ဂိတ်တံခါး၏ အခြား တစ်ဖက်
Vol. 28 Ch. 384
ဂိတ်တံခါးအတွင်း ဝင်ရောက်လိုက်သည်နှင့် ပတ်ဝန်းကျင်မှာ ရောင်စုံအလင်းများ တောက်ပနေသည့် နေရာတစ်ခုလို ရုတ်ချည်း ပြောင်းလဲသွားသည်ကို ဝေ့ဝူယင် တွေ့ရှိလိုက်ရသည်။ ထိုအခိုက်၌ လူတစ်ကိုယ်စာ ခပ်ကျဥ်းကျဥ်း ပြွန်ငယ်တစ်ခုအတွင်း ဖြတ်သွားနေသလို သူ ခံစားနေရသည်။
ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ ရောင်စုံမြူများကို စစ်ဆေးကြည့်လိုက်ရာ လက်ရှိ သူ ရောက်ရှိနေသည့် နေရာမှာ ဥမင်လိုဏ်ခေါင်း သုံးထောင်ထဲမှ တစ်ခု ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ ထိုဥမင်မှာ သူ၏ ခန္ဓာကိုယ်ကို အလွန် လျှင်မြန်သော အရှိန်ဖြင့် တစ်နေရာရာသို့ သယ်ဆောင် နေသည်။ ထိုအခိုက် ခံစားချက်က အရှိန်မြှင့် ပျံသန်းနေသည့် သားရဲကြီး တစ်ကောင်၏ ကျောထက်၌ စီးနေရသလိုပင်။
ဟူး... ဟူး...
မကြာခင်မှာပင် အရှေ့၌ အမှောင် ကန့်လန့်ကာတစ်ခု ဆီးကြိုနေသည်ကို ဝေ့ဝူယင် တွေ့ရှိလိုက်ရ၏။ ပထမ၌ ထိုအရာမှာ ထွက်ပေါက်ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သေး၏။ သို့သော်လည်း ဖြတ်သန်းလိုက်သည်နှင့်...
ဘုန်း...
အလွန် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိ ကျသွား၏။ ရုတ်ချည်းပင် သူ့သွေးမျိုးဆက် စွမ်းအားများမှာ ချိပ်ပိတ်ခံလိုက်ရကာ အလွန် ကြီးမားလှသော ဖိအားတစ်ခုမှာ သူ့ သွေးကြောများထံ တိုးဝင်လာသည်။
ထိုဖိအားက ပြင်ပမှ ရောက်ရှိလာခြင်း မဟုတ်ချေ။ သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည့် စွမ်းအင်များထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ထိုထက်ပို၍ အတိအကျ ဆိုရလျှင် ခန္ဓာကိုယ်အား သန့်စင်ရန် သူ အသုံးပြုထားသည့် ဒြပ်စင်စွမ်းအင်များထံမှပင် ဖြစ်လေသည်။
ဝေ့ဝူယင်၏ မျက်ခုံးများ အနည်းငယ် အပေါ်သို့ မြင့်တက်သွားချိန်တွင် အိုရီကတော့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူက ချက်ချင်းပင် ဒြပ်စင်မူလ ရည်ရွယ်ချက်ကို နဖူးမှ တစ်ဆင့် ထုတ်လွှတ်ကာ ဝေ့ဝူယင်၏ မျက်လုံးနှင့် ချိတ်ဆက်လိုက်သည်။
ဝှစ်... ဝှစ်...
အမှောင်ကြီးစိုးနေသည့် ပတ်ဝန်းကျင်တွင် ရုတ်တရက် အဖြူရောင် အလင်းတစ်ခု ပေါ်လာခဲ့၏။ ၎င်းအလင်းက လျှင်မြန်စွာပင် အရောင်ကိုးမျိုး အဖြစ် ကွဲထွက်ကာ သီးခြား ရည်ရွယ်ချက် ကိုးမျိုး ဖြစ်တည်သွားသည်။ ၎င်းတို့က မီး၊ ရေ၊ လေ၊ မြေကြီး၊ သံမဏိ၊ အသက်မြက် သစ်သား၊ ခရမ်းရောင် လျှပ်စီး၊ အင်ဖာနို မီးတောင် ချော်ရည်နှင့် အကြွင်းမဲ့သုည ရေခဲတည်းဟူသော ဝိညာဥ်မီးတောက်လေးများ၏ အသွင်ကို ယူကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ပတ်ကာ ပျံဝဲလာကြသည်။
ထို့နောက်တွင် ကြိုတင် အသံသွင်းထားသကဲ့သို့ ခပ်သြသြ အသံတစ်ခုမှာ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိပဲ ထွက်ပေါ်လာ၏။
“မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားတဲ့ အတွက် သင်က လိုအပ်ချက်နဲ့ ကိုက်ညီတယ်... အမွေဆက်ခံသူ ပြိုင်ပွဲအတွက် သင့်ကို ရွေးချယ်တယ်...”
ထိုအသံနှင့် အတော်လေး ရင်းနှီးနေသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ထိုအခိုက်တွင်ပင် သူ့ရှေ့၌ ရောင်စုံ ကန့်လန့်ကာ တစ်ခု ပေါ်လာကာ ခန္ဓာကိုယ်ပေါ်မှ ဖိအားမှာလည်း မခံမရပ်နိုင်သည့် အတိုင်းအတာ တစ်ခု အထိ ရောက်အောင် မြင့်တက်လာသည်။
ထို့နောက်တွင် ဥမင်လိုဏ်ခေါင်း၏ အဆုံးကို ရောက်ရှိသွားသည့် အလား ဖျပ်ခနဲပင် အရာအားလုံး ပျောက်ကွယ်သွားတော့၏။
...
ဘုန်း...
ပေါက်ကွဲသံ တစ်ခုနှင့် အတူ ခပ်အုပ်အုပ် ငြီးသံတစ်ခု ထွက်ပေါ်လာ၏။ တောင်တန်းနှင့် ချောက်ကမ်းပါး စွန်းများ အကြားရှိ မြေပြင် အက်ကွဲကြောင်း တစ်ခုထဲတွင်တော့ လဲကျနေသော ပုံရိပ်တစ်ခု ရှိနေခဲ့၏။
“အဟွတ်... အဟွတ်...”
မိနစ်ပိုင်းမျှ ကြာပြီးနောက် ချောင်းဆိုးသံ အချို့နှင့် အတူ ထိုပုံရိပ်မှာ စတင် လှုပ်ရှားလာ၏။ ထို့နောက် သူမက နူးညံ့ သွယ်လျသည့် လက်ကလေးများကို သုံးရင်း အက်ကွဲကြောင်း၏ ထိပ်ကို တဖြည်းဖြည်းချင်း တွားသွား တက်လာခဲ့သည်။
အပေါ်သို့ ရောက်ရှိပြီးနောက် သူမက မြေပြင်ပေါ် ခြေချရင်း ပတ်ဝန်းကျင် မြင်ကွင်းများကို ကြည့်လိုက်၏။ ညစ်ပတ် ခြောက်သွေ့နေသည့် သဲမြေများနှင့် မီးခိုးရောင် ဖျော့ဖျော့သမ်းကာ မှုန်ရီ ဝေဝါးနေသည့် လောက တစ်ခု...။
“ငါ ဘယ်ရောက်နေတာလဲ...”
သူမ၏ မြစိမ်းရောင် မျက်လုံးလေးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ ဤနေရာရှိ စိုထိုင်းဆက အတော်လေး များပြားကာ အပူချိန်မှာလည်း မြင့်မားလွန်းသည်။ တစ်ခဏအတွင်းမှာပင် သူမ၏ အရည်ပြားနှင့် ဆံနွယ်ဆံသားများမှာ ရေဓာတ်ကုန်ဆုံးကာ ခြောက်ခမ်းစ ပြုလာခဲ့၏။
ဟူး... ဟူး...
သူမက ချက်ချင်းပင် ရေဒြပ်စင် အခြေခံ စွမ်းအား အချို့ကို ထုတ်လွှတ်ရင်း အပူချိန်ကို ချိန်ညှိလိုက်သည်။ ထို့နောက် ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်၏။
“ဘာလဲ...”
ရုတ်တရက် သူမ၏ မျက်လုံးများက အရောင်ပြောင်းလဲသွားသည်။ အနန္တ ကုန်းမြေတိုက်ကြီး၊ အနန္တ ဧကရာဇ်ဂြိုဟ်တို့နှင့် ခြားနားစွာပင် ဤနေရာ၌ ပျံသန်းရာတွင် အသုံးပြုဖို့ရာ မန်နာ တစ်ခုတစ်လေပင် ရှိမနေခဲ့ချေ။
သူမက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့ရင်း ဝတ်စုံတွင် ပေကျံနေသည့် ဖုန်နှင့် သဲများကို ခါချပစ်လိုက်၏။ ထို့နောက် နှာခေါင်းကို ပွတ်ရင်း ကောင်းကင်သို့ မော့ကြည့်လိုက်ရာ နေကြယ်တစ်စင်း ထွန်းလင်းနေသည်ကို တွေ့မြင်လိုက်ရသည်။
သူမ၏ အမူအရာက ပြောင်းလဲသွား၏။
“နေကြယ်တစ်စင်း... မဟုတ်မှ လွဲရော ဒါက လျှို့ဝှက်နယ်မြေလား... ပုံမှန်ဆိုရင် လောကနယ်မြေတွေမှာတောင် နေကြယ်မရှိဘူးလေ”
စိုးရိမ်ပူပန်မှု အငွေ့အသက်များမှာ သူမ၏ မျက်ဝန်းများထဲ၌ ပေါ်ပေါက်လာ၏။ သုံးလွှာ ကြယ်တာရာ နယ်မြေနှင့် အဝေးသို့ ပို့လွှတ်ခံရခြင်း ဆိုပါက မည်ကဲ့သို့ လုပ်မည်နည်း။
ချင်ချူးမူ မြစိမ်းရောင် မျက်လုံးများဖြင့် အရပ်ရှစ်မျက်နှာကို တုန်လှုပ် ခြောက်ချားစွာ မျှော်ကြည့်လိုက်၏။ မြင့်မား ဝေသီသော တောင်ထွတ်ကြီးများ၊ ချောက်ကမ်းပါးများနှင့် ညစ်ပတ်ပေရေနေသည့် သဲသောင်ပြင်တို့မှ အပ မည်သည့် အရာမှ ရှိမနေခဲ့။
“အခြား လူတွေ ဘယ်ကို ရောက်သွားတာလဲ...”
ချင်ချူးမူ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြောက်လန့်နေရုံဖြင့်တော့ မပြီးချေ။ တစ်ခုခု လုပ်ရတော့မည် ဖြစ်သည်။ ချင်ချူးမူ အရပ်မျက်နှာ တစ်ခုကို ရွေးချယ်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
ထိုအချိန်မှာပင် ရုတ်တရက်...
ဘုန်း... ဘုန်း...
ခြေထောက်အောက်ရှိ မြေပြင်က ငလျင် လှုပ်သလို စတင် တုန်ခါလာသည်။ ထိုတုန်ခါမှုက တစ်ခဏအတွင်းမှာပင် အဆပေါင်းများစွာ ကြီးထွားလာကာ အနီးအနားရှိ ကျောက်စရစ်ခဲများပင် လွင့်ပျံလာသည်။
“ဘာလဲ...”
ချင်ချူးမူ ပတ်ချာလည်ကို ကြည့်လိုက်ရာ ဖုန်မှုန့်တိမ်တိုက်ကြီး လျှင်မြန်စွာ ဖြစ်တည်လာနေသည်ကို တွေ့လိုက်ရ၏။ သူမ ကြည့်နေစဥ်မှာပင် ထိုတိမ်တိုက်ကြီးမှာ ကြီးသထက် ပိုမို ကြီးမားလာကာ ကောင်းကင် တစ်ခုလုံးကို အုပ်မိုးသွားလေတော့သည်။
“ပြေး...”
ချင်ချူးမူမှာ တုန့်ဆိုင်းခြင်း မပြုဝံ့ပဲ စတင် ပြေးလေတော့၏။
...
“အား... ကျွတ်... ကျွတ်”
ချင်ချူးမူနှင့် အခြေအနေချင်း တူညီစွာပင် လျဲ့ယု၏ အော်ငြီးသံ တစ်ခုမှာ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာ၏။
ထို့နောက်... မကြာခင်မှာပင် မသေချာ မရေရာသော မျက်နှာနှင့် သူမမှာ အက်ကွဲကြောင်းထဲမှ တွားသွားကာ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မြက်ခင်းစိမ်းများနှင့် ပြည့်နှက်နေကာ ခပ်ပြင်းပြင်း လေပြင်းများမှာ သူမ၏ ဆံနွယ်များကို တိုးဝင် တိုက်ခတ်နေ၏။
ဝှစ်...
သူမက လေစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ရစ်ပတ်ရင်း ကောင်းကင်သို့ ပျံတက်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း မြေပြင်အထက် နှစ်ပေခန့်သို့ ရောက်သည်နှင့် ကြမ်းတမ်းသော လေပြင်းတစ်ခုမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို သိမ်းပိုက်စိုးမိုးကာ တိုးဝှေ့တိုက်ခတ်လာ၏။
ဘုန်း...
လျဲ့ယု၏ ခန္ဓာကိုယ်မှာ မီတာနှစ်ရာခန့် အကွာအဝေး အထိ လွင့်စဥ်သွားကာ မြေပြင်ပေါ် အရှိန်အဟုန် ပြင်းစွာ ပြုတ်ကျသွား၏။ အကျိုးဆက် အနေဖြင့် သူမ၏ လက်တစ်ဖက်မှာ အနီးအနားရှိ ကျောက်တုံးတစ်ခုနှင့် ရိုက်မိရာ သွင်သွင် ကျိုးသွား၏။
“ချီးပဲ...”
လျဲ့ယုက ရေဒြပ်စင် ကုသခြင်း ကျင့်စဥ်ကို ထုတ်ဖော်လိုက်ရင်း ကျိုးသွားသည့် အရိုးကို ပြန်လည် ဆက်ရန် ကြိုးစားလိုက်၏။ ထို့နောက် မထသေးပဲ မြေပြင်ပေါ်တွင်သာ ဆက်လက် လှဲလျောင်းကာ ပတ်ဝန်းကျင်ကို အကဲခတ်ရန် ကြိုးစားလိုက်သည်။
ကံဆိုးစွာပင် သူမ မြင်နိုင်သမျှက မြက်ခင်းစိမ်းများ ပြည့်နှက်နေသည့် အဆုံးမဲ့ လွင်တီးခေါင်ပြင် တစ်ခုသာ ဖြစ်သည်။ လျဲ့ယု ဘေးနားရှိ မြက်ပင်များကို ကြည့်လိုက်၏။ ၎င်းတို့က ဓားများကဲ့သို့ ထက်ရှနေကာ ငွေရောင် အလင်း ခပ်ဖျော့ဖျော့ပင် တောက်ပနေသည်ကို တွေ့လိုက်ရသည်။ အနားသို့ ပိုမို တိုးကပ်ကြည့်ရင်း မြက်တစ်ပင်ကို ထိကိုင်ကြည့်ရန် သူမ ကြိုးစားလိုက်၏။
ရွှတ်...
မြက်ပင်၏ အနားသတ်က သူမ၏ လက်ချောင်းကို အသာအယာပင် လှီးဖြတ်သွား၏။ စူးရှရှ ခံစားမှုနှင့် အတူ သွေးများမှာ ဒဏ်ရာမှ စိမ့်ထွက်လာသည်။ လျဲ့ယု၏ မျက်လုံးများက ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားကာ အလျှင်အမြန်ပင် ဒဏ်ရာကို ကုသရန် ကြိုးစားလိုက်၏။ သွေးထွက်ရပ်ဖို့ အတွက်ပင် တစ်မိနစ်ခန့် အချိန်ယူလိုက်ရရာ သူမ၏ မျက်နှာက ယခင်ကထက် ပို၍ ဖြူရော်သွားသည်။
ပျံလို့မရ၊ မြက်ပင်များကိုပင် တိုက်ရိုက် ထိတွေ့၍ မရနိုင်သည့် နေရာတွင် ဘာလုပ်ရမှန်း မသိသည့် အခြေအနေတစ်ခုဖြင့် လျဲ့ယု ရပ်လိုက်မိ၏။
“လုံချန်... ဘယ်ကို ရောက်နေတာလဲ ရှင်ရယ်...”
သူမက သက်ပြင်းတစ်ချက်ချရင်း တမ်းတလိုက်မိလေတော့သည်။
...
နှင်းများ ထူထပ်သိပ်သည်းစွာ ကျနေသည့် ပတ်ဝန်းကျင် တစ်ခု၌ သာမန် ရုပ်ရည်နှင့် မိန်းကလေး တစ်ဦးမှာ ဖြည်းညင်းစွာ လမ်းလျှောက်နေခဲ့၏။
အဖြူရောင် ကြီးစိုးထားသည့် လောကကြီးမှာ အလွန် လှပသလို အလွန်တရာမှလည်း အေးစက်လှပေသည်။ ထိုနေရာ၌ ကျဆင်းနေသည့် နှင်းပွင့် တစ်ခုချင်းစီမှာ ထင်ရှားစွာ မြင်နိုင်လောက်အောင် ကြီးမားလှ၏။ ယင်းတို့က လှပသည့် ပုံသဏ္ဌာန်များကို သယ်ဆောင်ကာ ဝေ့ဝဲ ကျဆင်းရင်း မြေပြင်လောက တစ်ခုလုံးကို ဖြူလွှလွှ ဆေးသားဖြင့် ခြယ်သနေကြသည်။
မိန်းကလေးမှာ နှင်းပွင့်များ၏ ရိုက်ခတ်မှု ဒဏ်ကို ကာကွယ်ရန် အနက်ရောင် ထီးတစ်ချောင်းကို ဆောင်းထား၏။ သတ္တုချင်း ထိခတ်သံများက အဆက်မပြတ်ပင် ထွက်ပေါ်နေကာ ငွေရောင် အမှတ်အသားများမှာ ထီး၏ မဟူရာ မျက်နှာပြင်ထက်၌ လျှင်မြန်စွာပင် ပေါ်ထွက်လာနေခဲ့သည်။
မိန်းကလေးက ဆက်လက် လမ်းလျှောက်နေ၏။ အစိမ်းရောင် ဖိနပ်တစ်စုံက အောက်ရှိ နှင်းများကို အသာအယာပင် တွန်းဖယ်ပစ်နေကာ ရေခဲထဲသို့ ခြေထောက်များ နစ်မြုပ်မသွားအောင် ကာကွယ်ပေးနေသည်။
“အဘိုးပြောတာ မှန်တယ်... ကောင်းကင် ပုရောဟိတ်က အနာဂတ်ကို တကယ် ကြိုမြင်နိုင်တာလဲ... သူ့ကြောင့်သာ မဟုတ်ရင် ခုလို အခြေအနေ အတွက် ငါ ဘာမှ ကြိုပြင်ထားနိုင်မှာ မဟုတ်ဘူး”
မိန်းကလေးက တိတ်တဆိတ် ရေရွတ်လိုက်၏။ လောကကြီး၏ ထူးပြားဆန်းထွေမှုတို့ အကြောင်းကို တွေးမိသော အခိုက်၌ မိုးကောင်းကင်က ပိုမို ကျယ်ပြန့်လာသလို သူမ ခံစားလိုက်ရသည်။
ပထမဆုံး တစ်ခုမှာ မှန်ကန်နေရာ အခြား ဟောကိန်းများမှာလည်း မှန်ကန်ပေရမည်။ အတွေးနှင့် အတူ ခြေလှမ်းများမှာ ပိုမို သွက်လက် ပေါ့ပါးကာ မြန်ဆန်လာ၏။ အဖြူရောင် မြူနှင်းတို့ တစ်မျှော်တစ်ခေါ် ဖုံးလွှမ်းနေသော ပတ်ဝန်းကျင်တွင် မိန်းကလေး ဦးတည်နေသည့် လမ်းကြောင်းကတော့ အကြွင်းမဲ့ ခိုင်မာနေခဲ့ပုံ ပေါ်သည်။
အကယ်၍ မိန်းကလေး၏ အသံကိုသာ ကြားခွင့်ရှိခဲ့ပါက သူမမှာ ထာဝရ နတ်မိမယ်လေး ချင်ကူးယွင် ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိရှိလိမ့်မည် ဖြစ်လေတော့သည်။
***