ရေတွင်းထဲမှ အဘိုးအို
Vol. 28 Ch. 386
“မင်း အခြား ရွေးချယ်ခံကို မြင်ရတာလား..”
အဘိုးအိုက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ သူ့အသံက အသံသွင်းထားသလို ယန္တရားသံမျိုး မဟုတ်တော့။ အတော်လေး ကြည်လင် ရှင်းလင်းကာ သက်ရှိတစ်ဦး၏ ပြင်းထန်သော ခံစားချက်များ ပါဝင်နေပေသည်။
ဝေ့ဝူယင်က အသာအယာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက် ငွေရောင် မျက်လုံးများနှင့် လူအိုကြီးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မြင်နိုင်ရုံတင် မဟုတ်ဘူး... သူ ဘယ်သူ ဆိုတာလဲ ကျုပ် သိတယ်... သူ့နာမည်က လင်းမင်တဲ့... ဒြပ်စင် ကောင်းကင်နန်းတော်မှာ လောလောဆယ် ကျင့်ကြံနေတယ်... ကျုပ် ခန့်မှန်းတာသာ မမှားရင် သူက ဆန်းကြယ် ဧကရာဇ်ဟန်ရှဲ့ရဲ့ အမွေခံပဲ”
မျှော်လင့်ထားသည့် အတိုင်းပင် လူအိုကြီး၏ အမူအရာက အလွန်အမင်း ထိတ်လန့်သွား၏။ သူက ထိတ်ထိတ်ပြာပြာပင် ဝေ့ဝူယင်ကို မေးလိုက်သည်။
“နေဦး... မင်းကရော သူ့ရဲ့ ဆက်ခံသူ မဟုတ်ဘူး... မင်းမှာ ဒြပ်စင် တိုကင် ကိုးခုထဲက တစ်ခု ရှိနေတယ် မဟုတ်ဘူးလား”
သူ့အား ကြည့်ရသည်က လက်ရှိ အခြေအနေကို အတော်လေး နားမလည်နိုင်အောင် ဖြစ်နေခဲ့ပုံ ပေါ်သည်။
ထိုအခိုက်တွင်ပင် လင်းမင်မှာ အမြင်အာရုံကို ပြန်လည် ရရှိလာကာ နန်းတော်ကြီးကို လှေကားထစ်များ အနားထိ ရောက်ရှိလာ၏။ ယခု၌ သူတို့ နှစ်ယောက်အကြားတွင် တစ်ပေခန့်သာ ကွာဝေးပေတော့သည်။ သို့သော်လည်း လင်းမင်အား ကြည့်ရသည်က ဝေ့ဝူယင်ကို လုံးဝ မြင်တွေ့ပုံ မရချေ။
ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် တံခါးဝမှ မီးခိုးရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ နောက်ထပ် မီးခိုးရောင် အဘိုးအို တစ်ယောက် ဖြစ်ပေါ်လာ၏။ ထိုအဘိုးအိုက တူညီစွာပင် လင်းမင်ကို နှုတ်ဆက်ကာ အဓိက ဒြပ်စင် တာအိုကို ရွေးချယ်ရန် စေခိုင်းနေသည်။
ဝေ့ဝူယင် သူ့ရှေ့ရှိ မီးခိုးရောင် အဘိုးအိုကို ပြန်ကြည့်လိုက်၏။
“ကျုပ်က ဆန်းကြယ် ဒြပ်စင် ဖွဲ့စည်းခြင်း နည်းလမ်းကို ကျင့်ကြံထားတယ်... ဒါပေမဲ့ ခင်ဗျားပြောတဲ့ ဒြပ်စင် တိုကင်တို့ ဘာတို့ ကျုပ်မှာ မရှိဘူး... နောက်ပြီး ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ရဲ့ ဘာအမွေအနှစ်ကိုမှလည်း ကျုပ် မရထားဘူး”
ဆန်းကြယ် ဒြပ်စင် ဖွဲ့စည်းခြင်း နည်းလမ်းမှာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ချန်ရစ်ထားခဲ့သည့် ချီကျင့်ကြံခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ဂိုဏ်းတိုင်း၊ နေရာတိုင်းတွင် ထိုနည်းလမ်းကို ပေါပေါလောလော တွေ့မြင်နိုင်သော်လည်း အောင်မြင်အောင် ကျင့်ကြံနိုင်သူ အရေအတွက်ကတော့ အတော်လေးကို ရှားပါးလွန်းလှသည်။ ဝေ့ဝူယင်မှာ ဆန်းကြယ် ဧကရာဇ်နောက်ပိုင်း ပထမဆုံး အဖြစ် အဆင့်မြင့် ဒြပ်စင်ငါးခုကို စုစည်းကာ ဒြပ်စင်မူလ စွမ်းအင်ကို စုစည်းနိုင်ခဲ့သူ ဖြစ်သည်။
သို့သော်လည်း ထိုအောင်မြင်မှုများအား ရရှိခဲ့သည်က သူ၏ ကိုယ်ပိုင် ကြိုးပမ်းမှု၊ စိတ်ဆန္ဒ ပြင်းထန်မှုတို့ဖြင့် ဖြစ်သည်။ ဆန်းကြယ် ဧကရာဇ်ဟန်ရှဲ့၏ အကူအညီ၊ ပံ့ပိုးမှု တစ်ခုတစ်လေပင် မပါရှိချေ။
လူအိုကြီး၏ တုန့်ပြန်ပုံကို ထောက်ချင့်ရပါက သူ၏ မူလ ယူဆချက်က မှန်ကန်နေပုံ ပေါ်သည်။ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့နှင့် ဤနယ်မြေမှာ တစ်နည်းနည်းဖြင့် ချိတ်ဆက်နေသည်။ သို့သော်လည်း... ဒြပ်စင် တိုကင် ဆိုသည့် စကားလုံးကတော့ လူအိုကြီး ဝူယု ပြောခဲ့ဖူးသည့် ဒြပ်စင် သူရဲကောင်းများ ဆိုသည့် စကားလုံးကို ပြန်လည် သတိရစေသည်။ ဒြပ်စင် သူရဲကောင်းများမှာ ဆန်းကြယ်ဧကရာဇ်၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားများပင်။
“ ... “
လူအိုကြီးမှာ တိတ်ဆိတ်နေ၏။ ထိုအတောအတွင်း၌ လင်းမင်မှာ အဓိက ဒြပ်စင် တာအို တစ်ခုကို ရွေးချယ်ကာ လှေကားထစ်များ အတိုင်း တက်သွားခဲ့ပြီ ဖြစ်သည်။ သူက ရွေးချယ်ခံ တစ်ယောက် အနေဖြင့် မည်သည့် အတားအဆီးကို မဆို ရင်ဆိုင်တော့မည့်ပုံ ရသည်။
ထို့နောက်တွင်... လူအိုကြီး ဝေ့ဝူယင်ကို မေးလိုက်၏။
“မင်းမှာ ဒြပ်စင် အမှတ်အစား မရှိရင် ဘယ်လိုလုပ်ပြီး ဒြပ်စင်မူလ ရည်ရွယ်ချက်ကို ကျင့်ကြံနိုင်ခဲ့တာလဲ”
သူ၏ အသံက ပုံမှန်ထက် များစွာ နိမ့်ကျနေကာ မမြင်နိုင်သော ဖိအားများစွာ ပါဝင်နေပုံ ရလေသည်။ ဝေ့ဝူယင်က ပုံမှန်လိုပင် ပခုံးတစ်ချက် တွန့်လိုက်၏။ ထို့နောက် သူက အရှင်းလင်းဆုံးနှင့် အမှန်ကန်ဆုံး အဖြေကို ပေးလိုက်သည်။
“ဒီအတိုင်း ကျုပ်ဘာသာ ကျင့်ကြံခဲ့တာပဲလေ...”
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး”
ကာလရှည်ကြာ ယုံကြည်ထားသည့် လောကအမြင်တစ်ခု ပျက်စီးသွားသည့် အလား လူအိုကြီးက ပေါက်ကွဲကာ ထအော်လိုက်၏။ ထိုအခိုက်အတန့်လေးတွင် သူ၏ အသက်စွမ်းအင်က ပိုမို ထင်ရှားလာကာ မထင်ထားလောက်သည် အထိ မြင့်တက်သွား၏။ ဝေ့ဝူယင်၏ မျက်လုံးများက မဆိုသလောက်လေး တောက်ပသွား၏။ အကယ်၍ သူ ခန့်မှန်းတာသာ မမှားပါက ထိုလူအိုကြီးမှာ ပြန်လည် ဝင်စားသူ တစ်ယောက်၊ သို့မဟုတ် ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ရပေမည်။
သို့သော်လည်း သူ လူအိုကြီးကို နှောက်ယှက်ခြင်း မပြုချေ။ သည်အတိုင်း တိတ်တဆိတ်ပင် စောင့်ဆိုင်း နေလိုက်၏။
စက္ကန့်အနည်းငယ် ကြာပီးနောက်၌ လူအိုကြီးမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာ၏။ သူက ထက်ရှကာ ကျဥ်းမြောင်းသော မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
“ပထမဆုံး စတွေ့တဲ့ နေ့တုန်းက မင်းက ရည်ရွယ်ချက် ကိုးခုကို မဖွဲ့စည်းရသေးဘူး ချီပျစ်ခဲခြင်း အဆင့်မှာပဲ ရှိသေးတယ်... အဲဒီကနေ ဆယ်စုနှစ် နှစ်ခုတောင် မပြည့်သေးဘူး... မင်းက ဒြပ်စင် မူလစွမ်းအင် အပြင် ဒြပ်စင်မူလ ရည်ရွယ်ချက်ကိုပါ ဖွဲ့စည်းပြီးနေပြီ... ဒြပ်စင်တိုကင် မပါပဲ ဒီလောက် အချိန်တိုအတွင်း ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တိတ်တဆိတ် တောက်ပသွား၏။
“ဆိုတော့ကာ ခင်ဗျား ကျုပ်ကို မှတ်မိတယ်ပေါ့”
လူအိုကြီးက ဖြူရော်စွာပင် ပြုံးလိုက်သည်။
“ဘယ်လိုလုပ်ပြီး မမှတ်မိပဲ နေမှာလဲ... အဲဒီနေ့တုန်းက မင်းက ဆေဘာရည်ရွယ်ချက်ကို တိုက်ရိုက် ဖွဲ့စည်းနိုင်ခဲ့တဲ့ အပြင် နန်းတော်ထဲကို ဝင်ဖို့ ခြေတစ်လှမ်းလောက် အလိုထိ ရောက်ခဲ့တာလေ... ဒါပေမဲ့ ဒြပ်စင် အမှတ်အစား မပါပဲ ဒြပ်စင်မူလ ရည်ရွယ်ချက်ကို ဖွဲ့စည်းဖို့ကတော့ လုံးဝကို မဖြစ်နိုင်တာ... မင်း ဘယ်လိုလုပ်ပြီး အောင်မြင်ခဲ့တာလဲ”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်၏။
“ကျုပ်ကို မှတ်မိတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ...”
“ ... “
လူအိုကြီးမှာ ဘယ်လို တုန့်ပြန်ရမှန်း မသိတော့။ ထိုလူငယ်လေးမှာ လိမ်နေတာ ဖြစ်လျှင်ဖြစ်... မဖြစ်လျှင် အလွန် ထူးချွန်သည့် ပါရမီရှင်တစ်ယောက် ဖြစ်ရပေမည်။
လူအိုကြီး တိတ်ဆိတ်နေချိန်တွင် ဝေ့ဝူယင်က စကားဝိုင်းကို ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်၏။
“ဒြပ်စင် တိုကင် ဆိုတာက ဘယ်လိုဟာလဲ... နောက်ပြီး အဲဒီတိုကင် မရှိဘူး ဆိုရင် ဒြပ်စင် မူလ ရည်ရွယ်ချက်ကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူးလို့ ခင်ဗျား ဘာကြောင့် သေချာနေရတာလဲ... နောက်ပြီး ဘာလို့ ကျုပ်က အဓိက ဒြပ်စင် တာအိုကို ရွေးချယ်ရမှာလဲ...”
“ ... “
အဘိုးအိုမှာ အချိန် အတော်ကြာ တိတ်ဆိတ်နေ၏။
“အချိန်ယူပါလေ... ကျုပ် စောင့်နိုင်တယ်”
ဝေ့ဝူယင်က ပြောရင်း လှေကားထက် တက်လှမ်းရန် ကြိုးစားနေသည့် လင်းမင်အား လှမ်းကြည့်လိုက်သည်။ ထိုအခိုက်၌ သူတို့ နှစ်ယောက်ကြားတွင် ထူးဆန်းသော ဟင်းလင်းပြင် အလွှာတစ်ခု ခြားနားနေဟန် ရသည်။ သူတို့ နှစ်ယောက်မှာ တူညီသည့် နေရာတစ်ခုတည်းတွင် တစ်ချိန်တည်း ရှိနေသည့်တိုင် တစ်ချိန်တည်းတွင် သီးခြား ခွဲထွက်နေသည်။ အနန္တ စစ်တာအို နန်းတော်သို့ ဝင်ရောက်ခဲ့သည့်နေ့၌ လင်းမင်အား အဘယ်ကြောင့် မတွေ့ရတော့သည်ကို ဝေ့ဝူယင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်တွင်ပင် လူအိုကြီးက တည်ငြိမ်သော အသံဖြင့် မေးလာ၏။
“မင်းမှာ ဒြပ်စင် တိုကင် မရှိတာ သေချာလား...”
ဝေ့ဝူယင်က သေချာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ ... “
လူအိုကြီးက ပင့်သက်တစ်ချက် ရှိုက်ရင်း ကတုံးပြောင်ပြောင်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ဟန်နှင့် ဝေ့ဝူယင်ကို စတင်ကာ ရှင်းပြလေတော့သည်။
“ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့က ကံကြမ္မာ တိုကင် သုံးခုကို အပြင် လောကမှာ ချန်ထားခဲ့တယ်... သူ့အမွေကို ဆက်ခံနိုင်တဲ့သူ တစ်ယောက်ထက် ပိုပြီး တွေ့လိမ့်နိုနိုး မျှော်လင့်ချက်နဲ့ပေါ့... အဲဒီ ကံကြမ္မာ တိုကင်တွေထဲမှာ ဒြပ်စင်မူလ ရည်ရွယ်ချက်ကို ဖွဲ့စည်းနိုင်တဲ့ လျှို့ဝှက်ချက်ပါရှိတယ်... နောက်ပြီး ရွေးချယ်ခံ တစ်ယောက် ဖြစ်လာတဲ့ အထိ ပြုစုပျိုးထောင်ပေးနိုင်တဲ့ ထူးဆန်းတဲ့ ကျင့်စဥ်တွေ၊ နည်းလမ်းတွေ၊ အဂ္ဂိရတ် ထုတ်ကုန်တွေကိုပါ အလျှံပယ် ထည့်သွင်းထားတယ်”
“အဲဒီ သုံးယောက်အတွက် ရည်ရွယ်ပြီး သူက ဒီစမ်းသပ်ခံ နယ်မြေကို ဖန်တီးထားခဲ့တာ... ငါ မြင်ရသလောက် ဆိုရင် မင်းရဲ့ ဒြပ်စင် မူလ ရည်ရွယ်ချက်က အရမ်း အဆင့်မြင့်တယ်... အခြား ရွေးချယ်ခံတွေနဲ့ နှိုင်းယှဥ်မယ် ဆိုရင် မှားလို့... မင်းက ရွေးချယ်ခံမှ မဟုတ်တာပဲ... ဘာပဲဖြစ်ဖြစ် သူတို့နဲ့ ယှဥ်မယ်ဆိုရင် အမွေခံ ခေါင်းစဥ် အတွက် မင်းမှာ အခွင့်အရေး အများဆုံးပဲ”
“ဒါနဲ့ စကားမစပ် မင်းက ဒြပ်စင် တိုကင်ကို မရခဲ့ဘူး ဆိုတော့ ဒီအဆင့်ကို ရောက်အောင် ကိုယ့်အားကိုယ်ကိုးပြီး လျှောက်လှမ်းခဲ့တာပေါ့ ဟုတ်လား... အဲဒါက လုံးဝ မဖြစ်နိုင်လောက်အောင်ပဲ”
နောက်ဆုံးတွင် လူအိုကြီး၏ စကားက ပထမနေရာကိုပင် ပြန်လည် လာပြန်သည်။ ဝေ့ဝူယင်မှာ အနည်းငယ်ပင် စိတ်ရှုပ်လာ၏။
“ခင်ဗျားက မဖြစ်နိုင်ဘူး ဆိုတာကိုပဲ ထပ်တလဲလဲ ပြောနေတာပဲ... ဘာလို့ မဖြစ်နိုင်ရမှာလဲ... ရှင်းပြစမ်းပါဦး”
သိပ်စိတ်မရှည်ဟန်ဖြင့် သူက မေးခွန်း ထုတ်လိုက်သည်။ လူအိုကြီးက လေးပင်စွာဖြင့် သက်ပြင်း တစ်ချက် ချရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“ဒြပ်စင်မူလ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ အတွက် အရင်ဆို မတူ ကွဲပြားတဲ့ ရ့ည်ရွယ်ချက် ကိုးခုကို အောင်မြင်ဖို့ လိုအပ်တယ်... နောက်ပြီး အဲဒီ ရည်ရွယ်ချက်တွေကို တစ်ခုနဲ့ တစ်ခု ပေါင်းစည်းဖို့ လိုတယ်... ရေနဲ့ မီး တစ်ခု... ရေနဲ့ မြေကြီး တစ်ခု... နှစ်ခုကနေ တစ်ခု... သုံးခုကနေ တစ်ခု... လေးခုကနေ တစ်ခု... အဲဒီလိုနဲ့ နောက်ဆုံး ကိုးခုကနေ တစ်ခု ဖြစ်သွားတဲ့ ပေါင်းစပ်ရတယ်... အဲဒီအခါမှပဲ ဒြပ်စင် မူလ စွမ်းအင် ဖြစ်ပေါ်လာတာ... ဒါတောင် အဲဒါက ဒြပ်စင် မူလ ရည်ရွယ်ချက် မဟုတ်သေးဘူးနော်”
“ဒြပ်စင် မူလ ရည်ရွယ်ချက်ကို ရဖို့ အတွက် ဆိုရင် ရည်ရွယ်ချက် ကိုးခုကို တစ်ခုတည်း အဖြစ် ပေါင်းစပ်နိုင်ရုံနဲ့တင် မဟုတ်ဘူး... အဲဒါတွေကို သူတို့ရဲ့ မူလပုံစံ အတိုင်း ပြန်ပြောင်းနိုင်ဖို့လည်း လိုအပ်တယ်... အဲဒီလို လုပ်နိုင်ဖို့ အတွက် ကမ္ဘာဦး အမတေ လို့ ခေါ်တဲ့ ရှားပါး ရတနာ တစ်ခု လိုတယ်... မင်းတို့နေတဲ့ ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ မူလ အမတေက သုံးခုပဲ ရှိတယ်... အဲဒီ သုံးခုကလည်း ဒြပ်စင် တိုကင် သုံးခုထဲကို ရောက်နေတာ... အဲ့တာကြောင့် ဒြပ်စင်တိုကင် မရှိပဲ မူလဒြပ်စင် ရည်ရွယ်ချက်ကို အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ငါပြောတာပေါ့”
“ ... “
လူအိုကြီး၏ စကားလုံးများက ဝေ့ဝူယင်ကို မျက်မှောင်ကြုတ် သွားစေ၏။ သူက အတန်ကြာ တွေးတောနေမိသည်။
ကမ္ဘာဦး အမတေ...
ထိုနာမည်ကို ရင်းနှီးနေသလို သူ ခံစားလိုက်ရသည်။ ဘယ်အချိန်၊ ဘယ်နေရာမှာလဲ ဆိုတာကိုတော့ သူ အတိအကျ မမှတ်မိတော့။ ဝေ့ဝူယင် ခေါင်းခါကာ ထိုအရာကို ဆက်လက် မစဥ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။
သူက မီးခိုးရောင် အဘိုးအိုဘက်ကို လှည့်ကာ ကြည့်လိုက်သည်။ ထိုလူအိုကြီးမှာ ယခုအထိ သူ၏ စကားကို မယုံကြည်နိုင်သေးဆဲ ဖြစနေခဲ့ပုံ ပေါ်သည်။ ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“အကိုကြီးက ကျုပ်ကို ပြောဖူးတယ်... ကျင့်ကြံခြင်းက ခက်ခဲတယ်... မှန်တယ်... ဒါပေမဲ့ လမ်းကြောင်းကတော့ တစ်ခုတည်းပဲ ရှိနေတယ်လို့ ပုံသေမှတ်ထားလို့ မရဘူး တဲ့... အမြင်ကျဥ်းလေလေ ကိုယ့်ရဲ့ လောကကြီးက ကျဥ်းလေလေပဲ... ရေတွင်းထဲက ဖားသူငယ် တစ်ယောက်လို လမင်းကို ငေးမောရင်း ဘယ်တော့မှ ပင်လယ်ကြီးကို ထိတွေ့နိုင်မှာ မဟုတ်ဘူး... အဲ့တာကို မြင်အောင်ကြည့်နိုင်မယ် ဆိုရင် မဖြစ်နိုင်တာ မရှိဘူးဆိုတာ ခင်ဗျား သဘောပေါက်လာပါလိမ့်မယ်”
“ ... “
လူအိုကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်၏ စကားလုံးလေးများက တိုတောင်းကာ ရိုးရှင်းလှသည့်တိုင် သူ ယာယီ ဆုံးရှုံးနေခဲ့သည့် လောက၏ အမှန်တရားများကို သယ်ဆောင်ထားပေသည်။ အဆုံးမဲ့ ဆန်းကြယ်မှုများ ပြည့်နှက်နေသည့် ကြယ်တာရာ နယ်မြေကို ခရီးနှင်ခဲ့စဥ်က မှတ်ဉာဏ်များမှာ တရေးရေးနှင့် သူ့စိတ်အတွင်း ပြန်လည် နိုးထလာ၏။ ယခု သူ့အဖြစ်က ရေတွင်းထဲမှ ဖားသူငယ် တစ်ကောင် ဖြစ်နေပြီလား။
လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် ဝေ့ဝူယင်ကို လေးလေးနက်နက် ကြည့်ရင်း လက်နှက်ဖက်ကို ယှက်ကာ ပြောလိုက်လေသည်။
“ကျေးဇူးပဲ...”
***