← Chapters

ရင်းနှီးနေသည့် နေရာ

Vol. 28 Ch. 385

ရင်းနှီးနေသည့် နေရာ

Vol. 28 Ch. 385

ဥမင်ထဲမှ အပြင်သို့ ရောက်ရှိလာပြီးနောက် တောက်ပသော အလင်းတန်း တစ်ခုကြောင့် ဝေ့ဝူယင်မှာ ယာယီ အမြင်အာရုံ ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။ ကောင်းကင်ဘုံ နတ်မျက်လုံးများ ပင်လျှင် သူ ဘာကိုမှ ဖြတ်သန်းကာ မြင်နိုင်စွမ်း မရှိချေ။ ခြေဖဝါးအောက်ရှိ မာကြောကြော မြေပြင်ကို မခံစားမိခင် အချိန်အထိ ထိုဖြစ်စဥ်မှာ မိနစ်ပိုင်းမျှ ကြာမြင့်ခဲ့၏။

မကြာခင်မှာပင် တောက်ပသည့် အလင်းတန်းက ပျောက်ကွယ်သွားကာ ကမ္ဘာလောကကြီးက တဖြည်းဖြည်း ပြန်လည် ပေါ်လာခဲ့သည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် ခန့်မှန်းထားသည့် သီအိုရီကို အတည်ပြုရန် အတွက် ခေါင်းကို အပေါ်သို့ မော့ရင်း ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

“ဆဋ္ဌဂံပုံ ကောင်းကင်...”

ဝေ့ဝူယင်၏ မျက်လုံးထဲ၌ ထူးဆန်းသည့် အငွေ့အသက်များ ထွက်ပေါ်လာ၏။ ထိုကဲ့သို့ ပုံစံမျိုးရှိသည့် ကောင်းကင်မျိုးကို သူ အတော်လေး ရင်းနှီးပေသည်။ အထူးသဖြင့် မြေပြင်ကို ကျော်လွန်ကာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့်ဟန် ရသည့် ရှေးဟောင်း နန်းတော်ကြီးပင်။ သို့သော်လည်း ၎င်းမှာ သူ ယခင်က တွေ့မြင်ခဲ့ဖူးသည့်  နန်းတော်နှစ်ခုနှင့် တစ်ခုတည်း မဟုတ်ကြောင်း ဝေ့ဝူယင် သိပေသည်။

“ဒီနန်းတော်တွေက ဘာတွေလဲ...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်မိ၏။ အနန္တ စစ်တာအို နန်းတော်သို့ ပထမဆုံး ရောက်ရှိခဲ့နေ့ကို သူ မှတ်မိနေသေးသည်။

ထိုနေ့က ရွှေရောင်နို့နှစ် မြို့တော်၏ လမ်းမ တစ်ခုထက်တွင် လမ်းလျှောက်နေခိုက် ရုတ်တရက်ပင် ကမ္မတန်ဖိုး ၁.၀ ဖြတ်တောက်ခံခဲ့ရသည်။ ထို့နောက် တိုက်တိုက်ဆိုင်ဆိုင်ပင် လူငယ်လေး တစ်ယောက်မှာ သူ့ကို ဝင်တိုက်ခဲ့သည်။ ထိုလူငယ်လေးမှာ အတော်လေး ရေးကြီးသုတ်ပြာ ဖြစ်နေကာ လူအချို့လက်မှ လွတ်အောင် ပြေးနေခဲ့ရပုံပင်။

ထို့နောက်... ဘာမှန်းမသိရသော အကြောင်းပြချက်ဖြင့် လူငယ်လေးအား သနားကာ ကူညီလိုစိတ် ဖြစ်ပေါ်လာခဲ့ပုံကို သူ မှတ်မိနေသေး၏။

သို့သော်လည်း အမွေခံ အပြစ်သား တစ်ယောက် အနေဖြင့် ထိုအရာက ကောင်းကင်တာအို၏ လွှမ်းမိုးမှု ဖြစ်ကြောင်း သူ ချက်ချင်းပင် ကောက်ချက်ချနိုင်ခဲ့သည်။ ထို့နောက်... မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံကို သုံး၍ ထိုလူငယ်လေးနောက်ကို နောက်ယောင်ခံကာ သူ လိုက်ကြည့်ခဲ့သည်။ တံခါးအိုကြီး တစ်ခု အသွင် တည်ရှိနေသည့် ဟင်းလင်းပြင် ဂိတ်တံခါးကို ရှာတွေ့ခဲ့သည်။ ဆေဘာရည်ရွယ်ချက်နှင့် အခြေတည် ဆေဘာ ဝိညာဥ်တို့ကို ရရှိခဲ့သည်။

သူ နောက်ယောင်ခံကာ လိုက်ခဲ့သော လူငယ်လေးကတော့ ကောင်းကင်ဒြပ်စင်နန်းတော်၏ ပြိုင်ဘက်ကင်း ပါရမီရှင် လင်းမင်ပင် ဖြစ်လေသည်။

ဆယ့်တစ်နှစ် အတွင်း အမျိုးမျိုးသော အဖြစ်အပျက်များ ဖြစ်ပျက်သွား၏။ သူ အတိတ်မေ့သွားခဲ့သလို ချစ်ခဲ့ရသော မေ့မေ့မှာလည်း သခင်လေးနှင့် လက်ဆက်ခဲ့သည်။ အိမ်တစ်ခုလို ခံယူထားခဲ့သော နေသွေးနီနီဂိုဏ်းက အကြောင်းပြချက် မျိုးစုံဖြင့် သူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

ကံကောင်းထောက်မစွာပင် အချိန်မီ ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို တက်လှမ်းကာ သူ လွတ်မြောက်ခဲ့သည်။ ထို့နောက် သူနှင့်  စုမေ့တို့မှာ ဝူတိုင်းပြည် အနှံ့ လေလွင့်ရင်း လူသိများ ထင်ရှားသည့် နေရာမျိုးစုံကို လိုက်ခံ လည်ပတ်ခဲ့သည်။

ဤသို့ဖြင့် အခြား ဂိတ်တံခါး တစ်ခုကို သူတို့ ရှာဖွေ တွေ့ရှိခဲ့ပေသည်။ သို့သော်လည်း ကံဆိုးစွာပင် ထိုဂိတ်တံခါးက သူ့ကို ငြင်းပယ်ခဲ့ကာ စုမေ့ကိုသာ ဝင်ခွင့်ပြုခဲ့သည်။ ထို့နောက်... မိန်းကလေးမှာ ထိုဂိတ်တံခါး အတွင်းမှ အမှောင်အလင်း ကျင့်စဥ်ကို ရရှိလာခဲ့သည်။

သူမ ပြန်လည် ပြောပြသော ပုံစံအရဆိုလျှင် ထိုဂိတ်တံခါး အတွင်းရှိ မြင်ကွင်းမှာလည်း ရွှေရောင်နို့နှစ်မြို့တော်တွင် သူ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းနှင့် အတူတူပင် ဖြစ်သည်။ အနန္တ စစ်တာအို နန်းတော် ဟူသော နာမည် နေရာတွင် အနန္တ ဖန်တီးခြင်း တာအို နန်းတော် ဟူ၍ အမည် ပြောင်းလဲသွားရုံသာ ရှိသည်။ အကယ်၍ နာမည်သာ မပြောင်းပါက ထိုနန်းတော် နှစ်ခုမှာ တစ်ခုတည်း ဟုပင် သူ ကောက်ချက်ချမိလိမ့်မည် ဖြစ်သည်။

အတိတ်မှ အဖြစ်အပျက်များကို ပြန်လည် စဥ်းစားရင်း နန်းတော်ကြီးဆီ ဝေ့ဝူယင် တရွေ့ရွေ့ ချည်းကပ်လာခဲ့၏။

“အမွေဆက်ခံသူ ပြိုင်ပွဲအတွက် ရွေးချယ်တယ် ဆိုတာက ဘာလဲ...”

စောစောက ကြားလိုက်ရသည့် အသံကို သူ ပြန်လည် တွေးလိုက်မိသည်။ များစွာသော မေးခွန်းများမှာ သူ့ စိတ်ထဲတွင် တဖွားဖွား ပေါ်နေခဲ့၏။

မည်သူက အနန္တ တာအို နန်းတော်များကို တည်ဆောက်ခဲ့သနည်း။ အဘယ် ရည်ရွယ်ချက်ဖြင့်နည်း။ ဤလျှို့ဝှက်နယ်မြေ၏ ရည်ရွယ်ချက်ကရော အဘယ်နည်း။  စမ်းသပ်ပွဲ တစ်ခုလော။

တွေးရင်း လျှောက်ရင်းနှင့် ရှေးဟောင်း နန်းတော်ကြီး၏ လှေကားထစ်များကိုပင် သူ စတင်ကာ မြင်တွေ့လာရ၏။ ၎င်းတို့မှာ အရေအတွက်အားဖြင့် ကိုးဆယ့်ကိုးထစ် ရှိကာ ရှေးဟောင်း တံခါးဝများထံ တိုက်ရိုက်ပင် ဦးတည်နေသည်။

ပထမဆုံး လှေကားထစ်နားသို့ အရောက်၌ ခါတိုင်းလိုပင် တံခါးဝတစ်ခုမှာ ပွင့်ဟသွားကာ မီးခိုးရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက လေပွေတစ်ခုလို လှည့်ပတ်ရင်း ဝေ့ဝူယင်၏ ဘေးနားသို့ ရောက်ရှိလာကာ လူအိုကြီး တစ်ယောက် အသွင် ဖွဲ့စည်းသွား၏။

ထိုလူအိုကြီးမှာ အရပ်ပုပု ကတုံးပြောင်ပြောင်နှင့် ဖြစ်ကာ တစ်ကမ္ဘာလုံးကို ကြိုဆိုသည့် အလား တောက်ပသည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ အနန္တ စစ်တာအို နန်းတော်ထဲရှိ အပြာရောင် လူအိုကြီးနှင့် မတူသည်က သည်လူအိုကြီးမှာ မီးခိုးရောင် ဖြစ်သည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ များစွာသော အရာများကို သူ မြင်တွေ့နိုင်စွမ်း ရှိသည့်တိုင် ၎င်းက သူ’ ကျင့်ကြံခြင်း အခြေခံနှင့် ခွန်အား အပေါ်တွင်လည်း မူတည်နေသေးသည်။

ယခု သူ မြင်တွေ့သလောက် ထိုလူအိုကြီးမှာ သာမန် ကျင့်ကြံသူများလိုပင် မန်နာကို ပိုင်ဆိုင်ထားပေသည်။ ထိုမန်နာက မျက်စိဖြင့် မြင်နိုင်လောက်သည် အထိ အလွန်အမင်း ထူထပ်ကာ  မဖြစ်နိုင်လောက်အောင် သန့်စင်နေသည်။

ထို့အပြင် လူအိုကြီး၏ ခန္ဓာကိုယ်ထဲတွင် လွတ်လပ်စွာ စီးဆင်းနေသည့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တစ်မျိုးကို သူ မြင်တွေ့နေရ၏။ ၎င်းက ထိုအဘိုးအိုမှာ ယန္တရား စက်ရုပ် တစ်ရုပ် မဟုတ်ပဲ  လွတ်လပ်သည့် အတွေးအခေါ်နှင့် တီထွင်ဖန်တီးမှုတို့ကို ပိုင်ဆိုင်ထားသည့် တည်ဆောက်မှုတစ်ခု ဖြစ်ကြောင်း ညွှန်ပြနေသည်။

အဘိုးအိုက သူ့ကို မြင်သည်နှင့် ပြုံးပြကာ နှုတ်ဆက်လိုက်၏။

“‌ရွေးချယ်ခံ ပုဂ္ဂိုလ်လေးကို ကြိုဆိုပါတယ်... ဒါကတော့ အနန္တ ဒြပ်စင်တာအို နန်းတော်ပါ... ရွေးချယ်ခံ တစ်ယောက် အနေနဲ့ သင့်ရဲ့ အဓိက ဒြပ်စင်တာအိုကို ရွေးချယ်ပါ”

အနန္တ စစ်တာအို နန်းတော်၏ လှေထားထစ်များသို့ အရောက်တွင်လည်း တူညီစွာပင် ထိုလူအိုကြီးမှာ ပေါ်ထွက်လာကာ သူ့ကို တာအို ရွေးချယ်ရန် စေခိုင်းခဲ့ဖူးသည်။ ဝေ့ဝူယင် မီးခိုးရောင် အဘိုးအို ကြည့်လိုက်ရာ သူ့ အဖြေကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

အနည်းငယ် ပြုံးရင်း ဝေ့ဝူယင်က မေးလိုက်သည်။

“ခင်ဗျားက ယန္တရား စက်ရုပ်တစ်ခုလား... ဒါမှမဟုတ် အထိန်းအချုပ် မရှိ ကိုယ်ကိုင် အတွေးအခေါ်ရှိတဲ့ သက်ရှိတစ်ယောက်လား”

“ ... “

လူအိုကြီးက မေးခွန်းကို ပြန်မဖြေချေ။ စော‌စောကလိုပင် ပြုံးကာ သူ ပေးလာမည့် အဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ဝေ့ဝူယင် မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်မိ၏။

“ဒီနေရာက ဘာလဲ...အနန္တ စစ်တာအို နန်းတော်၊ အနန္တ ဖန်တီးခြင်း တာအို နန်းတော်တွေနဲ့ ဘာဆက်စပ်မှု ရှိနေလဲ...”

“ ... “

လူအိုကြီးမှာ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း လက်ခနဲ တောက်ပသွားသည့် စိတ်စွမ်းအင် အချို့က သူ၏ လက်ရှိအတွေးများကို သစ္စာဖောက်နေ၏။

“ခင်ဗျား ကျုပ်ကို မှတ်မိလား... ခင်ဗျားနဲ့ သူတို့က အတူတူပဲလား”

ဝေ့ဝူယင် မေးခွန်းများ အဆက်မပြတ် မေးရင်း ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ မီးခိုးရောင် လူအိုကြီး၏ ခံစားချက် အပြောင်းအလဲကို ဆက်တိုက် အကဲခတ်နေခဲ့၏။ နောက်ထပ် မေးခွန်းများ ဆက်မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားသလို ခံစားလိုက်ရသည်။ အနီးအနားတွင် ဟင်းလင်းပြင် အင်အား အချို့ ပေါက်ကွဲ ထွက်ပေါ်လာခြင်းကြောင့်ပင် ဖြစ်သည်။

ဝေ့ဝူယင် နောက်ကို လှည့်ကာ ထိုနေရာကို ကြည့်လိုက်သည်။ သာမန် မျက်လုံးများဖြင့် ဘာဆို ဘာကိုမှ မတွေ့ရ။ ကောင်းကင်ဘုံ နတ်မျက်လုံးကို အကန့်အသတ်ရောက်အောင် ထုတ်‌ဖော်လိုက်သော အခါတွင်မှ ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။ ကြည့်ရသည်က ထိုလူငယ်မှာလည်း သူ့ ကဲ့သို့ပင် အမြင်အာရုံကို ခေတ္တ ဆုံးရှုံးနေဟန် ရလေသည်။

“လင်းမင်...”

မည်သူမည်ဝါ ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ မှတ်မိလိုက်၏။ ထိုလူငယ်မျာ ရွှေရောင်နို့နှစ် မြို့တော်တွင် သူ နောက်ယောင်ခံလိုက်ခဲ့သည့် လူငယ်လေးပင် ဖြစ်သည်။ လူငယ်လေးအား မြင်သည်နှင့် လူအိုကြီး၏ စိတ်စွမ်းအင်က ရိုင်းစိုင်းကာ လှုပ်ခတ်သွား၏။ ဝေ့ဝူယင် ပြန်လှည့်ကာ လူအိုကြီးကို ကြည့်လိုက်သည်။

လူအိုကြီးမှာ ဘာမှ မဖြစ်သလိုပင် ဆက်လက်ပြုံးနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် ပခုံးနှစ်ဖက်ကို တွန့်လိုက်မိ၏။

“ဆိုတော့ကာ ကျုပ်က တစ်ဦးတည်းသော ရွေးချယ်ခံ မဟုတ်ဘူးပေါ့”

သူက သာမန်ပုံစံဖြင့် မေးလိုက်သော်လည်း ထင်မှတ်မထားသည့် အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာလေသည်။ လူအိုကြီး၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားကာ ထိုနေရာတွင် အံ့အားသင့်ခြင်းများ နေရာယူ လာ၏။ သူ၏ မျက်လုံးများက ပြူးကျယ်သွားကာ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ပါးစပ်ပင် အနည်းငယ် ဟသွားသည်။

“မင်း အခြား ရွေးချယ်ခံကို မြင်ရတာလား..”

***

All Chapters