စန်းမျိုးနွယ် မသိတဲ့ ကိစ္စ မရှိဘူး
Vol. 28 Ch. 381
“ဘာလဲ... နင်က ငါ့အတွက် စိတ်ပူနေတာလား...”
ဝေ့ဝူယင်၏ ပြုံးစစ မျက်နှာကြောင့် ချင်ချူးမူမှာ ရှက်ရွံ့သွားကာ မျက်နှာတစ်ခုလုံး ပန်းရောင်သမ်း သွားသည်။ သူမက နှုတ်ခမ်းလေးကို စူလိုက်ရင်း...
“ဘယ်သူက စိတ်ပူလို့လဲ... ရှင် ကိုယ်တိုင် သေချင်ရင်တောင် ဟိုအဘိုးကြီးက ခွင့်ပြုမှာ မဟုတ်ဘူး”
“ကျေးဇူးပဲ...”
ဝေ့ဝူယင်က သူမ၏ မျက်နှာလေးကို ကြည့်ရင်း အနည်းငယ် ရယ်မောလိုက်သည်။ မိန်းကလေးကတော့ ပို၍ပင် ရှက်ရွံသွားဟန် ရ၏။
ထို့ကြောင့် သူတို့ နှစ်ယောက် ကြားတွင် စက္ကန့်ပိုင်းမျှ ကြာအောင် တိတ်ဆိတ်သွားသည်။
ဟူး... ဟူး...
လေပြည်လေညှင်းမှာ ကလူကျီစယ်ကာ ပွတ်သပ် တိုက်ခတ်နေ၏။ ဝေ့ဝူယင် ဝတ်ဆင်ထားသည့် ခပ်ပွပွ အပေါ် ဝတ်ရုံကတော့ လေနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေ၏။
“ကျွန်မ... ဟိုဟာ...”
ချင်ချူးမူက ကော့ညွှတ်နေသည့် မျက်တောင်လေးများကို ပင့်တင်ရင်း ဝေ့ဝူယင်အား ကြည့်လိုက်၏။ တစ်ခုခု ပြောချင်နေဟန် ရသော်လည်း သူမ၏ နှုတ်ခမ်းထက်၌ စကားလုံးများမှာ ပျောက်ရှနေခဲ့ပုံ ပေါ်သည်။
သို့သော်လည်း... စိုးရိမ်မှုတို့ ပြည့်နှက်နေသည့် ထိုမျက်ဝန်းများမှ တစ်ဆင့် ဝေ့ဝူယင်မှာ အရာရာကို နားလည်ခဲ့ပြီး ဖြစ်သည်။ သူက သူမ၏ မြစိမ်းရောင် မျက်ဝန်းလဲ့လဲ့တို့ကို ကြည့်ရင်း နွေးထွေးစွာ ပြုံးပြလိုက်၏။
“ဘာမဖြစ်ဘူး... ငါအဆင်ပြေတယ်”
ရှည်လျားခြင်း မရှိသည့် ထိုစကားစု တိုတိုလေးက ချင်ချူးမူ၏ ရင်ထဲရှိ စိုးရိမ် ပူပန်မှု အားလုံးကို အသာအယာ ဖယ်ရှားသွားသည်။ သူ၏ နွေးထွေးသော အပြုံးတို့ကတော့ သူမ ဘာအပြစ်ကို ကျူးလွန် ကျူးလွန်... ခွင့်လွှတ်ကြောင်း အသံတိတ် ပြောပြနေသည်။
“အင်း...”
ချင်ချူးမူ ခေါင်းကို အသာအယာပင် ညိတ်လိုက်၏။ အပြုံးတစ်ခုက ညင်သာစွာပင် သူမ၏ နှုတ်ခမ်းထက်၌ ပေါ်ထွက်လာ၏။
အခြားတစ်ဖက်၌ လုံချန်မှာ ထိုမြင်ကွင်းကို တိတ်တဆိတ် လေ့လာနေခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် ကြည့်ရင်း ကြည်နူးစွာ အပြုံးချင်း ဖလှယ်နေကြသည့် ချင်ချူးမူတို့ကို ကြည့်ရင်း နှလုံးသား တစ်ခုလုံး အက်ကွဲ ကြေမွသွားလို ခံစားလိုက်ရ၏။ သူ အံကို တင်းတင်းကြိတ်ကာ လက်သီးများကို ဆုပ်လိုက်မိသည်။
နံဘေးရှိ လျဲ့ယုမှာ လုံချန်ထံမှ အငွေ့အသက်များကို ခံစားလိုက်ရရာ လေးပင်စွာဖြင့် ပင့်သက် တစ်ချက်သာ ရှိုက်လိုက်မိ၏။
မည်သည့် အကြောင်းပြချက်ကြောင့် ဖြစ်စေ... ဝေ့ဝူယင်နှင့် ပတ်သက်သည့် လုံချန်၏ ရင်ထဲရှိ ရန်ငြိုးများ ရှင်းလင်းသွားလိမ့်မည် မဟုတ်ကြောင်း သူမ ရှင်းလင်းစွာပင် သိပေသည်။ ဒွိဟပေါင်းများစွာမှာ ရင်ထဲ၌ မြင့်တက်နေသည့်တိုင် လုံချန်၏ လက်ကိုတော့ သူမ မြဲမြဲ ဆုပ်ကိုင်ထားဆဲပင်။
ဟူး... ဟူး...
မိနစ်ပိုင်းမျှ အတွင်းမှာပင် အနန္တ ဧကရာဇ်ဂိုဏ်း အကြီးအကဲများနှင့် တပည့်များမှာ ဆုံမှတ်နေရာသို့ ရောက်ရှိလာခဲ့၏။
"အာရုဏ်ဦး ဧကရာဇ်က ဘယ်သူလဲ…"
ဆန်းကြယ် ဒြပ်စင် နန်းတော်နှင့် အဂ္ဂိရတ် အစည်းအရုံးတို့ရှိ တပည့်များ၏ အာရုံ စူးစိုက်မှုများက ဝေ့ဝူယင် အပေါ်သို့ စုပြုံကျရောက်သွားသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ သမိုင်းကြောင်းကို တစ်ဆစ်ချိုး ပြောင်းလဲပေးမည့် ပုဂ္ဂိုလ်က မည်ကဲ့သို့ ပုံစံမျိုး ဖြစ်မည်ကို သူတို့ အစောကတည်းက စိတ်ဝင်စား နေခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်း၌ အကြီးအကဲများ၏ မျက်လုံးများကတော့ ထို့ပိဟန် အပေါ်တွင် ရစ်ဝဲနေ၏။ တစ်ခါတစ်ရံ စန်းအင်ပါယာထံသို့ ရွေ့လျားသွားသည်။
ထိုနှစ်ယောက်မှာ လက်ရှိ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ စန်းအင်ပါယာမှာ အတုအယောင် လောကသခင် တစ်ပါး ဆိုသော်လည်း ထို့ပိဟန်မှာလည်း ယခုမှ လောလောလတ်လတ် အဆင့်တက်ထားသူ ဖြစ်သည်။ အကယ်၍ သူတို့ နှစ်ယောက်က တိုက်ခိုက်ကြပါက ပြတ်သားသော ရလဒ်တစ်ခု ထွက်ပေါ်လာရန် ပြောရခက်လိမ့်မည် ဖြစ်သည်။
ဆန်းကြယ် ဒြပ်စင်ဂိုဏ်း၏ တပည့်အုပ်စုထဲတွင်တော့ လူငယ်လေး တစ်ယောက် ရှိ၏။ သူက နဖူးထက်တွင် ကိုးရောင်ခြယ် အစက်တစ်စက်နှင့် ဆွဲဆောင်မှုရှိသော မီးခိုးရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူ့တွင် အခြားလူများနှင့် လုံးဝ မတူသည့် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ရှိ၏။ ချောမောသော မျက်နှာ၊ သူရဲကောင်းဆန်သော အမူအရာတို့နှင့် အတူ ထိုလူငယ်လေးမှာ နတ်ဆိုး အဆင့် ပါရမီရှင် တစ်ဦး၏ အငွေ့အသက်မျိုးကို ထုတ်လွှတ်နေခဲ့ပေသည်။
လင်းမင်သည် ဖြစ်စဥ်တစ်ခုလုံးကို အစမှ အဆုံး တိတ်တဆိတ်ပင် လေ့လာနေခဲ့၏။ ထိုတစ်လျှောက်လုံး၌ မျက်တောင် တစ်ချက်မှ မခပ်ခဲ့သည့်တိုင် ဝေ့ဝူယင် လျဲ့ယုအား မည်ကဲ့သို့ ကယ်တင်ခဲ့သည် ဆိုသည့် အပိုင်းကတော့ ယခုတိုင် ပျောက်ရှနေဆဲ ဖြစ်သည်။ ကြည့်ရသည်က အာရုဏ်ဦး ဧကရာဇ် ဆိုသည့် ထိုလူငယ်မှာ ထင်ထားသည်ထက် ပို၍ လျှို့ဝှက် ဆန်းကြယ်နေပုံ ပေါ်သည်။
“ဆရာတူ အမလင်း ပြောတဲ့ အတိုင်းဆို ဝေ့ဝူယင်က အထင်ကြီးစရာ မရှိပေမဲ့ အထင်သေးလို့လည်း မရဘူး တဲ့... နောက်ပြီး သူက ငါလို့ပဲ မူလဒြပ်စင် စွမ်းအင်ကို ပိုင်ဆိုင်ထားတာကြောင့် စမ်းသပ်ကွင်းထဲကို ငါ့အတွက် အကြီးမားဆုံး ပြိုင်ဘက်တောင် ဖြစ်လာနိုင်တယ် တဲ့”
လင်းမင်၏ မီးခိုးရောင် မျက်ဝန်းများမှာ တဖျပ်ဖျပ် တောက်ပနေ၏။ ဆရာတူ အမလင်း မမှာထားခဲ့လျှင်ပင် သူ ဝေ့ဝူယင်ကို အထင်သေးလိမ့်မည် မဟုတ်ချေ။
ကျူးဟိုင်ကဲ့သို့ သစ္စာရှိ လူယုံတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့ခြင်း တစ်ခုတည်းဖြင့်ပင် ထိုလူငယ်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ထိုးထွင်းသိမြင်မှုတို့မှာ အတော်လေး အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
လင်းမင်း တွေးတောနေသည့် တစ်ချိန်တည်းတွင်ပင်…
လူအိုကြီး ထို့ပိဟန်မှာ စန်းမျိုးနွယ် အင်ပါယာကို မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့၏။ ထိုအဘိုးကြီးကို သူ မကြောက်သည့်တိုင် ဤသည်က အော်ရစ် ပင်လယ် ဖြစ်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ် အန္တရာယ်များ ပြည့်နှက်နေသည့် နေရာ၌ အတုအယောင် လောကသခင် တစ်ပါး မဆိုထားနှင့်... မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်နှင့်ပင် သူ မတိုက်ခိုက်ချင်ပေ။ ၎င်းက အခန့်မသင့်သည်နှင့် နှစ်ယောက်စလုံး အသက်အန္တရာယ် ဆုံးရှုံးသွားနိုင်သည့် ကိစ္စမျိုး ဖြစ်သည်။
ထို့အပြင်… အနန္တ ဧကရာဇ်ဂိုဏ်းနှင့် စန်းမျိုးနွယ် အကြားတွင် တိုက်ခိုက်ရလောက်သည် အထိ မည်သည့် ရန်ငြိုးမှ ရှိမနေခဲ့ချေ။ ပြောရလျှင် မဟာ စစ်ပွဲကြီးအား အဆုံးသတ်ရန် အကူအညီ အတွက် စန်းမျိုးနွယ်ကိုပင် သူ ကျေးဇူးပင် တင်မိပေသေးသည်။
“ဒီမှာ ဘာဖြစ်နေတာလဲ...”
ထို့ပိဟန်က လင်းယုရန်ကို လှည့်ကြည့်ရင်း မေးလိုက်၏။
ချိန်းထားသည့်ရက် မတိုင်မီ တစ်ရက် စောထွက်ရန် သူ ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းမှာ ကောင်းကင် ဒြပ်စင် နန်းတော်နှင့် အဂ္ဂိရတ် အစည်းအရုံးတို့ အော်ရစ် ပင်လယ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သူလျှိုများထံမှ သိရှိလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုအဖွဲ့အစည်းနှစ်ခုမှာ အနန္တ ဧကရာဇ်ဂိုဏ်းကို လှည့်စားကာ ရှာဖွေရေး အဖွဲ့ထဲမှ ဆွဲထုတ် ကြိုးစားနေခဲ့ခြင်းလော သူလည်း မသေချာချေ။
လင်းယုရန်က အကူအညီမဲ့သည့် အမူအရာဖြင့် စန်းအင်ပါယာကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက သက်ပြင်းတစ်ချက် ချရင်း ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ရှင်းပြလိုက်သည်။
အနန္တဧကရာဇ်ဂိုဏ်း တပည့်များနှင့် အကြီးများ၏ အမူအရာများက တဖြည်းဖြည်း ပြောင်းလဲသွား၏။ ကောင်းကင် ဒြပ်စင်ဂိုဏ်းနှင့် အဂ္ဂိရတ် အစည်းအရုံးတို့မှ လူများမှာမူ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သူတို့ အားလုံး၏ အကြည့်များက စန်းအင်ပါယာနှင့် တမန်တော် နှစ်ယောက်ထံ ရံဖန်ရံခါ မသိမသာ ရွေ့လျားသွား၏။
ထို့ပိဟန်၏ အမူအရာက မည်းမှောင်သွားသည်။ ဤသည်က အင်အားစု သုံးခု၏ ခေါင်းဆောင်များသာ သိသည့် ကိစ္စ ဖြစ်သည်။ အချက်အလက်တစ်ခုတစ်လေမှ ပြင်ပသို့ မပေါက်ကြားရအောင် တပည့်များကိုပင် ကန့်သတ်ချက်ပေါင်းများစွာနှင့် နှုတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ စန်းအင်ပါယာ စုံစမ်းနိုင်ခဲ့သည် ဆိုလျှင်ပင် အချိန်၊ နေရာ စသည့် သတင်းအချက်အလက်များကို အသေးစိတ် ရဖို့ မဖြစ်နိုင်ချေ။ သို့သော်လည်း... ယခုတွင်တော့ သူတို့က ဂိတ်တံခါး ဖွင့်မည့် အချိန်ကို အချိန် အတိအကျကို သိနေသည့် အလား အချိန်ကိုက်ပင် ရောက်ရှိလာခဲ့သည်။
အင်အားစု သုံးခု၏ ခေါင်းဆောင်များမှာ ထိုကိစ္စ အပြင်သို့ မပေါက်ကြားစေရန် ဝိညာဥ်ကျိန်စာ ကျိန်ဆို ခဲ့ရသည်။ အကယ်၍ တစ်စုံတစ်ယောက်ထံသို့ ပေါက်ကြားသွားခဲ့ပါက သူတို့၏ ကျင့်ကြံခြင်း အခြေခံမှာ လုံးဝ ကွဲပျက်သွားရလိမ့်မည် ဖြစ်သည်။ အချိန်သခင် တစ်ယောက်ပင် ဝိညာဥ်ကျိန်စာမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင် သတင်းအား ပြန့်ကားစေခဲ့သူမှာ ခေါင်းဆောင်များထဲမှ လုံးဝ မဖြစ်နိုင်ချေ။
ကြည့်ရသည်က လင်းယုရန်တို့မှာလည်း များစွာ သိပ်သိပုံ မရချေ။ “စန်းအင်ပါယာ အော်ရစ်ပင်လယ်ဆီ ဦးတည် ထွက်ခွာသွားကြောင်း” သူလျှိုတစ်ယောက်ထံမှ သတင်း စကားကြောင့်ပင် သူတို့ အင်အားစု နှစ်ခု ဤနေရာသို့ စောစီးစွာ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင်... ဤနေရာသို့ သူတို့ ရောက်ရှိချိန်၌ စန်းအင်ပါယာမှာ ရောက်နှင့်ခဲ့ပြီး ဖြစ်သည်။ ကျန်တာကို သူတို့လည်း ဘာမှ မသိချေ။
“အဲဒီလိုလား...”
ထို့ပိဟန်က မျက်မှောင်ကြုတ်ရင်း စန်းမျိုးနွယ် အုပ်စုကို လှမ်းကြည့်လိုက်၏။ ဒေါသအငွေ့အသက် အချို့နှင့် အတူ ကြောက်မက်ဖွယ် ဖိအား တစ်ခုက လေထုထဲတွင် မွေးဖွားလာလေရာ အနီးအနားရှိ လူများမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြသည်။ တမန်တော် နှစ်ယောက်မှာ တိုက်ခိုက်ခံရမည်ကို စိုးရိမ်လေရာ ချက်ချင်းပင် နောက်သို့ ဆုတ်ကာ စန်းအင်ပါယာ၏ နောက်နားတွင် ရပ်လိုက်ကြ၏။
“မသာ သူတော်စင်ထို့... ဒီကိစ္စအတွက် ဒီလောက် ဒေါသထွက်စရာ မလိုပါဘူး... ဟုတ်တယ်မလား...”
စန်းအင်ပါယာက အသာအယာပင် ပြုံးလိုက်၏။ သူ၏ မျက်လုံးများက ဧကရာဇ်တစ်ပါး၏ တည်ငြိမ် ရင့်ကျက်မှုနှင့် လောကသခင် တစ်ပါး၏ ထည်ဝါ မြင့်မြတ်မှုတို့ကို ပေါင်းစပ် သယ်ဆောင်ထားသည်။ ထိုအခိုက်၌... သူ၏ ငြိမ်သက်မှုကို မည်သူမှ မနှောက်ယှက်နိုင်သလို မည်သည့် လျှို့ဝှက်ချက်မှလည်း သူ့မြင်ကွင်းမှ လွတ်မြောက်နိုင်ပုံ မရချေ။
ထို့ပိဟန်က ဖြည်းညင်းစွာပင် ဝိညာဥ် ဖိအားကို ပြန်လည် ရုတ်သိမ်းလိုက်၏။ စောစောက သူ ဝိညာဥ် ဖိအားကို ထုတ်လွှတ်လိုက်ခြင်းမှာလည်း ခြောက်လှန့်ရုံ သက်သက်မျှသာ ဖြစ်သည်။ စန်းမျိုးနွယ်နှင့် တိုက်ခိုက်လိုစိတ် သူ့တွင် မရှိချေ။
“ဂိတ်တံခါး အကြောင်း ခင်ဗျား ဘယ်လိုသိတာလဲ...”
“ ... “
မြူနှင်း အကွာအကွယ်နောက်ရှိ စန်းအင်ပါယာ၏ အမူအရာက အပြောင်းအလဲ မရှိချေ။ သူ့နောက်ရှိ တမန်တော် တစ်ယောက်ကသာ ရှေ့သို့ ခြေတစ်လှမ်း တိုးကာ အနည်းငယ် ပြုံးရင်း ဝင်ရောက်အဖြေပေးလိုက်၏။
“မင်းကြီးရဲ့ အာရုံကနေ လွတ်မြောက်နိုင်တဲ့ အရာ ဘာမှ မရှိဘူး... သုံးလွှာ ကြယ်တာရာ နယ်မြေမှာ စန်းမျိုးနွယ် မသိတဲ့ လျှို့ဝှက်ချက် တစ်ခုမှ မရှိဘူး”
" … "
အားလုံးမှာ တိတ်ဆိတ်သွားကြ၏။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း တပည့်များ သိလိုနေကြစဉ်တွင် ခေါင်းဆောင်များ၏ တင်းမာနေပုံကတော့ အတော်လေး ထိတ်လန့်စရာ ကောင်းနေသည်။
ဂိတ်တံခါး အကြောင်း အချက်အလက်များမှာ ဝိညာဉ်ကျိန်ဆိုကာ ကာလရှည်ကြာ သူတို့ ထိန်းသိမ်းထားခဲ့သော လျှို့ဝှက်ချက်များ ဖြစ်သည်။ ဂိတ်တံခါးကို စတင် တွေ့ရှိခဲ့သည့် ပုဂ္ဂိုလ်များ ဆိုလျှင် သတင်း ပေါက်ကြားမှု မရှိစေရန် အတွက် ယခုတိုင် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
ဒြပ်စင်ကောင်းကင် နန်းတော်မှာ အဂ္ဂိရတ် အစည်းအရုံးကို ပြောပြခဲ့သည် ဆိုသော်လည်း အဂ္ဂိရတ် အစည်းအရုံးမှာ ထိုကိစ္စကို လက်ဦးမှု ရယူကာ သိရှိထားပြီး ဖြစ်သည်။ သို့သော်လည်း ကြားနေ အင်အားစု တစ်ခု အနေဖြင့် အဂ္ဂိရတ် အစည်းအရုံးသည် ဘာမှန်း မသိရသည့် နေရာတစ်ခု အတွက် သူတို့ အဖွဲ့၏ တန်ဖိုး အရှိဆုံး လူငယ် ပါရမီရှင်များကို စေလွှတ်ကာ အလောင်းအစား ပြုလုပ်မည့် အရိပ်အမြွက်မျိုး မရှိချေ။ မည်သို့ပင်ဆိုစေ… သူတို့မှာ သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ အချမ်းသာဆုံး ဂိုဏ်းအဖွဲ့ ဖြစ်သည် မဟုတ်ပါလား။
ထို့အပြင် ဂိတ်တံခါး အတွင်းမှ ရရှိလာနိုင်မည့် ရတနာ အများစုကို တိုက်ရိုက် သန့်စင်ဖို့ မဖြစ်နိုင်ရာ အဂ္ဂိရတ် ထုတ်ကုန်များ ပြန်လည် ဖန်တီးရန် အတွက် သူတို့ထံသို့ ရောက်ရှိလာဦးမည် ဖြစ်သည်။ သို့ဖြစ်လေရာ အဂ္ဂိရတ် အစည်းအရုံး အနေဖြင့် ဘာကိုမှ ရင်းနှီး မြှုပ်နှံဖို့ မလိုချေ။ ထို့ကြောင့်ပင် ချင်ကူးယွင်မှာ ကြားဝင် ညှိနှိုင်းသူ တစ်ယောက် အနေဖြင့်သာ ပြုမူခဲ့ခြင်း ဖြစ်သည်။ အဂ္ဂိရတ် အစည်းအရုံးက ဝင်ခွင့် နေရာ အချို့ လိုချင်နေသည် ဆိုသော ထို့ပိဟန်၏ ယူဆချက်က အစကတည်းက မှားယွင်း နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်း အတွင်းတွင် နောက်ကွယ်ရှိ အကြောင်းပြချက် အချို့ကြောင့် အဂ္ဂိရတ် အစည်းအရုံးက သူတို့အဖွဲ့မှ လူငယ် အချို့ကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။
" … "
ထို့ပိဟန်မှာ စန်းမျိုးနွယ် တမန်တော်၏ စကားကို နှာခေါင်းရှုံ့မိသော်လည်း ဘာမှ ထပ်မပြောချေ။ သူက အရောင် တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများဖြင့်သာ ဂိတ်တံခါး တည်ရှိရာ နေရာကို လှမ်းကြည့်၏။ အခြေအနေကို စစ်ဆေးပြီးနောက် သူ၏ မျက်လုံးများက မသိမသာ ကျဉ်းမြောင်း သွားသည်။ ၎င်းက အသက်ဝင်နေဆဲ ဖြစ်ကာ လုံးဝ ချိပ်မပိတ်ရသေးချေ။
မကြာခင် ပျော်ရွှင်မှု လှိုင်းတစ်ခုမှာ သူ့စိတ်အတွင်း ဖြတ်သန်း ပြေးသွား၏။ ထိုဂိတ်တံခါးမှာ ဖြတ်သန်း သွားလာနိုင်သည့် အခြေအနေ တစ်ခုတွင် ရှိနေသေးဆဲ ဖြစ်သည်။ ဆိုလိုသည်က ၎င်းမှာ လေ့ကျင့်ရေးကွင်း၊ စမ်းသပ်ကွင်းများ တည်ရှိနေနိုင်သည့် လျှို့ဝှက်နယ်မြေတစ်ခု သို့မဟုတ် မျိုးဆက်များ အတွက် ရည်ရွယ်သည့် လောကနယ်မြေတစ်ခု ဖြစ်နေနိုင်သည်။ ထိုအချက်က သူ၏ စိုးရိမ် ပူပန်မှု အားလုံးကို သက်သာရာ ရသွားစေ၏။
စန်းအင်ပါယာ၏ အသံက ထွက်ပေါ်လာသည်။
"မင်းတို့ရဲ့ တပည့်တွေ အထဲ ဝင်တာကို တားဖို့ ရည်ရွယ်ချက် ငါ့မှာ မရှိဘူး… ဒါပေမဲ့ ငါတို့ မျိုးနွယ်က လူတစ်ရာကိုပါ ဝင်ခွင့်ပြုပေးရမယ်… အဲဒီအတွက် မင်းတို့ လူတွေရဲ့ ဝင်ခွင့် ထိခိုက်မှာကို စိတ်ပူစရာ မလိုဘူး... အာကာသ ဂိတ်တံခါးကို ငါ သေချာ စစ်ဆေးပြီးပြီ… အဲ့တာက အနည်းဆုံး လူသုံးထောင်ကို ဝင်ဖို့ ခွင့်ပြုပေးနိုင်တယ်"
“လူသုံးထောင်...”
ထို့ပိဟန်၊ ချင်ကူးယွင်နှင့် လင်းယုရန်တို့၏ မျက်လုံးများမှာ တောက်ပသွား၏။ သည့်အချိန်အထိ ဂိတ်တံခါး အတွင်း ဝင်ရောက်နိုင်သည့် အရေအတွက် အပါအဝင် အသေးစိတ် အချက်အလက် အချို့ကို သူတို့ သေချာ ကောက်ချက်ချနိုင်ခဲ့ခြင်း မရှိချေ။ ထို့ပိဟန် ကိုယ်တိုင်ပင်လျှင် အသက်ကန့်သတ်ချက် ဝင်္ကပါ တစ်ခု ရှိနေသည်ကိုသာ ရှာဖွေ တွေ့ရှိခဲ့သည်။
ကြည့်ရသည်က စန်းမျိုးနွယ်မှာ ဤဂိတ်တံခါး အကြောင်း စုံစမ်းရန် ထူးဆန်းသည့် နည်းလမ်းများအား အသုံးပြုထားဟန် ရသည်။
“တော်လောက်ပြီ... သွားကြမယ်...”
စန်းမျိုးနွယ် အင်ပါယာနှင့် နှိုင်းယှဥ်ပါက ထည်ဝါမှုချင်း သိပ်မကွာခြားလှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင်မှာ အုပ်စုသုံးခုလုံးကို ငွေရောင် မျက်လုံးများဖြင့် တစ်ချက် ဝှေ့ကြည့်ရင်း ထို့ပိဟန်၏ နံဘေးသို့ ရောက်ရှိလာသည်။
လူအိုကြီးက ပင့်သက်တစ်ချက် ရှိုက်ရင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အနန္တ ဧကရာဇ်ဂိုဏ်းသားများ ဘက်ကို လှည့်ကာ အမိန့်ပေးလိုက်လေသည်။
“အသင့်ပြင်ထားကြတော့...”
***