← Chapters

ဂိတ်တံခါးအား ဖွင့်လှစ်ခြင်း

Vol. 28 Ch. 382

ဂိတ်တံခါးအား ဖွင့်လှစ်ခြင်း

Vol. 28 Ch. 382

ချင်ကူးယွင်က အသာအယာပင် ပြုံးလိုက်၏။ ဝေ့ဝူယင် ချင်ကူးယင်၏ ပြဿနာကို ဖြေရှင်း မပေးခဲ့သည့်တိုင် မည်သို့ပင် ဆိုစေ... အဂ္ဂိရတ် အစည်းအရုံးမှာ ထိုလူငယ်၏ လက်အောက်ခံ အဖွဲ့တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်လေရာ သူတို့ အနေဖြင့် ဝေ့ဝူယင်၏ စကားကို လိုက်နာဖို့ လိုအပ်သည်။

“မင်းတို့လည်း အဆင်သင့်ပြင်ထားကြတော့...”

ချင်ကူးယွင် သူ၏ အနည်းငယ်သော အဖွဲ့သားများကို အမိန့်ပေး လိုက်၏။  ထိုအချိန် အဂ္ဂိရတ် အစည်းအရုံး၏ လူငယ်များ အကြားတွင် သာမန် ရုပ်ရည်နှင့် အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက် ရှိနေခဲ့လေသည်။ ချင်ကူးယွင်သည် သူမကို တစ်ချက်မျှ လှမ်းကြည့်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည် အကြည့်လွှဲလိုက်လေ၏။

လင်းယုရန်ကလည်း ကောင်းကင် ဒြပ်စင်နန်းတော်၏ လူငယ်များကို အဆင်သင့် ပြင်ဆင်ထားဖို့ သတိပေးလိုက်သည်။

စန်းမျိုးနွယ် အင်ပါယာကို တစ်ချက် လှမ်းကြည့်ပြီးနောက် ထို့ပိဟန်က ဂိတ်တံခါး အတွင်း ဝင်ရောက်မည့် လူငယ်များကို သြဝါဒ ပေးလိုက်သည်။

“ဂိတ်တံခါး ဆိုတာက ငါတို့ အပြင်လောကနဲ့ ဆက်စပ်မှု မရှိတဲ့ သီးခြား နယ်မြေတစ်ခုဆီကို ဦးတည်နေတဲ့ ဝင်ပေါက်တစ်ခုပဲ... အထဲမှာ ဘာတွေ ရှိနေမလဲ ဆိုတာ ငါတို့ ခန့်မှန်းလို့ မရနိုင်ဘူး... မင်းတို့အနေနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်တယ်... ဒါမှမဟုတ် ဂိတ်တံခါးက မင်းတို့ကို မတူညီတဲ့ နေရာတွေဆီ ပို့ကောင်း ပို့ပစ်လိမ့်မယ်... တကယ်လို့ အဲဒီလို ဖြစ်ခဲ့မယ် ဆိုရင် အရဲစွန့်ပြီး တစ်ယောက်တည်း မစွန့်စားပါနဲ့... ကိုယ့်အပေါင်းအသင်းတွေကို အရင်ဆုံး အချက်ပြပြီး ရှာပါ”

“လျှို့ဝှက် နယ်မြေတိုင်းမှာ ပြင်ပကို ဦးတည်နေတဲ့ ထွက်ပေါက်တွေ အများကြီး ရှိတယ်... တကယ်လို့ ဒါက စမ်းသပ်ကွင်းတစ်ခု ဖြစ်မယ် ဆိုရင် ကျဆုံးတာနဲ့ မင်းတို့ကို အလိုအလျောက် အပြင်ကို ပြန်ပို့ကောင်း ပို့ပေးနိုင်တယ်... တကယ်လို့ လောကနယ်မြေတစ်ခု ဖြစ်နေမယ် ဆိုရင်တော့ ထွက်ပေါက်ကို မင်းတို့ ကိုယ်တိုင် ရှာဖွေဖို့ လိုလာပြီ... ငါတို့ အပြင်မှာ ဆယ်နှစ်တိတိ စောင့်မယ်... ဆယ်နှစ်ပြည့်လို့ တစ်ယောက်မှ ပြန်မထွက်လာနိုင်ရင်တော့ ဂိတ်တံခါးထဲကို အနန္တ ဧကရာဇ်ဂိုဏ်းနဲ့ ဆက်သွယ်ထားတဲ့ ဂိတ်တံခါး အသေး တစ်ခု ပို့လိုက်မယ်... အဲဒါကို သုံးပြီး လွတ်မြောက်ဖို့ ကြိုးစားကြ”

လောကသခင် တစ်ယောက် အနေဖြင့် ထို့ပိဟန်သည် သက်ရှိမဟုတ်သည့် အရာဝတ္ထုများကို ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးခံကာ ပို့လွတ်နိုင်စွမ်း ရှိသည်။ ထိုအခိုက်၌ လူအိုကြီး၏ အမူအရာက အလွန် လေးနက်နေ၏။ သူ၏ မီးခိုးရောင် မျက်လုံးများကတော့ အနန္တ ဧကရာဇ်ဂိုဏ်း တပည့် တစ်ယောက်ချင်းစီ၏ မျက်နှာများကို သိမ်းကြုံးကာ ကြည့်နေခဲ့လေသည်။

“မင်းတို့ ဘာလုပ်သင့်တယ် ဆိုတာ ငါလည်း ပြောပြနိုင်မှာ မဟုတ်ဘူး... ပြဿနာတိုင်းကို ကိုယ်ပိုင် ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဖြေရှင်းပါ... ဆန္ဒအတိုင်း လျှောက်လှမ်းပါ”

“အထဲမှာ ဘာမှန်း မသိတဲ့ အန္တရာယ်တွေ ရှိနေနိုင်တယ်... မင်းတို့ အသက်တွေ ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်တယ်... တကယ်လို့ ခုချိန်မှာ နောက်ဆုတ်ဖို့ ဆန္ဒရှိတယ် ဆိုတယ် ဆိုရင် ဘယ်သူမှ မင်းတို့ကို အပြစ်တင်မှာ မဟုတ်ဘူး... လူကြောက်လို့လည်း ဘယ်သူမှ မကဲ့ရဲ့ဘူး”

“ ... “

မည်သူမှ နောက်ဆုတ်ရန် ဆန္ဒမရှိပါချေ။ အားလုံး၏ ဆုံးဖြတ်ချက်များက သံမဏိကဲ့သို့ ခိုင်မာနေခဲ့ကြပြီး ဖြစ်သည်။ ထို့ပိဟန်က ဂုဏ်ယူသော အပြုံးနှင့် ခေါင်းညိတ်လိုက်၏။

“ဒါဆို ငါ ဂိတ်တံခါးကို ဖွင့်တော့မယ်”

ထို့နောက်... သူက အခြားတစ်ဖက်သို့ လှည့်ကာ ဗလနတ္ထိဖြစ်နေသည့် ဟင်းလင်းပြင်ကို မျက်နှာမူ လိုက်၏။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ထိုနေရာထံ ဦးတည် လိုက်လေသည်။

ဝမ်... ဝမ်...

ရုတ်တရက် တုန်ရီနေသည့် အသံအချို့ လေထုထဲတွင် ထွက်ပေါ်လာ၏။ ထို့ပိဟန် ပြုလုပ်နေသည့် အရာကို မည်သူမှ မမြင်နိုင်သည့်တိုင် တုန်ပြန့်မှု တစ်ခုကတော့ ဖြစ်ပွားနေခဲ့လေသည်။

ဝေ့ဝူယင်ကတော့ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ဖြစ်ပွားနေသည့် အရာကို ရှင်းလင်းစွာ တွေ့မြင် နေရသည်။ ဂိတ်တံခါးသည် ပုံရိပ်ယောင် အစီအရင်များနှင့် ဟင်းလင်းပြင် အလွှာများ ကြား၌ ဖုံးကွယ်နေခြင်း ဖြစ်သည်။ ထိုအခိုက်၌ ထို့ပိဟန်သည် ဂိတ်တံခါးနှင့် ဆက်သွယ်ရန် အတွက် သာမန် မျက်လုံးများနှင့် မြင်နိုင်စွမ်း မရှိသည့် ထူးဆန်းသည့် ဆွဲအားပုံစံတစ်မျိုးကို အသုံးပြုနေသည်။

ထိုဆွဲအားက ဟင်းလင်းပြင် အလွှာများကို ပုံစံပျက်သွားစေကာ ဂိတ်တံခါးကို အလိုအလျောက် ထွက်ပေါ်လာအောင် ဖိအားပေးနေ၏။ ထိုအရာကို မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များလည်း လုပ်နိုင်စွမ်း ရှိသည့်တိုင် ထို့ပိဟန်မှာ လောကသခင် တစ်ယောက် ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသည့် မြေဆွဲအား ထုတ်ဖော်ခြင်း စွမ်းအားမှာ လင်းယုရန်တို့ထက် အဆပေါင်းများစွာ သာလွန်သည်။ သာမန် မြေဆွဲအား အဆင့်များ ဆယ်ယောက်လောက် ပူးပေါင်း လုပ်ဆောင်ရမည့် အရာကို ထို့ပိဟန်နှင့် စန်းအင်ပါယာတို့မှာ သိပ်အားစိုက် မထုတ်ရပဲ တစ်ကိုယ်တော် စွမ်းဆောင်နိုင်စွမ်း ရှိပေသည်။

ဝမ်... ဝမ်...

လေထု တုန်ရီသည့် အသံများမှာ ပိုမို၍ ကျယ်လောင်လာ၏။ မိနစ်ပိုင်းမျှ မကြာခင် အချိန်ကလေးမှာပင် ဂိတ်တံခါးမှာ ဟင်းလင်းပြင် အလွှာများ အကြားတွင် တစ်စတစ်စ စတင် ထွက်ပေါ်လာသည်။ အကြီးအကဲများနှင့် များစွာသော တပည့်များမှာ အံ့သြသွားကြ၏။ ဟင်းလင်းပြင် ဂိတ်တံခါး ဆိုသည့် စကားကို စတင် ကြားခဲ့ဖူးခဲ့သည့် အချိန်မှ စ၍ မည်ကဲ့သို့ ပုံစံမျိုး ရှိနေမည်ကို သူတို့ တွေးတောကာ ပုံဖော်ခဲ့ရသည်။ သို့သော်လည်း... ယခုတွင်တော့ သူတို့ ထိုအရာကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ ဂိတ်တံခါး၏ ပုံစံ အတိအကျကို သူတို့ သိရှိခဲ့ရပြီ ဖြစ်သည်။

တံခါးတစ်ခု... ၎င်းက လုံးဝကို ရိုးရိုးသာမန် တံခါးတစ်ခု လိုပင်။

...

ဂိတ်တံခါးမှာ ဆယ်မီတာခန့် မြင့်မားကာ လေးမီတာခန့် ကျယ်၏။ ၎င်းက ထောင့်မှန်စတုဂံ ပုံစံရှိကာ အဖွင့်အပိတ် ပြုလုပ်ရန် အတွက် အနက်ရောင် လက်ကိုင်တစ်ခု ရှိသည်။ တစ္ဆေသရဲ အလား ငွေရောင် အခိုးအငွေ့နှင့် အလင်းစ အချို့မှာ ၎င်း၏ အနားသတ် စွန်းများတွင် ဝေ့ဝဲနေ၏။ မီးခိုးရောင် တံခါးရွက်များမှာ ပုံမှန်ထက် ပို၍ ခပ်မှိုင်းမှိုင်း ဖြစ်နေကာ တံခါး မျက်နှာပြင်ထက်တွင်တော့ အရောင် ခပ်ဖျော့ဖျော့ အမှတ်အသား အချို့ ရှိနေခဲ့သည်။

ဝေ့ဝူယင်မှာ ဂိတ်တံခါးကို ကြည့်ရင်း ဖန်တီးခဲ့သူကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူးလိုက်မိသည်။ ကောင်းကင်ဘုံ နတ်မျက်လုံး၏ အကူအညီနှင့် အတူ ထိုဂိတ်တံခါး၏ ဖွဲ့စည်းပုံကို သူ အခြားလူများထက် ပိုမို ရှင်းလင်းစွာ မြင်တွေ့ နေရသည်။ သာမန် နေရာကူးပြောင်းခြင်း ဂိတ်တံခါးများနှင့် ခြားနားစွာပင် ဤဂိတ်တံခါးမှာ ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်း သုံးထောင်နှင့် တစ်ပြိုင်နက်တည်း ချိတ်ဆက်ထားသည်။

ဆိုလိုသည်က ဂိတ်တံခါးကို ဖြတ်သန်းလိုက်သည်နှင့် ဟင်းလင်းပြင် လမ်းကြောင်း တစ်ခုမှာ ကျပန်း အသက်ဝင်လာမည် ဖြစ်ကာ ဝင်ရောက်လာသူတိုင်းကို မတူကွဲပြားသည့် နေရာများသို့ ပို့လွှတ်ပေးလိမ့်မည် ဖြစ်သည်။

စိတ်ထဲမှ ကြိတ်ကာ ချီးကျူးနေစဥ်မှာပင် ရုတ်တရက်... ဝေ့ဝူယင်၏ နှလုံးသားက ရိုင်းစိုင်းစွာ ခုန်ပေါက်လာ၏။ ကြောက်မက်ဖွယ် ကောင်းလှသည့် နာကျင်မှုတစ်ခုက လျှင်မြန်စွာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။

“ဘာဖြစ်တာလဲ...”

ခရာတိုနှင့် ချိတ်ဆက်လိုက်သည်နှင့် အလွန် ပြင်းထန်လှသော ခံစားချက်လှိုင်းလုံးများမှာ ဝေ့ဝူယင်၏ စိတ်အတွင်း တိုးဝင်လာ၏။ အော်ရစ်ပင်လယ်ထဲမှ အော်ဟစ်သံများကတော့ ငရဲပွက်သလို ပိုမို ဆူညံနေခဲ့သည်။ ကြည့်ရသည်က ဂိတ်တံခါး အသက်သွင်းချိန်၌ သူတို့ ခံစားနေရသည့် နာကျင်မှုများကလည်း ပိုမို တိုးလာဟန် ရလေသည်။

ခရာတို ခံစားချက်များကို နားလည်သည့်တိုင် လောလောဆယ်တွင် ဘာမှ မတတ်နိုင်သေးရာ ဝေ့ဝူယင် သက်ပြင်းတစ်ချက်သာ ချလိုက်မိ၏။ အော်ရစ်ပင်လယ်မှာ ဆန်းကြယ် ဧကရာဇ် ကိုယ်တိုင် ဖန်တီးထားသည့် နဂါး အကျဥ်းထောင် တစ်ခု ဖြစ်နိုင်ချေ ရှိသည်။ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ၎င်းကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းက ကျောက်ဆောင်ကို ခဲနှင့်ပေါက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ခရာတိုအား အတတ်နိုင်ဆုံး ဖျောင်းဖျပေးဖို့ ဝေ့ဝူယင် ဧဒင်ကိုသာ အကူအညီတောင်းလိုက်ရ၏။

ဂိတ်တံခါး ထင်ရှားစွာ ပေါ်ထွက်လာပြီးနောက် ထို့ပိဟန်က တံခါးဘက်သို့ ဦးတည် ဆန့်တန်းထားသည့် သူ၏ လက်နှစ်ဖက်ကို အောက်သို့ ပြန်လည် ချလိုက်၏။

“အားလုံး ဝင်လို့ရပြီ... ဂိတ်တံခါးက ပုံမှန်နည်းလမ်း အတိုင်း ပွင့်နေတာ မဟုတ်ဘူး... ဒါကြောင့် ဒီအတိုင်းပဲ လမ်းလျှောက် ဝင်သွားကြပါ... ကံကောင်းကြပါစေ...”

လူငယ်များကို မှာကြားပြီးနောက် ထို့ပိဟန်က တစ်ချိန်တည်း တိတ်ဆိတ်နေသည့် စန်းအင်ပါယာကို တစ်ချက် လှမ်းကြည့်လိုက်၏။ ဘာကြောင့်မှန်း မသိသော်လည်း ဂိတ်တံခါးနှင့် ပတ်သက်နေသည့် ကိစ္စတိုင်းက မြင်ရ၊ ကြားရသည်ထက် အဆပေါင်းများစွာ ပိုမို နက်ရှိုင်းနေသည်ဟု သူ ခံစားနေရသည်။

လူအိုကြီးစန်း ကိုယ်တိုင် သူ့လူများအား မရမက ပါဝင်စေခဲ့ခြင်းကို ထောက်ချင့်ရပါက ဂိတ်တံခါး အတွင်း၌ အလွန် ကြီးမားသော အကျိုးအမြတ်များ ရှိနေမည်မှာ ကျိန်းသေလှသည်။ ထို့အပြင် သည်ခရီးစဥ်မှာ ထင်မှတ်ထားသည်ထက် ပိုမို၍လည်း ဘေးကင်းပေလိမ့်မည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင် အနေဖြင့် အထဲ၌ ရှိနေသည့် အကျိုးအမြတ် အားလုံးကို သိမ်းပိုက်နိုင်ဖို့ သူ မျှော်လင့်မိပေသည်။

***

All Chapters