဖားပြုပ်နှင့်အဘိုးကြီးက အေးစက်စက်ပြောသည်။ သူ မမှားပေ။ အကြောင်းမှာ မန်ဟိုသည် စဦးချီဖွဲ့စည်းမှု အဆင့် (၁၃ ) သို့ အလွယ်တကူ သွားနိုင်သော်လည်း သူသည် ကောင်းကင်နှင့်မြေကြီးမှ ဖြတ်တောက်ခံထားရသဖြင့် အဆင့် (၉) ၏ အထွတ်အထိပ်တွင်သာ ရှိနေခြင်းဖြစ်သည်။

"သူ့ ကျင့်ကြံခြင်းအခြေခံက အရမ်းသန့်စင်တယ်။ ဒါပေမယ့် ငါ တို့အတူတိုက်ခိုက်ရင်သူ သေချာပေါက် သေလိမ့်မယ်" ဝိညာဉ်မြွေကို ဆုံးရှုံးခဲ့ရသော ကျင့်ကြံသူကဆိုသည်။ "ငါတို့ သူ့ကို ဒီမှာနေခွင့်ပေးလိုက်ရင် ဘာတွေဖြစ်နေလဲဆိုတာ သူ သိသွားလိမ့်မယ်။ အခုတော့ သူ သံသယဝင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်လဝက်နေရင် လပြည့်တော့မှာ။ ကြိုးနီကိုဆွဲတဲ့ အချိန်ရောက်ရင် ဘာတွေ ဖြစ်နေလဲ သူသိလိမ့်မယ်။ သူက အဆိပ်ကျင့်ကြံသူတစ်ဦးပဲ၊ ဒီတော့ စိတ်မဝင်စားပဲ နေမှာမဟုတ်ဘူး။ ငါတို့ အတူတူ တိုက်ခိုက်ပြီး သူ့ကို ရှင်းပစ်ရအောင်"

တချို့မှာ မဝံ့မရဲဖြစ်နေပုံရသည်။ မန်ဟိုသည် အဆင့်(၉)၏ အထွတ်အထိပ်တွင် မဟုတ်ပါလော။ ယခုအချိန်တွင် ဖားပြုပ်နှင့်အဘိုးကြီးသာ သူ့ကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ သူတို့တစ်ယောက်မှ လုံလောက်သော စွမ်းအားမရှိကြပေ။ သူတို့အားလုံး အတူတူ တိုက်ခိုက်လျှင် နိုင်ကောင်းနိုင်နိုင်သော်လည်း၊ တချို့ကတော့ သေသွားလောက်သည်။ သူတို့မှာ ချီတုံချတုံဖြစ်လျက် ဖားပြုပ်နှင့်အဘိုးကြီးကို ကြည့်လိုက်ကြသည်။

"ငါတို့ ဘာမှလုပ်ဖို့မလိုဘူး။ လပြည့်နေ့ရောက်ရင် တောင်ကြားမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်ပျက်တတ်တယ်လို့ ငါ သူ့ကို ပြောခဲ့တယ်။ သူထွက်ကြည့်ဖို့ များတယ်။ ငါတို့ တိုက်ခိုက်ဖို့လဲ မလိုဘူး။ ကြိုးနီနဲ့အတူပါလာတဲ့ အဆိပ်ငွေ့က သူ့ကို သတ်လိမ့်မယ်။ သူထွက်မလာရင်....... အင်း ဘာပဲဖြစ်ဖြစ် အဆိပ်ငွေ့က အကုန်လုံးကို ဖုံးလွှမ်းသွားမှာပဲလေ။ တစ်နည်းနည်းနဲ့တော့ သူသေမှာပဲ။ ငါ တို့ရဲ့ ဘိုးဘေးဝိညာဥ်တောင် သုံးရွာကို အပြင်လူတွေကို မဝင်စေရဘူး။ အဲ့လိုလုပ်တဲ့ ဘယ်သူမဆို ..… သေကိုသေရမယ်" သူ စကားပြောနေစဥ် သူ၏မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ အခြားလူခြောက်ယောက်လည်း ခေါင်းညိတ်လိုက်ကြသည်။

ထိုစဉ် မန်ဟိုသည် ကျင့်ကြံခြင်း ဂူထဲတွင် တင်ပျဥ်ခွေ ထိုင်နေသည်။ သူ့ပတ်ဝန်းကျင်ရှိ သိပ်သည်းထူထပ်သော စိတ်ဝိညာဉ်စွမ်းအင်များက သူ၏ကျင့်ကြံခြင်းအခြေခံကို တုန်ခါနေစေသည်။ သူ အသက်ရှူလေ့ကျင့်ခန်းများ စတင်ပြုလုပ်သည်နှင့် အကန့်အသတ်မဲ့ အမြုတေပင်လယ်သည် ခိုင်မာအားကောင်းလာ၏။

သူက အသက်ပြင်းပြင်းရှူရင်း ခေါင်းကိုမော့ကာ ကျင့်ကြံခြင်းဂူကို ပိတ်ရန် သုံးထားသော ကျောက်တုံးကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သစ်သားဓားနှစ်လက်သည် သူ့ဘေးတွင် ပျံဝဲရင်း ထွက်ပေါ်လာ၏။ သူက ညာလက်ကိုမြှောက်ပြီး လေတွေ ဝှေ့ယမ်းလိုက်သည်။ အဆောင်စက္ကူတစ်ရွက် သူ့အရှေ့တွင် မျောလွင့်ရင်း ပေါ်ပေါက်လာသည်။ သူက ၄င်းကို ကျောက်တုံးကြီးတွင် ကပ်စေလိုက်သည်။

ဤအဆောင်စက္ကူကို ဝမ်တန်ဖေးဆီမှ ရခဲ့ခြင်းဖြစ်သည်။ ၄င်းက မည်မျှအစွမ်းထက်ကြောင်း သူ မသိသလို၊ တစ်ခါမှလည်း အသုံးမပြုခဲ့ဖူးပေ။ သို့သော် ဝမ်တန်ဖေးဆီက ဖြစ်၍ သာမန်တော့ မဟုတ်နိုင်ပေ။

"ဒီလူတွေမှာ အပြင်လူတွေကို မသိစေချင်တဲ့ လျှို့ဝှက်ချက်တွေ ရှိပုံရတယ်။ သူတို့ ငါ့ကို လွှတ်ထားပေးရင် ငါလဲ သူတို့ကို လွှတ်ထားပေးမယ်။ ဒါပေမယ့် ငါ့ကျင့်ကြံခြင်းကို နှောင့်ယှက်ရင်တော့......" မန်ဟို၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။ သူက တည်ငြိမ်ဆေးဆေးသော အမူအရာဖြင့် ပြီးပြည့်စုံသောအခြေနှင့် ပတ်သတ်ပြီး အသေးစိတ်ပါရှိသော ရှန့်ကွမ်းရှိုး၏လိပ်ခွံကို သိုလှောင်အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ၄င်းကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။

"ပြီးပြည့်စုံတဲ့ အခြေတည်ဆေးလုံးကိုဖော်စပ်ဖို့အတွက် ငါ ဆေးပေါင်းဖိုတစ်လုံး လိုတယ်" မန်ဟိုက ရေရွတ်လိုက်သည်။ " ငါ ဒါကို ရှန့်ကွမ်းရှိုးဆီကနေ ရခဲ့တယ်။ ဒါပေမယ့် ဆေးဖော်ခြင်းပညာရပ်မှာ နည်းနည်းပါးပါး ကျွမ်းကျင်ဖို့ လိုသေးတယ်။ ကျွမ်းကျင်မှုမရှိရင် အမှားများတယ်။ ဒီဆေးပင်တွေက အရမ်းတန်ဖိုးရှိတာ။ ငါအမှားလုပ်မိခဲ့ရင် အပင်တွေထပ်ပွားနိုင်တယ်ဆိုရင်တောင်မှ ကုန်ကျစရိတ်ကမတန်တဆဖြစ်လိမ့်မယ်" သူမှာ ဆေးဖော်စပ်ခြင်းပညာရပ်အား မကျွမ်းကျင်ရာ အတော်လေး မချင့်မရဲဖြစ်စရာကောင်းလေသည်။

အချိန်အနည်းငယ်ကြာသော် မန်ဟိုသည် ပါဝင်ပစ္စည်းစာရင်းတွင်ပါဝင်သည့် အရန်ဆေးလုံးများပြုလုပ်ရန် လိုအပ်သော အပင်အမျိုးမျိုးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ကြေးမုံကို ထုတ်ပြီး ၄င်းတို့ကို စတင်ပွားတော့သည်။ နာရီအနည်းငယ်အကြာတွင် သူ ဝိညာဉ်ကျောက်တုံး အများအပြား သုံးစွဲခဲ့ပြီးလေပြီ။ ၀ိညာဉ်ကျောက်တုံးတစ်ပုံတခေါင်းရှိသည့်တိုင် ဤအတိုင်းသာဆိုလျှင် သူ ပြန်မွဲပေဦးမည်။

"ဒါတွေက အရန်ဆေးတွေပဲ ရှိသေးတာ...… ပြီးပြည့်စုံတဲ့ ချီအခြေတည်ဆေးလုံးကို ဖော်စပ်တဲ့နေရာမှာ အဓိကအဆင့်နှစ်ခုရှိတယ်။ ပထမအဆင့်က အရန်ဆေးခုနစ်လုံးကို ဖော်စပ်ရမှာဖြစ်ပြီး တစ််လုံးစီမှာ ပြိုင်ဘက်ကင်းတဲ့ လုပ်ဆောင်ချက်တွေ ရှိတယ်။ ဒုတိယအဆင့်ကတော့ အဲ့ဒီဆေးလုံး ၇ လုံး ချီအခြေတည်ဆေးလုံးဖော်စပ်ဖို့ အတူတူပေါင်းစည်းရမှာ။ အရန်ဆေးလုံးတစ်လုံးလေးပဲ မဖော်စပ်နိုင်ရင်တောင်မှ ငါ့မှာ အောင်မြင်ဖို့လမ်းမရှိဘူး။ အရန်ဆေးလုံးခုနစ်လုံးထဲကမှ နှစ်လုံးကို ရှန့်ကွမ်းရှိုး ဖော်စပ်ခဲ့ပြီးပြီ။ ငါးလုံးကျန်သေးတယ်..... ငါအရင်က ဆေးတစ်ခါမှ မဖော်ခဲ့ဖူးဘူး။ ငါအောင်မြင်ဖို့ ခဏခဏ ကြိုးစားရရင် ဘာဖြစ်သွားမလဲ။ အဲဒီလိုသာ ဖြစ်ခဲ့ရင် ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက် ရှိတော့မှာမဟုတ်ဘူး။ အဲ့ဒါက ငါ့ရဲ့ ချီအခြေတည်ခြင်းအဆင့် ရောက်နိုင်စွမ်းကိုတောင် ထိခိုက်စေနိုင်တယ်။ ဆေးဖော်စပ်ခြင်းပညာရပ်...... ငါသာ ဆေးဖော်တဲ့ပညာကို ကျွမ်းကျင်မယ်ဆိုရင် ဒါက ပြဿနာမဟုတ်တော့ဘူး" မန်ဟိုသည် မျက်မှောင်ကြုတ်ရင်း ထျန်းဟယ်ဖန်း(နဂါးငွေ့တန်း)မြို့၏ ဆေးဖော်ခြင်း အခြေခံပညာရပ်များကို လေ့လာကြည့်လိုက်မိသည်။ ကံမကောင်းစွာဖြင့် ထိုကဲ့သို့သော ပညာရပ်များအား ဆရာမရှိဘဲ ကိုယ်နည်းကိုယ့်ဟန်လေ့လာခြင်းက မလွယ်ကူလှသည့်အပြင် အချိန်များစွာ ကြာနိုင်သည်။ ထို့အပြင် အချို့ နည်းစနစ်များမှာ သာမန်မဟုတ်ကြပေ။ ဆေးပညာရှင်များ အတော်များများတွင် အပြင်လူများကို မပြောပြသော လျှို့ဝှက်နည်းစနစ်များရှိကြသည်။ ထိုသို့သောနည်းစနစ်များကို ဂိုဏ်း၏ လျှို့ဝှက်ချက်များအဖြစ်ထိန်းသိမ်းထားလေ့ရှိသည်။

"အကောင်းဆုံးနည်းကတော့ ချီအခြေတည်ခြင်းဆေးလုံး အရင်ဆုံး ဖော်ပြီးနောက်မှ အခြေကို တည်ဆောက်ရမယ်။ အဲ့ဒီ့နည်းနဲ့ဆိုရင် ဆေးလုံးကို အမြန်ဖော်စပ်ဖို့ လိုမှာ မဟုတ်တော့ဘူး။ ဒီနည်းလမ်းက ရှန့်ကွမ်းရှိုး အသုံးပြုသွားတဲ့ နည်းလမ်းပဲ။ ဒါပေမယ့်...." သူ၏မျက်လုံးများ တောက်ပနေသည်။ "ဒီနည်းလမ်းက သင့်တော်ပုံရပေမယ့် ငါ ချီအခြေတည်အဆင့်ကို မရောက်ဘူးဆိုရင် အန္တရာယ်များလွန်းတယ်။ ရှန့်ကွမ်းရှိုးလဲ ဒါကြောင့် သေသွားခဲ့တာ။ မဟုတ်ရင် ငါ သူ့ကို ဘယ်တော့မှ သတ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီနည်းလမ်းကို ....သုံးလို့မဖြစ်ဘူး" သူသည် တခဏ တိတ်ဆိတ်သွားပြီးနောက် ခိုင်မာပြတ်သားသောစိတ်ဆန္ဒ မျက်လုံးများတွင် ပြည့်နှက်လာသည်။

"ဘာပဲဖြစ်ဖြစ်၊ ငါချီအခြေတည်အဆင့်ကို အရင်ဆုံးရောက်အောင်လုပ်ရမယ်။ နောက်မှ ပြီးပြည့်စုံတဲ့ ချီအခြေတည် ဆေးလုံးကို ဖော်စပ်နိုင်ရင်လဲ သိပ်မနောက်ကျသေးပါဘူး။ ပြီးပြည်စုံတဲ့ ချီအခြေတည်ဆေးလုံးက မိုးကောင်းကင်က ဖန်တီးပေးထားတဲ့ တာအိုမဏ္ဍိုင်တွေမှာရှိတဲ့ အက်ရာတွေကို ပြန်ပြုပြင်ပေးနိုင်တယ်။ ဒါကြောင့်… အနာအဆာမဲ့ အခြေကလဲ မဆိုးပါဘူး" မန်ဟို အံတင်းတင်းကြိတ်လိုက်သည်။ ပြီးပြည့်စုံသော ချီအခြေတည် ဆေးလုံးကို ဖော်စပ်လိုစိတ်ပြင်းပြသော်လည်း ယခုအချိန် ထိုသို့ပြုလုပ်ခြင်းက လက်တွေ့မကျလှပေ။

" ငါ ချီအခြေတည်အဆင့် အရင်ဆုံး ရောက်ပြီးတော့မှ တောင်ပိုင်းဒေသကို ဝင်နိုင်တယ်။ ပြီးရင် အဆိပ်ဖယ်ရှားဖို့ နည်းလမ်းရှာမယ်။ စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့တော့ ဖြစ်နိင်မှာ မဟုတ်ဘူး” စိတ်ပိုင်းဖြတ်ပြီးသည်ဖြစ်၍ သူ နောက်ထပ်တွေးတောရင်း အချိန်ကုန်မခံနေတော့ပေ။ သူက လိပ်ခွံနှင့်ဆေးပင်များကို သိမ်းပြီးနောက် ချီအခြေတည်ဆေးလုံးတစ်လုံးကို ထုတ်ကာ ပွားလိုက်သည်။

သူသည် စဦးချီဖွဲ့စည်းမှု၏ မဟာစက်ဝန်းတွင်ဖြစ်ရာ ချီအခြေတည်အဆင့်သို့ ဖောက်ထွက်ရန် ယုံကြည်ချက်ရှိသည်။ သို့သော် သေချာစေဖို့ ချီအခြေတည်ဆေးလုံး၏ စွမ်းအားကို အသုံးပြုရန်ဆုံးဖြတ်လိုက် သည်။

သူက အရှေ့ရှိ ချီအခြေတည်ဆေးလုံးငါးလုံးကို ငုံ့ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အလံအသေးလေးတစ်ခုထွက်လာသည်။ ၄င်း လေထဲပျံသန်းသွားစဉ် ၄င်းပတ်လည်တွင် လျှပ်စီးများ လှည့်ပတ်နေသည်။ မန်ဟိုသည် လက်ကွက်တချို့ လှုပ်ရှားလိုက်ရာ အလံက မနိဟို့ကျင့်ကြံခြင်းအခြေခံမှ အကူအညီတစ်စုံတရာမပါဘဲ မြေကြီးထဲ စိုက်သွားသည်။ ၄င်းက ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်အချို့ကို စုပ်ယူပြီးနောက် ကျင့်ကြံခြင်းဂူကို လွှမ်းခြုံထားသော မြူတိမ်တိုက်အသွင် ပြောင်းသွားသည်။ ၄င်းသည် မန်ဟိုထံမှ အရပ်မျက်နှာအနှံ့သို့ မီတာ ၃၀ ကွာဝေးသည်အထိ ပြန့်ကားလာသည်။

"ချီအခြေတည်ဆေးလုံးကို သောက်ပြီးတဲ့အခါ ငါ့ခန္ဓာကိုယ် တောင့်သွားပြီး ရွေ့လျားနိုင်မှာမဟုတ်ဘူး" သူက အလံလေးမှ ဖန်တီးပေးထားသော မြူထုကို ကြည့်လိုက်သည်။ "ဒါပေမဲ့ လျှပ်စီးအလံက ငါ့ကို အကာအကွယ် ပေးနိုင်လိမ့်မယ်။ ငါ့ကိုဘယ်သူမှ နှောက်ယှက်နိုင်မှာမဟုတ်ဘူး။ ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဥ်းစားကြည့်ရင် မလှုပ်ရှားနိုင်တဲ့ကာလ သိပ်ကြာမှာ မဟုတ်ဘူး"

မှီခိုရာဂိုဏ်းချုပ်ထံမှ ရရှိခဲ့သော ရတနာများအနက် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းသည် လျှို့ဝှက် အဆန်းကြယ်ဆုံးဖြစ်သည်။ သို့သော် သူ့အကြိုက်ဆုံးက ဝိညာဉ်ကျောက်တုံးများအပြင် ဤအလံလေးဖြစ်သည်။ ကံကောင်းခြင်းအဆောင်မှာမူ သူ ၄င်းနှင့်ပတ်သက်၍ ဘာမှရှာမတွေ့နိုင်သေးပေ။ သူ ချီအခြေတည်အဆင့်ရောက်ပြီးမှ ထပ်မံ လေ့လာကြည့်ရလိမ့်မည်။

သူသည် အသက်ပြင်းပြင်းချက်ရှူသွင်းရင်း ဆေးလုံးတစ်လုံးကို ကောက်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ၎င်းသည် ချက်ချင်းပျော်သွားပြီး အကန့်အသတ်မဲ့သော စိတ်ဝိညာဉ်စွမ်းအင်များ သူ၏ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ သူ တဆတ်ဆတ်တုန်လာ၏။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ချီအခြေတည်ဆေးလုံးသောက်သုံးခြင်း မဟုတ်ပေ။ သို့သော် သူသောက်သုံးသည့် အချိန်တိုင်း ကြီးမားလှသော လှိုင်းလုံးကြီးများအကြား လူးလွန့်နေသော လှေငယ်လေးသဖွယ် ခံစားလိုက်ရသည်။ ထစ်ချုုန်းသံကြီးတစ်သံ သူ့ခေါင်းထဲတွင် ပြည့်နှက်သွားသည်။ သူက ကျင့်ကြံခြင်းအခြေခံကို ဆက်လက် လှည့်ပတ်လိုက်သည်။

အကန့်အသတ်မရှိသော စိတ်ဝိညာဉ်စွမ်းအင်များက မန်ဟို့ကိုဖြတ်၍ သူ၏အမြုတေပင်လယ်ထဲ စီးဝင်လာရာ ၄င်းအား ရိုက်ခတ်လှုပ်ရှားသွားစေသည်။ သူ၏ကိုယ်အတွင်းရှိ မိစ္ဆာအမြုတေမှာ ရုတ်တရက် တာအိုမဏ္ဍိုင်အဖြစ် ပြောင်းလဲသွားတော့မည့်အလား ထင်ရသည်။

တာအိုမဏ္ဍိုင်ပေါ်လာသည်နှင့်တပြိုင်နက် မန်ဟိုသည် စဦးချီဖွဲ့စည်းမှုအဆင့်ကို ဖြတ်ကျော်၍ စစ်မှန်သော ကျင့်ကြံခြင်းနယ်ပယ်......ချီအခြေတည်အဆင့်သို့ ရောက်ရှိသွားပေမည်။

ချီအခြေတည်အဆင့်ရောက်သည်နှင့် သူ ဘယ်တော့မှ သေမျိုးလူသား ပြန်ဖြစ်တာ့မည်မဟုတ်ပေ။ သူသည် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ အမှန်တကယ် ရောက်သွားပြီး ဘယ်တော့မှ ‌လူသားကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်တော့မည် မဟုတ်ပေ။

သူဟာ ရေစုန်ကို ဆန်တက်တဲ့ လှေတစ်စင်းဖြစ်လာလိမ့်မည်။

အနှစ်ချုပ်ဖော်ပြရမည်ဆိုလျှင် "ရှေ့သို့ရွေ့ပါ၊ သို့မဟုတ်က နောက်မှာကျန်ခဲ့လိမ့်မည်"

***

All Chapters