ဂိတ်တံခါးထဲသို့ ဝင်ရောက်ခြင်း
Vol. 28 Ch. 383
အင်အားစု သုံးခုလုံးမှ တပည့်များမှာ တစ်ယောက် အခြေအနေကို တစ်ယောက် စောင့်ကြည့်နေကြ၏။ ဤအခိုက်အတန့် အတွက် လပေါင်းများစွာ တစိုက်မတ်မတ် ပြင်ဆင်ခဲ့ကြသည့်တိုင် လက်တွေ့ ရင်ဆိုင်ရသော အခါတွင်တော့ အနည်းငယ် စိုးရိမ်မိနေကြသည်။
ဂိတ်တံခါး၏ အခြားတစ်ဖက်၌ မည်သည့် အရာများ ရှိနေမည်နည်း။ ရတနာများလော... အဆုံးမဲ့ အန္တရာယ်များလော။ သို့တည်းမဟုတ်... လေစုပ်ဝဲ တစ်ခု ပေါ်လာကာ အမှောင် ဟင်းလင်းပြင်ထံ ဆွဲယူ ခေါ်ဆောင်သွားမည်လော။
အားလုံး တွန့်ဆုတ်နေကြချိန်မှာပင် ပထမဆုံး တပည့် တစ်ယောက်မှာ စတင် လှုပ်ရှားလာ၏။ ဘယ်ဆီဘယ်ဝယ် ဦးတည်နေမှန်း မသိနိုင်သည့် တံခါးဝထံ ပထမဆုံး ခြေချရဲသူမှာ ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်လိမ့်မည်နည်း။
ဟူး... ဟူး...
တည်ငြိမ်စွာပင် ဝေ့ဝူယင်သည် တံခါးဝထံ ပျံသန်းနေ၏။ အခြားလူများ ရင်ဆိုင်နေရသည့် တွန့်ဆုတ်မှုတစ်ခုတစ်လေပင် သူ့ထံတွင် ရှိမနေခဲ့ချေ။ အကြီးအကဲများနှင့် တပည့် အားလုံး၏ မျက်လုံးများကတော့ သူ့အပေါ် စွဲမြဲ ကျရောက်နေ၏။ ဝေ့ဝူယင် မည်သူ ဖြစ်သည်၊ မည်သည့် အောင်မြင်မှုများ ရရှိခဲ့သည်တို့ကို မသိသူ တစ်ဦးတစ်ယောက်မျှ ဤနေရာ၌ မရှိချေ။
ထိုလူငယ်မှာ လူတိုင်း၏ ပါးစပ်ဖျား၌ ရေပန်းစားနေသည့် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဖြစ်သည်။ ထာဝရ ဧကရာဇ်ခေတ် နောက်ပိုင်း သုံးလွှာ ကြယ်တာရာ နယ်မြေကို တစ်ဆစ်ချိုး ပြောင်းလဲပေးမည့် ပုဂ္ဂိုလ် ဖြစ်သည်။ အသက်ငါးဆယ် မပြည့်ခင်မှာပင် အဂ္ဂိရတ် နယ်ပယ်၌ သူ မတူသော အောင်မြင်မှုများကို ရရှိထားသူ ဖြစ်သည်။ ထို့အပြင်... တိုက်ခိုက်ရေး ခွန်အားတွင်လည်း ရွှေအဆင့် သားရဲ သုံးကောင်ကိုပင် တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။
အနန္တ ဧကရာဇ်ဂိုဏ်း အနေဖြင့် ထိုကဲ့သို့ အရေးပါသည့် ပုဂ္ဂိုလ် တစ်ယောက်ကို ဂိတ်တံခါး အတွင်း စေလွှတ်ခဲ့သည်ကို အဘယ်ကြောင့် သူတို့ နားမလည်နိုင်ကြချေ။ ဂိတ်တံခါးမှာ အမျိုးမျိုးသော အန္တရာယ်များနှင့် ပြည့်နှက်နေသည့် နေရာ ဖြစ်နေနိုင်သည်။ အချိန်မရွေး အသက် ဆုံးရှုံးသွားနိုင်သည်။
သို့သော်လည်း... ယခုတွင်တော့ ထိုလူငယ်က ပထမဦးဆုံးပင် စတင် လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
ကောင်းကင် ဒြပ်စင် နန်းတော် အကြီးအကဲများနှင့် စန်းမျိုးနွယ်၏ တမန်တော် နှစ်ယောက်မှာ နားမလည်နိုင်အောင် ဖြစ်နေကြ၏။ အကယ်၍ သူတို့သာ ထိုလူငယ်ကဲ့သို့ အဂ္ဂိရတ် တာအို၏ အကြီးကျယ်ဆုံး ပံ့ပိုးမှုနှင့် အဆုံးမဲ့ အလားအလာတို့ကို ပိုင်ဆိုင်ထားပါက လောကသခင် အဆင့်ကို ရောက်သည် အထိ တစ်ဆက်တည်း တံခါးပိတ်ကာ ကျင့်ကြံလိုက်မည် ဖြစ်သည်။ အသက်နှင့် လောင်းကြေးထပ်ရသည့် မည်သည့် စွန့်စားခန်းမျိုးကိုမှ ထွက်လိမ့်မည် မဟုတ်ချေ။
အခြား တစ်ဖက်၌ ဝေ့ဝူယင်ကတော့ အခြားလူများ၏ အတွေးများ၊ အကြည့်များကို စိတ်ဝင်စားခြင်း မရှိပါချေ။ ဖြည်းညင်းစွာပင် ပျံသန်းရင်း ဂိတ်တံခါး အရှေ့သို့ သူ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သစ်သားနှင့် မှန် ရောနှောထားသည့်ဟန် ရသည့် တံခါး မျက်နှာပြင်နှင့် တစ္ဆေအလင်းလို မြူခိုးငွေ့များကို ကြည့်ရင်း သူ တစ်ခဏမျှ ရပ်တန့်လိုက်၏။
ထို့နောက်... စန်းအင်ပါယာဘက်ကို တဒင်္ဂမျှ လှမ်းကြည့်လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများကတော့ မသိမသာ အရောင်ပြောင်းလဲသွား၏။
စန်းအင်ပါယာမှာ အမြဲတမ်း လိုလို လျှို့ဝှက် ဆန်းကြယ်ကာ အတွေးနှင့် အကြံအစည်များကို ဖုံးကွယ်ထားနိုင်သူဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ အမှန်တရား မျက်လုံးမှ တစ်ဆင့် နောက်ပြန်ဆုတ်၍ မရနိုင်သော လမ်းကြောင်းကို သတိထားမိပေသည်။ ထိုလူအိုကြီးမှာ အခြားလူများ ယုံကြည်ထားသလို သိပ်အထင်ကြီးစရာ မကောင်းဟု သူ တွေးလိုက်မိ၏။
အကြည့်ကို ပြန်လည် ခွာလိုက်သော အခိုက်၌ “လောကီ ပြန်လည် မွေးဖွားခြင်း” ဆိုသော စကားလုံးက သူ့ အတွေးများ အတွင်း ပေါ်ထွက်လာသည်။ ဝေ့ဝူယင် ဂိတ်တံခါးကို ကြည့်ရင်း အနက်ရောင် အရိုးစု ပြောခဲ့သည့် စကားအချို့ကို ပြန်လည် ကြားယောင်လာမိခဲ့၏။ ဂိတ်တံခါးမှာ သူ ရှာဖွေရမည့်၊ သူ လိုအပ်နေသည့် တစ်စုံတစ်ခု တည်ရှိနေရာ အရပ် ဖြစ်သည်။ သူ ဝင်ကို ဝင်ရပေလိမ့်မည်။
“ဘာဖြစ်ဖြစ်...”
ဝေ့ဝူယင် တည်ငြိမ်စွာပင် ရှေ့သို့ ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း ဂိတ်တံခါး အတွင်း ဝင်ရောက်လိုက်၏။ တံခါးနှင့် ထိတွေ့သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ မီးတောက်များ ကြားမှ ထောပတ်တစ်ခုလို အရည်ပျော်သွားသည်။ ထို့နောက်... ဖြည်းညင်းစွာပင် ဂိတ်တံခါး အတွင်း စိမ့်ဝင်ကာ ပျောက်ကွယ်သွားတော့၏။
ထိုမြင်ကွင်းက အတော်လေး ထိတ်လန့်စရာ ကောင်းလှရာ အခြားလူငယ်များမှာ သာ၍ပင် တုန့်ဆိုင်း သွားကြ၏။
“ဝင်ကြစမ်း...”
ထို့ပိဟန်က စိတ်မရှည်သော လေသံဖြင့် အမိန့်ပေးလိုက်၏။ ဝေ့ဝူယင် ပင်လျှင် ဂိတ်တံခါး အတွင်း ဝင်ရောက်ရဲလျှင် သူတို့သည်လည်း ကြောက်လန့် မနေသင့်ချေ။
အခြားတပည့်များ ကဲ့သို့ပင် ချင်ချူးမူမှာလည်း ဝေ့ဝူယင်၏ ခန္ဓာကိုယ် အရည်ပျော်သွားသည့်ပုံကို ကြည့်ရင်း ထိတ်လန့်နေမိ၏။ သို့သော်လည်း အာရုဏ်ဦး ဧကရာဇ်မှာ ဘယ်တော့မှ မသေချာတာကို မလုပ်တတ်ကြောင်း ပြန်စဥ်းစားမိသော အခိုက်၌ သတ္တိအချို့ကို သူမ ပြန်လည် ရရှိထာသည်။ ခြေတစ်လှမ်းနှင့် အတူ သူမ၏ ခန္ဓာကိုယ်က အစိမ်းရောင် အလင်းတန်း အသွင်ပြောင်းလဲကာ ဂိတ်တံခါးထံ တိုးဝင်သွားသည်။ ထို့နောက် တူညီစွာပင် အရည်ပျော်ကာ ပျောက်ကွယ်သွားခဲ့ပြန်လေ၏။
“ ... “
အလွန် လှပသည့် အယ်ဗန် မျိုးနွယ် အမျိုးသမီးလေးပင် စွန့်စားရဲသည်ကို ကြည့်ရင်း အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ အနည်းငယ် ရှက်ရွံ့သွားမိကြ၏။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရှေ့သို့ တိုးရန် ဟန်ပြင်လိုက်ကြစဥ်မှာပင်...
“ယား...”
အဂ္ဂိရတ် အစည်းအရုံးမှ လူငယ် တစ်ယောက်မှာ အော်ဟစ်မာန်သွင်းရင်း ရှေ့သို့ ပြေးထွက်လာခဲ့၏။ သူက ပြောင်လက်နေသည့် ကတုံးနှင့် ကြီးထွား သန်မာသော ကြွက်သားစိုင်များကို ပိုင်ဆိုင်ထားကာ အကြီးကျယ်ဆုံး ရန်သူ တစ်ယောက်ကို ရင်ဆိုင်နေသည့် အလား ဂိတ်တံခါးထံ အရှိန်အဟုန်နှင့် တိုးဝင်သွားခဲ့တော့၏။
သူတို့ကို ကြည့်ရင်း အခြား လူငယ်များ၏ သတ္တိများက တစ်စတစ်စ ပြန်လည် နိုးထလာသည်။ များမကြာခင်မှာပင် အခြားသော လူငယ်များစွာမှာလည်း တစ်ယောက်ပြီး တစ်ယောက် ဂိတ်တံခါးဆီသို့ တိုးဝင်ပျံသန်းကာ ပျောက်ကွယ်သွားကြတော့သည်။
ဟူး... ဟူး...
လူငယ် တစ်ယောက် ဝင်ရောက်သွားသည်နှင့် ဂိတ်တံခါးထက်၌ ဝေ့ဝဲနေသော အလင်းစတို့က အနည်းငယ် မှေးမှိန်သွားကာ တစ္ဆေမြူခိုးများမှာလည်း အနည်းငယ် လျော့ပါးသွား၏။ ဤနှုန်းအတိုင်းသာ ဆက်လက် လျော့နည်းသွားမည် ဆိုပါက လူပေါင်း သုံးထောင်ခန့် ဝင်ရောက်ပြီးမှသာ တံခါးထက်ရှိ အလင်းနှင့် မြူခိုးများမှာ လုံးဝ ပျောက်ကွယ် သွားမည့်ပုံ ရသည်။ ကြည့်ရသည်က စန်းအင်ပါယာ၏ စကားက အမှန်တကယ် ဖြစ်နေခဲ့ပုံ ပေါ်သည်။
လုံချန်၏ အနက်ရောင် မျက်ဝန်းများမှာ ဆန်းကြယ်သော အလင်းတစ်ခုဖြင့် တောက်ပနေ၏။ အဆင့်ခုနစ် အမတေ ဖြည့်တင်းခြင်း ဆေးလုံးကို သောက်သုံးပြီးနောက် သူ၏ ကြယ်တာရာ အင်အားများမှာ ဆယ်ရာခိုင်နှုန်းခန့် အထိ ပြန်လည် ပြည့်ဝ နေခဲ့ပြီ ဖြစ်သည်။
သူက လျဲ့ယုကို လှည့်ကြည့်လိုက်ရင်း သူမ၏ လက်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထိုမိန်းကလေးမှာ သူ့ဘေးတွင် ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည်။ ထူးဆန်းသော ဆွဲအားက နောက်တစ်ကြိမ် ပေါ်လာကာ သူမကို အော်ရစ်ပင်လယ်ဆီ ရုတ်ချည်း ဆွဲချသွားပါက သူ ရင်ကျိုးရပေလိမ့်မည်။
“ကျွန်မ အဆင်ပြေပါတယ်...”
လျဲ့ယုက လုံချန်ကို ကြည့်ရင်း အယာအယာပင် ပြုံးပြလိုက်၏။ လုံချန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ဘေးချင်းယှဥ်ကာ လက်ချင်းတွဲချိတ်လျှက် ဂိတ်တံခါးဆီ ပျံသန်းသွားကြ၏။ သို့သော်လည်း... ဂိတ်တံခါးကို ဖြတ်သန်းပြီးနောက်တွင်ရော ထိုလက်တစ်စုံမှာ တည်မြဲနေမည်လား သို့မဟုတ် ခွဲထွက်သွားမည်လားကိုတော့ မည်သူမှ အတိအကျ မပြောနိုင်ခဲ့ကြပါချေ။
ဟူး... ဟူး...
များစွာသော လူငယ်များမှာ အိမ်တန်းဝင် ငှက်များကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ဂိတ်တံခါးဆီ တိုးဝင် ပျောက်ကွယ်သွားကြ၏။ မကြာခင်မှာပင် အော်ရစ် ပင်လယ်ကြီး၏ ကောင်းကင်ထက်၌ အကြီးအကဲများနှင့် ခေါင်းဆောင်ကြီးများသာ ကျန်ရှိပေတော့၏။ တပည့်များ မည်သည့် အချိန်တွင် ပြန်လည် ပေါ်ထွက်လာမည်ကို မသိရာ စိတ်ရှည်စွာ စောင့်ဆိုင်းရုံမှ လွဲ၍ သူတို့ ဘာတတ်နိုင်မည်နည်း။
ဟူး... ဟူး...
ကြယ်တာရာ အင်အား အသုံးပြုမှုကို တဖြည်းဖြည်း လျော့ချလိုက်ရင်း လေထုထဲတွင်ပင် တင်ပျဥ်ချိတ်ကာ သူတို့ ထိုင်လိုက်ကြ၏။
အော်ရစ်ပင်လယ်၏ ပတ်ဝန်းကျင်မှာ ကျင့်ကြံခြင်း အတွက် မသင့်တော်လှချေ။ သိပ်သည်းသော မြေထုမရှိသလို၊ လေထုထဲရှိ အမတေ အလွှာမှာလည်း အလွန် ပါးလွှာလွန်းလှသည်။ တစ်ခါတစ်ရံ ကြောက်ဖို့ကောင်းသော ဆွဲအားကလည်း အသက်များကို နှုတ်ယူရန် ရည်ရွယ်ချက်မျိုးဖြင့် ပေါ်လာတတ်သေးသည်။ မထင်မှတ်ပဲ ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များ အတွက် စွမ်းအင်သုံးစွဲမှုကို အတတ်နိုင်ဆုံး လျော့ချထားသင့်ပေသည်။
ချင်ကူးယွင်မှာ တိတ်ဆိတ်ငြိမ်သက်စွာပင် ဂိတ်တံခါးဝကို ငေးမောကြည့်နေခဲ့၏။ စိုးရိမ် ပူပန်မှု အချို့က သူ့ မျက်လုံးများထဲ၌ ရှိနေခဲ့သည်။
ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ချင်ကူးယွင် စန်းအင်ပါယာကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ ဂိတ်တံခါး ဖွင့်လှစ်မည့်နေ့တွင် ထိုလူအိုကြီး ရောက်ရှိလာမည် ဖြစ်ကြောင်း ကောင်းကင် ပုရောဟိတ်က အစောတည်းက ကြိုတင် ဟောကိန်းထုတ်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့်ပင် သူက သတ်မှတ်ရက်ထက် စောကာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မိတ်ဖက် အဖွဲ့အစည်း တစ်ခု အနေဖြင့် ကောင်းကင်ဒြပ်စင် နန်းတော်ကိုလည်း သူတို့ ထွက်ခွာမည် ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။
ကောင်းကင်ပုရောဟိတ်က ထိုသတင်းကို အနန္တ ဧကရာဇ်ဂိုဏ်းထံ တိုက်ရိုက် ပြောရန် ခွင့်မပြုပဲ သူလျှိုများထံမှ သွယ်ဝိုက်ကာ သိရှိစေရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့သည်ကိုတော့ သူလည်း သိပ်နားမလည်ခဲ့ချေ။
မျက်မှောင် တစ်ခဏမျှ ကြုတ်လိုက်သော်လည်း မကြာခင်မှာပင် သူ၏ အမူအရာ၏ ပြန်လည် ပြေလျော့သွား၏။ မည်သို့ပင်ဆိုစေ... ကောင်းကင် ပုရောဟိတ် တစ်ဦး၏ အတွေးကို နားလည်ရန်မှာ ကမ္ဘာပေါ်တွင် အခက်ခဲဆုံး အလုပ်မဟုတ်ပါလား။
***